Tuesday, August 20, 2013

အရုဏ်ဦးလွတ်လပ်ရေး (၁၁)


(နေသန်မောင်)

သခင်အောင်ဆန်း ၁၉၃၈ ခုနှစ်သည့် မြန်မာ့ နိုင်ငံရေးသမိုင်း၌ ကြီးမားသော အပြောင်းအလဲကြီးများ ပေါ်ထွက်ခဲ့သည့်နှစ် ဖြစ်သလို အမျိုးသားရေး လှုပ်ရှားမှုအရ နိုင်ငံရေး ဒီရေအမြင့်မားဆုံး တက်ခဲ့သော ကာလလည်း ဖြစ်သည်။

ထိုကာလအတွင်း ကျောင်းသား လူငယ်များအကြား ပြင်ပမှ ဆိုရှယ်လစ်ဝါဒနှင့် မာ့စ်ခ်အတွေးအခေါ်များ စူးစူးနစ်နစ် ဝင်ရောက် အမြစ်တွယ်ခဲ့သလို နိုင်ငံရေး အုပ်စုများအကြား ဂိုဏ်းဂဏဝါဒနှင့် မနာလို မုန်းတီးမှုများ စတင်ကြီးထွားလာချိန်လည်း ဖြစ်သည်။

ဒုတိယကျောင်းသားသပိတ် စုံစမ်းရေး ကော်မရှင်သည် လုပ်ငန်းများ ပြီးဆုံး၍ ဒေါက်တာဘမော် ဦးဆောင်သော အစိုးရအဖွဲ့က ဥပဒေပြုလွှတ်တော်၌ ဥပဒေကြမ်း တင်သွင်းရန် ပြင်ဆင်ကြသည်။ တက္ကသိုလ် ကျောင်းသားများက အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဝမ်းသာနေကြချိန် မော်လဝီ ဦးရွှေဖီ ရေးသားသော ‘မော်လဝီနှင့် ယောဂီ’ စာအုပ်ကို အကြောင်းပြုကာ ၁၉၃၈ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် ရန်ကုန်မြို့အနှံ့ ကုလား-ဗမာ အဓိကရုဏ်းများ ပေါ်ပေါက်လာတော့သည်။

ရေနံမြေ အလုပ်သမားများက ဘီအိုစီ ရေနံကုမ္ပဏီကို ဆန္ဒပြသော အလုပ်သမားသပိတ်များ ပေါ်ပေါက်နေချိန် ညွန့်ပေါင်းအစိုးရသည် ပြည်သူ လူထု အာရုံပြောင်းစေရန်အတွက် ဘာသာရေး အဓိကရုဏ်းကို ရည်ရွယ်ချက် ရှိရှိ ဖန်တီးသည်ဟု တို့ဗမာအစည်းအရုံးဝင် သခင်များက ယူဆကြသည်။ ထိုအချိန်၌ သခင်များသည် နိုင်ငံအလယ်ပိုင်းရှိ ရေနံမြေ အလုပ်သမား အရေးကို ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေချိန်လည်း ဖြစ်သည်။

ကုလား-ဗမာ အဓိကရုဏ်းကြောင့် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရမှာ လူကြိုက်နည်းလာသည်။ ထိုညွန့်ပေါင်းအစိုးရ ပြုတ်ကျရန်အတွက် ကိုအောင်ဆန်းသည် နဂါးနီစာပေရှိ ကိုနု၊ ကိုဗဟိန်း၊ ကိုလှရွှေနှင့် သမဂ္ဂ ကျောင်းသားခေါင်းဆောင်များကို တွေ့ဆုံပြီး ဒေါက်တာဘမော် အစိုးရ ပြုတ်ကျစေရန် တင်သွင်းရန်ရှိသော တက္ကသိုလ် ဥပဒေကြမ်းကို ကန့်ကွက်ဖို့ အဆိုပြုသည်။

ညွန့်ပေါင်းအစိုးရ ပြုတ်ကျနိုင်ခြေရှိသည့်အပေါ် ကိုအောင်ဆန်းက ဤသို့ယူဆခဲ့သည်။

“ဒေါက်တာဘမော်အစိုးရဟာ အခုတစ်ရက်နှစ်ရက်အတွင်း တက္ကသိုလ် အက်ဥပဒေကြမ်းကို လွှတ်တော်မှာ တင်တော့မယ်။ အဲဒီ ဥပဒေကြမ်းကို အလိုမရှိဘူး၊ လွှတ်တော်အမတ်တွေ ဝိုင်းပြီး ကန့်ကွက်ကြပါလို့ လှုံ့ဆော်ပေးမယ်။ အလိုမရှိဘူးလို့ ကန့်ကွက်နေတဲ့ကြားက ဒီဥပဒေကြမ်းကို လွှတ်တော်မှာ ဇွတ်တင်ရင် ဒီအစိုးရဟာ ပြုတ်ကျသွားစရာ အကြောင်းရှိတယ်”
နောက်တစ်နေ့၌ ကိုအောင်ဆန်း ဦးဆောင်သော တကသနှင့် ဗကသ အလုပ်အမှုဆောင်အဖွဲ့သည် တက္ကသိုလ် အက်ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း ကြေညာချက်များကို ဥပဒေပြုလွှတ်တော် အတွင်း ဝေငှသည်။ ထိုအခါ ဒေါက်တာဘမော်အစိုးရက ဥပဒေကြမ်း တင်သွင်းမည့်ကိစ္စကို အချိန်ဆွဲလိုက်သည်။

ကိုအောင်ဆန်းတို့၏ ကြေညာချက်ကြောင့် တက္ကသိုလ် ကျောင်းသားများ သည် ဒေါသတကြီးဖြစ်ကာ တက္ကသိုလ်သမဂ္ဂ သင်းလုံးကျွတ် အစည်းအဝေး ခေါ်ယူပေးရန်နှင့် အလုပ်အမှုဆောင် တစ်ဖွဲ့လုံးကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖြုတ်ချဖို့ တောင်းဆိုကြတော့သည်။

တက္ကသိုလ် ကျောင်းသားများသည် ၁၉၃၆ သပိတ်ရလဒ်ကြောင့် ပေါ်ပေါက် လာမည့် တက္ကသိုလ် အက်ဥပဒေကြမ်းကို ကျောင်းသား ခေါင်းဆောင်များက ကန့်ကွက်ကြသဖြင့် အတော်ပင် မကျေမနပ်ဖြစ်ကာ ကျောင်းသားထု အစည်းအဝေးကို ထိုနေ့ည၌ပင် ခေါ်ယူကြသည်။ ကိုအောင်ဆန်းသည် ကိုနုထံသွားပြီး အကျိုးအကြောင်း ပြောပြကာ သမဂ္ဂ၌ အက်ဥပဒေကြမ်းကို အဘယ့်ကြောင့် ကန့်ကွက်ရကြောင်း ရှင်းလင်းပေးရန် အကူအညီ တောင်းခံသည်။ ၁၉၃၆ သပိတ်ခေါင်းဆောင်များ ဖြစ်သည့် ကိုနု၊ ကိုအောင်ဆန်း နှင့် ကိုရာရှစ်တို့ ဖြစ်သည့်အပြင် ကျောင်းသားထုအပေါ် ကိုနု၏ သြဇာတစ်စုံတစ်ရာ ရှိမည်ဟု ကိုအောင်ဆန်းက ယူဆပုံရသည်။

အစည်းအဝေး ဖွင့်လှစ်ကြောင်း ဥက္ကဋ္ဌ ကိုအောင်ဆန်းက ကြေညာ လိုက်သည်နှင့် ဥက္ကဋ္ဌဟောင်းကိုနုသည် ဒေါက်တာဘမော် တင်သွင်းရန်ရှိသော တက္ကသိုလ် အက်ဥပဒေကြမ်းကို အဘယ့်ကြောင့် ကန့်ကွက်ရကြောင်း အသေးစိတ် ရှင်းလင်းလေသည်။ ဒေါက်တာဘမော် အစိုးရသည် တက္ကသိုလ် အက်ဥပဒေကြမ်းအား သူ၏အစိုးရလက်ထက်တွင် အတည်ပြုနိုင်ရေး အကြီးအကျယ် မျှော်လင့်ထားခဲ့သည်။

တက္ကသိုလ် အက်ဥပဒေကြမ်းနှင့် နယ်ချဲ့ဆန့်ကျင်ရေး လမ်းကြောင်းနှစ်ခုအနက် အစိုးရသည် တက္ကသိုလ် အက်ဥပဒေကြမ်းကို မဖြစ်ဖြစ်သည့် နည်းဖြင့် အတည်ပြုရေး ကြိုးပမ်းမည် ဖြစ်သဖြင့် ပရိယာယ်သုံးကာ ကန့်ကွက်ရကြောင်း ကိုနုက ရှင်းလင်းသည်။ ကိုနု၏ ရှင်းလင်းတင်ပြချက်အပြီး ကျောင်းသားထုသည် ဥပဒေကြမ်းကို သမဂ္ဂက ကန့်ကွက်ရခြင်းအကြောင်း လက်ခံလိုက်ကြတော့သည်။

ကိုအောင်ဆန်းသည် နိုင်ငံရေးလောက အတွင်းသို့ ခြေစုံပစ် ဝင်တော့မည်ဟု နတ်မောက်ရှိ မိခင်ဒေါ်စုထံ အကြောင်းကြားလိုက်သည်။ အစ်ကိုဖြစ်သူ ကိုအောင်သန်းထံမှ လစဉ်ထောက်ပံ့ကြေးကိုလည်း မယူတော့ဘဲ ဖြစ်သလို နေထိုင်သည်။ တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဆန်း၏ ပုံရိပ်လွှာကို စာရေးဆရာ ဒဂုန်တာရာက ဤသို့ ရေးဖွဲ့ခဲ့သည်။

“သူ၏ မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါတွေ့ဖူးသောသူကို နောက် တစ်ခါတွေ့လျှင် နှုတ်ဆက်ချင်မှ နှုတ်ဆက်၏။ သူ့ကို သိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှပြုံး၏။ ဥက္ကဋ္ဌ ဖြစ်သဖြင့် သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည် လွတ်လပ်ရေး အတွက် စိတ်ပူပုံရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက် ရှိနေသည်။ သူစကားပြောလျှင်လည်း နိုင်ငံရေးအကြောင်းသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးလူများ၏ စကားကို သူမကြား၊ သူပြောချင်ရာကိုသာ စွတ်၍ပြောနေတတ်သည်”
“သူသည် နိုင်ငံရေးတစ်ခုတည်းကိုသာ အာရုံထားသည်။ အခြားဘာကိုမျှ ဂရုမစိုက်။ သူနှင့်စကားပြောတိုင်း သူသည် နိုင်ငံရေးစကားကိုသာ ပြောလျက် ရှိသည်။ ရှေ့ကို မျက်လုံးကြီးစိုက်ကာ ‘ဗမာပြည်ကြီး လွတ်လပ်ရေး ရအောင်’ ဟု ဒလဟောစီးကျသော စမ်းရေအဟုန်ဖြင့် သွန်ချလျက် ရှိတတ်သည်။ ထိုအခါများတွင် ဘယ်သူမှ ကြားဖြတ်ဝင်ပြော၍မရ။ ‘နေဦး၊ ကျုပ်ပြောဦးမယ်’ ဟူ၍ပင် လက်ဖြင့်ကာလျက် စိတ်ပါလက်ပါ ပြောလျက် ရှိနေ၏။
ဤမျှ နိုင်ငံရေးစိတ် ပြင်းထန်သည်”

တကသနှင့် ဗကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ် ၁၉၃၈ အောက်တိုဘာလ၌ ကိုအောင်ဆန်းသည် ဥပဒေ ပထမနှစ်စာမေးပွဲ ကျရှုံးလေသည်။ ကျောင်းသားလောက၌ သူ့အတွက် နိုင်ငံရေး ဆက်လုပ်ရန် ကျဉ်းမြောင်းသည်ဟု ယူဆပြီး ပြင်ပနိုင်ငံရေးလောကသို့ ဝင်ရောက်မှ ဖြစ်မည်ဟု နားလည်သဘောပေါက်ခဲ့သည်။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသား နိုင်ငံရေးလောကမှ ထွက်ခွာခဲ့ပြီး ကျောင်းတော်ကြီးကို နှုတ်ဆက်ခဲ့သည်။

ကိုအောင်ဆန်း၏ ကျောင်းသားဘဝ နောက်ဆုံးနေ့ရက်ကို သူ၏မိတ်ဆွေ ကိုညိုမြက အောက်ပါအတိုင်း ပုံဖော်ခဲ့သည်။
“ကိုအောင်ဆန်းသည် ဆည်းဆာချိန် ကောင်းကင်သို့ မော့ကြည့်လျက် ‘အစ်မအတွက်လည်း ဘာမှ ကျေးဇူးမဆပ်ရသေးဘူး။ လခစားလုပ်ဖို့လည်း စိတ်မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ်လေ ... သွားရမယ့်လမ်းကို သွားရမှာပဲ’ ဟု အိမ်လွမ်းစိတ်နှင့် သန္နိဋ္ဌာန်စိတ်များ ရောပြွန်းကာ အသံမာမာဖြင့် ပြောလေသည်။ ‘သွားတော့မယ်’ ဟု သူကပြောလိုက်သဖြင့် တက္ကသိုလ်ရှိ သမဂ္ဂကမ္ဘာလေးနှင့်တကွ တိုတောင်းလှသော တက္ကသိုလ် ကျောင်းသား ခေတ်ကလေးကို ကားလိပ်ချလိုက် သလို ဖြစ်သွားတော့သည်”
ကိုအောင်ဆန်းသည် ကိုနုထံ သွားရောက်ပြီး တို့ဗမာအစည်းအရုံးသို့ ဝင်ရန်ပြောဆိုသည်။ ကိုနုက နိုင်ငံရေးလောကသို့ မဝင်လိုဘဲ စာရေးဆရာအဖြစ် အသက်မွေးလိုကြောင်း ကိုအောင်ဆန်းကို ပြောသည်။
၎င်းတို့နှစ်ဦးသည် အကြိတ်အနယ် ငြင်းခုံကြရင်း နောက်ဆုံး၌ ကိုအောင်ဆန်း၏ သဘောကို ကိုနု လိုက်လျောခဲ့သည်။

ထိုနေ့ ညနေ၌ပင် တို့ဗမာအစည်းအရုံးရှိရာ ပန်းဆိုးတန်း အထက်ရှိရုံးခန်းသို့သွား၍ အသင်းဝင်လေသည်။ အသင်းဝင်ကြေး တစ်ဦးလျှင် ၂၅ ပြားစီ ပေးပြီးနောက် ကိုအောင်ဆန်းနှင့် ကိုနုသည် သခင်အောင်ဆန်းနှင့် သခင်နုတို့ ဖြစ်လာကြတော့သည်။ သခင်အောင်ဆန်းအဖြစ် ခံယူရခြင်း အကြောင်းရင်းနှင့် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ရသည့် ဆုံးဖြတ်ချက်ကို သူကိုယ်တိုင်ရေး ဘားမားချဲလင့်ခ်ျ စာအုပ်၌ သခင်အောင်ဆန်းက အောက်ပါအတိုင်း ရေးသားခဲ့သည်။

“ထိုစဉ်က တစ်ခုတည်းဖြစ်၍ အမျိုးသားရေးကို တက်ကြွစွာ ဆောင်ရွက်သည့် နိုင်ငံရေးပါတီဖြစ်သော တို့ဗမာအစည်းအရုံး (သခင်အဖွဲ့) တွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် အမျိုးသား လွတ်လပ်မှုတည်း ဟူသော မျိုးချစ် တို့၏ အရေးတော်ပုံတွင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ဥပဒေသင်တန်းသို့ တက်ရောက် သင်ကြားနေခြင်းကို ချက်ချင်းရပ်စဲခဲ့သည်”
သခင်အောင်ဆန်းအဖြစ် ကျောင်းမှထွက်သွားသောအခါ တကသ၊ ဗကသ ဒုတိယဥက္ကဋ္ဌ ကိုဗဟိန်းသည် သမဂ္ဂနှစ်ရပ်စလုံး၏ ဥက္ကဋ္ဌ ဖြစ်လာသည်။

၁၉၃၈-၃၉ စာသင်နှစ်အတွက် ကိုအောင်ဆန်း ဥက္ကဋ္ဌ ဖြစ်သော်လည်း ကိုဗဟိန်းမှာ ကိုအောင်ဆန်း နုတ်ထွက်သွားသဖြင့် ဆက်ခံရခြင်း ဖြစ်သည်။ ကိုဗဆွေမှာ ဗကသ၏ အတွင်းရေးမှူး ဖြစ်သည်။

တို့ဗမာအစည်းအရုံးသည် ပြည်မြို့ညီလာခံအပြီး ၁၉၃၈ ဇူလိုင်လ၌ ပုဂ္ဂိုလ်ရေး အကြောင်းပြုကာ နှစ်ခြမ်းကွဲသွားသည်။ နှစ်ခြမ်းကွဲသွားသော တို့ဗမာအစည်းအရုံးအနက် သခင်ကိုယ်တော်မှိုင်း နာယကအဖြစ် တာဝန် ယူသည့်အခြမ်းသည် လူထုအကြား ပိုမိုသြဇာသက်ရောက်လာသည်။ ထိုအခြမ်း၌ သခင်သိန်းမောင်မှာ ဥက္ကဋ္ဌ ဖြစ်သော်လည်း ရွေးကောက်ပွဲဖြင့် ပြန်လည်ရွေးချယ်ရာ သခင်လေးမောင်က ဥက္ကဋ္ဌ၊ သခင်အောင်ဆန်းက အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်ခံရသည်။

တို့ဗမာအစည်းအရုံး၏ ရုံးခန်းကို ပန်းဆိုးတန်းမှ ပုဇွန်တောင် ရေကျော်လမ်း အမှတ် ၇၆သို့ ပြောင်းရွှေ့ဖွင့်လှစ်သည်။ တွဲဖက်အတွင်းရေးမှူးမှာ သခင်သန်းထွန်း ဖြစ်သည်။ သခင်သန်းထွန်းသည် ကန်တော်လေးရှိ ကုလားကျောင်းတစ်ခုတွင် ကျောင်းဆရာ လုပ်နေသည်။ သူသည် မာ့စ်ခ်ဝါဒကို အပြင်းအထန် ယုံကြည်သက်ဝင်သူ ဖြစ်လာသည်။ တို့ဗမာအစည်းအရုံးသည် ဆိုရှယ်လစ် သဘောတရားများကို အစည်းအရုံး၏ မူဝါဒအဖြစ် ကြေညာပြီး စည်းရုံးသည်။

ထိုအချိန်တွင် ချောက်၊ ရေနံချောင်းရှိ ရေနံမြေ အလုပ်သမားများမှာ ဗြိတိသျှ လုပ်ငန်းရှင်များ၏ ခေါင်းပုံဖြတ်၊ ကုပ်သွေးစုပ်မှုကို တော်လှန်ရန် အရှိန်မြင့်တက်လာနေသည်။ တို့ဗမာအစည်းအရုံးသည် ရေနံမြေအလုပ် သမားခေါင်းဆောင် သခင်ဗတင်နှင့် ဆက်သွယ်ကာ ရေနံမြေ အလုပ်သမားတို့၏လှုပ်ရှားမှုနှင့် တောင်းဆိုချက်များ ကို ထောက်ခံကြောင်း ပြောဆိုခဲ့သည်။

၁၉၃၈ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့မှစတင်ကာ ရေနံချောင်း၊ ချောက်၊ လမ်းရွာ၊ ရေနံချပ်မှ ရေနံမြေ အလုပ်သမားသပိတ်များ ပေါ်ထွက်လာ သလို မြင်းခြံရှိ စတီးဘရားသား ဝါဂွမ်းစက်ရုံ အလုပ်သမားသပိတ်၊ ကမာရွတ် ရော်ဘာစက်သပိတ်၊ ရန်ကုန် အလုပ်လက်မဲ့ ဆန္ဒပြပွဲ၊ ရန်ကုန်အင်းစိန် ဘတ်စ်ကားသပိတ်၊ ရန်ကုန် ပိုးထည်ကုမ္ပဏီ အလုပ်သမားသပိတ်နှင့် သန်လျင် ရေနံချက်စက်ရုံ အလုပ်သမားသပိတ်များ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာသည်။ ညွန့်ပေါင်းအစိုးရသည် အလုပ်သမားသပိတ်များကို လျစ်လျူ ပြုထားသလို ကုလား-ဗမာ အဓိကရုဏ်းကိုလည်း မျက်နှာလွှဲထားသည်။

သပိတ်မှောက် အလုပ်သမားများ၊ သပိတ်တား အလုပ်သမား များကို ပြစ်ဒဏ်ပေးခြင်း၊ ထောင်ချခြင်းများ ရှိသဖြင့် နှစ်ပေါင်း ၅၀ ကျော်ကြာ ကောက်ခံလာသော လူခွန်တော်၊ သဿမေဓ အခွန်တော်များကို ပြန်လည် ထုတ်ပေးရန် နိုဝင်ဘာ ၁၄ ရက်နေ့ ရေနံမြေ အလုပ်သမားများ အစည်းအဝေးက ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် တောင်းဆိုချက်များကို မျက်နှာလွှဲနေသော အာဏာပိုင်များ အသိအမှတ် ပြုလာစေရန်အတွက် ရန်ကုန်သို့ ခရီးရှည် ချီတက်ဆန္ဒပြရန်လည်း ဆုံးဖြတ်လိုက်ကြလေတော့သည်။

(ဆက်လက်ဖော်ပြပါမည်။)

Credit To The Voice Weekly

Related Articles: