Wednesday, August 14, 2013

တက္ကသိုလ်၏ တောင်ပံတစ်စုံ


တက္ကသိုလ် ဆိုတာကို အဆင့်မြင့်ပညာများ သင်ကြားပို့ချ၊ လေ့လာရာ နေရာဒေသအဖြစ် ယေဘုယျ အားဖြင့် ညွှန်းဆိုနိုင်ပါသည်။ လေ့လာစရာစုံသည့် ပညာ့ရပ်ဝန်း တက္ကသိုလ်ကို ပညာရှင်အသီးသီးက ဝိသေသ အမျိုးမျိုးပေးကာ ဂုဏ်တင်ကြပေသည်။ မိမိ၏ဆရာ နန္ဒာသိန်းဇံက စာရေးဆရာလည်းဖြစ်၊ အဟောအပြောကလည်း ကောင်းသူမို့ တက္ကသိုလ်နှင့် ပတ်သက်ပြီး သူပေးခဲ့တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် နှစ်ခုက ခုထိ နားထဲ စွဲနေတုန်း။ ပထမ တစ်ခုမှာ အင်္ဂလိပ် စကားလုံး University ဆိုတာသည် Uni ဆိုသော စကားလုံးနှင့် Verse ဆိုတဲ့ စကားလုံး နှစ်လုံး ပေါင်းခြင်း၏ ရလဒ်တဲ့။ Uni ဆိုတာ တစ်ခုဟု အဓိပ္ပာယ်ထွက်ပြီး verse လှည့်ပတ်ခြင်းဟု ဆိုပါသောကြောင့် University ဆိုသည်မှာ တစ်ခုတည်း ကို လှည့်ပတ် လေ့လာခြင်းဟု ဆိုလိုပါသည်။ Uni ဆိုသည့် ထိုတစ်ခုမှာ စိတ်ကြိုက် ရွေးချယ်ထား သော ဘာသာရပ် တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် Botany ဆိုသော ဘာသာရပ်သည် အပင်အကြောင်းကို ထောင့်စုံအောင် လှည့်ပတ် လေ့လာရပြီး Psychology ဆိုသည်မှာ လူ၏စိတ်ကို ရှုထောင့် အဖုံဖုံမှ လှည့်ပတ် လေ့လာရခြင်း ဖြစ်ပါသည်။ မိမိ၏ အထူးပြု ဘာသာရပ်အား ပထမနှစ်မှ နောက်ဆုံးနှစ် ဘွဲ့ကြိုပတ်လမ်း အသီးသီးဖြင့် လည်းကောင်း၊ ထို့ထက် ထူးချွန်ပါက ဘွဲ့လွန်နှင့် ပါရဂူ ပတ်လမ်းများမှ ထောင့်စေ့စွာ၊ နက်ရှိုင်းစွာ လေ့လာခြင်းမျိုးကို တက္ကသိုလ်တွင် ဆောင်ရွက်ကြောင်း သိခဲ့ရပါသည်။ ဘာသာရပ် တစ်ခုကို သက်ဝင်ယုံကြည် ချစ်မြတ်နိုးပြီး အရူးအမူး လေ့လာ လိုက်စားသူ များ ပျော်မွေ့ရာသည် တက္ကသိုလ်ပင် ဖြစ်တော့သည်။ တက္ကသိုလ်တွင် ပညာရှာရာ၌ ဘာသာရပ်၏ မျက်နှာမှ တစ်ပါး အခြားအရာတွေကို အလေး မထားသင့်ကြောင်း၊ အချုပ်အနှောင်များစွာဖြင့် နေရ သော တက္ကသိုလ်များသည် ပညာအရာတွင် ရှေ့တန်းသို့ မရောက်နိုင်ကြောင်း ဆရာက အားနဲ့မာန်နဲ့ ပြောခဲ့တဲ့ အချိန်မှာ ယခုလို ပွင့်လင်း လွတ်လပ်မှု မရှိတဲ့ လွန်ခဲ့သော ဆယ်ခုနှစ်ကျော် ကာလ။ ဒီစကားလေးအား မိမိတပည့်တွေအား လက်ဆင့်ကမ်းချိန်တွင် တပည့်တွေက University ကို ပြင်သစ် အသံထွက် အူနီဘစတီလို့ ထွက်ရသလို အူတူတူ ကလေးတွေ။

ဆရာ့၏ နောက်ထပ် ဖွင့်ဆိုချက်က အရှေ့တိုင်း ဆန်၏။ တက္ကသိုလ်ဆိုတာ အိန္ဒိယ၏ တက္ကသီလာ ဆိုသော အရပ်ဒေသအမည်မှ ဆင်းသက်လာကြောင်း ပြောကြသလို၊ အနောက်တိုင်း တွဲလုံးလေးကို ပြောရရင် တက္ကနှင့် သီလ နှစ်လုံးပေါင်းခြင်းရဲ့ ရလဒ်အဖြစ်လည်း ဖွင့်ဆိုခဲ့သည်။ ဆရာက အတွေးအခေါ်သမား ပီပီ တက္ကသိုလ် ပညာရေးဆိုတာ အတွေးအခေါ် ဘာသာရပ်နှင့် ကင်းလို့မရ ပါဘူးလို့ ဆိုတော့ လူကြိုက်နည်းတဲ့ ဘာသာရပ်ကို ရွေးခဲ့မိပါလားဟု နောင်တရမိတဲ့ မိမိအဖြစ်ကို လိပ်ပြာ မလုံချင်။ လိုရာ ဆွဲပြောရရင်ကွာ ... တက္ကဆိုတာ ငါတို့ Philosophy မှာ Metaphysics လို့ ခေါ်တဲ့ တက္ကိကဗေဒ ဘာသာ၊ တွေးတော ကြံဆရခြင်းကို ဆိုလိုပြီး သီလကတော့ တို့ Philosophy မှာ Morality လို့ သင်ပေးနေတဲ့ ကိုယ်ကျင့်တရားပဲပေါ့ကွာဟု လေသံအေးအေးဖြင့် နားဝင်အောင် ပြောတတ်ပြန်တဲ့ ဆရာ့အသံသည် ရန်ကုန်တက္ကသိုလ်၏ ယခုအခါ Center of Excellence ရုံးခန်း ဖြစ်သွားသော ဝိဇ္ဇာခန်းမ အနီးက A-17 အခန်းငယ်ကလေးထဲတွင် စိမ့်ဝင်ကာ ကျန်နေသေးသလား ...။ ဆရာ့စကားအရ ဆိုသော် တက္ကသိုလ် ဆိုသည်မှာ ဘာသာရပ် တစ်ခုကို အခြေပြုပြီး တွေးတော ကြံစည်တတ်အောင်နှင့် ကိုယ်ကျင့်တရားအရ ထူးခြား ပေါ်လွင်မှု ရှိအောင် လေ့ကျင့်ရမည့် နေရာ တစ်ခု ဖြစ်သည်။ တွေးတော ကြံဆမှုအပိုင်း ဟူသည် ဘာသာရပ် တစ်ခု၏ အယူအဆများ၊ တရားကိုယ် သဘောတရားများနှင့် စိတ်ကူးထည်များကို သိမြင် သဘောပေါက်အောင် ကူညီပေး သော အပိုင်း ဖြစ်ပါသည်။ ထို့ကြောင့်ပင် တက္ကသိုလ်များတွင် (Conceptual Understanding) အယူအဆ သဘောတရားရေးရာ သိမြင် နားလည်မှုကို အလေးထားခြင်းဖြစ်သည်။ ဘာသာရပ် တစ်ခု ၏ သိမ်မွေ့သော နက်နဲ ခက်ခဲမှုကို သိနားလည်ရန်အတွက် အခြေခံ အယူအဆ၊ သဘောတရားများ ကို သိမြင် သဘောပေါက်ပြီး ဉာဏ်ကွန့်မြူးဖို့ လိုပါသည်။ ထိုကဲ့သို့ ဉာဏ်ကစားရန်အတွက် တွေးတော ကြံဆတတ်မှု စွမ်းရည်သည် အသိပညာ၏ မရှိမဖြစ် အစိတ်အပိုင်းအဖြစ် ရှိနေပါသည်။ ထိုအသိပညာအား အခြေခံ၍ အမှန်တကယ် တတ်ကျွမ်းပြီး လက်တွေ့ အသုံးချနိုင်သော စွမ်းရည်မျိုး အား ရဖို့ဆိုပါက သီလသည် အရေးကြီးလာပါသည်။ သီလ ဆိုသည်မှာ လက်တွေ့လုပ်ဆောင် ပြရသော ဆောင်စရာ၊ ရှောင်စရာများအား ကိုယ်စားပြုပါသည်။ သီလဆိုသော အသုံးသည် ကိုယ်ကျင့်တရားအရ ထူးခြား ပေါ်လွင်မှု ရှိသည်။ မိမိ၏ အသိစိတ်ဖြင့် လုပ်သင့်တာကို လုပ်ခြင်း၊ မလုပ်သင့်တာကို ရှောင်ခြင်းဟု ဆိုသော် ရသဖြင့် သီလ ကောင်းခြင်းသည် ကိုယ်ကျင့်တရား ကောင်းခြင်းနှင့် ထပ်တူ ပြုနိုင်ပါသည်။ အမှု ကိစ္စများသည် တွေးတော ကြံဆနေရုံနှင့် မပြီး အမှန်တကယ် လုပ်သင့်တာကို လုပ်ပြီး မလုပ်သင့်တာကို ရှောင်နိုင်မှသာ ရလဒ်ကောင်းများအား မျှော်မှန်းနိုင်မည် ဖြစ်သည်။ ရင့်ကျက်သော နိုင်ငံကြီးသား ဖြစ်ဖို့အတွက် ထိန်းသိမ်းရမည့် စံကိုက် အမူအကျင့်များ ရှိပါသည်။ ထိုအမူအကျင့်များကို တက္ကသိုလ်တွင် ပညာရှာစဉ် တွေးရင်း ကြံရင်း၊ ကျွဲကူးရေပါ လေ့ကျင့်သွားပါက လူငယ်များအနေဖြင့် ဘွဲ့ရချိန်တွင် တွေးတတ် ကြံတတ်ပြီး ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံသော နိုင်ငံသားများ ဖြစ်လာမည်ဟု မျှော်လင့်နိုင်ပါသည်။ ဘွဲ့ရ ပညာတတ်များအတွင်း လူကြီးလူကောင်းဆန်သော အမူအကျင့်များ ၎င်းတို့၏ အမူအကျင့် စရိုက်ဝသီ တွင် စွဲမြဲနေဖို့ လိုပါသည်။ တက္ကသိုလ်မှ တရားသဖြင့် ထုတ်ပြန်ထားသော ကျင့်ဝတ်များ၊ သတ်မှတ်ချက်များအား လိုက်နာခြင်းဖြင့် ဆောင်သီလအား မြဲနိုင်သလို၊ မိမိ အကျိုးနှင့် သူတပါး အကျိုးကို ဟန့်တား နှောင့်ယှက်၊ ဖျက်ဆီးနိုင်သော အမူအကျင့်ဆိုးများအား ရှောင်ဖယ်ခြင်းဖြင့် ရှောင်သီလကိုလည်း မြဲစေနိုင်သည်။

တက္ကသိုလ် အချို့သည် အခြား တက္ကသိုလ်များနှင့် ယှဉ်ပါက ပညာအရာတွင် မြင့်မားကာ ထိပ်တန်းတွင် ရှိကြသည်။ အဆိုပါ တက္ကသိုလ်မျိုးမှ ပညာရေ သောက်စို့ခွင့်ရသော လူငယ်များသည် ဘယ်တက္ကသိုလ် ထွက်၊ ညာတက္ကသိုလ် ထွက်ဟု မိမိတို့ ဘွဲ့ယူခဲ့သော တက္ကသိုလ်ကို ဂုဏ်ဖော်ကာ အလုပ် ဈေးကွက်သို့ ဝင်ပြီး အစွမ်းပြကြသည်။ သူတို့ အစွမ်းပြနိုင်အောင်လည်း ထိပ်တန်း တက္ကသိုလ် များသည် ၎င်းတို့၏ ကျောင်းသား၊ ကျောင်းသူများအား တွေးတော ကြံဆနိုင်စွမ်းနှင့် ကိုယ်ကျင့်တရား နှင့်အညီ ကျင့်ဝတ် လိုက်နာမှု အပိုင်းအား အသေအချာ လေ့ကျင့်ပေးပြီး ဖြစ်သည်။ အဆင့်မီ တက္ကသိုလ်များ၏ အမြင့် ပျံနိုင်မှုတွင် ခိုင်မာ အားကောင်းသော တောင်ပံတစ်စုံ ရှိမည်ဟု တွေးဆမိပါ သည်။ ထိုတောင်ပံ၏ အပင့်အမဖြင့် တက္ကသိုလ် တစ်ခုနှင့် တစ်ခု အဆင့်အတန်း ကွာခြားသွားပုံ ရပါသည်။ လူစွမ်းအား အရင်းအမြစ်ဖြင့် မောင်းနှင်ရသော ထို တောင်ပံတစ်စုံကို တွေးတောကြံဆခြင်း နှင့် ကျင့်ဝတ်သီလ မြဲခြင်းဟု အမည် တပ်လိုပါသည်။ အဆိုပါ တောင်ပံတစ်စုံ မရှိဘဲ တက္ကသိုလ် တစ်ခုသည် အဆင့်တစ် နေရာသို့ ရောက်မည် မဟုတ်ပေ။ တွေးအားကောင်းပြီး ကျင့်ဝတ်သီလနှင့် ပြည့်စုံသော ဆရာ၊ ဆရာမများက သူတို့နှင့် အလားတူ လူငယ် မျိုးဆက်သစ်အား ဖန်တီး ပြုစု၊ ပျိုးထောင်နိုင်ခြင်း မရှိသရွေ့တော့ အဆင့်မီ တက္ကသိုလ်ဟု ခေါ်နိုင်မည် မဟုတ်ပေ။ နိုင်ငံတကာ အဆင့်မီဖို့ အတွက် စံနှုန်း သတ်မှတ်ချက်များသည် အရည်အသွေး အာမခံချက် ပုံစံဖြင့် ရှိပြီး ဖြစ်သည်။ ထိုအဆင့်၊ ထိုအမြင့်သို့ ရောက်အောင် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသူများနှင့် တက်ရောက် သင်ကြားနေသူ ကျောင်းသား၊ ကျောင်းသူများတွင် တာဝန်ရှိပါသည်။ ကိုယ့်တာဝန်၊ ကိုယ့်အပိုင်းကို ကောင်းစွာ သိမြင်ပြီး ဟန်ချက်ညီညီ အားထုတ် ကြိုးပမ်းပါက အင်အားကောင်းသော တောင်ပံ တစ်စုံဖြင့် စံကိုက် အမြင့်မှ ဂုဏ်သိက္ခာရှိရှိ ပျံနိုင်ပေမည်။ ဒီဘက်ခေတ်သည် ပြေးနေရမည့် ခေတ်မဟုတ်တော့ ပျံနေရမည့်ခေတ် ဖြစ်လာသည်။ ငှက်တွေလို ပျံဝဲကာ ရှာဖွေမှု၊ တွေ့ရှိမှု အသစ် တွေ့ရဖို့ အမြဲပင် ကြံဆနေဖို့ လိုလာပြီ။

ယနေ့ခေတ် တက္ကသိုလ်များသည် စိတ်ကူးကောင်း၊ အတွေးကောင်း၊ အသုံးချ ရလဒ်ကောင်းနောက်သို့ တကောက်ကောက် လိုက်နေကြသည်။ ထိုအချက်အား ထိရောက်သော သင်ကြားရေးနှင့် အဆင့်မီ သုတေသနများကို အားပေးခြင်း ဖြစ်စဉ်တွင် အထင်အရှား တွေ့ရသည်။ အဆိုပါ စိတ်ကူးကောင်း၊ အတွေးကောင်း၊ အသုံးချ ရလဒ်ကောင်းတွေ ဆိုတာလည်း ကောင်းစွာ တွေးတော ကြံဆထားခြင်း၏ နောက်ကျောဖက် စာမျက်နှာ ဆိုတာကို ထိပ်တန်း တက္ကသိုလ် အများအပြားက သဘောပေါက်ကြ သည်။ တွေးတော ကြံဆမှု အလေ့အထသည် တီထွင် ဖန်တီးနိုင်စွမ်း၏ အကြို ခြေဆင်းတီးလုံး ဖြစ်ကြောင်းကို အဆိုပါ တက္ကသိုလ်များက သတိပြုမိတာလည်း ကြာပြီ။ စိတ်ကူးကောင်းများ၊ တီထွင် ဖန်တီးမှု အသစ်များသည် လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်သော အရာများ ဖြစ်သောကြောင့် ထိပ်တန်း တက္ကသိုလ်များမှ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း လူ့အဖွဲ့အစည်းအား ထောက်ပံ့နိုင်ရန် ကြိုးစားကြသည်။ တက္ကသိုလ်များသည် လူ့အဖွဲ့အစည်းအတွက် (Think Tanks) သုခမိန် အဖွဲ့အစည်းများ ဖြစ်ကြသဖြင့် လူ့အဖွဲ့အစည်း သက်သောင့်သက်သာ လှုပ်ရှားနိုင်မည့်၊ အလုပ်ဖြစ်မည့် စိတ်ကူးကောင်းများအား အစဉ်အမြဲ တွေးတော ကြံဆနေပါသည်။ ပညာရှင်များ၏ စိတ်ကူးကောင်းများ၊ ရလဒ်ကောင်းများ ရှာပုံတော်တွင် အဆင့်မြင့် ပညာရေး၏ အသက်ဝိညာဉ် လွတ်လပ်မှုကိုလည်း အဆင့်မြင့် တက္ကသိုလ်များက ထောက်ပံ့ပေးကြသည်။ တက္ကသိုလ်မှ ပညာရှင် ဆရာ၊ ဆရာမများ လွတ်လွတ်လပ်လပ် တွေးတော ကြံဆနိုင်ဖို့ တန်းမြင့် တက္ကသိုလ်များမှ အခြေအနေကောင်းများ အမြဲပင် ကြံဆ ဖန်တီးပေးသလို ကျောင်းသား၊ ကျောင်းသူများကိုလည်း အစွဲအလန်း ကင်းကင်းဖြင့် လွတ်လပ်စွာ တွေးတော ကြံဆ တတ်အောင် ပြုစု ပျိုးထောင်ပေးသည်။ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘာသာရပ်နှင့် ပတ်သက်ပြီး လွတ်လပ်စွာ ဆွေးနွေးနိုင်အောင်၊ ရေးသားနိုင်အောင် Research Grant ပုံစံ အမျိုးမျိုး၊ ကျောင်းလခ လွတ်ငြိမ်းခွင့် ပုံစံ အမျိုးမျိုးအပြင် ထောက်ပံ့မှု ပုံစံ အသွယ်သွယ်ဖြင့် အတွေးကြွယ်ဝတဲ့ ဦးနှောက် ပိုင်ရှင်များကို အမြင့်ပျံ တက္ကသိုလ်များက ပိုးမွေးသလို မွေးကြသည်။ လွတ်လပ်စွာ တွေးတော ကြံဆခြင်းမှ မြစ်ဖျားခံသော စိတ်ကူးကောင်း၊ အတွေးကောင်းများအား ပိုမို၍ စူးရှ ထက်မြက်စေရန် လွတ်လပ်ပြီး ထိန်းကျောင်းမှုကောင်းသော ဆွေးနွေးပွဲများ၊ လက်တွေ့ခန်း ရလဒ်များသို့ ဦးတည်သော အဆင့်မီ သုတေသနများအဖြစ် နိုင်ငံတကာ တက္ကသိုလ်များမှ အပြိုင်အဆိုင် ပုံဖော်နေကြသည်။ တွေးအား၊ ရေးအား ကောင်းသော ပညာရှင် ပါမောက္ခများကို အပြိုင်အဆိုင် တက္ကသိုလ်များမှ အခွင့်အရေး များစွာဖြင့် မက်လုံးပေး ခေါ်ကြသည်။ ဘာသာရပ် တစ်ခု တွင် မှော်အောင်ကာ ထိုဘာသာရပ်နှင့် ပတ်သက်ပြီး စိတ်ကူးကောင်းများ၊ အယူအဆသစ်များ၊ တွေ့ရှိချက် အသစ်များ အဆက်မပြတ် တွေးတော ကြံဆနိုင်သူ ပညာရှင်များမှာ ဂုဏ်သိက္ခာပိုင်းနှင့် လူနေမှု ဘဝအပိုင်းပါ အဆင့် မြင့်မားကြသည်။ ပညာရှင် ဆရာ၊ ဆရာမများ ဉာဏ်ကွန့်မြူးရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းမှုများကို တက္ကသိုလ်များမှ အစွမ်းရှိသရွေ့ ဆောင်ရွက်ပေးကြောင်းလည်း ကြားသိရသည်။ သင်ကြားမှု အတန်းချိန်က လွဲ၍ လွတ်လပ်စွာ တွေးတော ကြံဆနိုင်ရန် တက္ကသိုလ် ဆရာ၊ ဆရာမတို့၏ အလုပ် ပုံစံကို ရုံးလုပ်ငန်း ပုံစံမဟုတ်ဘဲ Mission တစ်ခုချင်းအား အကောင်အထည်ဖော်သည့် ပုံစံမျိုး ရအောင် ပြုလုပ်ပေးထားသည်။ လွတ်လပ်မှုနှင့်အတူ တာဝန်ခံ တတ်သည့် စိတ်ကိုပါ တန်ဖိုးထားသည့် ပညာရှင် ဆရာ၊ ဆရာမများသည် ရုံးချိန် ပုံစံသေဖြင့် အလုပ် မလုပ်ဘဲ ရလဒ် တစ်ခုကို ဦးတည် ရှာဖွေသည့် ပုံစံဖြင့် ၎င်းတို့၏ ဘဝကို မြှုပ်နှံကာ လုပ်ဆောင်ကြ သည်။

ထိပ်တန်း တက္ကသိုလ်များသည် အဖိုးတန် ဦးနှောက်များကို အားလပ်ရက်ရှည်ခွင့် ခံစားခြင်းအား မယူမနေရ ပေးကာ ဦးနှောက်များကို အလွန်အကျွံ အသုံးပြုမှုအား ကာကွယ်ကြသည်။ ဆရာ၊ ဆရာမများ အနေဖြင့် ဦးနှောက်ကို အနားပေးခြင်း၊ ခရီးသွားခြင်းတို့မှ ရသော အတွေ့အကြုံကောင်း များအား အလုပ် ပြန်ဝင်ချိန်တွင် နောက်ထပ် တွေးတော ကြံဆဖို့အတွက် ကုန်ကြမ်းသဖွယ် သုံးကြသည်။ တက္ကသိုလ် ဆရာ၊ ဆရာမ အလုပ်သည် ဉာဏအလုပ် ဖြစ်ပြီး ဉာဏ် ကွန့်မြူးနေဖို့သည် အဓိကဖြစ်ကြောင်း မရိပ်စားမိသော အဆင့်နိမ့် တက္ကသိုလ်များတွင်မူ ဆရာ၊ ဆရာမအလုပ်၏ ဖွားဘက်တော် (Vacation) အားလပ်ရက်ရှည် ခွင့်ဆိုတာကို ပေးဖို့ အတော်လေး တွန့်ဆုတ်နေတတ် ကြောင်း ဆရာ တစ်ဦးက ညည်းတွားဖူးသည်။ ရုံးချိန်ကို ပုံမှန်တက်၊ အလုပ် မရှိလည်း အလုပ်စားပွဲ တွင် ထိုင်၊ ခိုင်းတာကို စောင့်လုပ်ဆိုသော လှေကြီးထိုး ရိုးရိုး စီမံမှုတွင် တက္ကသိုလ်ဆိုသည်မှာ စီမံ ခန့်ခွဲမှု ကောင်းသော ရုံးကြီး တစ်ရုံးထက် ပိုစရာ အကြောင်းမရှိ။ သင်ကြားရေး ဝန်ထမ်းများအတွက် လွတ်လပ်စွာ တွေးတော ကြံဆဖို့ လိုသလို၊ ပညာရှာနေသူ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းသားများ အတွက်လည်း ကောင်းစွာ တွေးတော ကြံစည်နိုင်မည့် အခြေအနေကောင်းများအား တက္ကသိုလ်များမှ တတ်အားသရွေ့ ဖြည့်ဆည်းပေးရန် လိုပါသည်။ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်ဖို့ Privacy ခေါ် တစ်ကိုယ်ရည် လွတ်လပ် လုံခြုံသော အခန်းအကန့် တို့ ရှိရမည် ဖြစ်သည်။ ထို့ကြောင့် နေထိုင် စားသောက်ရာ အဆောင်သည် အဆောင်နှင့် တူရပါမည်။ လူပြွတ်သိပ် ကျပ်ညပ်ပြီး လေဝင် လေထွက်၊ အလင်းအမှောင် မကောင်းသော၊ အမိုးအကာ မလုံသော အဆောင်မျိုးမှ ထူးချွန် ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူတွေ ပေါ်ထွက်လာဦးတော့ ရှားရှားပါးပါး တစ်ယောက်၊ နှစ်ယောက်ပေါ့။ ဒီထက် ပိုနိုင်မည် မထင်။ နေရာဒေသသည် အတွေးအခေါ်နှင့် စိတ်ကူးကောင်းများ ကွန့်မြူးဖို့အတွက် ရှိထောက်ကူချက် ဖြစ်ပါသည်။ စိတ်ကူး စိတ်သန်းကောင်းတွေ ရဖို့ စာသင်ခန်းသည် စာသင်ခန်း ပုံစံ၊ ဓာတ်ခွဲခန်းသည် ဓာတ်ခွဲခန်း ပုံစံ၊ စာကြည့်တိုက်၊ စားသောက်တန်းနှင့် နားနေဆောင်များလည်း သူ့ပုံစံနဲ့သူ စံကိုက် ဖြစ်ဖို့ လိုပါသည်။ စိတ်ကူးကောင်းများအား ကြံဆကာ ထုတ်နိုင်ဖို့အတွက် တက္ကသိုလ် ဝန်းကျင်တွင် အသံ ညစ်ညမ်းမှု ကင်းစင်ရမည် ဖြစ်သည်။ ကောင်းမွန်သော စိတ်ကူး စိတ်သန်းများကို ဖော်ထုတ် ကြံဆနိုင်သူသည် ဆရာ၊ ဆရာမများ သာမက ကျောင်းသား၊ ကျောင်းသူများလည်း ဖြစ်နိုင်သည့်အတွက် ၎င်းတို့မှ သက်ဆိုင်ရာ အထူးပြု ဘာသာရပ်ကို ဗဟိုပြုပြီး လူ့အဖွဲ့အစည်းအတွက် အသုံးဝင်သော စိတ်ကူး စိတ်သန်းနှင့် အတွေ့အကြုံများ ရစေဖို့ ပြုစု ပျိုးထောင်ရမည် ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ ၏ လွတ်လပ်စွာ တွေးတော ကြံဆခြင်း၏ အသီးအပွင့် ဖြစ်သော တီထွင် ဖန်တီးနိုင်စွမ်းနှင့် စိတ်ကူးကောင်း၊ ရလဒ်ကောင်းများအား Term Paper များ၊ Assignment Report များ၊ Project များနှင့် Research များတွင် ခြေရာခံနိုင်ပါသည်။

လွတ်လပ်စွာ တွေးတော ကြံဆခြင်း၏ အခြား တစ်ဖက်တွင် တာဝန်ခံနိုင်မှုကို ကိုယ်စားပြုသည့် အကျင့်သီလ ကောင်းခြင်း အမည်ပေါက် တောင်ပံတစ်ခု ရှိပါသည်။ တက္ကသိုလ် ပညာရှင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အကြားတွင် တရားဝင် ပြဋ္ဌာန်းထားသော စည်းမျဉ်းများ အပြင် ထုတ်ပြန်ထားခြင်း မရှိသော်လည်း ကိုယ်ကျင့်တရားအရ လိုက်နာရမည့် ကျင့်ဝတ်သီလ များစွာ ရှိပါသည်။ အထူးသဖြင့် ဆရာ၊ ဆရာမများသည် ကိုယ်ကျင့်တရားအရ ထူးခြား ကောင်းမွန်ပြီးသားဟု လူ့အဖွဲ့အစည်းက ကြိုတင် သတ်မှတ်ထားပါသည်။ ပမာဆိုရသော် အပြင် စီးပွားရေးသမား တစ်ဦး မိန်းမရှုပ်ခြင်းကို ကိုဖိုးစွံအဖြစ် မြင်နိုင်သော်လည်း ဆရာ တစ်ဦးအား လူ့အဖွဲ့အစည်းက ထိုသို့မမြင် ခြင်းမျိုးပင်။ ထို့ကြောင့် လိုအပ်ပါက ဆရာ၊ ဆရာမများအနေဖြင့် ကိုယ်ကျင့်သီလအား ပိုမိုကောင်း မွန်အောင် ပြုလုပ်ရန်နှင့် ဤအလုပ် ဆက်မလုပ်ရန်သာ ရှိသည်။ သင်ကြား ပို့ချခြင်းနှင့် သုတေသန လုပ်ငန်းများအား ဦးစီး လုပ်ဆောင်ဖို့အတွက် သက်ဆိုင်ရာ ဘာသာရပ်ကို အမှန်တကယ် သက်ဝင် ယုံကြည်ပြီး ဘာသာရပ်ကို အမှန်တကယ် ကျွမ်းကျင်အောင် လုပ်ထားဖို့သည် ဆောင်ရန် သီလ ဖြစ်သည်။ ထို့အတူ အလုပ်ကို အလုပ်နှင့်တူအောင် လုပ်ခြင်း၊ ရာထူးအဆင့်နှင့် ယှဉ်သော တာဝန်များ ကို ထမ်းဆောင်နိုင်မှသာ ကိုယ်ကျင့်သီလဖြင့် ပြည့်စုံမည်။ မည်သည့် တက္ကသိုလ်တွင်မဆို အချိန်ကို လေးစားခြင်း၊ အပိုအလိုမရှိ ပြောတတ်၊ ရေးတတ်ခြင်းနှင့် မိမိအကျိုး သူတစ်ပါး အကျိုးကို မျှမျှတတ ဆောင်ရွက်တတ်ခြင်းသည် ပညာရှင်များ၏ အကျင့်သီလ ဖြစ်ပါသည်။ ဘာသာရပ်၏ အစွမ်းသတ္တိအား မသင့်မလျော် သုံးပြီး လူ့အဖွဲ့အစည်းအား အန္တရာယ် မပေးမိစေဖို့သည် ပညာရှင်များအတွက် ရှောင်သီလပင် ဖြစ်ပါသည်။ တက္ကသိုလ်တွင် အရွယ်ရောက်ပြီးသူများသာ ဘာသာရပ် အခြေပြု သင်ကြား လေ့လာခြင်းများ ပြုလုပ်ကြသဖြင့် ဆရာ၊ ဆရာမများအပြင် ကျောင်းသား၊ ကျောင်းသူများပါ အသိစိတ်ဓာတ်ဖြင့် လိုက်နာရမည့် Code of Conducts သီလစည်းမျဉ်းများ ရှိပါသည်။ ပညာကိုသာ ကိုးကွယ်သော တက္ကသိုလ် အသိုင်းအဝိုင်းတွင် ဆရာ၊ ဆရာမများ သာမက ကျောင်းသား၊ ကျောင်းသူ များလည်း ကိုယ်ကျင့်တရားအရ ထူးခြား ကောင်းမွန်နေဖို့ လိုပါသည်။ ကိုယ်ကျင့်တရား ကောင်းသူ သာလျှင် တာဝန်ခံလိုသည့် အသိတရားရှိသူ ဖြစ်ကြောင်း ဖြစ်တည်မှု အဓိက ဝါဒီများက ထောက်ပြ ထားရာ ဆောင်သီလ၊ ရှောင်သီလများအား မြဲခြင်းသည် တာဝန်ခံနိုင်မှု အဆင့်အတန်း ဆွဲအား ပေါ်လွင်စေပါသည်။ မိမိ၏ လုပ်ဆောင်ခြင်း၊ မလုပ်ဆောင်ခြင်းအားဖြင့် ရလာသော ရလဒ် အသီးသီးကို တာဝန်ခံနိုင်မှ သာလျှင် ဖြစ်တည်မှုအရ အဓိပ္ပာယ် ရှိပေမည်။ အတန်းမှန်ခြင်း၊ သတ်မှတ်ထားသော သင်ခန်းစာများကို အမှန်တကယ် သဘောပေါက်အောင် အားထုတ်ခြင်း၊ အသင်းအဖွဲ့နှင့် အားကစား လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ ဆက်ဆံရေး ပြေပြစ် ရည်မွန်ခြင်း စသည် တို့သည် ဆောင်သီလမြဲသော ကျောင်းသား၊ ကျောင်းသူများ၏ ပုံရိပ်များပင်။ အချိန်၊ ငွေကြေးနှင့် စွမ်းအင်ကို တလွဲ သုံးခြင်း၊ ကိုယ်ကျင့်သိက္ခာမဲ့ ပြုမူ ပြောဆိုခြင်း၊ အုပ်စုဖွဲ့၍ သောင်းကျန်းခြင်း၊ ဘွဲ့ကြိုတန်းများတွင် (Cheat) စာမေးပွဲတွင် ခိုးချခြင်း၊ ဘွဲ့လွန်တန်းများတွင် (Plagiarism) စာ ခိုး သုံးခြင်း ... စသည့် ကိုယ်ကျင့်သိက္ခာနှင့် မဆီလျော်သော အမူအကျင့် ဆိုးများကို ရှောင်မြဲမှသာ တားဆီးနိုင်မည်။ အကျင့်သီလ ကောင်းအောင် လေ့ကျင့်ပြီးမှသာ ဘွဲ့ရ၍ အလုပ်ခွင် ဝင်ရသောအခါ (Professional Ethics) လုပ်ငန်းခွင် ကိုယ်ကျင့်တရားနှင့်အညီ နေထိုင်၊ လုပ်ကိုင် စားသောက်နိုင် သော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာနိုင်သည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်များအား နိုင်ငံတကာ တက္ကသိုလ်များနှင့် တန်းမီအောင် ပြုပြင် ပြောင်းလဲဖို့ တာဝန်ရှိသူများ စိတ်အား ထက်သန်နေချိန်တွင် ဒရောသောပါး နောက်က ပြေးလိုက်ခြင်းထက် ပျံသန်းနိုင်အောင် ကြိုးစားခြင်းက ပို၍ အဓိပ္ပာယ် ရှိနိုင်သည်။ သူများ လုပ်တာတွေ အကုန် နောက်က လိုက်လုပ်ခြင်းထက် သူများ မလုပ်သေးတဲ့ဟာ တစ်ခုလောက် စလုပ်ကြည့်ပြီး အောင်မြင်သွားရင် ပြေးရာ မရောက် ပျံရာ ရောက်နိုင်သည်။ ပွင့်လင်း လွတ်လပ်မှုနှင့် တာဝန်ခံတတ်သည့် စရိုက်ကိုသာ အားပေးကြည့်ပါ။ မြန်မာပြည်ရှိ တက္ကသိုလ်များမှ တွေးတော ကြံဆတတ်သူတွေ၊ သီလကောင်းသူ တွေကို မွေးထုတ်ပေးနိုင်ပါသည်။ တွေးတတ် ကြံတတ်ပြီး ကိုယ်ကျင့်သီလကောင်းသော ဆရာ၊ ဆရာမများ၊ ရုံး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တိုးပွားလာပါက မြန်မာပြည်တက္ကသိုလ် များလည်း နိုင်ငံတကာက သတ်မှတ်ထားသော စံကိုက် အမြင့်မှ ပျံသန်းနိုင်မည် ဖြစ်သောကြောင့် တောင်ပံတစ်စုံ အမြန်ဆုံး တပ်ပေးကြပါ ခင်ဗျား။

(ဒေါက်တာကျော်သူရ)

Credit To The Voice Weekly

Related Articles: