Thursday, August 15, 2013

အရုဏ်ဦးလွတ်လပ်ရေး (၁၀)


(နေသန်မောင်)

သပိတ်လက်နက်

သပိတ်မှောက် ကျောင်းသားများသည် တက္ကသိုလ်အတွင်းရှိ ကျောင်းဆောင် များမှ ကျောင်းသားများကို စုရုံးခေါ်ယူကာ ရရာဘတ်စ်ကားများဖြင့် သပိတ်စခန်းပြုလုပ်မည့် ရွှေတိဂုံ စေတီတော် ကုန်းပေါ်သို့ သွားရောက် ကြသည်။ ရွှေတိဂုံ စေတီတော် မော်လမြိုင်ဇရပ်၌ တက္ကသိုလ် သပိတ်စခန်း ကို ဖွင့်လှစ်သည်။ ကျောင်းသားခေါင်းဆောင် ကိုနုနှင့် ကိုအောင်ဆန်း ကို ကျောင်းမှ ထုတ်ပယ်လိုက်ခြင်းကြောင့် တက္ကသိုလ် အာဏာပိုင်များ၏ လုပ်ရပ်ကို ကျောင်းသားထုက ဒေါသအမျက် ခြောင်းခြောင်းထပြီး သပိတ်ကို အင်တိုက်အားတိုက် ဆင်နွှဲကြတော့သည်။

အခြေအနေမှာ ပိုဆိုးလာသည်။ တစ်နိုင်ငံလုံးက ကျောင်းသား သပိတ်ကို အာရုံစိုက်လာကြသည်။ ရန်ကုန်ရှိ အထက်တန်း ကျောင်းသားများလည်း သပိတ်၌ ပူးပေါင်း ပါဝင်လာသည်။ မြို့မိမြို့ဖများနှင့် ပြည်သူများသည် သပိတ်စခန်းသို့ ငွေများ လှူဒါန်းခြင်း၊ အစားအစာများ ထောက်ပံ့ခြင်း များ ပြုလုပ်၍ အရေးတော်ပုံကို ကူညီကြသည်။ တက္ကသိုလ်ကောင်စီ အရေးပေါ် အစည်းအဝေးကို မတ်လ ၂ ရက်နေ့တွင် ခေါ်ယူကာ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။

တက္ကသိုလ် ကျောင်းသားသပိတ်သည် ဖေဖော်ဝါရီ ၂၅ ရက်မှ မေ ၁ ရက် အထိ ၇၆ ရက်တိုင်တိုင် ကြာမြင့်ခဲ့သည်။ သပိတ်မှောက်ကောင်စီ ဥက္ကဋ္ဌ အဖြစ် ကိုနု၊ ဒုတိယ ဥက္ကဋ္ဌ ကိုရာရှစ်နှင့် အတွင်းရေးမှူး ကိုအောင်ဆန်းတို့ ဦးဆောင်ကာ ဖွဲ့စည်းလိုက်သည်။ ကျောင်းသားသပိတ်ကြောင့် တက္ကသိုလ် လောက၌ ခပ်ကြောင်ကြောင်ဟု သတ်မှတ်ခံထားရသည့် ကိုအောင်ဆန်းမှာ များစွာ ကျော်ကြားလာသည်။ ကျောင်းသားထုသည် ကိုအောင်ဆန်းကို ကျောင်းသားခေါင်းဆောင်အဖြစ် အသိအမှတ် ပြုခဲ့ ကြသည်။ သတင်းစာများကလည်း ကိုနု၊ ကိုအောင်ဆန်းနှင့် သပိတ်ခေါင်းဆောင်များကို အနာဂတ် မြန်မာပြည် လွတ်မြောက်ရေး ဆောင်ရွက်သူများဟု အမွှမ်းတင် ရေးသားကြ သလို တော်လှန်သော ကျောင်းသားသူပုန်အဖြစ် ထောက်ခံရေးသား ကြသည်။

သပိတ်စခန်း၌ ကိုအောင်ဆန်းက မိန့်ခွန်းပြောသည်။ ကိုအောင်ဆန်း၏ စကားပြောဟန်မှာ ယခင်အတိုင်း တိုးတက်မှု မရှိသေး။ ထို့ကြောင့် ကိုအောင်ဆန်းနှင့် ရင်းနှီးသူ ကိုဌေးမြိုင် (စာရေးဆရာ ဒဂုန်တာရာ) က သူရေးသားသော အောင်ဆန်း (သို့) အရိုင်းဆောင်းပါး၌ ရုပ်ကလည်း မဖြောင့်၊ စကားပြောလည်း မပြေပြစ်။ သို့ဖြစ်၍ မကျေနပ်ဟု မှတ်တမ်းတင် ခဲ့သည်။

ထိုမျှ အပူတပြင်း အရေးကြီးသော ကာလအတွင်း ကျောင်းသားသပိတ်နှင့် ပတ်သက်ပြီး ကိုညိုမြကို ကိုအောင်ဆန်းက အေးအေးနေပါဟု စကား တစ်ခွန်းသာ ဆိုသည်။ ၎င်းတို့အချင်းချင်းကြား နက်နဲ ရှုပ်ထွေးလှသော စည်းဝါးရိုက်မှု၊ စက်ပုန်းခုတ်မှုများ မရှိခဲ့ဟု ကိုညိုမြက ဆိုသည်။

၁၉၂၀ တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ပေးရန်၊ ကျောင်းထုတ်ခံ ရသည့် ကျောင်းသားများကို ပြန်လည် လက်ခံရန်၊ ကျောင်းအာဏာပိုင်များ၏ တစ်ချက်လွှတ် ကျောင်းထုတ်မိန့်ကို ဖျက်သိမ်းပေးရန်၊ ကျောင်းလခ များ လျှော့ချပေးရန်၊ တက္ကသိုလ်ကောင်စီ၌ ကျောင်းသား ကိုယ်စားလှယ် တစ်ဦးကို လက်ခံပေးရန် ကျောင်းသားသပိတ်က တောင်းဆိုထားသည်။ သပိတ်ကို တို့ဗမာ အစည်းအရုံးမှ သခင်များ၊ ဥပဒေပြု လွှတ်တော် မှ နိုင်ငံရေးသမားများပင် တက်တက်ကြွကြွ အားပေးကြသည်။ သပိတ်သည် ရက်မှလသို့ ကြာမြင့်လာသည်နှင့် ထောက်ခံမှုများ ပိုမိုရရှိလာကာ ရဟန်း သံဃာများနှင့် လယ်သမားများက အားပေးကြောင်း ပြသလာကြသည်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော နယူးဘားမား (New Burma) သတင်းစာ၌ ကိုအောင်ဆန်း၏အစ်ကို ကိုအောင်သန်းမှာ လက်ထောက် အယ်ဒီတာအဖြစ် ဝင်ရောက် လုပ်ကိုင်နေရာ ကျောင်းသားသပိတ်အကြောင်း ဗြိတိသျှ အာဏာပိုင်များ ထိတ်လန့် တုန်လှုပ်ဖွယ်ဖြစ်အောင် ရေးသားဖော်ပြ သည်။ မြန်မာ့အလင်း သတင်းစာ၏ ည အယ်ဒီတာ ရွှေပိန်သောင်းက သပိတ်ကာလအတွင်း ကိုအောင်ဆန်းသည် သပိတ်ကောင်စီ ကြေညာချက် များကို သတင်းစာတိုက်များသို့ သွားရောက် ပေးပို့မှုကို ပြန်ပြောင်း ပြောဆို ရာတွင် ကျောင်းသားအရေးကို ပိုမို လှုံ့ဆော်ပေးရန် ကိုအောင်ဆန်းက ပြော ဆိုခဲ့သည်ဟု ၁၉၅၆ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပြန်လည်ရေးသား ဖော်ပြခဲ့သည်။

ကျောင်းသားသပိတ် ပေါ်ပေါက်ရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးပြီး ဥပဒေပြုရန် ဖြစ်လာရာ ဥပဒေပြုကောင်စီ၌ အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်လာသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဦးဆက်၊ ဒေါက်တာဘဟန်၊ ဦးဘလွင်၊ ဦးဘသိန်း၊ ဦးသိမ်းမောင်နှင့် ဆန်ဒါးဘဟာဒူးတို့ ခြောက်ဦးပါ အဖွဲ့ဖြင့် ဘုရင်ခံ ဆာဒေါ်မန်စမစ်ခ်ျက ဖွဲ့စည်းပေးလိုက်သည်။ မတ်လအတွင်း ဥပဒေပြုကောင်စီ၌ စကား စစ်ထိုး ငြင်းခုံမှုများ ပြုလုပ်ရာ နန်းရင်းဝန် ဒေါက်တာဘမော်က ပညာရေး ဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ယူထားသူဖြစ်ပြီး သပိတ်မှောက် တောင်းဆိုချက် များကို လိုက်လျောပေးဖို့ ကြိုးစားခဲ့သည်။

ကျောင်းသား သပိတ်၏ သြဇာ တစ်နိုင်ငံလုံးအနှံ့ ကြီးထွား လာနေသောကြောင့် အစိုးရသည် ကျောင်းသားခေါင်းဆောင်များနှင့် အပေးအယူလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သပိတ်ကောင်စီ၏ အဓိက တောင်းဆိုချက် ဖြစ်သည့် တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ပေး ရန် သဘောတူညီလိုက်ပြီး ကျောင်းအုပ်ကြီး ဒီ၊ ဂျေ၊ စလော့စ်ကို တက္ကသိုလ် စည်းမျဉ်းနဲ့အညီ တာဝန်မှ အငြိမ်းစား ပေးလိုက်ကာ မြန်မာစာ ပါမောက္ခ ဦးဖေမောင်တင်ကို ခန့်ထားလိုက်သည်။ ဦးဖေမောင်တင်သည် ဗြိတိသျှ ကိုလိုနီလက်အောက် ပထမဆုံး မြန်မာလူမျိုး တက္ကသိုလ်ပါမောက္ခချုပ် ဖြစ် လာသည်။

သပိတ်မှောက် ကျောင်းသားများ၏ တောင်းဆိုချက်များ လိုက်လျောမှုများ ရှိသဖြင့် ကျောင်းထုတ်ခံရသော ကိုနုနှင့် ကိုအောင်ဆန်းတို့ ကျောင်းပြန် တက်ခွင့် ရရှိခဲ့သည်။ ထို့ကြောင့် ၁၉၃၆ ခုနှစ် မေလ ၁ ရက်နေ့တွင် သပိတ်ကို လှန်လိုက်သည်။ တက္ကသိုလ် အက်ဥပဒေအတွင်း တောင်းဆိုချက် များကို ထည့်သွင်းပေးမည်ဟု အစိုးရက ကတိခံသည်။ သမဂ္ဂဥက္ကဋ္ဌ ကိုနုသည် တစ်ပိုင်းတစ်စ ဖြစ်နေသော ဥပဒေပညာကို ဆက်လက် မသင်ယူတော့ဘဲ ကျောင်းမှထွက်ကာ ဦးဘချို ဦးစီးသော ဒီးဒုတ် ဂျာနယ်တိုက်၌ အလုပ်သင်အဖြစ် ဝင်ရောက် လုပ်ကိုင်သည်။
ကိုအောင်ဆန်းသည် တက္ကသိုလ်သို့ ပြန်ရောက်လာပြီး အိုးဝေ အယ်ဒီတာ အဖြစ်မှ နုတ်ထွက်ကာ ကိုညိုမြကို တာဝန်လွှဲပေးသည်။ ကိုအောင်ဆန်းက သူလုပ်ရန်ရှိသော အလုပ် အချို့ကို လွှဲပြောင်းယူရန် ကိုညိုမြကို ပြောဆိုရာ ကိုညိုမြက ဂျာနယ် အယ်ဒီတာ တာဝန်ယူထားပြီးဖြစ်၍ အခြား အလုပ်များ လက်မခံနိုင်ဟု ပြန်ပြောရာ ကိုအောင်ဆန်းသည် ရှူးရှူးရှားရှားဖြစ်ပြီး ထသတ်ရန် ပြင်သည်။ သမဂ္ဂ အလုပ်အမှုဆောင်များက ဝင်၍ ဖျန်ဖြေသဖြင့် ပြီးသွားသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ကိုညိုမြက ...

“ကိုအောင်ဆန်းကား စိတ်တိုတတ်၏။ အပြောအဆို မလိမ္မာသဖြင့် ဓာတ်သိသော သမဂ္ဂ ရဲဘော်များမှအပ သူ့အဖို့ မိတ်ဆွေများများ မရှိပေ” ဟု ဆိုသည်။ နောက်တစ်နေ့ ညနေ၌ ကိုအောင်ဆန်းသည် ကိုညိုမြထံ သွားရောက် တွေ့ဆုံပြီး သူ့အနေနှင့် စိတ်မကောင်း ဖြစ်နေ၍ ကျူးလွန် မိကြောင်း ဝန်ခံတောင်းပန်သည်။

၁၉၃၆-၃၇ စာသင်နှစ် သမဂ္ဂဥက္ကဋ္ဌမှာ ကိုရာရှစ် ဖြစ်လာပြီး ကိုအောင်ဆန်း မှာ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုရာရှစ် ဥက္ကဋ္ဌ တာဝန် ယူနေစဉ် ကျောင်းသားအချို့က အယုံအကြည်မရှိ အဆို တင်သွင်းရာ တက္ကသိုလ်ဆေးရုံ၌ ဖျားနာ၍ ဆေးရုံတက်နေသော ကိုအောင်ဆန်းက သမဂ္ဂသို့ သွားရောက်ပြီး ကိုရာရှစ်၏ ကောင်းကွက်များကို ပြောဆိုသည်။ အတိုက်အခံ ကျောင်းသားများက ကိုရာရှစ်ကို လူမျိုးရေးအရ ဝေဖန် တိုက်ခိုက်ကြရာ ကိုအောင်ဆန်းက ဒေါသထွက်လာပြီး“ရဲရင် ထွက်ခဲ့” ဟု စိန်ခေါ်လေသည်။ ထိုအခါ ကိုရာရှစ်ကို ဆန့်ကျင်သော ကျောင်းသားများက သူတို့၏ အဆိုကို ပြန်လည် ရုပ်သိမ်းသွားခဲ့သည်။ ထိုအချိန်၌ ကိုအောင်ဆန်း သည် ဒုတိယ ကျောင်းသား သပိတ်ကြောင့် တက္ကသိုလ်အတွင်း ထင်ရှားသော ခေါင်းဆောင် တစ်ဦး ဖြစ်လာနေသည်။ သပိတ်ကာလအတွင်း ရဲရဲတောက် တရားဟောပြီး စည်းရုံးခဲ့သော ကိုအောင်ဆန်း၏ အရည်အချင်း ကို ကျောင်းသား အများစုက အသိအမှတ် ပြုထားသော အချိန်ဖြစ်သည်။

ဒုတိယ ကျောင်းသားသပိတ်ကြောင့် တစ်နိုင်ငံလုံးရှိ ကျောင်းသားများ အကြား စည်းလုံးညီညွတ်မှု တိုးတက်လာသောကြောင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) ကို တည်ထောင်လိုက်ပြီး ကိုအောင်ဆန်းကို (ဗကသ) ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်ကြသည်။ ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ၁၉၃၅ ဗမာနိုင်ငံ အက်ဥပဒေသစ်ကို ပြဋ္ဌာန်းရာ ယင်းဥပဒေကြောင့် ၁၉၂၃ ခုနှစ်မှ စတင်ခဲ့သော ဗြိတိသျှတို့၏ ဒိုင်အာခီ အုပ်ချုပ်ရေးမှာ ပျက်ပြယ်သွားပြီး ၉၁ ဌာန အုပ်ချုပ်ရေးအဖြစ် အသွင်ပြောင်းလဲသွားသည်။ ၉၁ ဌာန အုပ်ချုပ်ရေးတွင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ဒေါက်တာဘမော်သည် နန်းရင်းဝန် ဖြစ်လာသည်။ ဂဠုန်ဦးစောသည် ဥပဒေပြု လွှတ်တော်အမတ် အများစု ပါဝင်သော မျိုးချစ် ပါတီကို ထူထောင်လိုက်သည်။ ဦးစော၏ မျိုးချစ်ပါတီသည် ငွေတိုးချေးစားသူ များ၊ စီးပွားရေး လုပ်ငန်းရှင် အများစု၏ ထောက်ခံမှုကို ရရှိပြီး ဥပဒေပြု လွှတ်တော်တွင် တွင်ကျယ်သည်။ မျိုးချစ် ပါတီသည် အမြို့မြို့ အနယ်နယ် တိုင်း၌ ဂဠုန်တပ်များကို ဖွဲ့စည်းပြီး ဦးစော၏ နိုင်ငံရေး ကျော်စောမှုရရန် အဓိကဆောင်ရွက်သည်။

မျိုးချစ် ပါတီဝင် ဂဠုန် တပ်ဖွဲ့များသည် ဒေါက်တာဘမော် အစိုးရ ပြုတ်ကျ သည့် ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့ နောက်ပိုင်း၌ တို့ဗမာ အစည်းအရုံးဝင် သခင်များနှင့် ထိပ်တိုက်တိုးမှုများ ပေါ်ပေါက်လာသည်။ တို့ဗမာ အစည်းအရုံး ဌာနချုပ်က ဦးစော၏ ဂဠုန်တပ်များနှင့် ဦးစောကို တွေ့သည့် နေရာ၌ သံပုံးတီး တောထုတ်ရန် အမိန့်ထုတ် ထားသည်။ သခင်ပါတီ၏ လုပ်ရပ်ကို တုံ့ပြန်သည့် အနေနှင့် ဦးစောက သံပုံးတီးသူများကို ဝါးရင်းတုတ်ဖြင့် ရိုက်မည်ဟု ကြိမ်းသည်။ ထို့နောက် သံပုံးတီးသူများနှင့် ဝါးရင်းတုတ် ရိုက်သူများအကြား ပဋိပက္ခမှာ ၁၃၀၀ ပြည့် အရေးတော်ပုံ နောက်ပိုင်း ပြင်းထန်လာခဲ့သည်။

ဗမာပြည် အစိုးရသည် ၁၉၃၅ ခုနှစ် ဗမာပြည် အက်ဥပဒေအရ အိန္ဒိယနိုင်ငံမှ ခွဲထွက်ခဲ့ရာ ယင်းအိန္ဒိယ ဗဟိုအစိုးရက ချုပ်ကိုင်ထားသော ဌာနများကို ဗမာအစိုးရက လွှဲပြောင်းရယူခဲ့သော်လည်း ဗမာများအနေနှင့် ထိရောက်သော ဌာနများကို သဘောကျ စီမံခန့်ခွဲခွင့် မရှိခဲ့ပေ။ ဘုရင်ခံသည် နိုင်ငံခြားရေး၊ ငွေကြေးဆိုင်ရာ မူဝါဒနှင့် ငွေစက္ကူ ထုတ်ဝေရေး၊ ရှမ်းပြည်နှင့် တောင်တန်းဒေသ အုပ်ချုပ်ရေးများကို တိုက်ရိုက် ချုပ်ကိုင်ထားပြီး ကျန် ၉၁ ဌာနကိုသာ ဗမာတို့က စီမံရသဖြင့် ၉၁ ဌာန အုပ်ချုပ်ရေးဟု အမည်တွင်သည်။

ကိုနုသည် ဆိုရှယ်လစ် ဝါဒအကြောင်း ရေးသားထားသော လူမွဲတို့၏ ထွက်ရပ်လမ်း စာအုပ်ကို ထုတ်ဝေရန်နှင့် စာပေထုတ်ဝေရေး လုပ်ငန်းကို လုပ်ကိုင်ရန် ၁၉၃၇ ခုနှစ် ဧပြီလ၌ စကော့မားကတ်တွင် နဂါးနီ စာပေတိုက် ကို ထူထောင်လိုက်သည်။

နဂါးနီ စာပေတိုက်သည် ၁၉၃၆ သပိတ်မှောက် ကျောင်းသားများကြား ဆိုရှယ်လစ် အတွေးအခေါ်ဆိုင်ရာ လေ့လာမှုများ ပြင်းထန်နေချိန်တွင် လက်ဝဲ အတွေးအခေါ်ဆိုင်ရာ ထောက်ခံ အားပေးသော စာပေတိုက်ကြီး တစ်ခု ဖြစ်လာသည်။ နိုင်ငံရေးလောကအတွင်း ဆိုရှယ်လစ်နှင့် ကွန်မြူနစ် ဆိုင်ရာ အတွေးအခေါ်စာပေများ ပိုမိုဝင်ရောက်လာသည်။ ကိုအောင်ဆန်း သည်လည်း ဆိုရှယ်လစ် စာပေများကို လေ့လာနေသည်။

တို့ဗမာ အစည်းအရုံးသည် ကျောင်းသား၊ လူငယ်၊ လယ်သမား၊ အလုပ်သမားများကြား ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးမှုများ ပြုလုပ်ပြီး အင်အား တောင့်တင်းလာသည်။ သို့သော် လူငယ် မျိုးဆက် များကို ခေါင်းဆောင်မှုအပိုင်း၌ အစားမထိုးနိုင်ခြင်းကြောင့် ထင်သလောက် မတွင် ကျယ်ဘဲ ဖြစ်နေသည်။

ကိုရာရှစ် ဥက္ကဋ္ဌသက်တမ်း ကုန်ဆုံးသောအခါ ဒုတိယ ဥက္ကဋ္ဌ ကိုအောင်ဆန်း ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ရမည် ဖြစ်သော်လည်း ကိုထွန်းအုံ၊ ကိုလှရွှေ၊ ကိုဗဟိန်း၊ ကိုသိန်းအောင် စသော အလုပ်အမှုဆောင်များက ကိုအောင်ဆန်း၏ လူမှုဆက်ဆံရေး ညံ့ဖျင်းနေခြင်း၊ ထောင့်မကျိုးခြင်း များကြောင့် တစ်နှစ် စောင့်ကြည်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ကိုအောင်ဆန်း သည် သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ ဆုံးမချက်ကို ပြန်မပြောဘဲ လိုက်နာခဲ့သည်။

၁၉၃၇-၃၈ တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ဥက္ကဋ္ဌမှာ ကိုဘဂျမ်း ဖြစ်လာ သည်။ ကိုအောင်ဆန်းသည် ဘီအေ ဝိဇ္ဇာဘွဲ့ ရရှိပြီး ဥပဒေတန်းကို ဆက်လက် သင်ယူသည်။ ကျောင်းစာကို တစ်ဖက်က လုံးပန်းရင် အခြား တစ်ဖက်ကလည်း နိုင်ငံရေး စာပေများ လိုက်စားခြင်း၊ သခင်များနှင့် ပေါင်းသင်းခြင်းများ လုပ်သည်။ နွေရာသီ ကျောင်းပိတ်ရက် ၌ပင် နတ်မောက်သို့ မပြန်တော့ဘဲ ကျောင်း၌သာနေသည်။ ကျောင်း ပိတ်ရက်အတွင်း ကျောင်းဆောင်တွင် နေထိုင်ခွင့် မရှိသဖြင့် သမဂ္ဂ အဆောက်အအုံအတွင်း ကြုံသလိုနေသည်။ သမဂ္ဂ အဆောက်အအုံရှိ ခုံတန်းလျား တစ်ခုတွင် အိပ်၍ ပေပေတေတေနေသည်။

၁၉၃၈-၃၉ စာသင်နှစ်၌ ကိုအောင်ဆန်းသည် တကသ ဥက္ကဋ္ဌ ဖြစ်လာသလို ဗကသ ဥက္ကဋ္ဌ တာဝန်ကိုပါ တွဲဖက် ယူထားရသည်။ ထို့အပြင် တက္ကသိုလ် ကောင်စီရှိ ကျောင်းသား ကိုယ်စားလှယ် အဖြစ်ပါ ခန့်အပ်ခြင်း ခံရသည်။ ကိုအောင်ဆန်းမှာ ဒုတိယကျောင်းသားသပိတ်၏ တောင်းဆိုချက် အရ တက္ကသိုလ်ကောင်စီ၌ ကျောင်းသား ကိုယ်စားလှယ် ထည့်သွင်းခွင့်ရပြီး ပထမဆုံး ကိုယ်စားလှယ် ဖြစ်လာသူ ဖြစ်သည်။ တကသ ဥက္ကဋ္ဌဟောင်း ကိုဘဂျမ်းက ဥက္ကဋ္ဌသစ် ကိုအောင်ဆန်းကို ရာထူး လွှဲပေးသည့် ကျမ်းကျိန် အခမ်းအနားတွင် ကိုအောင်ဆန်းသည် ဥက္ကဋ္ဌအဖြစ် မိန့်ခွန်းပြောသည်။ အင်္ဂလိပ်လို မိန့်ခွန်းပြောသော ထိုအခမ်းအနားသို့ နန်းရင်းဝန် ဒေါက်တာ ဘမော်ကိုလည်း ဖိတ်ကြားထားသည်။ ဒေါက်တာဘမော်သည် စကားပြော ကောင်းသူဖြစ်ပြီး အင်္ဂလိပ် စကားကို အင်္ဂလိပ်များ မျက်ရည်ဝဲ နှလုံးခိုက်သွားသည်အထိ ပြောနိုင်စွမ်း ရှိသူဟု နာမည်ကျော်သူ ဖြစ်သည်။ ကိုအောင်ဆန်းသည် ဒေါက်တာဘမော်၏ အင်္ဂလိပ်စကားပြောပုံ လေယူလေသိမ်းကို အတုယူပြီး ပြောဆိုသူ အဖြစ် ကျောင်းသားလောက၌ ထင်ရှားသည်။

သမဂ္ဂ ဥက္ကဋ္ဌအဖြစ် မိန့်ခွန်းပြောသော အခမ်းအနားသို့ တက်ရောက်ခဲ့သူ စာရေးဆရာ ဒဂုန်တာရာက သူမြင်တွေ့ရသော မြင်ကွင်းကို ဤသို့ ပုံဖော်ခဲ့သည်။

“ကိုအောင်ဆန်းပြောသော ဥက္ကဋ္ဌ မိန့်ခွန်းတွင် လူသားဝါဒ (Humanism) အကြောင်းကို အဓိကထား၍ ပြောဆိုသွားသည်။ ဒေါက်တာဘမော်က ကိုအောင်ဆန်း မိန့်ခွန်းကို ရည်ညွှန်းကာ ကျွန်တော်တို့ရဲ့ လူသားဝါဒရှင် ဥက္ကဋ္ဌကြီး (Our humanism president) ဟု ကိုးကားပြောဆိုသွားသည်။ ထိုညက ဥက္ကဋ္ဌ၏ မိန့်ခွန်းကို ကြိုက်သွားကြသည်။ ပရိသတ်ကလည်း ၁၉၃၆ သပိတ်မှောက်ပြီး နိုးကြားနေသော ကျောင်းသား ပရိသတ်။ ထိုည သူ့ကို စွဲသွားကြပြီ”

(ဆက်လက်ဖော်ပြပါမည်။)

Credit To The Voice Weekly

Related Articles: