Monday, December 16, 2013

ကျားသေကို အသက်သွင်းကြမလို့လား Written by သိန်းထက်အောင်

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ပထမပတ်က ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က နိုင်ငံတော် လုံခြုံရေးအတွက် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကဲ့သို့သော အဖွဲ့အစည်းတစ်ခု အမြန်ဆုံး ဖွဲ့စည်းပေးရန်အတွက် အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကတိပြုထားကြောင်း သိရှိရပါသည်။
အလားတူ နိုဝင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကရဝိက် နန်းတော်တွင် ပြုလုပ်သော မြတ်ခိုင် ရေးသားသည့် ‘ဦးခင်ညွန့်နှင့် အင်တာဗျူး’ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ယခင်အစိုးရ လက်ထက်က တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး/အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း/ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကလည်း နိုင်ငံတော် လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုကို ပြန်လည် ဖွဲ့စည်းသင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကျွန်တော်တို့ ငယ်စဉ်က MI (Military intelligence Service) ဟု လူသိများသော စစ်ထောက်လှမ်းရေးများ ရှိပါသည်။ ပါလီမန် ဒီမိုကရေစီ အစိုးရခေတ်တွင် ဝန်ကြီးချုပ် ဦးနုက စ-သုံးလုံးဟု အများသိကြသည့် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (Bureau of Special Investigation) နှင့် ယခုအခါ SB (Special Branch) ဟု ခေါ်ကြသည့် အထူးသတင်းတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ စ-သုံးလုံးအဖွဲ့မှာ စီးပွားရေးဆိုင်ရာ မသမာမှုများ၊ အလွဲသုံးစားမှု များကို စုံစမ်းဖော်ထုတ် အရေးယူသော အဖွဲ့ဖြစ်ပြီး SB (သတင်းတပ်ဖွဲ့) မှာ နိုင်ငံရေး သတင်းများကို စုဆောင်း တင်ပြ၍ လိုအပ်ပါက နိုင်ငံရေး ပုဒ်မများဖြင့် အရေးယူ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

၁၉၆၂ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်း MI ခေါ်  စစ်ထောက်လှမ်းရေး၏ အခန်းကဏ္ဍမှာ  ပိုမိုအရေးပါ အရာရောက် လာခဲ့ပါသည်။ ပထမပိုင်းတွင် ဗိုလ်မှူးကြီး မောင်လွင် (နှုတ်ခမ်းမွေး) က တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ပြီး နောက်ပိုင်းတွင် ဗိုလ်မှူးချုပ် တင်ဦး (မျက်မှန်ကြီး) က ဆက်လက် တာဝန်ယူ ဆောင်ရွက်ပါသည်။ မဆလ ပါတီခေတ်တွင် ပြည်သူ့လွှတ်တော်က အမျိုးသား  ထောက်လှမ်းရေးအဖွဲ့ ဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ကျွန်တော် မှတ်မိသလောက် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် အခြားဝန်ကြီး တစ်ဦးတို့က အတွင်းရေးမှူးအဖြစ် အလှည့်ကျ ဆောင်ရွက်ရပါသည်။

လုပ်ငန်းတာဝန် (Operation) တစ်ခု ဆောင်ရွက်ရန် ရှိသည့်အခါ တပ်မတော် ထောက်လှမ်းရေး (MI)၊ စသုံးလုံး(BSI)၊ ပြည်သူ့ရဲ အထူးသတင်း တပ်ဖွဲ့(SB)၊ မှုခင်းတပ်ဖွဲ့ (CID) စသည့် အဖွဲ့အစည်းများကို ပူးပေါင်းပါဝင် ဖွဲ့စည်း၍ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIB) အမည်ဖြင့် တာဝန် ထမ်းဆောင်ပါသည်။ ၎င်းအဖွဲ့ကို တပ်မတော် ထောက်လှမ်းရေးကပင် ဦးဆောင်ပါသည်။ နောက်ပိုင်းတွင် တပ်ထောက်လှမ်းရေး တစ်ဦးတည်းကပင် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ အမည်ခံ၍ ဆောင်ရွက်ခြင်းများ ရှိပါသည်။ ပြည်သူများ၏ အမြင်တွင် တပ်မတော် ထောက်လှမ်းရေးနှင့် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကို ခွဲ၍မမြင်ပါ။ ခွဲ၍ မမြင်ခြင်းမှာလည်း လုပ်ငန်း ဆောင်ရွက်ရာတွင် ရောထွေး၍ ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပါသည်။ နောက်ပိုင်းတွင် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ အမည်ခံ စစ်ထောက်လှမ်းရေး၏ တန်ခိုး အရှိန်အဝါမှာ အတိုင်းအဆမရှိ ကြီးထွား လာခဲ့ပါသည်။

ထိုအချိန်က ဗိုလ်မှူးချုပ် တင်ဦးမှာ အမျိုးသား ထောက်လှမ်းရေး တာဝန်အပြင် နိုင်ငံတော်သမ္မတ၏ စစ်ဘက် လက်ထောက် အဖြစ်ပါ ဆောင်ရွက်ရသည် ဖြစ်၍ ၎င်းအနေနှင့်လည်း ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ အရှိန်ဖြင့် ဝန်ကြီးချုပ်ထက်ပင် အရှိန်အဝါ ကြီးမားသူ ဖြစ်လာပါသည်။ ညွှန်ကြားရေးမှူးချုပ် အဆင့်များသာမက နောက်ပိုင်းတွင် ဝန်ကြီးများအား ပြောင်းရွှေ့နေရာ ချထားရေးအထိ ၎င်း၏ စိတ်ကြိုက် ဆောင်ရွက် လာနိုင်ခဲ့ပါသည်။ နောက်ဆုံးတွင် ဥက္ကဋ္ဌကြီး၏ ရာဇပလ္လင်ပါ လှုပ်လာသည့်အတွက် ပျားဂေဟာ စီမံကိန်းနှင့် မြခက်ရှိန်ခြံ ကိစ္စကို အကြောင်းပြု၍ ရာထူးမှ ဖယ်ရှား ခံခဲ့ရပါသည်။ ဗိုလ်မှူးချုပ် တင်ဦးနှင့်အတူ တပ်မတော် ထောက်လှမ်းရေးကိုလည်း မြေလှန်၍ ပြုပြင် ပြောင်းလဲမှုများ အကြီးအကျယ် ပြောင်းလဲခဲ့ပါသည်။

၁၉၈၈ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး တာဝန်နှင့်အတူ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ တာဝန်ကိုပါ ပူးတွဲ တာဝန် ထမ်းဆောင်ရင်း  မြန်မာ့နိုင်ငံရေး လောကနှင့် နိုင်ငံတကာတွင်ပါ လျှမ်းလျှမ်းတောက် ကျော်ကြားလာသူကား တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီး ဘဝမှသည် ဗိုလ်မှူးကြီး၊  ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးအထိ အဆင့်ဆင့် တာဝန် ထမ်းဆောင်ခဲ့ပြီး တစ်ဖက်တွင် နဝတ/နအဖ အတွင်းရေးမှူး အဖြစ်မှသည် နိုင်ငံတော် ဝန်ကြီးချုပ် တာဝန်အထိ တာဝန် ထမ်းဆောင်ခဲ့သူ ဦးခင်ညွန့်ပင် ဖြစ်ပါသည်။

ဦးခင်ညွန့်ကို ပြည်တွင်းပြည်ပ ရှုမြင် သုံးသပ်သူများက မြန်မာနိုင်ငံတွင် တတိယလူ၊ ဒုတိယလူ အဖြစ်မှသည် ပထမလူ အထိပင် ရှုမြင် သုံးသပ်ကြသည်ကို တွေ့ရှိရပါသည်။ ဦးခင်ညွန့် တန်ခိုး ထွားလာခြင်းနှင့်အတူ ၎င်း၏ ထောက်လှမ်းရေး အဖွဲ့မှာလည်း များစွာ သြဇာတိက္ကမ ကြီးထွားလာပြီး ထိပ်ပိုင်း ရာထူးများဖြစ်သည့် တိုင်းမှူးများ၊ ဝန်ကြီးများမှသည် အောက်ခြေ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများအထိ ထောက်လှမ်းရေးဆိုလျှင် စိုးရိမ် ထိတ်လန့် ကြောက်ရွံ့ကြပါသည်။ မည်သူက ပေးအပ်ထားမှန်း မသိသည့် ‘လူတစ်ယောက်ကို အချိန်မရွေး ခေါ်ယူ စစ်ဆေး မေးမြန်းနိုင်သည့် အခွင့် အာဏာ၊ မည်သည့် ဖမ်းဝရမ်းမှ မလိုဘဲ လူတစ်ယောက်ကို အချုပ်သို့မဟုတ်  အကျဉ်းထောင်ထဲတွင် ဖမ်းဆီး ထိန်းသိမ်း ထားနိုင်သည့် အခွင့်အာဏာနှင့် သက်သေမလိုဘဲ မည်သည့် နေရာဌာနကိုမဆို ဝင်ရောက် ရှာဖွေ စစ်ဆေးနိုင်သည့် အခွင့်အာဏာ’ စသည်တို့မှာ ထောက်လှမ်းရေးကို ပြည်သူတို့ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့ရန်အတွက် လုံလောက်သော အချက်များ ဖြစ်ပါသည်။

ယခင်အစိုးရ လက်ထက်က တိုင်း/ပြည်နယ် မြို့ကြီးများတွင် ထောက်လှမ်းရေးတပ်များ ထားရှိကြပြီး ဖွဲ့စည်းပုံအလိုက် ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်အဆင့်များ ထားရှိကြကာ အရပ်သားများက တပ်မှူးဟူ၍သာ ခေါ်ဆိုကြပါသည်။ သို့သော် ၎င်းအဆင့်များကို တိုင်းမှူး (တဝတ/ပဝတ ဥက္ကဋ္ဌ) များက အထူးအလေးပေး ဆက်ဆံကြပါသည်။ တိုင်းစစ်ဌာနချုပ်ရှိ G-1,G-2  စသော စစ်ဦးစီး အရာရှိများက တိုင်းမှူးဆိုလျှင် အာလာပသလ္လာပ ပြောဖို့ဝေးစွ စကားပင်ရဲရဲ မပြောရဲကြ၊ မေးမှပြော၊ ခေါ်မှ သွားကြသော်လည်း ထလရ တပ်မှူးများကမူ တိုင်းမှူးနှင့် ရယ်ကာမောကာ ပြောရဲဆိုရဲ ရှိကြသည်။ ထမင်းတစ်ဝိုင်းတည်း အတူစားရဲကြသည်။ ထိုသို့ ဖြစ်ရသည်မှာ တိုင်းမှူးများ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ထောက်လှမ်းရေး ညွှန်မှူးထံ တိုက်ရိုက် အစီရင်ခံ တင်ပြခွင့်ရှိ၍ဟု ဆိုကြသည်။

အောက်ခြေမြို့နယ် အဆင့်များတွင် ထောက်လှမ်းရေး တပ်ကြပ်ကြီးများ ထားရှိကာ တပ်ဆွယ်မှူးဟူ၍ ခေါ်ဆိုကြပြီး နယ်မြေခံ တပ်ရင်းမှူးများက အလေးထား ဆက်ဆံကြရပါသည်။ မြို့ခံများကလည်း တပ်ရင်းမှူးထက် ၎င်းကို ပို၍အလေးထား ပို၍ ဂရုစိုက်ကြပါသည်။ သူတို့အပြောအရ “တပ်ရင်းမှူးက ကိုယ့်ကို ဒုက္ခမပေးဘူး၊ သူ (တပ်ကြပ်ကြီး) က အချိန်မရွေး ဒုက္ခပေးနိုင်တယ်” ဟု ဆိုပါသည်။ ကျွန်တော် ရခိုင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်စဉ် မြို့အဝင် ဂိတ်အနီးရှိ တောင်ကုန်းငယ်ပေါ်၌ တပ်ကြပ်ကြီး တစ်ဦးနေပါသည်။ မြို့အဝင်အထွက် များတွင် ဂိတ်များ မထားရ၊ တရားမဝင် ငွေကြေး ကောက်ခံခြင်း မပြုရဟူ၍ အထက် အဆင့်ဆင့်က ညွှန်ကြားထားသော်လည်း မြို့တွင်းသို့ ဝင်သမျှ ကားများသည် ၎င်းပုဂ္ဂိုလ်၏ အိမ် (ရုံး) သို့ဝင်၍ ဦးတိုက်ရပါသည်။ ဘာတွေပြော၍ ဘာတွေလုပ်မှန်း မသိရသော်လည်း မြို့လူထု၏ ပြောစကားအရ အဆိုပါ တပ်ကြပ်ကြီးသည် သိန်းထောင်ချီ ချမ်းသာကြောင်း ကြားသိရပြီး နောက်ပိုင်း ထောက်လှမ်းရေးတွေ အရေးယူတော့ ထောင်ကျသွား ကြောင်း ကြားသိရပါသည်။

အရေးအခင်း ကာလနောက်ပိုင်းတွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ဌာနဆိုင်ရာ ရုံးများသို့ တံခါးမရှိ ဓားမရှိ ဝင်ထွက် သွားလာကြပြီး ရုံးစာများကို မွှေနှောက် ရှာဖွေကြပါသည်။ အထူးသဖြင့် အုပ်ချုပ်ရေး ရုံးများသို့ ဝင်ရောက်လာသော စာများမှ ပြည်သူအချင်းချင်း တိုင်သည့်စာ၊ ဌာနဆိုင်ရာ များကို တိုင်သည့်စာ၊ စီးပွားရေး သမားများကို တိုင်သည့်စာများမှ တိုင်ကြားသူနှင့် တိုင်ကြား ခံရသူများ၏ လိပ်စာများကို ကူးယူကာ နှစ်ဖက်စလုံးကို သွားရောက် တွေ့ဆုံကြပါသည်။ ဘာတွေပြော၍ ဘာအပေးအယူတွေ လုပ်ကြကြောင်း မသိရှိကြသော်လည်း တိုင်ကြားသူ ကျွေးသည်ကိုလည်းစား၊ တိုင်ကြားခံရသူ ကျွေးသည်ကိုလည်း စားတာကိုတော့ မြင်တွေ့ရပါသည်။

ကျွန်တော် အင်းစိန်မြို့နယ်တွင် တာဝန် ထမ်းဆောင်ခဲ့သည့် ၁၉၉၆ - ၉၈ ကာလ အတွေ့အကြုံများမှ တစ်ခုကို ပြောပြချင်ပါသည်။ ရန်ကုန်စက်မှု တက္ကသိုလ် (YIT) မှ ကျောင်းသား တစ်ဦးသည် ငွေကြေး အခက်အခဲ ရှိ၍ ကြို့ကုန်း အနောက်ရပ်ကွက်ရှိ အမျိုးသမီး တစ်ဦးထံမှ (ရွှေဆွဲကြိုး အပေါင်ခံ၍) ငွေချေးပါသည်။ ထို့နောက် ငွေကြေး အဆင်ပြေ၍ ငွေကို ပြန်ပေးပြီး ရွှေကို ပြန်လည် ရွေးယူသည့်အခါ ဆွဲကြိုးကို ပြန်လည် မပေးချင်သည့်အတွက် ဗြောင်ငြင်းဆန်ရာ ကျောင်းသားလေးက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ကို အကူအညီ တောင်းပါသည်။ ရယကအဖွဲ့က ကြားဝင်၍ ညှိနှိုင်း ဆောင်ရွက် ပေးသော်လည်း အဆိုပါ အမျိုးသမီးက ထောက်လှမ်းရေး တပ်ကြပ်ကြီးကို ချဉ်းကပ်သည့်အတွက် တပ်ကြပ်ကြီးက ရယကကို ခေါ်၍ ရစ်ပါသည်။ “ခင်ဗျားတို့က မမှန်တဲ့ဘက်က ဝင်ပြီး ကူညီပေးတယ်၊ နောက်ပြီးတော့ ဒီကျောင်းသားက နိုင်ငံရေး မကင်းသူ ဖြစ်တဲ့အတွက် ကျုပ်တို့က စောင့်ကြည့်နေရတာ ဖြစ်တယ်၊ ဒါကြောင့် ဒီကိစ္စမှာ ခင်ဗျားတို့ နောက်ဆုတ်ပေးပါ” ဟု ဝင်ရောက် ပြောဆိုသည် ရယကအဖွဲ့ အကျပ်ရိုက်ပါသည်။ နောက်ဆုံးတွင် သက်ဆိုင်ရာ ထလရ တပ်မှူး သိရှိစေရန် နည်းလမ်းရှာဖွေ အသိပေး တင်ပြသည့် အခါမှသာ ကျောင်းသားလေးခမျာ အပေါင်ပစ္စည်းကို ပြန်လည် ရရှိပါတော့သည်။

ဤသည်မှာ အောက်ခြေ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ၏ မမှန်မကန် ဆောင်ရွက်မှုများ အနက်မှ တစ်ခုတလေကိုသာ တင်ပြခြင်း ဖြစ်ပါသည်။ အမှန်တကယ်တော့ ထိုသို့သော ဘက်လိုက် ဆောင်ရွက်ခြင်းမျိုး များစွာရှိပါသည်။ ပြည်သူတွေမှာ စားသတိ၊ သွားသတိ၊ ပြောသတိနှင့် အစဉ်အမြဲ အကြောက်တရားဖြင့်သာ နေရပါသည်။ အထူးသဖြင့် အစိုးရနှင့် စစ်တပ်အပေါ် မည်သို့မျှ ဝေဖန်ပြောဆိုမှု မပြုရဲပါ။ လက်ဖက်ရည်ဆိုင်တွင် စကားကျယ်ကျယ် မပြောရဲပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ပါတီနှင့် ပတ်သက်သော ဓာတ်ပုံ၊ စာရွက်စာတမ်းများကို မည်သူမျှ လက်ဝယ် မထားရဲပါ။ ကျွန်တော် မင်္ဂလာတောင်ညွန့် မြို့နယ်တွင် တာဝန် ထမ်းဆောင်စဉ်က စာပုံနှိပ်စက် တစ်ခုကို ထောက်လှမ်းရေးက ဝင်ရောက် ရှာဖွေရာ ဗိုလ်ချုပ်ကတော် (ဒေါ်အောင်ဆန်းစုကြည်၏ မိခင်) ဒေါ်ခင်ကြည် ကွယ်လွန်စဉ်က ဖိတ်ကြားသည့် အသုဘရှု ဖိတ်စာ တစ်စောင်တည်းကို တွေ့ရာ ပုံနှိပ်/ထုတ်ဝေ ဥပဒေဖြင့် အရေးယူခြင်း ခံရပြီး ထောင်ကျ သွားပါသည်။

တစ်ချိန်က မြန်မာနိုင်ငံတွင် မော်တော်ယာဉ် တင်သွင်းခွင့်များ ကန့်သတ်ထားပါသည်။ ဗိုလ်ချုပ်များနှင့် ၎င်းတို့ နှင့်ရင်းနှီးသူ ခရိုနီများသာ ဝယ်ယူ တင်သွင်းခွင့် (ပါမစ်) ရရှိပြီး ၎င်းတို့သာလျှင် တင်သွင်းခွင့် ရှိပါသည်။ တရားဝင် ကညန လိုင်စဉ် နံပါတ် မရှိလျှင် ဥပဒေအရ အများပြည်သူသုံး လမ်းများပေါ်တွင် မည်သည့် စက်တပ် မော်တော်ယာဉ်မျှ မောင်းနှင်ခွင့် မရှိပါ။ သို့သော် အမှန်တကယ်တွင်မူ လမ်းများပေါ်တွင် တံဆိပ်အမျိုးမျိုး၊ နံပါတ် အမျိုးမျိုးနှင့် မောင်းနှင် သွားလာနေကြသည်ကို ပြည်သူများ မြင်တွေ့ ကြရပါသည်။ ဤသည်တို့မှာ ထောက်လှမ်းရေးက ထုတ်ပေးထားသော နံပါတ် များနှင့် ၎င်းတို့ အသိအမှတ် ပြုထားသော တံဆိပ်များသာ ဖြစ်ကြပါသည်။ ၎င်းနံပါတ်များမှာ ကညနက ထုတ်ပေးသော နံပါတ်များထက် ပို၍ ခိုင်မာပါသည်၊ သြဇာအရှိန်အဝါ ရှိပါသည်။ အဘယ့်ကြောင့် ဆိုသော် ၎င်းနံပါတ်ပြားများ တပ်ဆင်ထားသော မော်တော်ကားများကို မည်သည့် ယာဉ်ထိန်းရဲကမျှ မဖမ်းရဲ၍ ဖြစ်ပါသည်။ ဖမ်းရဲရင် ဖမ်းကြည့်စမ်း၊ နယ်ပြောင်းရင်ပြောင်း၊ မပြောင်းလျှင် ပြုတ်မည်သာကြံ။

ထောက်လှမ်းရေး တပ်ဖွဲ့သည် တစ်စတစ်စ သြဇာအရှိန်အဝါ အဆမတန် ကြီးထွားလာရာမှ မိမိအရှိန်ကို မိမိမထိန်းသိမ်းနိုင်သော အခြေအနေသို့ ရောက်ရှိလာပါသည်။ နောက်ဆုံးတွင် ဘရိတ် ပေါက်သည်ဟုပဲ ပြောရမလား မသိပါ၊ လားရှိုးတွင် ဒု-တိုင်းမှူး၏ ကားကို ထောက်လှမ်းရေးက ဖမ်းသည်ဟု သိရပါသည်။ ကိုယ့်အရှိန်ကိုယ် မထိန်းနိုင်သော၊ ကိုယ့်လူကိုယ် မထိန်းနိုင်သော ထောက်လှမ်းရေး တပ်ဖွဲ့ကြီး၏ ပြိုကွဲမှုအစပင် ဖြစ်ပါသည်။ ထို့နောက် နိုင်ငံတော် (ကကကြည်း) မှဆက်တိုက် အရေးယူမှုများ ဆက်လက် ဆောင်ရွက်ခဲ့ပြီး ဆယ်စုနှစ်များစွာ ဥပဒေ၏ အထက်မှ နေခဲ့ပြီး ပြည်သူတို့၏ နှစ်လုံးသားဝယ် အကြောက်တရားတို့ကို ထာဝရ ကိန်းအောင်းစေခဲ့သည့် တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ကြီး ငုတ်လျှိုး ပျောက်ကွယ်ခဲ့ကာ အမျိုးသား ထောက်လှမ်ရေး အဖွဲ့သည်လည်း ပြည်သူ့ မြင်ကွင်းမှ ပျောက်ကွယ်ခဲ့ပါတော့သည်။

နိုင်ငံတစ်နိုင်ငံ၏ တည်တံ့ ခိုင်မြဲရေးသည် ယင်းနိုင်ငံ၏ စစ်ရေးအင်အားအပေါ် များစွာ မူတည်သော်လည်း စစ်ရေးတွင် အသာစီး ရယူနိုင်မှုနှင့် လက်ဦးမှု ရယူခြင်းသည်လည်း အရေးပါ အရာရောက်သည်ဖြစ်ရာ ထောက်လှမ်းရေး တပ်ဖွဲ့နှင့် ထောက်လှမ်းရေး နည်းပညာများကို ယနေ့အထိ နိုင်ငံတိုင်းက အသိအမှတ်ပြု အလေးထားနေရဆဲပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ သည်လည်း စစ်ရေးအရ အရေးပါသော ပထဝီ အနေအထားတွင် ရှိသည်ဖြစ်ရာ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးသည် အထူးအရေးပါသော အခြေအနေတွင် ရှိပါသည်။ ထို့ကြောင့်လည်း စစ်ရေးအမြင် ရှိပြီး အမြော်အမြင် ကြီးမားသော မြန်မာ့ စစ်ခေါင်းဆောင်များသည် ဖျက်သိမ်းလိုက်သော တပ်မတော် ထောက်လှမ်းရေးအဖွဲ့ နေရာတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) ကို စောစီးစွာပင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါသည်။ စစ်ခေါင်းဆောင်များ၏ ပို၍အမြော်အမြင် ကြီးမားသည့် အချက်မှာ စရဖ အဖွဲ့ကို အရပ်ဘက်ဆိုင်ရာ ဝင်ရောက် စွက်ဖက် ပါဝင်စေခြင်း အလျဉ်းမရှိစေဘဲ စစ်ရေးသက်သက် ကိစ္စများကိုသာ တာဝန်ပေး စေခိုင်းနေခြင်း ဖြစ်ပါသည်။

အရပ်ဘက်/နယ်ဘက်ဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍မူ ပြစ်မှုများ မဖြစ်ပွားရေးအတွက် ကြိုတင် ကာကွယ်မှုပြုရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဖြစ်ပွားသော မှုခင်းများကို စုံစမ်း၊ ထောက်လှမ်း၊ ရှာဖွေ၊ ဖမ်းဆီး၊ ဖော်ထုတ်ရန်အတွက် ရဲတပ်ဖွဲ့နှင့်အတူ မှုခင်းတပ်ဖွဲ့၊ စီးပွားရေး မသမာမှုများကို စုံစမ်းစစ်ဆေး ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စ-သုံးလုံး) နှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စများအတွက် အထူးသတင်းတပ်ဖွဲ့ (SB) စသည်တို့ ရှိနေပြီဖြစ်ရာ မြန်မာနိုင်ငံ၏ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ မရှိဟု ထင်မြင်ယူဆပါသည်။ အရေးကြီးသည်မှာ ဝန်ထမ်းအင်အား လုံလောက်မှု၊ ပေးအပ်သော တာဝန်ကို ကျေပွန်မှု၊ ရိုးသား ဖြောင့်မတ်မှု၊ ပြည်သူကို အလေးထား လေးစား၍ အနိုင်မကျင့်ရန်နှင့် ခေတ်မီနည်းပညာ အထောက်အကူပြု ပစ္စည်းများကို ကျွမ်းကျင် နိုင်နင်းစွာ အသုံးပြုနိုင်မှု စသည်တို့ပင် ဖြစ်ပါသည်။

အချုပ်ဆိုရသော် မြန်မာပြည် လုံခြုံရေးအတွက် အဘက်ဘက်က ပြည့်စုံ၍ လုံခြုံစိတ်ချရသော အနေအထားတွင် ပြည်သူ (နိုင်ငံရေးသမား၊ ကျောင်းသား၊ ဝန်ထမ်း၊ အလုပ်သမား၊ ဆင်းရဲသား) ကို မျက်ရည်ပေါက်ကြီးငယ် ကျစေခဲ့သော ထောက်လှမ်းရေး အဖွဲ့ကြီးကို ပြန်လည် ဖွဲ့စည်းရန် ကြိုးပမ်း အားထုတ်နေခြင်းကို ‘ကျားသေကို အသက်သွင်းကြဦးမှာလား’ ဟုသာ မေးလိုက်ချင်ပါတော့သည်။
Credit To The Voice Weekly

Related Articles:

Post a Comment