Sunday, August 11, 2013

မြူခိုးတွေဝေတဲ့နယ်စပ်မြို့ဆီသို့



အချိန်မှာ နံနက် ၁၁ နာရီ ၄၀မိနစ်။
အဝေးပြေးလမ်း ကွန်ကရစ်လမ်းမကြီးပေါ် ပူပြင်းသည့်ဒဏ်ကို ခံစားနေရာမှ တောင်ပေါ်တက်ပြီး မကြာခင်အချိန် အတွင်းတွင် ရာသီဥတုသည် ရုတ်တရက် ပြောင်းလဲလာသည်။ တစိမ့်စိမ့်အေးလာသည်။

အဝေးပြေးလမ်းမကြီးပေါ် မိုးစက်များက တဖွဲဖွဲ ကျဆင်းနေပြီး နီရဲနေသော တောင်ကမ်းပါးယံ မြေကြီးပေါ်က ရေစီးကြောင်းများက မျဉ်းကြောင်းများ ရေးခြစ် ထားသည့်နှယ်။ အချို့နေရာများတွင်တော့ မိုးရေမိုးစက် များ၏ ထိုးနှက်မှုကြောင့် မြေသားတချို့က လမ်းမကြီးပေါ် ပြိုဆင်းလျက်။

ထိုနေရာမှာ မြစ်ကြီးနား-ဆဒုံး-ကန်ပိုက်တည် လမ်းမကြီးပေါ်တွင် ဖြစ်သည်။ ကချင်ပြည်နယ်သည် သစ်တော ပြုန်းတီးနေပြီဟု ဆိုသော်ငြားလည်း ယင်း လမ်းမကြီးဘေးရှိ စိမ်းစိုနေသော တောင်တန်းများက အစိမ်းရောင် ပန်းချီကားတစ်ချပ်နှယ် ဖြစ်နေသည်။

ကားကို တစ်နာရီကျော်ခန့် မောင်းနှင်လိုက် သည့်အချိန်တွင် စိမ်းစိုနေသည့် သစ်တောများကြားတွင် လှပသည့် ရေတံခွန်ကြီးမှာ နာမည်ကျော် ဆဒုံး ရေတံခွန်ကြီးပင် ဖြစ်သည်။ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ မဖြစ်ပွားခင်က အပန်းဖြေလာသူများဖြင့် စည်ကားခဲ့သည့် ရေတံခွန်ကြီး ဖြစ်သော်လည်း ယခုတော့ ပြောင်းလဲနေသည်။
ယင်းရေတံခွန်က စီးဆင်းလာသော ချောင်းကို ဖြတ်သန်းသည့် ခုနစ်ရောင်စုံ တံတားသည်လည်း တိုက်ပွဲဖြစ်စဉ်က မိုင်းခွဲဖျက်ဆီးခံရပြီး ယခုအခါတွင် ပြန်လည်ပြင်ဆင်ထားပြီး ဖြစ်သည်။
ဒေသခံတစ်ဦးက "တံတားမိုင်းကွဲပြီးတော့ ခရီးသည်တွေ စက်သီးနဲ့ ကူးရတယ်" ဟု ရေစီးသန်နေသည့် ချောင်းဟိုဘက် ဒီဘက် သွယ်တန်းထားသော သံမဏိ ကြိုးပေါ်တွင် တပ်ထားသည့် ပျဉ်အိမ်ငယ်ကို လက်ညှိုး ထိုးရင်း ပြောပြသည်။

မြစ်ကြီးနား-ဆဒုံး-ကန်ပိုက်တည် လမ်းမကြီးသည် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိက လမ်းမကြီးဖြစ်ပြီး တပ်မတော်နှင့် ကေအိုင်အိုတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၁၁ ဇွန်လတွင် ကုန်သွယ်ရေး ရပ်ဆိုင်းခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် ကုန်သွယ်ရေးလမ်းများ ပြန်ဖွင့်လာပြီ ဖြစ်သည်။
ဆဒုံးရေတံခွန်ကို ကျော်လာလိုက်သည့်အခါ တောင်ပေါ် ကားလမ်းကြီးအောက်တွင် အဆောက် အအုံများ ပြည့်နှက်နေသည့် ဆဒုံးမြို့ကို မြင်တွေ့ရသည်။ ဆဒုံးမြို့အကျော် ကန်ပိုက်တည် မရောက်ခင်တွင် နယ်ခြားစောင့်တပ် တပ်ရင်း (၁၀၃) ရှိနေသည်။
နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်သော ကန်ပိုက်တည်ကို ဝင်မည့်ကားများသည် နယ်ခြားစောင့်တပ်တွင် စာရင်းပေးသွင်းရသည်။

နယ်ခြားစောင့်တပ် ဂိတ်ကို လွန်သော် ကချင် စစ်ဘေးဒုက္ခသည်တို့ နေထိုင်ရန် ဆောက်လုပ်ထားသော အိမ်များ ပြည့်နှက်နေသည့် စင်ကြိုင်ကျေးရွာ၊ လောင်းကစားဝိုင်းသေးများ ရှိနေသော ဝေမိုးကျေးရွာတို့ကို ဖြတ်ကျော်လိုက်ပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံတော် ကချင်ပြည်နယ် ကန်ပိုက်တည်မြို့ နယ်စပ် ကုန်သွယ်ရေးစခန်း ဟူသော ဆိုင်းဘုတ်ကြီးကို မိုးစက် များအောက်တွင် တွေ့ရသည်။

ကန်ပိုက်တည်မြို့သည် ၁၉၆၀ ခုနှစ်ဝန်းကျင် က ဝိုင်းမော်မြို့နယ် ဝေါ့ချုံးကျေးရွာအုပ်စုတွင် ပါဝင်သည့် ကျေးရွာငယ်လေးဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ် နယ်ခြားမှတ်တိုင်အမှတ် (၄) ဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကသ) တို့ လာရောက် အခြေချပြီးနောက် လူနေထိုင်မှု များလာသည်။

ထိုနောက် ဦးဇခုန်တိန့်ယိန်းက ဗကသနှင့် ကေအိုင်အိုမှ ခွဲထွက်ကာ အမျိုးသား ဒီမိုကရေစီ တပ်မတော် (ကချင်) NDA-K အဖြစ် ဖွဲ့စည်းပြီး ၁၉၈၉ တွင် လက်နက်နှင့် ငြိမ်းချမ်းရေးယူပြီးနောက် ကန်ပိုက်တည်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ ၂၀၁၀ မတိုင်မီတွင် NDA-K ကို ဖျက်သိမ်းပြီး အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့သည်။

ယင်းနေရာကို ယခင်က ဒေသခံများ ကံကောင်းခြင်း များနှင့်အတူ ဥစ္စာပစ္စည်းများ တိုးတက်ပိုင်ဆိုင်ကြရန် ရည်ရွယ်၍ ကံပိုင်တည်ဟု ခေါ်ဆိုခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကန်ပိုက်တီး သို့မဟုတ် ကန်ပိုက်တည်ဟု ခေါ်ဆိုလာကြသည်။ စိုစွတ်အေးမြသည့် ရာသီဥတု ဖြစ်ပြီး တစ်ခါတစ်ရံ ရေခဲသည့် ဒေသလည်းဖြစ်သည်။
"အရင်ခေတ်ကတော့ ဘိန်းကုန်ကူးတဲ့နေရာ တွေပေါ့ ။ ခုလည်း ဆဒုံးဘက်မှာ ဘိန်းတွေ စိုက်နေကြ သေးတယ်" ဟုလည်း အသက် ၆၅ အရွယ် ရှေ့မီနောက်မီ လူကြီးတစ်ဦးက ပြောပြသည်။

ယင်းဒေသကို ကန်ပိုက်တည်မြို့နယ် (ခွဲ) အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တရားဝင် သတ်မှတ်ပေးခဲ့သည်။

ကန်ပိုက်တည်မြို့နယ်ခွဲတွင် မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက် ကျေးအုပ်စုသုံးအုပ်စုနှင့် ကျေးရွာ ၃၀ ပါဝင်ပြီး လူဦးရေ ၅၂၇၆ ဦး ရှိကာ ဧရိယာစတုရန်းမိုင် ၂၀၈ ဒဿမ ၅၉ ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ကန်ပိုက်တည်မြို့သည် ၂၀၀၈ ခုနှစ် အစောပိုင်း ကာလများတွင် လောင်းကစားဝိုင်းများဖြင့် စည်ကားခဲ့ သော်လည်း နယ်ခြားစောင့်တပ်အဖြစ် လက်ခံပြီးသည့် နောက်ပိုင်း လောင်းကစားဝိုင်းများ ရပ်နားလိုက်သည်။ လက်ရှိအနေအထား တွင်မူ ယခင်လောင်းကစားဝိုင်းများ ပိတ်ပင်ထားသည့် အဆောက်အအုံများအပြင် လူစည်ကားခဲ့သော ဟိုတယ်ကြီးများလည်း ခြောက်ကပ်လျက်ရှိပြီး ဂေါက်ကွင်းမှာလည်း နွားချေး၊ မြင်းချေးများဖြင့် ပြည့်နှက်နေသည်။

"အရင်ကတော့ ညဆို ပွဲတော်ကြီးအတိုင်းပဲ။ ခုနဲ့ တခြားစီပဲ" ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့ခြောက်ကပ်ရခြင်း မှာလည်း လောင်းကစား ဝိုင်းများ ပိတ်ပင်ခြင်းအပြင် တပ်မတော်နှင့် ကေအိုင်အိုတို့၏ တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းထားသောကြောင့် ဖြစ်သည်။ ယင်းတိုက်ပွဲများကြောင့် ကန်ပိုက်တည်မြို့ အနီးရှိ စင်ကြိုင်ဒုက္ခသည် စခန်းတွင် ဒုက္ခသည် ၉၂၇ ဦးသည် လက်ရှိအချိန်အထိ နေရပ် မပြန်နိုင်သေးပေ။
ထိုဒုက္ခသည်များ နေရပ်ပြန်ချင်နေကြပုံကို ဒုက္ခသည်စခန်း အတွင်းရေးမှူး ဦးဇော်လွန်က "ဒီနေ့ ပြန်လို့ရရင် ပြန်မယ့်သူတွေချည်းပဲ" ဟု ပြောပြသည်။

ထိုဒေသသည် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် တိုက်ပွဲများ ငြိမ်သက်လာမှုကြောင့် ကုန်သွယ်ရေးများ ပြုလုပ်လာသည်ကို တွေ့ရပြီး နယ်မြေငြိမ်းချမ်းပါက ဖွံ့ဖြိုးတိုးတက်သော စီးပွားရေး နယ်စပ်မြို့အဖြစ် မြင်ရနိုင်ဖွယ် ရှိသည်။
သို့သော် ယင်းဒေသတွင် တပ်မတော်၊ နယ်ခြား စောင့်နှင့် ကေအိုင်အေတပ်များ ရှိနေဆဲဖြစ်ပြီး လက်ရှိ အနေအထားအရ အစိုးရနှင့် ကေအိုင်အိုတို့ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။
ထို့အတွက် ကန်ပိုက်တည်မြို့ကို အပေါ်စီးမှ မြင်နိုင်သည့် ပွိုင့်တောင်ကုန်းများတွင် အစိုးရတပ်များ၊ နယ်ခြားစောင့်တပ်များက နေရာယူထားဆဲ ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ချုံးမြို့နှင့် ကချင် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ကို ကုန်သွယ်ရေး တိုက်ရိုက်ချိတ်ဆက်နိုင်ရန် ပေါင်းကူးပေးသော ကန်ပိုက်တည်မြို့ကို ဒေသခံများက ငြိမ်ချမ်းစေချင်ပြီ။

တောင်ကမ်းပါးယံများတွင် ဆောက်လုပ်ထားသော တိုက်တာအဆောက်အအုံ များဖြင့် ကန်ပိုက်တည် မြို့သည် စိမ်းမြသော လက်ဖက်ခင်း၊ ထင်းရှူးစိုက်ခင်း တို့နှင့်အတူ တောင်တန်းများ ဝန်းလျက်ရံလျက် အမြင့် ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံး သုညဒီဂရီ စင်တီဂရိတ်အောက်တွင် စိုစွတ်အေးမြနေဆဲ ဖြစ်သည်။

အချိန်မှာ ညနေ ၄ နာရီ ၃၀ မိနစ်။ မိုးဖွဲများ ကျနေဆဲဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အမြင့် ၆၅၃၄ ပေရှိသော ကန်ပိုက်တည်မြို့ကို မြူခိုးများက တဖြည်းဖြည်း ဖုံးလွှမ်းသွားတော့သည်။

(မင်းထက်စံ)

Credit To The Voice Weekly

Related Articles: