Monday, July 1, 2013

Check and Balance နှင့်တူသော Check and Balance

Photo: Check and Balance နှင့်တူသော Check and Balance

မှူးဇော်

ဂျော့ဘုရှ်လက်ထက် အဖြစ်အပျက်

၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီအချိန်။ အမေရိကန် သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်က အီးမေးလ် တစ်စောင် ပေးပို့ခဲ့သည်။ ယင်း အီးမေးလ်မှာ ယင်းမတိုင်မီအချိန်လေးမှာပင် လက်မှတ်ရေး ထိုးလိုက်သော ဥပဒေကြမ်းအပေါ် ထားရှိသည့် အမေရိကန်သမ္မတ၏ သဘောထားကို အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် တရားရုံးများက သိရှိနားလည် သဘောပေါက်စေရန် ရေးသားထားခြင်းဖြစ်သည်။

ယင်းဥပဒေကြမ်းမှာ သမားရိုးကျ ဥပဒေပြုရေး ကိစ္စတစ်ရပ်တော့ မဟုတ် ခဲ့ပေ။ ဆီနိတ်တာ ဂျွန်မက်ကိန်း တင်သွင်းခဲ့သည့် အကျဉ်းသားများ အပေါ် ပြုကျင့်ရမည့် အက်ဥပဒေပင် ဖြစ်သည်။ မက်ကိန်းသည် သမ္မတ ဘုရှ်၏ အကြမ်းဖက် နှိမ်နင်းရေး စစ်ပွဲ ခေါင်းစဉ်အောက်၌ ထိန်းသိမ်း ထားရှိသော အကျဉ်းသားများအား စစ်ဆေးသည့် နည်းလမ်းများကို ဆန့်ကျင် ကန့်ကွက်ကာ ဤဥပဒေ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဆီနိတ်တာ မက်ကိန်း ထိုဥပဒေကို ပြဋ္ဌာန်းတော့မည်ဆိုသည့် သတင်းများ ထွက်ပေါ်လာကတည်းက သမ္မတဘုရှ်သည် အပြင်းအထန်ပင် ကန့်ကွက် ခဲ့ပြီး အမေရိကန်ပြည်ထောင်စု ဘေးကင်း လုံခြုံရေးကို ဆောင်ကြဉ်းရာ၌ အကန့်အသတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ က အပ်နှင်းထားသော သမ္မတ၏ အုပ်ချုပ်ရေး အာဏာကို ယုတ်လျော့စေကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအား ဆီးနိတ် (အထက်လွှတ်တော်) တွင် ထောက်ခံမဲ  ၉၀၊ ကန့်ကွက်မဲ ကိုးမဲဖြင့် လည်းကောင်း၊ ဟောက်စ် (အောက်လွှတ်တော်) တွင် ထောက်ခံမဲ ၃၀၈ မဲ၊ ကန့်ကွက်မဲ ၁၂၂ မဲဖြင့် လည်းကောင်း အတည်ပြု ခဲ့သည်။ သမ္မတဘုရှ်နှင့် ဆီနိတ်တာ မက်ကိန်းတို့ နှစ်ဦး တွေ့ဆုံခဲ့ရာ၌ ဥပဒေကြမ်းအား သမ္မတဘုရှ်က ဗီတိုအာဏာဖြင့် ပယ်ချမည်မဟုတ်၊ လက်မှတ်ရေးထိုးကာ ထုတ်ပြန်ပေးမည်ဟူ၍ လူသိထင်ရှား ပြောကြား ခဲ့သည်။

Check and Balance ဆိုတာ ဘယ်လိုမျိုးလဲ

ဤနေရာတွင် အလျဉ်းသင့်၍ အမေရိကန် သမ္မတများနှင့် ကွန်ဂရက်တို့ ဥပဒေပြုရေးဆိုင်ရာ ဆက်ဆံမှုမှာ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက်များနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ အမေရိကန်နိုင်ငံ၏ အခြေခံ ဥပဒေတွင် သမ္မတအား ဥပဒေပြုရေး၌ ဗီတိုနှင့် အိတ်ဆောင် ဗီတိုများ အပ်နှင်းထားသော်လည်း မြန်မာနိုင်ငံတွင် အပ်နှင်းထားခြင်း မရှိကြောင်း တွေ့ရှိနိုင်သည်။ အိတ်ဆောင် ဗီတိုအာဏာမှာ သမ္မတဖြစ်သူ အနေနှင့် အဆိုပါဥပဒေ တင်ပြလာလျှင် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ကြိုတင်၍ အသိပေး အကြောင်းကြားခြင်းမျိုး ဖြစ်သည်။ ထိုအခါတွင် ဥပဒေပြုသူများ အနေဖြင့် ဗီတိုနှင့် ပယ်ချခံရမည့် သတိပေးချက် ကို လက်ခံရရှိချိန်တွင် ဥပဒေကြမ်း အောင်မြင်မှုမရှိနိုင်သည့် အလားအလာ ကို တွက်ဆနိုင်စေရန် ဖြစ်သည်။ ဗီတိုအာဏာမှာ ကွန်ဂရက်က ပေးပို့ လာသော ဥပဒေကြမ်း တစ်ရပ်ကို သမ္မတက ဥပဒေအဖြစ် ပြဋ္ဌာန်းရန် သဘောမတူ၍ လက်မှတ် မရေးထိုးနိုင်ဟု ပြန်ကြားခြင်းဖြစ်သည်။ ယင်းသို့ ပြန်ကြားခြင်းသည် သမ္မတက ဥပဒေပြုရေးတွင် ဗီတိုအာဏာ အသုံးပြုခြင်း ဖြစ်သည်။ ကွန်ဂရက်၏ ဥပဒေပြုရေး ကိစ္စရပ်တွင် အုပ်ချုပ်ရေး အကြီးအကဲကို ဗီတို အာဏာ ပေးအပ်ထားခြင်းသည် ကမ္ဘာပေါ်တွင် စံပြု ရသည့် အမေရိကန် ဒီမိုကရေစီ၊ အမေရိကန် Check and Balance ၏ အဓိကအချက် ဖြစ်သည်။

ဥပမာ- ကွန်ဂရက်မှ သဘောတူ အတည်ပြု၍ ပေးပို့လာသော ဥပဒေကြမ်း တစ်ရပ်ရပ်ကို အခြေခံ ဥပဒေနှင့် မညီဟု သမ္မတက ယူဆလျှင်သော် လည်းကောင်း၊ ပြဋ္ဌာန်းရန်မသင့်ဟု သမ္မတက ဆုံးဖြတ်လျှင်သော် လည်းကောင်း အထက်ပါ ဗီတိုအာဏာဖြင့် ပယ်ချနိုင်သည်။ ထိုသို့ သမ္မတ က ဗီတိုအာဏာ သုံးကာ ပယ်ချလိုက်သော ဥပဒေကြမ်းကို ကွန်ဂရက် အနေနှင့် ဥပဒေအဖြစ် ထုတ်ပြန်လိုလျှင် သို့မဟုတ် ဥပဒေပြုရေးတွင် အခြေခံဥပဒေက အပ်နှင်းထားသော သမ္မတ၏ ဗီတိုအာဏာကို လွှမ်းမိုး ကျော်လွန်လိုလျှင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ် ရပ်စလုံး ပါဝင်သော ကွန်ဂရက်၌ မဲပြန်ခွဲ၍ ထောက်ခံသူ အရေအတွက် အနည်းဆုံး  ၇၅ ရာခိုင်နှုန်းကျော်ရရှိမှသာ ဥပဒေအဖြစ် ထုတ်ပြန်နိုင်မည်ဖြစ် သည်။ သမ္မတကို ဗီတိုအာဏာ အပ်နှင်းထားသော်လည်း ယင်းဗီတိုကို ကွန်ဂရက်က ကျော်လွန်နိုင်သော  အခွင့်အာဏာ ပြန်လည် ထည့်သွင်းထား သည်ကို တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံ၏ အခြေခံဥပဒေနှင့်  နှိုင်းယှဉ်ကြည့် လျှင် အပြန်အလှန် ထိန်းကျောင်းမှုစနစ် အမှန်တကယ် ပါဝင်မှု ရှိ မရှိ တွေ့ ရှိနိုင်မည် ဖြစ်သည်။

တစ်ဖန် အမေရိကန် ကွန်ဂရက်တွင် မဲခွဲ ဆုံးဖြတ်ရာ၌ လွှတ်တော်အမတ် များကို မတ်တတ်ရပ်စေခြင်းဖြင့် မဲခွဲသော နည်းလမ်းကို ကျင့်သုံးလေ့ မရှိသဖြင့် လွှတ်တော်အမတ်များ အချင်းချင်း အပြန်အလှန် ရိုသေလေးစား မှုကို တွေ့ရှိနိုင်သည်။ အထက်၊ အောက် လွှတ်တော် နှစ်ရပ်စလုံးတွင် လူနည်းစု ခေါင်းဆောင်များ၊ လူများစု ခေါင်းဆောင်များရှိသလို သက်ဆိုင် ရာ ကော်မတီ၊ ဆပ်ကော်မတီများ ရှိသည်။အထက်၊ အောက် လွှတ်တော် ဥက္ကဋ္ဌများမှာ သြဇာရှိသည့်တိုင်အောင် ပါတီ မူဝါဒများက အဓိက လွှမ်းမိုး ထားကြောင်း တွေ့ရှိရသည်။ အမေရိက၏ Check and Balance မှာ သမ္မတ နစ်ဆင်ကို ဝါးတားဂိတ်နှင့် ရင်ဆိုင်စေခဲ့သော Check and Balanc ဖြစ်သလို ကွန်ဂရက်မှ ဥပဒေကြမ်းများကို တရားရုံးချုပ်နှင့် ပြန်လည် ထိန်းကျောင်း ထားသော၊ သမ္မတ၏ အိတ်ဆောင် ဗီတိုအာဏာ၊ ဗီတိုအာဏာတို့ဖြင့် ပြန် လည် ထိန်းကျောင်းထားသော Check and Balance နှင့် တူသော Check and Balance ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။

Signing Statement

ပြန်ကောက်ရလျှင် သမ္မတဘုရှ်သည် မက်ကိန်းတင်သည့် ဥပဒေကြမ်းကို လက်မှတ် ရေးထိုးပေးမည်ဟု သဘောတူခဲ့သော်လည်း လက်မှတ်ရေး ထိုးချိန်တွင် Signing Statement ဟု ခေါ်တွင်နိုင်သော အထက်ပါ အီးမေးလ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်း Signing Statement တွင် ဖော်ပြထားသည်များမှာ အထက်ပါ လက်မှတ်ရေးထိုးလိုက်သော ဥပဒေနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေး အကြီးအကဲ၊ စစ်သေနာပတိချုပ်ဖြစ်သော သမ္မတကို ဖွဲ့စည်းပုံ အခြေခံဥပဒေက အပ်နှင်းထားသည့် အခွင့်အာဏာ များ၊ တရားစီရင်ရေး မဏ္ဍိုင်အား သီးသန့်တည်ရှိစေရန် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များ စသည်တို့ကို အလေးအမြတ်ပြုရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ၏ လုပ်ပိုင်ခွင့်များအရ ကွန်ဂရက်အနေနှင့် ဝင်ရောက် စွက်ဖက်နိုင်ခြင်းမရှိကြောင်း စသည်အားဖြင့် ဖော်ပြပါရှိသည်။

အကောင်အထည်ဖော်ရမည့် ဗျူရိုကရေစီ ယန္တရားနှင့် တရားရုံးများကို သမ္မတဘုရှ် ပြောကြားလိုသည့် စကားမှာ ဤဥပဒေကို သမ္မတ လက်မှတ်ရေးထိုးလိုက်သည်။ သို့သော်လည်း ဤဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် စပ်လျဉ်း၍ ဤသို့ သဘောထား ရှိသည်။ လုပ်ငန်းများ ဆောင်ရွက် သည့်အခါ ဤသည်တို့ကို သိရှိ နားလည်ပြီး ဆောင်ရွက်ကြပါဟူသော သဘောမျိုးဖြစ်သည်။ ဆိုလိုရင်းမှာ ကာကွယ်ရေးနှင့် ထောက်လှမ်းရေး ဆိုင်ရာ ယန္တရားများအနေနှင့် အကျဉ်းသားများအား ထားရှိထိန်းသိမ်းရာတွင် သမ္မတ ညွှန်ကြားထားသည့် လုပ်ထုံးလုပ်နည်းများအရသာ ဆောင်ရွက်ရန် ဝိနည်းလွတ် အသိပေး ကြေညာလိုက်ခြင်း ဖြစ်သည်။ ဤသည်ကို Signing Statement ဟု ခေါ်တွင်ပြီး သမ္မတအနေနှင့် ကွန်ဂရက်နှင့် ဆက်ဆံရေး မပျက်ပြားလို၍လည်းကောင်း၊ ဗီတိုအာဏာ သုံးသည်အထိ မဆောင်ရွက် လို၍ လည်းကောင်း အသုံးပြုလေ့ရှိသည်။ ထိုသို့ Signing Statement ပါ ဥပဒေများကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အဖွဲ့များက မလိုက်နာခြင်းကြောင့် အပြစ်ဆို၍ မရပေ။ ထိုဥပဒေထက် အခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက်များက ပိုမို၍ အလေးအမြတ်ပြုရမည့် သဘောမျိုး ညွှန်းဆို ထားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်အနေနှင့် ခေတ်သစ် အမေရိကန် သမ္မတများ အနက် လူကြိုက် မများလှသော သမ္မတများထဲတွင် ပါဝင်ပြီး သမ္မတ၏ လုပ်ပိုင်ခွင့်၊ သမ္မတ၏ အာဏာကို အလွန်အကျွံ သုံးစွဲသည်ဟူ၍ ဝေဖန်ခံ ရသူ တစ်ဦး ဖြစ်သည်။ ဥပမာဆိုရလျှင် အမေရိကန်ပြည်ထောင်စုအနေနှင့် စစ်ပွဲ ဆင်နွှဲခြင်းကို ကွန်ဂရက်၏ အတည်ပြုချက် ရယူရမည်ဟူ၍ အခြေခံ ဥပဒေက ပြဋ္ဌာန်းထားသော်လည်း သမ္မတ၏ အမိန့်ဖြင့် အီရတ်နှင့် အာဖဂန် စစ်ပွဲများ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ အမေရိကန် သမိုင်းကြောင်းတွင် စစ် ဆင်နွှဲ ခဲ့သည့် သမ္မတများတွင် ကွန်ဂရက်၏ အတည်ပြုချက် ရယူခဲ့သူ တစ်ဦးမှ မရှိခဲ့ပေ။ ထိုသို့ သဘောတူညီချက် မရယူခဲ့သော်လည်း အခြေခံဥပဒေက အပ်နှင်းထားသော သမ္မတ၏ လုပ်ပိုင်ခွင့်များမှာ ကျယ်ပြန့်လှကြောင်း တွေ့ ရှိရသည်။ အခြေခံ အကြောင်းရင်းမှာ လက်တွေ့အကောင်အထည် 
ဖော်ရသည့် ဗျူရိုကရေစီ ယန္တရားကြီး တစ်ခုလုံးမှာ သမ္မတ၏ အုပ်ချုပ်ရေး အာဏာအောက်တွင်ရှိပြီး ကွန်ဂရက်အောက်တွင် မရှိခြင်း၊ အခြေခံဥပဒေကို ဖွင့်ဆိုရာ၌ပင် အမျိုးမျိုးဖြစ်နေရာ ကွန်ဂရက်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများ မှာ အုပ်ချုပ်ရေးက လိုက်နာ ဆောင်ရွက်မှသာ အသက်ဝင်မည်ဖြစ်ခြင်း စသည်တို့ ဖြစ်နေသည်ကို တွေ့ရှိရသည်။ Signing Statement ကဲ့သို့ ပါဝင် လာသော ဥပဒေမျိုးမှာ အကောင်အထည်ဖော်ခြင်းမရှိသော တည်ဆဲဥပဒေ များ အမေရိကန်ပြည်ထောင်စုတွင် အများအပြား ရှိနေကြောင်းလည်း တွေ့ရှိ ရသည်။ ထိုသို့ Signing Statement ထုတ်ပြန်ခြင်းသည်လည်း သမ္မတ၏ ဥပဒေပြုရေးဆိုင်ရာ အိတ်ဆောင် ဗီတိုအာဏာ တစ်ရပ်ပင် ဖြစ်သည်။ အလားတူ Judicial Review ကို ဆောင်ရွက်ခွင့် ရှိသည်မှာလည်း တရား ရုံးချုပ်သာဖြစ်ပြီး ဥပဒေပြု အမတ်များအနေဖြင့် မည်သို့ တရားစီရင်ပါဟူ၍ စွက်ဖက်ခွင့် မရှိပါ။ သို့သော် ဂျော့ခ်ျဘုရှ် ပြောကြားလိုက်သည့် Message မှာ ဒီဥပဒေကြမ်းကို လက်မှတ်ထိုးလိုက်ပေမယ့် သမ္မတရဲ့သဘောထားကတော့ ဒီလိုဟူ၍ ဖြစ်သည်။

ပြည်သူက ရွေးချယ်သော သမ္မတစနစ်

အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူက ရွေးချယ်သည့်၊ ပြည်သူ့ အတွက် ပြည်သူ့ အစိုးရဟူသောစကားမှာ သမ္မတကို ညွှန်းဆိုကြောင်း လက်ခံထားကြသည်။ အမေရိကန်သမ္မတကို တစ်နိုင်ငံလုံးရှိ ပြည်သူများ က ရွေးချယ် တင်မြှောက်ပေးခြင်းဖြစ်သော်လည်း ဆီနိတ်တာများ၊ ကွန်ဂရက်စ်မင်းများမှာ သတ်မှတ် မဲဆန္ဒ နယ်မြေများရှိ ပြည်သူ အချို့က သာ ရွေးချယ် တင်မြှောက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် မည်သူများ က ရွေးချယ်ထားသနည်း ဟူသောအချက်မှာ အမေရိကန် သမ္မတများ၏ အားသာချက်ဖြစ်သလို အုပ်ချုပ်ရေးတွင် သမ္မတ တစ်ဦးတည်းကိုသာ လုပ်ပိုင်ခွင့် စုပြုံ အပ်နှင်းထားသော်လည်း လွှတ်တော် အမတ်များမှာ အများဖြင့် ညှိနှိုင်း တိုင်ပင်ရခြင်း ဖြစ်သည်။

မက်ကိန်းနှင့် အပြိုင် အကြိတ်အနယ် ယှဉ်ပြိုင်ပြီး အပြတ်အသတ် အနိုင် ရရှိခဲ့သော သမ္မတ အိုဘားမားသည် အိမ်ဖြူတော်သို့ ရောက်ရှိပြီး သုံးရက် အကြာတွင် ကွန်ဂရက် ခေါင်းဆောင်များကို ဖိတ်ကြားခဲ့သည်။

ထိုစဉ်က အမေရိကန်ပြည်ထောင်စု တစ်ခုလုံးအတွက် အရေးကြီးဆုံး ထိပ်တန်း ဦးစားပေးမှာ သမ္မတဘုရှ် လက်ထက်တွင် ကြုံတွေ့ခဲ့ရသော ဘဏ္ဍာရေး အကျပ်အတည်းမှ အမြန်ဆုံး ရုန်းထွက် လွတ်မြောက်ရေး ပင် ဖြစ်သည်။ အိုဘားမားနှင့် ကွန်ဂရက် ခေါင်းဆောင်များမှာ အမေရိကန် စီးပွားရေး လှုံ့ဆော်ရေး ဥပဒေ မူကြမ်းကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
 
ရီပတ်ဘလစ်ကန် ခေါင်းဆောင်များက ဝင်ငွေခွန် ပေးဆောင်ထားခြင်း မရှိသူ များအား အခွန်ချေးငွေ ပေးအပ်မည့် အစီအစဉ် ဖယ်ရှားပေးရန် သမ္မတ အိုဘားမားကို တောင်းဆိုခဲ့သည်။ သို့သော် အိုဘားမားက ငြင်းပယ် ခဲ့ပြီး လောလောဆယ် အနိုင်ရရှိထားသော သမ္မတ ရွေးကောက်ပွဲကို ပြန် လည် ရည်ညွှန်းခဲ့သည်။ ရီပတ်ဘလစ်ကန် ခေါင်းဆောင်များကို အိုဘားမား ပြောခဲ့သည့်စကားမှာ “ကျွန်တော်က သမ္မတရွေးကောက်ပွဲ နိုင်ခဲ့ တာနော်” ဟူ၍ ဖြစ်သည်။

အခုနောက်ပိုင်းတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ၌ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ စံပြု အတုယူနေကြရသည့် အမေရိကန်နိုင်ငံရေး စနစ်နှင့် နိုင်ငံရေး သဘောတရားကို ပို၍ ပို၍ တွေ့မြင်နေရပြီဖြစ်ရာ အမေရိကန်အိပ်မက် American Dream ဟု ခေါ်တွင်နိုင်ပေလိမ့်မည်။

ထိုသို့ အမေရိကန် အိပ်မက် မက်နေကြသော နိုင်ငံရေး ခေါင်းဆောင်များ အနေနှင့် မြန်မာပြည်သူများက နိုင်ငံတော်သမ္မတကို တိုက်ရိုက် ရွေးချယ်ခွင့် ရရှိစေရေးကိုလည်း အလေးထား စဉ်းစားစေလိုသည်။ အမေရိကန် ပြည်ထောင်စုကဲ့သို့ ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲ၊ ဖက်ဒရယ်အဆင့် သမ္မတ ရွေးချယ်ပွဲ မရောက်နိုင်သေးစေကာမူ အနိမ့်ဆုံး အဆင့်အားဖြင့် အင်ဒိုနီးရှားနိုင်ငံကဲ့သို့သော သမ္မတ ရွေးချယ်မှုမျိုး၊ အမေရိကန် အခြေခံဥပဒေကဲ့သို့ အမှန်တကယ် အပြန်အလှန် ထိန်းကျောင်းစေသော  Check and Balance နှင့် အမှန်ပင်တူသော Check and Balance စနစ်မျိုး ဖြစ်ပေါ်လာစေရန် ယခု နောက်ဆုံး ခေတ် စားနေသော အခြေခံဥပဒေ ပြင်ဆင်ရေး ဒီဘိတ်၌ ထည့်သွင်းပေးပါမည့် အကြောင်း၊ အမေရိကန် အိပ်မက်များကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မှသာ ခိုင်မာသော ဒီမိုကရေစီ စနစ်ကို ထားရစ် ခဲ့နိုင်မည်ဖြစ်ကြောင်း အလေးထား တိုက်တွန်း ဖော်ပြလိုက်ရပါသည်။

[Ref – The Levers of Presidential Control by David E. Lewis and Terry M. Moe]

Credit To The Voice Weekly

Related Articles:

Post a Comment