အသက်အာမခံ
ကုမ္ပဏီတစ်ခု၌ အလုပ်လုပ်သော ကိုယ်စားလှယ်တစ်ယောက်သည် စက်ပိုင်တစ်ဦးဖြစ်သော
ဦးလေးတစ်ယောက်ထံသို့ အလည်အပတ် သွားရောက်စဉ် ဦးလေး၏ အလုပ်ခန်းအတွင်းတွင်
အတူတကွ ထိုင်လျက် ရှိကြ၏။ ထိုစဉ် အလ်ုသမားတစ်ယောက်၏ သမီးကလေးတစ်ယောက်သည်
အတွင်းသို့ ဖြည်းညင်းစွာ ဝင်လာ၍ စားပွဲအနီးတွင် တိတ်ဆိတ်စွာ ရပ်လျက်ရှိရာ
ဦးလေးသည် သူငယ်မကို မြင်သည်နှင့် “ဟေ့ ဘာလာရှုပ်တာလဲ” ဟု ငေါက်ငမ်း၍
မေးလိုက်၏။ ထိုအခါ မိန်းကလေးသည် စက်ပိုင်၏ မျက်နှာကို စေ့စေ့ကြည့်လျက်
“အမေက ပိုက်ဆံ ငါးမူး ပေးလိုက်ပါတဲ့” ဟုပြော၏။
စက်ပိုင်။ ။ “ဟေ့ လာမရှုပ်နဲ့။ ပြန်သွား။”
သူငယ်မ။ ။ “ဟုတ်ကဲ့ရှင့်” ဟု ပြောသော်လည်း နေရာမှ မရွေ့ဘဲ ရပ်လျက်ပင် နေလေ၏
စက်ပိုင်သည် သူငယ်မကို ဂရုမစိုက်တော့ဘဲ မိမိအလုပ်ကို ဆက်လက် လုပ်ကိုင်လျက်ရှိရာ အတန်ကြာသောအခါမှ ဦးခေါင်းကို ထောင်ကြည့်လိုက်သောအခါတွင် ထိုနေရာ၌ပင် ရပ်လျက် ရှိနေသေးသော မိန်းကလေးကို မြင်လေ၏။
စက်ပိုင်။ ။ (မျက်လုံးပြူးလျက်) “ဟဲ့ .. ကောင်မလေး သွားဆိုတာ မသွားသေးဘူးလား။”
သူငယ်မ။ ။ “အမေက ပိုက်ဆံ ငါးမူး ပေးလိုက်ပါတဲ့”
စက်ပိုင်။ ။ “ဘယ်က ပိုက်ဆံ ငါးမူး ပေးရမှာလဲ။ မပေးဘူး။ သွား … ငါရိုက်လွှတ်ရမလား။”
သူငယ်မ။ ။ “ဟုတ်ကဲ့ရှင့်”
သူငယ်မသည် နေရာမှ မရွေ့ချေ။ ကိုယ်စားလှယ်လည်း ထိုင်လျက် အကဲခတ်နေလေ၏။ အတန်ကြာပြန်သော်..
စက်ပိုင်။ ။ “ဟေ့ ဘယ်နှယ်ကောင်မလေးလဲ။ သွားဆိုတာ မသွားသေးဘူးလား။ ငါပြောတာ မကြားဘူးလား။”
သူငယ်မ။ ။ “ကြားတယ်ရှင့်။”
စက်ပိုင်။ ။ “ကြားရင် ဘာကြောင့် မသွားသေးသလဲ။”
သူငယ်မ။ ။ “ပိုက်ဆံ ငါးမူး မရသေးလို့ရှင့်။”
စက်ပိုင်။ ။ “သယ် … တယ်ခက်တဲ့ ကောင်မလေးပါလား။ ငါ ရိုက်လွှတ်လိုက်ရမလား” ဟုပြောလျက် ထ မည်ပြုသော်လည်း သူငယ်မသည် မလှုပ်ရှားဘဲ ရပ်မြဲရပ်လျက်ရှိနေ၏။
စက်ပိုင်။ ။ “ကောင်မလေး မသွားသေးဘူးလား။”
သူငယ်မ။ ။ ပိုက်ဆံ ငါးမူး မရသေးဘူးရှင့်။
စက်ပိုင်။ ။ “ဒီလောက်ပေတဲ့ ကောင်မလေး။ နင် - သေပေတော့” ဟု ပြောလျက် ထိုင်ရမှ ထပြီးလျှင် လမ်းလျှောက်တုတ်ကောက်ကို ကောက်ယူ၍ သူငယ်မ အနီးသို့ ချဉ်းငပ်လေရာ ကိုယ်စားလှယ်လည်း ငေးလျက် ကြည့်နေ၏။ တူဖြစ်သော ကိုယ်စားလှယ်သည် ဦးလေး စက်ပိုင်၏ ခက်ထန်ကြမ်းကြုတ်သော စိတ်ဓာတ်ကို သိပြီးဖြစ်သည်နှင့် ဘုရား ဘုရား တသလျက် ချက်ချေတော့မည်ဟု ငေးကြည့်နေမိရာ သူငယ်မသည် မျက်စိပြူးမျက်ဆံပြူးနှင့် တုတ်ကို ကိုင်ကိုကိုင်လျက် မိမိထံလာသော စက်ပိုင်ကြီးကို ကြောက်လန့်ဟန်မရှိသည့်ပြင် ရှေ့သို့ပင် ခြေတစ်လှမ်းတိုးလျက် ဦးခေါင်းကို မော့ကြည့်၍ “အမေက ပိုက်ဆံ ငါးမူး ပေးလိုက်ပါတဲ့” ဟု အသံကုန်ဟစ်ကာ အော်ပြောလိုက်လေ၏။
ထိုအခါ စက်ပိုင်ကြီးသည် ရင်ဘတ်ကို လက်သီးနှင့် ထိုးခြင်း ခံလိုက်ရသည့်အလား မြှောက်ထားသော တုတ်ကို ပြန်ချလျက် ရုတ်တရက် ရပ်တန့်ကာ ကြည့်နေလေရာ တူဖြစ်သူ ကိုယ်စားလှယ်သည်လည်း အလွန်အံ့သြစွာနှင့် ကြောင်တောင်ငေးလျက် ကြည့်နေလေ၏။
စက်ပိုင်ကြိးသည် ရိုက်မည်ဟု ရွယ်ထားသော တုတ်ကောက်ကို ချရင်း ခက်ထန်သော မျက်နှာထားသည် တဖြည်းဖြည်း ပျောက်သွား၍ အိတ်ထဲသို့ လက်နှိုက်ပြီးလျှင် ငါးမူးစေ့တစ်စေ့ကို နှိုက်ယူ၍ သူငယ်မအား ပေးလိုက်လေ၏။ သူငယ်မသည် ငါးမူးစေ့ကို လှမ်းယူ၍ စက်ပိုင်ကြီးကို စေ့စေ့ကြည့်လျက်ပင် နောက်ပြန်ဆုတ်သွား၍ တံခါးဝသို့ ရောက်သောအခါမှ လှည့်ကာ ထွက်သွားလေတော့၏။
သူငယ်မ ထွက်သွားပြီးသည့်နောက် စက်ပိုင်ကြီးသည် ပြတင်းပေါက်သို့ သွား၍ အပြင်သို့ ငေးကြည့်ကာ ၁၀ မိနစ်ခန့်တိုင်တိုင် စကားမပြောဘဲ ရပ်လျက် စဉ်းစားစိတ်ကူးနေလေရာ တူဖြစ်သူ ကိုယ်စားလှယ်လည်း ဦးလေး၏ အမူအရာကို အကဲခတ်လျက် ရှိလေ၏။ စက်ပိုင်ကြီးမှာ ခက်ထန်သော အမူအရာ ရှိသူတစ်ယောက်ဖြစ်၍ အလုပ်သမားများသည် အနီးသို့ ချဉ်းကပ်ရန်မဝံ့ကြပါဘဲလျက် အလုပ်သမားတစ်ယောက်၏ သမီး ၁၀နှစ်ရွယ် မိန်းကလေး တစ်ယောက်က မိမိအား စိတ်ကို စိတ်ချင်း နှိမ်နင်းသွားနိုင်ခြင်းကို အံ့သြတွေးတောနေသည်ဟု တူဖြစ်သူက အကဲခတ်မိလေ၏။ တူဖြစ်သူ အသက်အာမခံ ကိုယ်စားလှယ်ကလည်း ဦးလေးနည်းတူ အံ့သြမိပေ၏။
ကူလီတစ်ယောက်၏ သမီးဖြစ်သူ မိန်းကလေးတစ်ယောက်က ခက်ထန်တင်းမာသော စိတ်သဘောရှိသည့် စက်ပိုင်ကြီးတစ်ယောက်လုံးကို အောင်မြင်နိုင်နင်းလိုက်ခြင်းမှာ ဘယ်လိုသော အကြောင့်ကြောင့်ပေနည်း… တင်းမာသော လူကြီးသည် သူငယ်မလေး၏ ရှေ့မှောက်တွင် အဘယ်ကြောင့် ပျော့ပျောင်းသွား၍ သူငယ်မ၏ အလိုသို့ လိုက်ရလေသနည်း။ ထိုသူငယ်မလေး၌ မည်သို့သော တန်ခိုး သတ္တိထူး ရှိလေသနည်း။ အစရှိသော မေးခွန်း ပုစ္ဆာတို့သည်ကား တူဝရီးနှစ်ယောက်စလုံးတို့သည် မိမိကိုယ်ကို မိမိတို့ မေးမြန်းမိကြသော ပုစ္ဆာများ ဖြစ်ကြလေသည်။
နောက်ဆုံး၌ တူဖြစ်သူ အသက်အာမခံကိုယ်စားလှယ်သည် ၎င်းပုစ္ဆာများကို အဖြေတွေ့ရှိခဲ့၏။ အဖြေတွေ့ရှိသော နေ့မှစ၍ ထိုသူသည် အသက်အာမခံ ပေါ်လစီများကို အတွင်ကျယ်ဆုံး ရောင်းချနိုင်သော ကိုယ်စားလှယ်တစ်ဦး အဖြစ်သို့ ရောက်သွားလေရာ ၎င်း၏ လစဉ်ကြေး ကော်မရှင်သည် ဝန်ထောက် ၁၀ ယောက်တို့၏ လခထက် များချေသေး၏။
(ထိုပုစ္ဆာ၏ အဖြေကို သင်ကိုယ်တိုင် တွေးတောရှာဖွေပါလေ။)
ရွှေဥဒေါင်း၏ အကြံဥာဏ်ဖြင့် ကြီးပွားရေး စာအုပ်မှကောက်နုတ်ချက်

Post a Comment