Thursday, August 22, 2013

နိုင်ငံသား တစ်ဦးရဲ့ ငြိမ်းချမ်းရေးမှတ်စု (လှမောင်ရွှေ)


ABSDF နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခြင်း

၂၀၁၃ ခုနှစ် သြဂုတ်လ ၅ ရက်နေ့၊ ရန်ကုန်မြို့ ဒီကနေ့ ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှာ ABSDF ကျောင်းသား တပ်ဦးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီရဲ့ ပြည်နယ်အဆင့်က တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေး အပြီးမှာ နှစ်ဖက် အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြပါတယ်။

ကျွန်တော့်အနေနဲ့ ဒီအပစ်အခတ် ရပ်စဲရေးတွေ လက်မှတ် ရေးထိုးနိုင်ဖို့ စခဲ့ကြတဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက တစ်ထောင့် တစ်နေရာက ပါဝင်ခဲ့သူ တစ်ယောက်အနေနဲ့ တစ်နှစ်ခွဲ ကျော်ကျော် ဖြတ်သန်းခဲ့ပြီးမှ ရလာတဲ့ ရလဒ်အပေါ်မှာ နိုင်ငံသား တစ်ယောက်အနေနဲ့ ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်။ ဒီအပစ်အခတ် ရပ်စဲရေး Agreement ဟာ အစိုးရ အဖွဲ့သစ်ရဲ့ ၁၄ ဖွဲ့မြောက် အပစ်အခတ် ရပ်စဲရေး ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာ ဆွေးနွေး ညှိနှိုင်းနေဆဲဖြစ်တဲ့ ပလောင် လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) တို့နဲ့လည်း ဒီလိုမျိုး လက်မှတ် ရေးထိုးနိုင်ဖို့ ကျွန်တော့်အနေနဲ့ မျှော်လင့်မိပါတယ်။

ABSDF ကျောင်းသား တပ်မတော်အနေနဲ့ ၁၉၈၈ လူထုလှုပ်ရှားမှုတွေ အပြီးမှာ သူတို့အနေနဲ့ လက်နက်ကိုင် လမ်းစဉ်နဲ့ ဆောင်ရွက်တာဟာ အဖြစ်နိုင်ဆုံးလို့ အဲဒီအချိန် အဲဒီအခါက ယုံကြည်ကြ ပြီးတော့ နယ်စပ်တွေကို ထွက်ခွာပြီး ကျောင်းသား တပ်မတော်ကို ထူထောင်ခဲ့ကြတဲ့ အဖွဲ့တွေပါပဲ။ အခုဆိုရင် ၈၈ ရဲ့ ၂၅ နှစ် ပြည့်မြောက်တဲ့ အချိန်မှာ ဒီလို အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်တာဟာ အနာဂတ် အမျိုးသား ရင်ကြားစေ့ရေး၊ အားလုံး လိုချင်တဲ့ ဒီမိုကရေစီ အရေးနဲ့ သိပ်မကြာခင် ဖြစ်လာမယ်လို့ မျှော်လင့်ရတဲ့ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ညီလာခံကြီး ဖြစ်မြောက်ရေး အပေါ်မှာ ပိုပြီးတော့ လမ်းကျယ်ကျယ်ဖွင့်ရာ ရောက်တယ်လို့လည်း ကျွန်တော့်အနေနဲ့ မှတ်ယူမိပါတယ်။

သမ္မတဦးသိန်းစိန် အနေနဲ့ အစိုးရအဖွဲ့ တက်လာပြီးတဲ့နောက် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ တစ်နိုင်ငံလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တာ အားလုံး သိကြပါတယ်။ အဲ့ဒီနောက်ပိုင်း နောင်မှာ Chief Negotiator ဖြစ်လာမယ့် ဝန်ကြီး ဦးအောင်မင်းအနေနဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၉၊ ၂၀ ရက်မှာ KNU ကို ပထမဦးဆုံးအကြိမ် ဖိတ်စာပေးပြီးတဲ့ နောက်ပိုင်းမှာ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမှုတွေ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ KNU, NMSP အပါအဝင် အခြား အဖွဲ့တွေကို သွားရောက် တွေ့ဆုံရင်းကနေပြီးတော့မှ ABSDF နဲ့ တွေ့ဆုံဖို့ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလလောက်မှာ စပြီး တွေ့တယ်လို့ ကျွန်တော့်အနေနဲ့ မှတ်သားမိပါတယ်။ ပထမဦးဆုံး တွေ့ဆုံမှုကိုတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကိုတော့ ကျွန်တော်တို့ရဲ့ မိတ်ဆွေ ဦးညိုအုန်းမြင့် (ခု MPC မှာ တာဝန်ယူနေတဲ့သူ) က စပြီးတော့ တွေ့နိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ စတွေ့တဲ့ ပွဲမှာ ဒုတိယ ဥက္ကဋ္ဌ ရဲဘော် မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ခဲ့ရပါတယ်။ ပထမဦးဆုံး တွေ့ဆုံ ဆွေးနွေးပွဲမှာတော့ အခက်အခဲများ ရှိခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ ဒီကနေ့ အခြေအနေ ရောက်လာဖို့အတွက် ဒီနေ့ ဆွေးနွေးပွဲမှာ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ အနေနဲ့ ညွှန်းဆိုသွားတဲ့ ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့တဲ့ သုံးကြိမ်၊ Technical Team နဲ့ တွေ့ဆုံတဲ့ နှစ်ကြိမ် အသီးသီး တွေ့ဆုံပြီး ပြင်ဆင်ခဲ့ရတယ်လို့ ပြောသွားပါတယ်။ ကျွန်တော့်အနေနဲ့ ငါးကြိမ်လုံးမှာ ပါဝင်ခွင့် ရခဲ့သလို ငါးကြိမ်ထက် ပိုတဲ့ ဆက်ဆံမှုတွေကိုလည်း ဆောင်ရွက်နိုင်ပါတယ်။ နောက်တစ်ကြိမ် တွေ့ဆုံပွဲကိုတော့ ၂၀၁၂ ခုနှစ်ထဲမှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာတော့ ဥက္ကဋ္ဌ ရဲဘော်သံခဲ ကိုယ်တိုင် ပါဝင်ခဲ့ပြီးတော့ ဝန်ကြီး ဦးအောင်မင်းနဲ့ ဆွေးနွေးခဲ့ ပါတယ်။ ဒီဆွေးနွေးမှုတွေမှာ နှစ်ဖက် ညှိနှိုင်းမှုတွေက ပိုပြီးတော့ အနည်းငယ် နီးစပ်လာခဲ့တာကို တွေ့ရပါတယ်။ ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံပွဲတွေ အပြီးမှာတော့ ကျွန်တော်တို့ MPC အလုပ်အဖွဲ့ အနေနဲ့ သီးခြား ABSDF ခေါင်းဆောင်တွေနဲ့ ချင်းမိုင်မှာ ည ၁၂ နာရီခန့်အထိ ဆွေးနွေးဖြစ်ပါတယ်။ သူတို့ကိုလည်း ကျွန်တော်တို့ နိုင်ငံထဲမှာ တကယ်ဖြစ်နေတဲ့ Reality ကိုလည်း အတတ်နိုင်ဆုံး ရှင်းပြဖို့ ကြိုးစားခဲ့ပါတယ်။ ဒီနေရာမှာတော့ အထွေထွေ အတွင်းရေးမှူးလုပ်တဲ့ ရဲဘော် ဆန်နီရဲ့ ပိုပြီးတော့ ပါးနပ် လိမ္မာမှုနဲ့ သဘောထားကြီးမှုတွေကိုလည်း တွေ့ရပါတယ်။ ဝန်ကြီး ဦးအောင်မင်း ဒီနေ့ပွဲမှာ ပြောဆိုသွားတဲ့ တိုင်းရင်းသား လူမျိုးစုတွေကြားမှာ နှစ်ပေါင်း ၂၄ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ABSDF ရဲ့ အတွေ့အကြုံတွေဟာ အနာဂတ် အမျိုးသား ရင်ကြားစေ့ရေးနဲ့ အားလုံး လိုချင်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေမှာ အဖြေထုတ်ပြီး နှစ်ဖက်ကို မျှတတဲ့ အနေအထားမျိုး ဖြစ်အောင် Negotiator တွေ ဖြစ်နိုင်တယ်။ အဲဒီကာလ မတိုင်ခင်မှာတော့ သူတို့ဟာ Peace Ambassador ငြိမ်းချမ်းရေး သံတမန်တွေလည်း ဖြစ်နိုင်ပါတယ် ဆိုတာကိုလည်း ထပ်ပြီးတော့ ကျွန်တော်တို့ High Light လုပ်ခဲ့ပါ တယ်။ အဲဒီ နောက်ပိုင်းမှာတော့ ABSDF က ဆက်သွယ်ရေး အရာရှိလို့ ပြောလို့ရမယ့် ရဲဘော် ကျော်ကျော်လင်းနဲ့ ကျွန်တော်တို့ဖက်ကတော့ ဒေါက်တာမင်းဇော်ဦး၊ ဦးညိုအုန်းမြင့်နဲ့ ကျွန်တော်တို့က ဆက်ပြီးတော့ ဆောင်ရွက်ခဲ့ကြပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ဝန်ကြီး ဦးအောင်မင်းအနေနဲ့ ABSDF အဖွဲ့ကို ပြည်တွင်းမှာ လေ့လာရေး လာဖို့ စီစဉ်ပေးခဲ့ပါတယ်။ အဲဒီအဖွဲ့ကိုတော့ ရဲဘော်သံခဲ ဦးဆောင်ပြီးတော့ ပထမဦးဆုံးအကြိမ် နှစ်ပေါင်း ၂၄ နှစ်ကျော် အကြာမှာ သူတို့တွေ ပြည်တွင်းကို အလည်လာနိုင်ခဲ့ကြပါတယ်။ သူတို့ အားလုံး မိဘရပ်ဌာနေ ပြန်နိုင်ကြတယ်။ သူတို့ တွေ့ချင်တဲ့ လူတွေကို လွတ်လွတ်လပ်လပ် တွေ့နိုင်ခဲ့ တယ်။ ပြီးတော့ နောက်ဆုံး သူတို့ ပြန်ခါနီး MPC မှာ သတင်းစာ ရှင်းလင်းပွဲ တစ်ခုလည်း သူတို့ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့နဲ့လည်း အလွတ်သဘောတွေ ထပ်ပြီးတော့ ဆွေးနွေးနိုင်ခဲ့ပါ တယ်။ အဲ့ဒီနောက်မှာတော့ သူတို့တွေ ပြန်လည် ထွက်ခွာသွားကြပါတယ်။ ၂၀၁၂ ခုနှစ် မေလထဲမှာ တော့ ရဲဘော် ဦးဆန်နီ ဦးဆောင်တဲ့ ABSDF ရဲ့ Technical Team ဟာ မြန်မာနိုင်ငံထဲကို နောက်ထပ် တစ်ကြိမ် လာရောက်ခဲ့ပါတယ်။ သူတို့ MPC မှာပဲ တည်းကြပြီးတော့ MPC က အလုပ်အဖွဲ့တွေနဲ့ နှစ်ရက်တာ ဆွေးနွေးပွဲတွေကို လုပ်ခဲ့ပါတယ်။ Technical Team level မှာ အလွတ်သဘော နွေးနွေးထွေးထွေး ဆွေးနွေးနိုင်တဲ့အတွက် ABSDF အဖွဲ့ စဉ်းစားတဲ့ အနေအထားကို ကျွန်တော်တို့ ပိုမို နားလည်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ MPC မှာကိုက ABSDF ဟောင်းတွေဖြစ်တဲ့ ဦးအောင်နိုင်ဦးနဲ့ ဒေါက်တာ မင်းဇော်ဦးတို့ ရှိနေပြီးသား ဖြစ်တဲ့အတွက်လည်း နှစ်ဖက် ညှိနှိုင်း ဆွေးနွေးရတဲ့ နေရာမှာ ပိုမိုပြီးတော့ လွယ်ကူတယ် လို့ ထင်ပါတယ်။ နှစ်ရက်တာ တွေ့ဆုံ ဆွေးနွေးပွဲ အပြီးမှာတော့ ရဲဘော်ဆန်နီတို့အဖွဲ့ ပြန်လည် ထွက်ခွာသွားပါတယ်။ နောက်ဆုံး ညှိနှိုင်းမှုကိုတော့ ၂၀၁၃ ခုနှစ် ဇူလိုင်လလယ်မှာ MPC ဘက်က Technical Team ချင်းမိုင်ကို သွားတဲ့ အချိန်မှာ နှစ်ရက်တာ တွေ့ဆုံ ဆွေးနွေးပွဲတွေ နောက်ဆုံး အပြီးသတ် ညှိနှိုင်းခဲ့ပါတယ်။ ဖြစ်နိုင်ခြေ အများစုကို ကျွန်တော်တို့ဘက်ကနေပြီးတော့ တင်ပြခဲ့ ပြီးတော့ ABSDF ဘက်က ပေးတဲ့ အချက်အလက်များကိုလည်း ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ လုပ်ငန်း ကော်မတီဘက်ကို ပြန်လည် ပေးပို့ခဲ့ပါတယ်။ စုစုပေါင်း နှစ်ရက်တာ ကိုးနာရီလောက် ကြာတဲ့ ဆွေးနွေးပွဲတွေကနေပြီးတော့ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်ခြေတွေကို အများဆုံး ညှိနှိုင်းနိုင် ခဲ့ကြပါတယ်။ အခု ဒီရလဒ်က နှစ်ဖက် အပစ်အခတ် ရပ်စဲရေးအထိ ဖြစ်မြောက်လာခဲ့ပါတယ်။

ဇူလိုင်လလယ်ကစပြီး ABSDF နဲ့ အစိုးရ လက်မှတ် ရေးထိုးနိုင်ဖို့အတွက် အသေးစိတ် Logistic ကိစ္စရပ်တွေကို ဒေါက်တာမင်းဇော်ဦးနဲ့ MPC အဖွဲ့ဝင်တွေ နေ့တိုင်း ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။ ABSDF အနောက်ပိုင်းက ငါးဦး၊ မြောက်ပိုင်းက ငါးဦး၊ ဗဟိုက စုစည်းထားတဲ့ ၂၄ ဦး စုစုပေါင်း ၃၄ ဦးတို့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီနှစ်ဖက် အပစ်အခတ် ရပ်စဲရေးဟာ ပြည်ထောင်စု အစိုးရအဖွဲ့ နိုင်ငံတော် သမ္မတဘက်က ချပေးထားတဲ့ မူဝါဒအရ ပြည်နယ်အဆင့် ဖြစ်ပါတယ်။ ABSDF အဓိက အင်အားစုတွေရှိတဲ့ ကရင်ပြည်နယ် တာဝန်ရှိတဲ့ နယ်လုံ ဝန်ကြီးနဲ့ ပြည်နယ်အဆင့် လူတွေ တက်ရောက်ပေမယ့် အများစုကတော့ ပြည်ထောင်စုအဆင့် ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဒါကတော့ ဝန်ကြီး ဦးအောင်မင်းနဲ့ အစိုးရအဖွဲ့ဘက်က ABSDF အပေါ်မှာ အလေးအနက် ထားပြီးတော့ အဖွဲ့ကြီးသည် ငယ်သည် မဟုတ်ဘဲနဲ့ ငြိမ်းချမ်းရေးအတွက်ကို အာရုံစိုက်တဲ့ သဘောမျိုး မှတ်ယူပါတယ်။

ထူးထူးခြားခြား ဒီပွဲမှာ တပ်မတော်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ကိုယ်တိုင် တက်ရောက် ခဲ့တာ တွေ့ပါတယ်။ ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးအုန်းမြင့်၊ ဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီး ဦးဇေယျာအောင်တို့ တက်ရောက်ခဲ့ပြီးတော့ ပြည်နယ် နယ်လုံ ဝန်ကြီး၊ ပြည်နယ်အဆင့် ဥပဒေချုပ် အပါအဝင် ပြည်နယ်အဆင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ ပါတယ်။ တပ်မတော်ဘက်က အရာရှိကြီးတွေလည်း တက်ရောက်ခဲ့ပြီးတော့ လွှတ်တော်များက ကိုယ်စားလှယ် နှစ်ဦးလည်း တက်ရောက်ပါတယ်။ ဒါအပြင် ABSDF က အဆိုပြုခဲ့တဲ့ Observer များ ဖြစ်ကြတဲ့ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ ဦးမြအေးတို့လည်း တက်ရောက်ခဲ့ပြီး တော့ ABSDF နဲ့ ဝန်ကြီး ဦးအောင်မင်း၊ MPC တို့ ကြားထဲမှာ ကူညီခဲ့တဲ့ Emma Lesley နဲ့ အထောက်အကူ ပြုပေးတဲ့ နီပွန် ဖောင်ဒေးရှင်းလည်း တက်ရောက်ခဲ့ပါတယ်။ ကျောင်းသား နိုင်ငံရေး ပါတီများ ဖြစ်တဲ့ မြန်မာ့ လူ့ဘောင်သစ် ပါတီက ဦးဇင်လင်းနဲ့ မြန်မာ အမျိုးသား ကွန်ဂရက် ပါတီက ဦးကောင်းမြင့်ထွဋ်တို့ နှစ်ယောက်လည်း Observer အနေနဲ့ တက်ရောက်ခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်မင်းရဲ့ အဖွင့် နှုတ်ခွန်းဆက်စကားမှာ ဒီနေ့ ကြိုးစား ဆောင်ရွက်မယ့် အပစ်အခတ် ရပ်စဲမှုဟာ ABSDF နဲ့ အစိုးရရဲ့ အပစ်အခတ် ရပ်စဲရေး မဟုတ်ဘဲနဲ့ နောက်တစ်ဆင့် အမျိုးသား ရင်ကြားစေ့ရေး အနေနဲ့ တွေ့ဆုံ ဆွေးနွေးမှုပွဲ ဖြစ်မြောက်ဖို့အတွက် ခြေလှမ်း ဖြစ်တယ်ဆိုတာ ကိုလည်း ထောက်ပြသွားပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဘက်ကလည်း တပ်မတော် အရာရှိကြီး တစ်ဦးအနေနဲ့ ပြောသွားတဲ့ စကားတွေကလည်း ကျွန်တော်တို့အတွက်တော့ ထည့်သွင်း စဉ်းစားစရာ အများကြီးရပါတယ်။ ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲဘက်က ပြောသွားတဲ့ စကားတွေ ကလည်း သူတို့ရဲ့ ရပ်တည်ချက် ကျောင်းသားတွေရဲ့ သဘောထားတွေကိုလည်း တိတိကျကျ ပြောသွားပါတယ်။ ဒီနေ့ အခမ်းအနားကတော့ ကြိုတင် ညှိနှိုင်းမှုတွေ အများကြီး လုပ်ခဲ့ပြီးတဲ့အတွက် Agreement အတွက် စကားလုံး ရွေးချယ်မှုနဲ့ တိတိကျကျ အဓိပ္ပာယ် ဖွင့်ဆိုမှုတွေက အဓိကဖြစ် ပါတယ်။

လက်မှတ် ရေးထိုးပြီးတဲ့အခါမှာ နှစ်ဖက် အပြန်အလှန် လက်ဆွဲ နှုတ်ဆက်တဲ့အခါ ကျွန်တော့်ရင်ထဲမှာ မဖော်ပြနိုင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဝမ်းသာမှုတွေ၊ ဝမ်းနည်းမှုတွေ ရောထွေးနေတယ်လို့ ထင်ပါတယ်။ ဝမ်းသာတာကတော့ ကိုယ်ယုံကြည်တာကို ယုံကြည်ချက်အတိုင်း ဆောင်ရွက်ခဲ့တဲ့ ၂၅ နှစ်တာ အပြီးမှာ တွေ့ဆုံ ဆွေးနွေးရေးသည်သာ အဓိက အဖြေထုတ်ဖို့ ဖြစ်တယ်။ ဒါကြောင့် အပစ်အခတ် ရပ်တယ် ဆိုတာပါ။ ၂၅ နှစ်ကျော် ကာလအတွင်းမှာ ရဲဘော်သံခဲ ပြောဆိုခဲ့တဲ့ ကျဆုံးခဲ့တဲ့ ABSDF ရဲဘော် ၆၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ၄၀၀ ကျော် ဆိုတာဟာ ကျွန်တော့်ရဲ့ သားသမီးတွေ ဖြစ်ရင်၊ ကျွန်တော့်ရဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်ရင် ဆိုတဲ့ ခံစားချက်ကလည်း ကျွန်တော့်ကို မသက်မသာ ဖြစ်စေတယ်လို့ ထင်ပါတယ်။ အားလုံးက ကျွန်တော်တို့ ပြည်သူလူထု ညီအစ်ကို မောင်နှမတွေ မဟုတ်လား။ ထပ်ပြီး ဝမ်းသာတာကတော့ အပစ်အခတ် ရပ်စဲရေးမှသည် အားလုံး လိုချင်တဲ့ ဒီမိုကရေစီ နိုင်ငံသစ်ကြီးဆီသို့ သွားနိုင်ဖို့အတွက် ဝိုင်းဝန်း အဖြေရှာမယ့် နိုင်ငံတော်သမ္မတ ညွှန်းဆိုတဲ့ All Inclusive ဆိုတဲ့ Political Dialogue ပိုရောက်နိုင်တဲ့ ခြေလှမ်းတစ်ခု ရတယ်လို့ ထင်ပါတယ်။

ဒီနေရာမှာ KNU ခေါင်းဆောင်၊ KNU ဥက္ကဋ္ဌ အဘ မူတူးစေးဖော ပြောတဲ့ စကားကို ညွှန်းပါရစေ။ ကရင် တော်လှန်ရေး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ မှာ ၆၄ နှစ် ပြည့်ခဲ့ပါပြီ။ သူ့အသက်လည်း ၈၂ နှစ် ကျော်ခဲ့ပါပြီ။ သူလက်ရှိ လက်နက်ကိုင် တိုက်ပွဲဝင်လာတာ ၂၀၁၂ ခုနှစ် လက်မှတ် ရေးထိုးတဲ့အချိန်ထိ ဆိုရင် တော်လှန်ရေးသက် ၆၂ နှစ် ရှိပါပြီ။ နှစ်ပေါင်းများစွာအတွင်း ဘယ်သူ့ဘက်ကမှ အပြတ် မချေမှုန်းနိုင်ခဲ့ပါဘူး။ ဒီ zero sum game က တိုင်းပြည်ကို ဆင်းရဲတွင်း နက်စေတယ်။ ဒုက္ခတွင်းထဲကို တွန်းပို့ခဲ့တယ်။ အခု ဘယ်သူက သူ့ကို ဘာပြောပြော သူငြိမ်းချမ်းရေးကို မရရအောင် ကြိုးစား ဆောင်ရွက်မယ်။ သူ့ကို လူဆိုးကြီးပြောပြော အရူးကြီးပြောပြော ငြိမ်းချမ်းရေးရမှ ဖြစ်မယ်လို့ ပြောခဲ့ပါ တယ်။ အဘ မူတူးစေးဖော ပြောတဲ့အထဲမှာ ငါတို့ နိုင်ငံ၊ ငါတို့ သမ္မတ ဆိုတာကိုလည်း ထည့်သုံး သွားပါတယ်။ မြန်မာနိုင်ငံဟာ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးရဲ့ နိုင်ငံ၊ အနာဂတ် သားစဉ်မြေးဆက် တွေရဲ့ နိုင်ငံပါပဲ။ ဒီနိုင်ငံကို ပိုမို ကောင်းမွန်တဲ့ အခြေအနေနဲ့ သူတို့ကို လွှဲပေးခဲ့ဖို့ ငြိမ်းချမ်းရေး လိုပါတယ်။ ထာဝရ ငြိမ်းချမ်းရေး ရဖို့ ဆက်ကြိုးစားရပါဦးမယ်။

ဒီကနေ့ အပစ်အခတ် ရပ်စဲမှုကနေ သိပ်မကြာခင်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲမှုကို ဆောင်ရွက် နိုင်မယ့် Nation Wide Ceasefire Accord ကို သွားနိုင်ဖို့ လိုပါတယ်။ ပြီးရင် ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေ ပါဝင်ပြီး ပြည်တွင်းမှာ ကျင်းပ ဆွေးနွေး အတည်ပြုမယ့် Frame work meeting တစ်ခု ဆောင်ရွက်ကြရပါဦးမယ်။ Frame work meeting ကနေ အနာဂတ် နိုင်ငံရေး ဆွေးနွေးပွဲကြီးမှာ အားလုံး ပါဝင်နိုင်ဖို့ ဆွေးနွေးမယ့် အကြောင်းအရာ၊ ကော်မတီတွေ၊ Time line တွေနဲ့ လိုအပ်တာတွေ ဆုံးဖြတ်နိုင်ကြမယ် ထင်ပါတယ်။ အဲ့ဒီနောက် သူတို့ရဲ့ Time line အတိုင်း အနာဂတ် မြန်မာပြည်နဲ့ စစ်မှတ်တဲ့ ငြိမ်းချမ်းရေး ရဖို့ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှရေး၊ Federal အရေးတွေလည်း ဆွေးနွေး အဖြေထုတ်နိုင်ကြဖို့ သာမန် နိုင်ငံသား တစ်ဦးအနေနဲ့ မျှော်လင့် စောင့်စားနေပါတယ်။ ဆွေးနွေးပွဲ ရောက်လာခဲ့ရင်လည်း အစွန်း နှစ်ပါးကို ရှောင်နိုင်ကြပြီး ဆင်ခြင်တုံ တရား၊ ကိုယ်ချင်းစာ တရား၊ စိတ်ရှည် သည်းခံမှု၊ သဘောထားကြီးမှုတွေနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ကြဖို့ကို လည်း နိုင်ငံသား တစ်ဦးအနေနဲ့ တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့ ငြိမ်းချမ်းရေး ရကြမှ ဖြစ်ပါမယ်။

Credit To The Voice Weekly

Related Articles: