ဖန်စီဒိုင်းကို မြန်မာတွေကသာ ကြိုက်နေကြတာ အိန်္ဒိယနိုင်ငံသားတွေက မသုံးဘူးလေ သူတို့လူမျိုးတွေသာ ဒါကိုကြိုက်ပြီး အခုလို တမ်းတမ်းစွဲသုံးကြည့်ပါလား အတိုက်အခံပါတီတွေက အစိုးရကို လက်ညှိုး ငေါက်ငေါက် ထိုးပြီး ပြဿနာရှာတာနဲ့ လွှတ်တော်ထဲထိ ရောက်သွားမှာ . . .
အခုတစ်လော ကျွန်တော့်တို့ရဲ့မြန်မာနိုင်ငံရဲ့ အနုပညာ celebrity
လောကမှာ ဆေးပြားတွေ၊ မူးယစ်ဆေး ကိစ္စတွေက မပြတ်ဆိုသလို အသံထွက်နေတာ ပရိသတ်
ကြီးလည်းသိမှာပါ။ ဒီတော့ ကျွန်တော် လည်း အိန်္ဒိယနိုင်ငံမှာ သတင်းထောက်
အနေနဲ့ ဖြတ်သန်းခဲ့ရစဉ်ကာလ တွေ့ကြုံခဲ့ ရတဲ့ ဒုက္ခသည်တွေနဲ့ မူးယစ်ဆေး
ကိစ္စတွေကို ဖောက်သည်ပြန်ချ ပါရစေခင်ဗျာ။
အိန်္ဒိယနိုင်ငံ နယူးဒေလီမြို့ဆိုတာ
မြန်မာပြည်က ဒုက္ခသည် ၁၀၀၀၀ ကျော် နေထိုင်ကျင်လည်နေတဲ့ နေရာပါ။ ကုလသမဂ္ဂ
ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ထောက်ပံ့မှုဆိုတာ မဆိုသ
လောက်လေး ရတာဆိုတော့ နေ့စဉ်ဘ၀ စားဝတ်နေရေးအတွက် တကယ့်ကို ပြဿနာ အကြီးကြီး။
ဒီတော့ ကြုံရာကျပန်းလုပ် ရင်း မောပန်းတဲ့ဘ၀ကို အနားပေးဖို့ဆိုတာ အကူအညီ
လိုလာတယ်လေ။
ဒါတွေမပြောခင် မြန်မာဒုက္ခသည်တွေ လုပ်ကိုင်ရတဲ့ အလုပ်တွေကိုတော့ နည်းနည်းလောက် ရှင်းပြပါရစေဦး။ … မိမိရဲ့
တစ်ကိုယ်ရေဘ၀ သို့တည်း မဟုတ် မိသားစုဘ၀ စားဝတ်နေရေးအတွက် ဒေသခံ
အိန်္ဒိယနိုင်ငံသားတွေ ဆီမှာ အလုပ်လုပ် တဲ့နေရာမှာ ဆေးရုံတွေမှာ အကူအလုပ်၊
စားသောက်ဆိုင်တွေမှာ စားပွဲထိုး တာ၊ ညပိုင်းမှာ လုပ်လေ့လုပ်ထ ရှိတဲ့
အိန်္ဒိယ နိုင်ငံသားတွေရဲ့ မင်္ဂလာဆောင်တွေမှာ အချိန်ပိုင်းစားပွဲထိုးတာ၊
အိမ်အကူ လုပ်တာတွေပါ။ နောက်ပြီး ကိုယ့်ရဲ့ ဒုက္ခသည်ပတ်ဝန်းကျင်မှာ
ဈေးရောင်းတာတွေ၊ လုံခြုံရေး အစောင့် စတဲ့လုပ်ငန်းတွေပါ။ ဒီအလုပ်တွေ
ဆိုတာကလည်း ဒုက္ခသည်ဆိုတဲ့ ခေါင်းစဉ် တပ်ခံထားရတဲ့ မြန်မာနိုင်ငံသား
တွေအတွက် အလုပ်ချင်း တူရင်တောင် သူတို့ ဒေသခံတွေထက် လစာပိုနည်း၊
အခွင့်အရေးပိုနည်း၊ အနှိပ်ခံ၊ ဆူဆဲခံပြီး လုပ်ရတာပါ။
ဒီလိုပတ်ဝန်းကျင်မှာ ကျင်လည်ရတဲ့
မြန်မာဒုက္ခသည်တွေ အတွက် ထွက်ပေါက်က ဘာလဲ။ မိမိတို့ လူမျိုး အလိုက်၊
ကိုးကွယ်တဲ့ ဘာသာအလိုက် ပြုလုပ်တဲ့ လူမျိုးရေးပွဲတွေ၊ ဘာသာရေးပွဲတွေ၊
နောက်ပြီး ဒုက္ခ သည်တွေ လိုက်ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေ သာ သူတို့ရဲ့
စိတ်ထွက်ပေါက်၊ ပျော်ရွှင်စရာ အချိန်ကာလအဖြစ်နဲ့ ဖြတ်သန်းနေ ကြရတာပါ။
အဲဒီအချိန်ကလွဲလို့ သူတို့ရဲ့ ပျော်ရွှင်ရာဟာ ဈေးနှုန်းချိုသာတဲ့ မူးယစ်
ဆေးတွေ ဘက်ကို လှည့်လာ ပါတော့တယ်။
မြန်မာအများစု နေထိုင်တဲ့ ဘိုတဲလား အရပ်က
လမ်းဘေးတွေ အတိုင်းမှာ မပြတ် ဆိုသလို မြင်နေရလေ့ ရှိတာက ကျားလို့ပဲ ခေါ်ခါ်၊
ငါးလို့ပဲ ခေါ်ခေါ် ဒုက္ခသည်တွေက အမည်တပ်လေ့ရှိတဲ့ ဖန်စီဒိုင်းပုလင်း တွေပါ။
လမ်းဘေး တစ်လျှောက် မြောင်းပိတ်တဲ့ အဖုံးတွေက အပေါက်တွေမှာ ဖန်စီဒိုင်း
ပုလင်းလေးတွေကို အသွင် သဏ္ဌာန် အမျိုးမျိုးနဲ့ ပုံဖော်ထားဟာ ဖန်စီ ဒိုင်းရဲ့
တန်ခိုး၊ ဖန်စီဒိုင်းရဲ့ အနုပညာ၊ ဖန်စီဒိုင်း သားကောင်ရဲ့ စိတ်ထွက်ပေါက်
တွေများလားလို့တောင် မေးရတော့မလို ဖြစ်နေတော့တယ်။ မူးယစ်ရဲ့သားကောင် တွေရဲ့
အနုပညာမြောက် ခေါ်ဝေါ်မှုတွေကလည်း ဖန်စီဒိုင်းကို ကျားစီးတယ် ပြောလိုက်၊
ငါးစီးတယ် ပြောလိုက်နဲ့ အမျိုးမျိုးတွင်ကျယ် ခဲ့တယ်လေ။
သူတို့တွေ ဘာကြောင့် ဖန်စီဒိုင်းကို
တခုတ်တရ၊ တမက်တမောသုံးစွဲကြတာလဲ။ လွယ်လွယ်ကူကူ ၀ယ်နိုင်တာ၊ ဈေးပေါတာက
အဓိကလို့ပဲ သတင်းထောက်ပီပီ ပြတ်ပြတ်သားသားမြင်ရင်း ပြောရတော့မယ်။
အိန်္ဒိယမှာ နေမကောင်းလို့ ဈေးဝယ်မယ်၊
လိုအပ်လို့ ဆရာဝန်က အိပ်ဆေးပါတဲ့ ဆေးမျိုးဝယ်ရမယ်ဆိုရင် ဆရာဝန်ရဲ့
ဆေးစာပါမှ ၀ယ်လို့ရတာပါ။ ဒါမှမဟုတ်ရင် ဈေးဆိုင်တွေက မရောင်းပါဘူး။ တအားကို
ရင်းနှီးတဲ့ ဆေးဆိုင်တွေ ဘာတွေမှသာ အိပ်ရေးပျက်လွန်း အားကြီးလို့ အိပ်ဆေး
ဝယ်တာမျိုးကို ရောင်းပေးတာပါ။ နောက် မို့ဆို ဝေလာဝေးပါ။ ဒါပေမဲ့လည်း
ဖန်စီဒိုင်းကိုတော့ လွတ်လွတ်လပ်လပ်ကို ရောင်း ခွင့်ပေး ထားပြန်ကော။
ဘာကြောင့် ရောင်းခွင့်ပေးတယ် ဆိုတာတော့ သူတို့ ကျန်းမာ ရေးဝန်ကြီးဌာနရဲ့
မူဝါဒကို မသိတော့ မပြောနိုင်ဘူးပေါ့ဗျာ။
အလားတူ ဖန်စီဒိုင်းလိုပဲ လမ်းဘေးမှာတောင်
ဝယ်လို့ရတဲ့ မူးယစ်ဆေး တစ်မျိုးက ဆေးခြောက်ပါ။ အိမ်တိုင်း လိုလိုမှာ
ဆေးခြောက်ပင် လေးတွေက အစီအရီနဲ့ဆိုတော့ မြန်မာပြည်သား ကျွန်တော့်အတွက်တော့
ထူးခြားမြင်ကွင်း တွေလို့ပဲ ပြောရမယ်။ ဒီအကြောင်းကိုတော့
နောက်တစ်ပတ်ပေါ့ဗျာ။ ကျားစီး၊ ငါးစီးလို့ခေါ်တဲ့ ဖန်စီဒိုင်းဘက်
ပြန်လှည့်ရအောင်။
ဖန်စီဒိုင်း တစ်ပုလင်းဆိုရင် အိန်္ဒိယ
နိုင်ငံသုံး ရူပီးငွေ ၇၀ (မြန်မာငွေနဲ့ဆိုရင် တစ်ရူပီး ၁၆ ကျပ်
ငွေလဲနှုန်းအရ ၁၁၀၀ ကျပ် ကျော်ကျော်) ရှိပါတယ်။ ဒါတောင် သူက ပုလင်းအသေး၊
ပုလင်းအလတ်ဆိုပြီး နှစ်မျိုးထုတ် သေးရဲ့။ အခုဈေးနှုန်းက ပုလင်းအကြီး
တစ်လုံးအတွက် ဈေးနှုန်းပါ။ ဒီတော့ လွယ်လွယ်ကူကူနဲ့ ဖန်စီဒိုင်းကို
သုံးနိုင်တာပေါ့။ အိန်္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဘီယာ တစ်ပုလင်းကို ၆၅
ရူပီးဆိုတော့ ဈေးကလည်း သိပ်မကွာဘူးလေ။ ဒါပေမဲ့ ဘီယာဝယ်သောက်မယ်ဆိုရင်
ကိုယ့်အိမ်မှာပဲ ကိုယ်သောက်ကြတဲ့ ဓလေ့ရှိတော့ ဖန်စီဒိုင်းက
မြန်မာဒုက္ခသည်တွေ အတွက် ပိုအဆင်ပြေနေပြန်ကော။ ကျွန်တော်သိတဲ့
အိန်္ဒိယနိုင်ငံသား တစ်ဦးရဲ့ ဆေးဆိုင်ဆို မြန်မာတွေ ဘယ်လောက်တောင်
ဝယ်လည်းသိ၊ တစ်ခါရောင်းရင် ငါးပုလင်းပဲ ရောင်းမယ် ဆိုပြီးတော့တောင်
နောက်ရတဲ့ အဆင့်ထိကို ရောက်ကုန်လောက်အောင် ၀ယ်အားက များနေတာ။
အိန်္ဒိယနိုင်ငံက မြန်မာဒုက္ခသည်တွေ
တင်အားပေးတာ မဟုတ်ဘူးနော်။ ထိုင်းနိုင်ငံလိုဟာမျိုးက မြန်မာ ပရိသတ်တွေလည်း
ရှိသေးတယ်။ အထူးသဖြင့် ဟိုဘက် ကူးလိုက်၊ ဒီဘက်ကူးလိုက်နဲ့ လုပ်နေကြတဲ့
မြန်မာ NGO တွေက လူတွေပါ။ အကြောင်းကြောင်းကြောင့် အလုပ်ကိစ္စနဲ့ သွားရလာရတာ
မျိုးရှိရင် ဖန်စီဒိုင်းကို တကူး တက မှာယူကြတာလေ။ ဖန်စီဒိုင်းကို
ကိုကာကိုလာ ပုလင်းထဲ ရောထည့်ပြီး အချိုရည်ပုံစံနဲ့ ယူရတာ။ ဈေးကလည်းပေါ၊
လူကလည်း လက်တွေ့ဒုက္ခတွေက ကင်းပြီး သီးခြားကမ္ဘာထဲမှာ ပျော်မွေ့နိုင်တာဆို
တော့ ၀ယ်အား တက်နေတာကလည်း မထူးဆန်းပေဘူးလား။
ဖန်စီဒိုင်းကို အခုလိုမျိုး လွတ်လွတ်
လပ်လပ် ရောင်းဝယ်နေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား အိန်္ဒိယလူမျိုး
တစ်ယောက်ကို အစိုးရက ဘာကြောင့်များ လွှတ်ပေးထားတာလဲလို့ မေးခဲ့ဖူးတယ်။
သူပြော တာကလည်း အဆန်းပါ။ ဖန်စီဒိုင်းကို မြန်မာတွေကသာ ကြိုက်နေကြတာ။
အိန်္ဒိယ နိုင်ငံသားတွေက မသုံးဘူးလေ။ သူတို့ လူမျိုးတွေသာ ဒါကိုကြိုက်ပြီး
အခုလိုတမ်း တမ်းစွဲသုံးကြည့်ပါလား။ အတိုက်အခံပါတီတွေက အစိုးရကို လက်ညှိုး
ငေါက်ငေါက် ထိုးပြီး ပြဿနာရှာတာနဲ့ လွှတ်တော်ထဲထိ ရောက်သွားမှာတဲ့။
သြော် . . . သူတို့အစိုးရက ဒီလို ပါလားဆိုပြီး ပါးစပ်အဟောင်းသားလေး နဲ့သာ ကျန်ခဲ့ပါတော့တယ်။
Credit To The Myanmar Herald
Post a Comment