Tuesday, July 2, 2013

Brain Pain ( ဘရိန်းပိန်း)


တတိယနိုင်ငံများ၏ ပညာရှင်များ တိုးတက်နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကြခြင်းကို Brain Drain ဟု လူသိများခဲ့ပြီး ဖြစ်သည်။ တတိယနိုင်ငံများအနေဖြင့် ဆုံးရှုံးရခြင်း ဖြစ်ပါသည်။ ညီမျှခြင်း သဘောအရ တိုးတက်နိုင်ငံများမှ Brain Gain တစ်နည်းအားဖြင့် အမြတ်ထွက်ခြင်းဖြစ်သည်။ တလောဆီတွင် Brain Gain အကြောင်း အသံတော်တော် ကျယ်ကျယ်ထွက်ခဲ့ကြသည်။ ရုရှားလို နိုင်ငံကြီးများတွင် Brain Drain ဖြင့် အတော်ဆုံးရှုံးမှုများ ကြုံတွေ့နေရဆဲ ဖြစ်သည်။ တက်သစ်စ ဖြစ်သော တရုတ်သည် Gain ဖြစ်ရန် အတော်ကြိုးစားနိုင်ခဲ့သည်။ ပညာတော်သင်သွားခဲ့သော ပညာတတ်များ အံ့သြယူရလောက်အောင် အမိမြေတွင် ပြန်လည်လုပ်ကိုင်လာကြကြောင်း သတင်းတစ်ပုဒ် ဖတ်မိသည်။ ယနေ့ကမ္ဘာသည် အရာရာပညာအခြေခံဖြစ်သဖြင့် Brain ပါမက စီးပွားရေးမှာပင် တရုတ်ကြီးများ Gain နေကြသည်။ 2B Gain ဟုခေါ်နိုင်မည် ဖြစ်သည်။ တစ်ခုက Brain နှင့် နောက် တစ်ခုက Business ဖြစ်သည်။

Brain Pain
-------------
Drain လည်းမဟုတ် ၊ Gain လည်း မဟုတ်ဘဲ မြင်သာထင်သာမှုမရှိစွာဖြင့် ဘာမှအသုံးချ၍ မရသော ဦးနှောက်များကို Brain Pain ဖြစ်သည်ဟု သတ်မှတ်လျှင် ရနိုင်မည်ဟု ယူဆသည်။ ဦးနှောက်ယိုစီးမှု မရှိသော်လည်း ရှိလျက်နှင့် ဘာမှသုါံ်မရသော ဦးနှောက်ပိုင်ရှင်များ အများအပြားရှိနေကြပါသည်။ ဘာကြောင့်ဖြစ်သနည်း ၊ ဘယ်အချိန်မှာ ဖြစ်သနည်း ၊ ဘယ်နေရာမှာ ဖြစ်သနည်းဆိုသော Why, When, Where ကိုလေ့လာရန် ကောင်းပါသည်။ဖြစ်ရသော အကြောင်း Cause သည် Why အတွက် အဖြေဖြစ်လျှင် When နှင့် Where အတွက် ဆက်စပ်ယူဆနိုင်ပြီ ဖြစ်ပေသည်။ ကျယ်ပြန့်သော အသုံးအနှုန်း မဖြစ်သေးသဖြင့် Brain Pain အတွက် Cause များ မပြည့်စုံသေးသော်လည်း “ အသုံးချခွင့် ” မရရှိခြင်းသည် အများထဲမှ တစ်ခုသော လုံလောက်သည့် အကြောင်းခြင်းရာ ဖြစ်ပေလိမ့်မည်။ Why အတွက် အဖြေတစ်ခုလည်း ဖြစ်သည်။
ဖွံ့ဖြိုးမှု အလွန်နည်းသော အာဖရိကတိုက်မှ လူများ Brain Pain ဖြစ်ရခြင်းမှာ သမိုင်းစဉ်လာဖြစ်သဖြင့် ထူးဆန်းသည်ဟု မည်သူမျှ မထင်သော်လည်း အခြေခံကောင်းများ ရှိသောနိုင်ငံအချို့မှာ Brain Pain ဖြစ်နေရခြင်းအတွက် အားမလို ၊ အားမရ ဖြစ်မိနိုင်ပါမည်။ ပညာဓားထက်ထက်ပြိုင်ကြသော Globalization တွင် HR ဟုခေါ်သော လူသားအရင်းအမြစ် ပြိုင်ပွဲတွင် အရေအတွက်သည် အဓိက မဟုတ်ပါ။ နိုင်ငံ၏ Population တစ်ခုလုံးသည် Workforce မဟုတ်ပါ ၊ ကမ္ဘာ့စစ်တမ်းများ နှင့် သုတေသနအရတစ်ဦးချင်း ဝင်ငွေမည်မျှရှိသည်၊ ပညာတတ်အရေအတွက် မည်မျှများသည် ၊ လူမှုစနစ် တည်ဆောက်ပုံ ၊ ဦးဆောင်သူများ အရည်အချင်း၊ ဆက်သွယ်ရေးနှင့် အခြေခံအချက်များကို အလေးအနက် စဉ်းစားကြပါသည်။ အလုပ်လုပ်သူ လူဦးရေ Workforce မှာပင် အရည်အချင်းများ ထပ်မံခွဲခြားထားပါသေးသည်။ အဖွဲ့အစည်းများကို ဦးဆောင်သူတို့၏ အရည်အချင်းများကို ခွဲခြားထားပါသေးသည်။ သာမန်အားဖြင့် အိမ်ထောင်စု တစ်စုတွင် တစ်ဦးလုပ်ပြီး (၇) ဦး ထိုင်စားပါက တိုးတက်မှု မရှိနိုင်ဟု တွက်ချက်ဖော်ပြထားပါသည်။ နိုင်ငံတစ်ခုတွင်လည်း အလုပ်လုပ်သူနှင့် ထိုင်စားသူ အချိုး (၁း ၁၇) ဖြစ်လျှင် ထိုနိုင်ငံ မတိုးတက်နိုင်ဟု အလွတ်တကူ Check လုပ်နိုင်သည်။ အလုပ်လုပ်သူ ထိုတစ်ဦး၏ ဝင်ငွေပမာဏကို မပြောသေးပါ။
ဝင်ငွေပမာဏလည်း နည်း ၊ မှီခိုသူလည်း များသော အိမ်ထောင်စု ၊ အဖွဲ့အစည်း ၊ နိုင်ငံတွင် မည်မျှတာရှည်စွာ ဆင်းရဲတွင်းနက်မည်ကို စဉ်းစားကြည့်နိုင်မည် ဖြစ်သည်။ Human Resource သည် အရေအတွက် မဟုတ်ပါ ။ Workforce ဖြစ်ပါသည်။ Workforce တွင်တောင်မှ ပညာအရင်းအနှီးများ သော Intelligent Force ကို ဇောင်းပေးထားခြင်း ဖြစ်ပါသည်။ အရွယ်စရောက်သူနှင့် အသက်ကြီးရင့်သူများသည် Dependent မှီခိုသူများ ဖြစ်သည်မှာ သဘာဝတစ်ခု ဖြစ်၍ အပြစ်မဆိုနိုင်သော်လည်း အရွယ်ရောက်သူများ အလုပ်မလုပ်နိုင်ကြခြင်းသည် Brain Pain များဖြစ် ချေသည်။ ချမ်းသာသော နိုင်ငံများပင် ကမ္ဘာ့လျင်မြန်သော တိုးတက်ပြောင်းမှုတွင် လိုက်လျောညီထွေ မှု မရှိရန် အသက် (၆၀)ပြည့်သူများအတွက် ဉာဏ အလေးပေး အလုပ်အကိုင်များ ဖန်းတီးပေးလာကြ သည်ကို ကြည့်လျှင် Brain Pain အရေအတွက် မည်သို့မည်မျှ ကြိုးစားလျှော့ချနေကြသည်ကို သတိပြု မိနိုင်မည် ဖြစ်သည်။

ဘာကြောင့်လဲ
-----------------
အကြောင်းအမျိုးမျိုး ရှိနိုင်သည့် အထဲမှ စနစ်သည် တစ်ခုသော အဓိကအကြောင်းဖြစ်ပါသည်။ စင်ကာပူ ဝါရင့် ဝန်ကြီးလီယွမ်ယူက ဗီယက်နမ်နှင်း ထိုင်းနိုင်ငံကို ဥပမာ ပေးခဲ့ဖူးပါသည်။ ဗီယက်နမ် နိုင်ငံသားများ ကြိုးစားမှု ပိုသော်လည်း ထိုင်းနိုင်ငံကို မမီနိုင်သေးခြင်းမှာ စနစ်မယှဉ်သာသေး၍ ဖြစ်ကြောင်း။ မှတ်ချက်ပြုခဲ့ဖူးပါသည်။ သယံဇာတရော ဘယ်သွားထားမလဲဟု စောဒက တက်သူများ ရှိနိုင်ပါသည်။ အထောက်ပံ့ကောင်းတစ်ခု ဖြစ်သည် မှန်သော်လည်း “လူ” သာအဓိကကျကြောင်း ဘာမှမရှိသော S’pore ကို လက်ညှိုးထိုးပြရမည် ဖြစ်သည် ။ စနစ်သည် စည်းကမ်းကို ပေးပါသည်။ လူမှုအဖွဲ့အစည်းကြီး တစ်ခုလုံးကို ချီမသယ်ပိုးသွားပါသည်။ လမ်းကြောင်းအမှန်ကို တည့်မတ်ပေး နိုင်သလို ဝင်္ကပါထဲမှ မထွက်နိုင်အောင်လည်း လုပ်ထားနိုင်ပါသည်။
စနစ်ကောင်းအောင် ဖန်တီးသူမှာ “လူ” ဖြစ်သလို စနစ်ကို ဖျက်ဆီးနိုင်စွမ်းရှိသူမှာလည်း “လူ” ပင်ဖြစ်ပါသည်။ လူမှုရေး ရှေ့တန်းတင်လွန်းသော မြန်မာ လူမျိုးအများစုသည် စနစ်ကို ကောင်းအောင် ဖန်တီးနိုင်မှုတွင် သံသယရှိဖွယ် ဖြစ်သည်။ မိမိကိုယ်တိုင်က အဆင့်မမီသော ဝန်ထမ်းအချို့ကို သံယောဇဉ်ဖြင့် ဆက်လက်ထားရှိနေရဆဲ ဖြစ်သည်။ လုပ်ငန်းရှင်များ အလွတ်ဆွေးနွေးပွဲတွင် စင်ကာပူ နိုင်ငံမှ Performance ကို Royalty ဖြင့်ပင် အလဲအလှယ် လုပ်နေကြောင်း First in Last out ဆိုသော လုပ်သက်ရှည်များ အာမခံချက် မရှိတော့ကြောင်း ဆွေးနွေးရာ တစ်ဦးက “ ကျွန်တော်တို့ လူမျိုးမှာ အဲသလောက် မာတဲ့ အသည်းနှလုံးမရှိသေးဘူးဗျာ” ဟူသော မှတ်ချက်သည် ပြဿနာ၏ အရင်းအမြစ် ဖြစ်တန်ချေ ရှိသည်ကို သတိပြုမိရသည်။

ရေများ ရေနိုင်
----------------
တိုးတက်သောနိုင်ငံများတွင် “သွားသုတ်သုတ် စားသုတ်သုတ်” ဖြစ်သည်။ လမ်းလျှောက်ပုံကိုကြည့်ရုံဖြင့် လူမျိုးစရိုက်နဲ့ အခြေအနေကိုမှန်းနိုင်သည်။ စကားပြောကြည့် လျှင်ပိုသိနိုင်ပါသည်။ လမ်းဘေး လက်ဖက်ရည်ဆိုင်တွင် အာဘောင်အာရင်းသံသံ ဖြင့် ပြောကြသူများ Seminar, Workshop တို့တွင် အသံမထွက်တော့ခြင်းသည် ကောင်းသော လက္ခဏာ မဟုတ်ပါချေ။ မွေးကတည်းက “မေး”လာသူများ “ကျီး ” သူငယ်သဖွယ်ဖြစ်သည်။ ကိုယ့်ပြည်တွင်းမှာ မိဘကို အိမ်ထောင်ကျသည်အထိ မှီခိုနေသူများ၊ နွဲ့ဆိုးဆိုးနေသူများ၊ အသက်ဗထက်ချိုက် သူများ ဟိုနိုင်ငံများ ရောက်သည့်အခါ မအေးဆေးနုင်တော့။ အပိုးကျိုးကြသည်။ “ရေများရေနိုင် ၊ မီးများမီးနိုင်ခြင်း” ဖြစ်သည်။ အေးဆေးရောင်ရဲသော လူမှုရေးနိုင်ငံတွင် မွေးဖွားလာကြသူများမှာ ပတ်ဝန်းကျင်၏ အရောင်ဆိုးမှုအတိုင်း အေးဆေး၊ ရောင့်ရဲတတ်ကြခြင်းသည် ကောင်းလား၊ ဆိုးလားကို ဝေခွဲရတော့ မည့်အရချိန် ဖြစ်သည်။

ရောင့်ရဲတာလား ၊ ပျင်းတာလား
----------------------------------
လူမှုရေးဦးစားပေး၍ သာသာထိုးထိုး မြင်တတ်ကြသော ကျွန်တော်တို့ လူမျိုးတွင် ပျင်းရိခြင်းနှင့် ရောင့်ရဲခြင်းကို ရောထွေးပစ်တတ်လေ့ရှိကြသည်။ အခြေခံအားဖြင့် ဘာမှမလုပ်သူကို ပျင်းရိသူဟု သတ်မှတ်နိုင်ပြီး ကြိုးစားလုပ်သော်လည်း ရလဒ်ပေါ် ကျေနပ်သူကိုသာ ရောင့်ရဲသူဟု မှတ်ချက်ကောက်နိုင်မည်ဖြစ်သည်။ ဘာမှမလုပ်ဘဲ မိဘ လုပ်စာ ထိုင်စားခြင်းသည် ရောင့်ရဲခြင်း မဟုတ်ချေ။ သူတို့မှ မွေးသော သားသမီးအပေါ် မိဘဝတ်မကျေခြင်းသည် ပျင်းရိခြင်း၏ ရလဒ်ဖြစ်သည်။ ထိုသို့ အိမ်ထောင်စုများလာလျှင် နိုင်ငံတိုးတက်မည် မဟုတ်။ လူမျိုးပါ ညံ့ဖျင်းသွား တတ်ကြသည်။ လုပ်ငန်းပေါင်းများစွာနှင့် ဝန်ထမ်းရာပေါင်းများစွာကို စီမံခန့်ခွဲနေရသော ဘဝ၏ နှစ်ပေါင်းငါးဆယ်ကျော် အတွေ့အကြုံအရ မြန်မာလူမျိုးများသည် မွေးရာပါ ဗီဇ မညံ့ကြချေ။ Genetically Intellectual ဖြစ်ကြပါသည်။
ဦးစွာ ပထမ Gene ကောင်းရန်လိုပါသည်။ လူမျိုးနှင့်ဆိုင်ပါသည်။ African များ၊ အိမ်နီးချင်းနိုင် များထက် Intelligent သာလွန်ပါသည်။ လည်ရုံသက်သက်နှင့် ဆယ်ဂဏန်းမျှလောက်သော အရေအတွက်ဖြင့် စကားပြောကြည့်ရုံဖြင့် ဆွဲသောကောက်ချက်မဟုတ်ပါ။ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ပြီး ရာပေါင်းများစွာသော အလွှာစုံမှ လုပ်ငန်းရှင်များဖြင့် ဒူးတင်ပေါင်တင် ဆွေးနွေး အလုပ်လုပ်ခဲ့ခြင်းမှ ကောက်ချက်ဖြစ်ပါသည်။
မိမိလူမျိုးများ Intelligence မညံ့သော်လည်း Emotion အရ စံမီခြင်းမရှိသေးပါ။ ပွဲပြီးမီးသေ လုပ်တတ်ကြပါသည်။ ဦးနှောက်အလုပ်ပေးခြင်းကို ရွံ့လျက် ရှိကြပါသေးသည်။ မထိုးရဲသေးသော လက်ဝှေ့သမားတစ်ဦးနှင့် သဏ္ဌာန်တူနေပါသည်။ သူတို့တွေက ပေါက်ထွက်တွေးခေါ် Vertical Thinking လုပ်နိုင်ကြသော်လည်း ကျွန်တော် တို့ Conventional Thinking က ရုန်းမထွက်နိုင်ကြသေးပါ။ Brain Storm များများ လုပ်ခြင်းသည် Brain Gain ဖြစ်ခြင်း တစ်မျိုးဖြစ်ပါသည်။ Gain from not Drain လည်း ဖြစ်ပါသည်။ စက်တစ်ခု၏ Full Capacity ကို အသုံးမချနိုင်လျှင် တန်ဖိုးဆုံးရှုံးသကဲ့သို့ ဦးနှောက်တစ်ခု၏ လုပ်နိုင်သော စွမ်းအားကို အပြည့်အဝ အသုံးမချနိုင်ခြင်းသည် Brain Pain တစ်မျိုးလည်း ဖြစ်ပါသည်။ ငွေကြေးတစ်ခု လည်ပတ်သည့်အခါ အကျိုးဖြစ်ထွန်း၍ လုပ်ငန်းရှင်များ Frequency ဟူသော ကြိမ်နှုန်းများများရအောင် ကြိုးစားခြင်းဖြင့် Result ကောင်းအောင် လုပ်နေရသည့်ခေတ်တွင် စွမ်းရည်ပြည့် အသုံးမချနိုင်သော ဖြစ်ရပ်ကို ခန့်မှန်းနိုင်မည်ဖြစ်ပေသည်။
လူတွေ မအိပ်ကြလျှင် ဘာဖြစ်မလဲ ဟူသည်အထိ သူတို့စဉ်းစားကြသည်။ အလုပ်လုပ်ချိန် တိုးနိုင်ရန်ဖြစ်သည်။ မတိုးတက်သော ခေတ်(ကျောက်ခေတ်) မှစ၍ ညဘက်မှောင်မိုက်လျှင် ဘာမှလုပ်စရာမရှိ၍ အိပ်ကြရာမှ ဦးနှောက်များ Programme လုပ်ခံခဲ့ကြရ၍ ဒီနေ့အိပ်ကြခြင်းဖြစ်သည် ဟူသော အချက်ကို တွေ့ကြသည်။ ဤ Programme ကို ပြောင်းနိုင်ပါက အိပ်ချိန်လျှော့ပြီး အလုပ်လုပ် ချိန်များလျှင် တိုးတက်မှု ပိုနိုင်သည်ဟူသော အယူအဆကို တချို့စတင် လက်ခံနေကြပြီဖြစ်သည်။ အချိန်အခါမရွေး အလင်းရောင် ရနိုင်သော ခေတ်ကို ပိုမိုအကျိုးရှိအောင် ကြံဆကြခြင်းဖြစ်သည်။
ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ထိုင်ဆဲ ဖြစ်နေပါသေးသည်။ အရည်မရ အဖတ်မရသည်တို့ကို ပြောနေကြဆဲရှိပါသေးသည်။ Flat Thinking ခေါ်ခေါ် Conventional Thinking ဆိုဆို ကာလာမသုတ်ကို လိုက်နာခြင်းမရှိကြသေးပါ ကျွေးမွေးခြင်းတောင် တာဝန်မကျေ သည့် မိဘများထုနှင့်ဒေးနှင့် ရှိနေကြပါသေးသည်။ အဖေ ချမ်းသာနေသေးတာပဲ ဟူသော အနာဂတ် ချောက်ကိုမ်ြငနိုင်ကြသူများ များပြားစွာအသက်ရှင်ဆဲ ဖြစ်နေပါသေးသည်။ စွမ်းရည်ရှိပါလျက် မိမိကိုယ်ကို မိမိ ဖျက်သော Brain Pain များဖြစ်ကြပါသည်။ တစ်ဦးချင်း ညံ့ကြသည်မှာ မပြောပလောက်သော်လည်း မျိုးဆက်ညံ့သွားလျှင် သူများအောက် အများကြီး ကျသွားနိုင်ပါသည်။ လွန်ခဲ့သော တစ်ပတ်ခန့်က ပညာရှင်(၂၄)ဦး အဖွဲ့ဖြင့် S’pore နှင့် Malaysia Putra Jaya ကို ပညာရပ်ဆိုင်ရာ လေ့လာရေးခရီး ထွက်ဖြစ်ခဲကြပါသည်။ Language ပြဿနာတချို့ရှိကြပါသည်။ တချို့ပြောနိုင်သော်လည်း ပြောမထွက်ကြပါ။ မသွားခင်ကတည်းက ဇာတ်တိုက်ထွက်ကြပါသည်။ အနည်းဆုံး ဘယ်သူတွေက အမေးအဖြေကို လုပ်ရမယ်ဟူသော တာဝန်ချထားခြင်း ဖြစ်ပါသည်။
Cyber Jaya သည် Malaysia ၏နည်းပညာမြို့ဖြစ်ပါသည်။ Putra Jaya မှာ Administrative City ဖြစ်ပါသည်။ ဝန်ကြီးချုပ်ရုံး ၊ အိမ်နှင့်ဝန်ကြီးများ ရုံးစိုက်မည့်နေရာ ဖြစ်ပါသည်။ Putra မှ တာဝန်ရှိသူတို့က အကျယ်တဝင့်ရှင်းပြကြပါသည်။ (၂၄) ဦးမှ (၂၆) ဦးခန့်သာ မေးခွန်းထုတ်ခဲ့ကြပါသည်။ မေးခွန်းအဆင့်မြင့်မြင့် မေးခြင်းသည် ဖြေသူ “ကျပ်” စေလိုသော ဆန္ဒမဟုတ်ပါ။နိုင်ငံမှာ ဒါမျိုးတွေ ရှိနေပါသေးတယ် ဆိုတာကို ပြသလိုခြင်းသာ ဖြစ်ပါသည်။ သွေး၍ထက်သောအရာတွင် ဓားတစ်ခုတည်းမဟုတ်ပါ။ ဦးနှောက်လည်း ပါဝင်ပါသည်။ ဏားတစ်ခုတ်သည် တစ်ချက်သာ ပြတ်ပါသည်။ ဦးနှောက်တစ်ခု၏ မူဝါဒသည် အချက်များစွာ အပိုင်းပိုင်းပြတ်ထွက်သွားနိုင်ပါသည်။
ဘုရားရှင်မင်း စည်းစိမ်ကို စွန့်လွှတ်ခြင်းသည် ရောင့်ရဲခြင်း ဖြစ်ပါသည်။ ဒုက္ကရစရိယာ ကျင့်ကြံ ခြင်းသည် ကြိုးစားခြင်း ဖြစ်ပါသည်။ ရလဒ်မှာ ဘဝအဆက်ဆက် ပါရမီနှင့် ပေါင်းဖက်သည့်အခါ အတုမရှိ မြတ်ဗုဒ္ဓ ဖြစ်လာပါသည်။ ဘာမှမလုပ်သူများ ရောင့်ရဲခြင်း အရေမခြုံသင့်ပါ။ သူတို့ရှေ့ငွေထုပ် ချပေးကြည့်နိုင်ပါသည်။ သို့မဟုတ် အလွယ်ရ လမ်းပြပေးခြင်းဖြင့် တုံ့ပြန်မှုကို စမ်းသပ်နိုင်ပါသည်။ ရောင့်ရဲသူများ အလုပ်လုပ်ကြပါသည်။ ရလဒ်ကိုသာ ကျေနပ်သူများဖြစ်ပါသည်။ နည်းနည်းလုပ်၍ များများလိုချင်သူများ၊ ဘာမှမလုပ်ဘဲ အများကြီး လိုချင်သူများ Brain Pain များဖြစ်ကြပါသည်။ Drain ဖြစ်၍ ဆုံးရှုံးရသည်မှာ မကောင်းသော်လည်း ကြားကောင်းသေး၍ Drain မဖြစ်ဘဲ Pain ဖြစ်သူများမှာ နောက်မျိုးဆက်ကိုပါ ဖျက်ဆီးနိုင်သည် ဟူသော အသိကို ရှိကြလျှင် အနာဂတ်အလင်းရောင် တောက်ပနိုင်ပါသည်။ ။ ။

နေဇင်လတ်
(ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၀၀၄)
ကျနော်ဖတ်ဖူးတဲ့ စာပိုဒ်လေး တစ်ခုပါ

Related Articles:

Post a Comment