Wednesday, August 21, 2013

စိတ်ကူး အတွေးပုံရိပ်တို့ကို သူတစ်ပါး မြင်နိုင်သော ကာလ



(လူသာမန်)

စကြာဝဠာ များစွာတွင် ကမ္ဘာများစွာတို့ ဖြစ်တည် ပျက်ခဲ့၏။ အချို့သော ကမ္ဘာတို့ စုန်းစုန်းမြုပ် ပျက်သုဉ်းကုန်၏။ အချို့သော ကမ္ဘာတို့က ဆက်လက် တည်နေ၏။ အချို့သော ကမ္ဘာများမှ ကမ္ဘာသူ ကမ္ဘာသားများက အခြားသော ကမ္ဘာများ၏ တည်ရှိမှုကို သိရှိ၍ ဆက်သွယ်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့ကြ၏။

ကျွန်ုပ်တို့ လက်ရှိ နေထိုင်နေသော ယခု ကမ္ဘာတစ်ခုမှ အနည်းငယ်မျှသော ပုဂ္ဂိုလ်ထူးတို့သည် အခြားသော ကမ္ဘာများ၏ တည်ရှိမှုကို တွေ့ရှိခဲ့ကြ၏။ သို့သော် ကမ္ဘာသူ ကမ္ဘာသားများကို ချပြရန် ခိုင်လုံ တိကျသော အထောက်အထားများ ရှာဖွေစဉ်တွင်ပင် ယင်းသူတို့ ကွယ်လွန်ခဲ့ရ၏။

ဖော်ပြပါ အနည်းငယ်မျှသော ပုဂ္ဂိုလ်ထူးများထဲမှ နှစ်ယောက်မှာ အချိန်နှင့် နေရာ သဘောတရား များကို ကျော်လွန်၍ ကမ္ဘာအဆက်ဆက် များစွာကို နေထိုင်လာခဲ့ကြရသည်ဟု သူတို့နှင့် မတော်တဆ တရည်တရွယ် တွေ့ဆုံခဲ့ရစဉ်က သိရှိခဲ့ရပေ၏။ သူတို့၏ ပြောပြချက်အရ သူတို့နှစ်ယောက်စလုံးသည် လက်သမားများ ဖြစ်သည်ဟု သိရ၏။ ကမ္ဘာ အဆက်ဆက်တွင်လည်း လက်သမား အလုပ်ဖြင့်ပင် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြသည်ဟု ဆို၏။

ယင်းတို့ နှစ်ယောက်သည် ကျွန်ုပ်ကို လိုအပ်၍ လာရောက် တွေ့ဆုံရသည်ဟု တစ်ခါက ပြောခဲ့ဖူး၏။ အဘယ့်ကြောင့် လိုအပ်ရပါသနည်းဟု ကျွန်ုပ်က ပြန်လည် မေးမြန်းခဲ့ဖူး၏။ ထိုမေးခွန်းကို မေးတိုင်းပင် သူတို့က နူးညံ့ သိမ်မွေ့စွာ ပြုံးပြကြ၏။ ယင်းနောက် ‘မည်သည့် တံခါးကိုမဆို စာရိတ္တ ကျင့်ထုံးဖြင့် ဖွင့်၍ရပေ၏’ ဟု ပြောတတ်၏။ အပြည့်အဝ ဉာဏ်အလင်း မပွင့်သော်လည်း ကျွန်ုပ် ဆက်မမေးမိတော့ ချေ။

သူတို့နှင့် ဆုံတိုင်း ကျွန်ုပ်တို့ ယခု နေထိုင်နေကြသော ကမ္ဘာ၏ ရှေးရှေးသော ကာလပေါင်း များစွာက ကမ္ဘာ့ ဖြစ်တည်မှုများ၊ ကမ္ဘာသူ ကမ္ဘာသားတို့၏ အပြောင်းအလဲများ၊ ထူးဆန်းလွန်းလှသော နည်းပညာ တိုးတက်ခဲ့မှုများ အကြောင်းကို အတော်အတန် သိရှိရလေ့ ရှိခဲ့၏။ ကျွန်ုပ်၏ ထုံးစံအတိုင်း ထိုအကြောင်းများကို အပေါင်းအသင်း ရောင်းရင်း တို့အား ပြန်လည် ဖောက်သည်ချလိုလှ၏။ စာဖြင့် ရေးသားပြလိုလှ၏။ သို့သော် သူတို့က ခွင့်မပြု။

ကံကောင်း၍လား မသိ။ တစ်ကြိမ်ကတော့ သူတို့သည် ရှေးအဆက်ဆက်က ကမ္ဘာတစ်ခု အကြောင်း ကို ပြောပြစဉ် ထူးဆန်းသော သစ်သား စကားလုံး များ အကြောင်းကို ကျွန်ုပ် နားထောင်လိုက်ရလေ၏။ ထူးဆန်း လွန်းသောကြောင့် ထိုအကြောင်းကို ရေးသားပါရစေဟု ခွင့်တောင်းခဲ့မိပြန်၏။ ယခင်အခါများကကဲ့သို့ သူတို့ မငြင်း။ ခွင့်ပြု၏။ ထို့ကြောင့်ပင် ‘ကိုယ့်စကား ကိုယ် တာဝန်ယူရသော ကာလတစ်ခု’ ဟူသော စာတစ်ပုဒ်ကို ကျွန်ုပ် ရေးသားခဲ့ခြင်း ဖြစ်ပေ၏။

ယခုသော် ကျွန်ုပ်အနေနှင့် ဒုတိယအကြိမ် ကံကောင်းပြန်၏။ လက်သမား ဆရာကြီး နှစ်ယောက် ပြောပြသော ရာဇဝင်တော် တစ်ခုကို ဒုတိယမ္ပိ ထုဆစ်ခွင့် ရလာပြန်ချေပေ၏။

လက်သမားဆရာကြီး နှစ်ယောက်၏ ပြောပြချက်အရ ကျွန်ုပ်တို့ ကမ္ဘာ၏ ရှေးရှေးက ကမ္ဘာတစ်ခုကား ယခု လက်ရှိ ကမ္ဘာ၏ အခြေအနေနှင့် သိပ်မကွာလှဟု သိရ၏။ နည်းပညာပိုင်းဆိုင်ရာ တစ်ခုသာ ပြောပ ရလောက်အောင် ကွာခြားသည် ဆို၏။

ယင်းကမ္ဘာမှာ ငြိမ်းချမ်းရေး အရှိန်အဟုန် အမြင့်ဆုံး ကာလကို ရောက်ရှိ ခဲ့ပြီး၍ နည်းပညာ အားလုံးမှာ ဖွံ့ဖြိုးမှု ဖြစ်စဉ်အတွက် အထောက်အပံ့ကောင်းများသာ ဖြစ်ခဲ့ပေ၏။ ထို့ကြောင့် ကမ္ဘာအနှံ့နီးပါး ငြိမ်းချမ်း၏။ တစ်ပြေးညီ နီးပါး တိုးတက်၏။ ကာလတစ်ခုသို့ ရောက်သော အခါ ပြည့်ကျပ်လာသော လူဦးရေ ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းခဲ့သော အစီအမံများ အောင်မြင်ခဲ့၏။ ယင်းအစီအမံများမှာ မားစ်ဂြိုဟ်၊ ဂျူပီတာဂြိုဟ်၊ စေတန်ဂြိုဟ်တို့ ကဲ့သို့သော ဂြိုဟ်ပေါင်းများစွာကို လူနေ ကမ္ဘာကဲ့သို့ ထပ်တူကျ ပုံစံဖြစ်အောင် ဖန်တီး သက်ဝင်စေနိုင်ရေး ဖြစ်၏။ ထိုအစီအမံများ အကောင်အထည် ပေါ်လာသောအခါ ကမ္ဘာတစ်ဝန်းမှ ရာဇဝတ် နှစ်ကြီးသမားများ၊ မုဒိမ်းသမားများ၊ တစ်ကျွန်းသမားများကို စမ်းသပ် ပို့လွှတ် ကြည့်လေ၏။ နောင်သောအခါ ထိုသူတို့၏ ကြိုးပမ်းမှုအရ ဂြိုဟ်အသီးသီး တို့သည် ကမ္ဘာကဲ့သို့ စည်ပင်လာ၏။ ခေတ်မီလာ၏။ ထိုထက်ပို၍ လွန်သော ကာလ၌မူ ထိုဂြိုဟ်တို့မှ လူသားတို့၏ နည်းပညာများ မှာ မြေကမ္ဘာထက်ပင် ကျော်လွန် အောင်မြင်လာလေတော့၏။

စကြဝဠာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် စကြဝဠာ ကုလသမဂ္ဂကို ဖွဲ့စည်း တည်ထောင်ဖြစ်ခဲ့၏။ ကမ္ဘာခြားရေး ဆက်ဆံမှုများကိုလည်း အဆက်မပြတ် ထူထောင်ခဲ့ကြ၏။ မြေကမ္ဘာသည် ဂြိုဟ် အသီးသီးနှင့် ချစ်ကြည် ရင်းနှီးမှုကို တည်ထောင်နိုင်ခဲ့သော်လည်း စေတန်ဂြိုဟ်နှင့်မူ ရာနှုန်းပြည့် အပြန်အလှန် လေးစား ချစ်ကြည်မှု မရရှိခဲ့ပေ။ အဓိက အချက်ကား တစ်ချိန်သော ကာလက ဂြိုဟ်များ၌ လူသားတို့ နေထိုင်၍ သင့် မသင့် စမ်းသပ်ချက်ကို အပြစ် ကျူးလွန်သူများနှင့် စမ်းသပ်ခဲ့ရာတွင် စေတန်ဂြိုဟ် သို့ အစမ်းသပ်ခံ ပို့လွှတ်ခံရသူများမှာ ထိုစာရင်းများထဲမှ မဟုတ်ခဲ့ဘဲ မြေ ကမ္ဘာ၏ နိုင်ငံအသီးသီးမှ ဆင်းရဲမွဲတေ ချွတ်ခြုံကျနေသူများကို ထိုသူတို့ ဆန္ဒမပါဘဲ အတင်းအကျပ် ခေါ်ဆောင် နေရာချထားခဲ့သောကြောင့်ပင် ဖြစ် ၏။ ထိုစဉ်က ကမ္ဘာ့ သမ္မတကြီး၏ လျှို့ဝှက် အစီအစဉ်မှာ ကမ္ဘာ့ချမ်းသာ ကြွယ်ဝမှု ရာခိုင်နှုန်းပြ ဇယားတွင် သူ့လက်ထက်၌ အဆင့် တစ်ခုအထိ မြင့်လာစေလို၍ ဖြစ်သည်ဟု သတင်း တစ်စွန်းတစ်စ ထွက်ရှိခဲ့ ၏။ မည်သို့ပင် ဖြစ်စေကာမူ မြေကမ္ဘာသားတို့နှင့် မြေကမ္ဘာနွယ်ဖွား စေတန် ဂြိုဟ်သားတို့ကား တစ်ယောက် အလစ်ကို တစ်ယောက် စောင့်၍ ကျန်သော ဂြိုဟ်အသီးသီးတို့ ကျင့်သုံး တွေးကြံလျက် ရှိချေသော စာရိတ္တ ကျင့်ထုံးကို ချိုးဖောက် လုပ်ဆောင်လျက် ရှိနေကြပေချေတော့၏။

ယခု ဤရာဇဝင်တော်ကား ထိုကာလတွင် အတိအကျ အခိုင်အမာ ဖြစ် ပွား ပေါ်ပေါက်ခဲ့ပေချေ၏။

ဆက်လက်ဖော်ပြပါမည်

Credit To The Voice Weekly

Related Articles: