Monday, July 1, 2013

ဟစ်တလာ့ပန်းချီကား၊ လေဒီဂါဂါရဲ့ဒေါက်ဖိနပ်နှင့် ရပ်စ်ပြူတင်ဒိုင်ယာရီ - မောင်ခိုင်လတ်



တလောလေးက မိတ်ဆွေစာရေးဆရာတစ်ယောက်၏ နိုင်ငံရေးဆောင်းပါးများ စုပေါင်း ပုံနှိပ်ထားသော လုံးချင်းစာအုပ်ကလေးထွက်ရှိခဲ့သည်။ ဂျာနယ်များတွင် ဖြော်ပပါရှိပြီး ဆောင်းပါး များ၏ ပုံနှိပ်ဖော်ပြခြင်းမပြုရသေးသော ဆောင်းပါးတချို့ပါဝင်သည်။ မိတ်ဆွေ၏ တောင်းဆိုမှုကြောင့် ကျွန်တော်နှင့် တခြားသူတစ်ဦးက အမှာစာများ ပါဝင်ရေးသားခဲ့ကြသည်။ မိတ်ဆွေထံမှ မေတ္တာလက်ဆောင် စာအုပ်(၂)အုပ်ရရှိပါသည်။ အခြား စာဖတ်သူ မိတ်ဆွေ များက တောင်းခံသောကြောင့် (ဖတ်စေချင်သော စေတနာကြောင့်) ကျွန်တော်ဝယ်ပြီး လက်ဆောင် ပေးရသည်ပင် (၁၀) အုပ်မကတော့ပါ။ မိတ်ဆွေတချို့က ကျွန်တော်လက်ဆောင်ပေး သောအခါ စာအုပ်မှာ လက်မှတ်ရေးထိုးခိုင်းသည်။ ကျွန်တော်ရေးတဲ့ စာအုပ်မှမဟုတ်တာဆိုတော့ ခင်ဗျား အမှာစာပါတာပဲဟု ဇွတ်ပြောတတ်သည်။ ဘာဆိုင်လို့လဲ ပြောပြီး ကျွန်တော်တို့ရယ်မောမိကြသည်။

လက်မှတ်တဲ့ စာရေးဆရာလက်မှတ်တဲ့။ စာရေးဆရာရဲ့လက်မှတ်က သူရေးတဲ့ စာထက် ပိုပြီး အရေးပါနေသလား။ စာရေးဆရာအများစုက ငွေကြေးလည်းမချမ်းသာ အာဏာလည်းမရှိကြ။ ဒါ ဖြင့် ဘာဖြစ်လို့စာရေးဆရာရဲ့လက်မှတ်ကို တခုတ်တရလိုချင်နေကြရတာပါလဲ။ အမှန်တော့ ကျွန်တော် ကိုယ်တိုင်လည်း စာရေးဆရာအချင်းချင်း စာအုပ်တွေအပြန်အလှန် မေတ်္တာ လက်ဆောင်ပေးကြရာမှာ စာရေးသူကိုယ်တိုင်လက်မှတ်ထိုး ပေးတာကို ပိုမိုနှစ်ခြိုက်သည်။ အမှတ်တရ ဖြစ်စေတာကြောင့်ပါ။
ကိုယ်က (Celebrity) မဟုတ်စေကာမူ စာဖတ်သူတချို့က လိုလိုချင်ချင်တောင်းခံလာသဖြင့် လက်မှတ်ရေးထိုးပေးရတာတွေရှိခဲ့သည်။ ကျွန်တော့်စာအုပ်စင်မှာ ဆရာတွေ၏ လက်မှတ်တွေ နှင့် စာအုပ်တွေ။ ဆရာမြသန်းတင့်၊ ဆရာအောင်သင်း၊ ဆရာနေ၀င်းမြင့်၊ ဆရာမခင်ခင်ထူး၊ ဆရာမောင်ရင့်မာ၊ ဆရာမြေလတ်မောင်မြင့်သူ၊ ဆရာမင်းချမ်းမွန်၊ ဆရာဝင်းငြိမ်း၊ ဆရာတင့်ခိုင်၊ ကဗျာဆရာမောင်စိမ်းနီ၊ မိုဃ်းဇော်၊ အောင်ဘညို၊ သစ္စာနီ၊ မိချမ်းဝေ၊ အိုး အများကြီးပါပဲ။ သူငယ် ချင်းမင်းနန်(မော်ကျွန်း) စာအုပ်တွေဆို စာအုပ်စင်မှာ နေရာအတော်ယူသည်။ (တော်တော်လည်း ရေးနိုင်တဲ့သူ) ခပ်နောက်နောက် မိတ်ဆွေတစ်ဦးကဆိုလျှင် အေးဗျာ ခင်ဗျားလက်မှတ်က အခု တန်ဖိုးမရှိဘူးပဲထားတော့ နောင်နှစ်ငါးဆယ် ခြောက်ဆယ်လောက်ကြာရင် ဒေါ်လာငါးသန်း လည်းဖြစ်နိုင်တာပဲ မဟုတ်လား။ သမိုင်းတန်ဖိုးအရလေ။ အင်း ကျွန်တော့်မြေးတွေကိုအမွေပေးခဲ့ ရမှာပေါ့ဗျာ . . .တဲ့လေ။
သူက သူ့သားသမီးတွေဟု မပြော၊ သူ့မြေးတွေဟု သုံးနှုန်းသွားသည်။ သူ့သားတွေ ခေတ်တိုင်အောင် ကျွန်တော့်လက်မှတ်က တန်ဖိုးမရှိသေးဟု တစ်ခါတည်း ယတိပြတ် ပြောလိုက်ခြင်းဖြစ်သည်။ စာအုပ်လည်းပေးရသေး အတော်ချစ်ဖို့ကောင်းတဲ့သူ။
ကျွန်တော့်မိတ်ဆွေပြောလည်း ပြောချင်စရာကောင်းလှသည်။ ယခု နှစ်ထဲမှာ စာအုပ် ပွဲတွေ အတော်ကျင်းပခဲ့ကြသည်။ အများစုက နိုင်ငံရေး အတွေ့အကြုံစာအုပ်တွေ။ စာရေး ဆရာကိုယ်တိုင် စာအုပ်မှာအမှတ်တရ လက်မှတ်ရေးထိုးပြီး ရောင်းချခြင်းဖြစ်သည်။ စာအုပ်ရေးဖြစ်ပုံ နောက်ခံအကြောင်းအရာတွေကိုလည်း ဟောပြောလိုက်ကြသေးသည်။ စာအုပ်အကြောင်း မုဒိတာစကားချီးမြှင့်ပေးသူတွေကလည်း စိတ်ပါလက်ပါ မာရသွန် ဟောပြောပွဲအလားချီးမြှင့်ကြသည်။
ဘာပဲဖြစ်ဖြစ် ကောင်းပါသည်။ လှပသည့် ပွဲတွေ၊ နှစ်ရှည်လများစောင့်ဆိုင်းခဲ့ရခြင်း ရလဒ်အဖြစ် ကြိုဆိုထိုက်ပါပေသည်။ မုဒိတာပွားများ ထိုက်ပါပေသည်။ စာဖတ်သူစစ်စစ်တွေ က စာရေးဆရာလက်မှတ်ကိုရယူလိုခြင်းမှာ Celebrity ဖြစ်ခြင်းကြောင့် တစ်ခုတည်းတော့ဖြင့်မဟုတ်နိုင်ပေ။ စာတစ်အုပ် ပေတစ်အုပ်ထွက်ရှိသည်အထိ သူ့လောက သူ့နယ်ပယ် တွင် ထက်သန်စူးနစ်စိတ်ရှိခြင်းအပေါ် အလေးဂရုပြုခြင်း၊ စိတ်အာရုံညွတ်နူးခြင်းကြောင့်က ပိုမိုဖြစ်နိုင်ခြေရှိသည်။
စာရေးဆရာနဲ့သိတယ် တွေ့လား။ သူကိုယ်တိုင်လက်မှတ်ရေးထိုးပေးထားတာ။ လူ့သဘာဝစိတ်အရ သည်လိုပဂ္ဂိုလ်မျိုးတွေလည်းရှိနိုင်သည်ပဲလေ။ လက်မှတ်အပေါ်တွင် ရေးသားသည့် ချစ်သော၊ ချစ်ခင်သော လေးစားသော စသည့် ၀ိသေသတွေကလည်း စာရေးသူနှင့် မိမိ၏ဆက်ဆံရေးလမ်းကြောင်းကို ဖော်ပြနိုင်သေးသည်မဟုတ်လား။
လက်မှတ်ထိုးတဲ့ လက်ဟာမြို့ကိုဖျက်တယ်။ နိုင်ငံကိုဖျက်တယ်။ ကမ္ဘာကြီးကိုဖျက် တယ် ဆိုရလောက်သော စာရေးဆရာမျိုးရှိနိုင်မည်မထင်ပါ။ သို့သော် စာရေးဆရာရေးသော ၀တ္ထုတစ်ပုဒ်ကြောင့် ဖြစ်အံ့ဆဲဆဲ ပြည်တွင်းစစ်ကြီး မြန်မြန်ဆန်ဆန်ဖြစ်လာခြင်းမျိုးတော့ရှိ ခဲ့သည်။ စာရေးဆရာ၏ စေတနာကြောင့်တော့မဟုတ်ပေ။ နိုင်ငံရေးဒဿနတွေးခေါ်ရှင် တွေကြောင့် ၀ါဒကြီးတွေ ပေါ်ထွန်းပျံ့နှံ့လာခြင်းမျိုးတော့ ရှိနိုင်သည်။ အကောင်းအဆိုး ဒွန်တွဲနေခြင်းမျိုးသာဖြစ်သည်။
လွန်ခဲ့သောလကပင် AFP  သတင်းတစ်ပုဒ်မှာ ကွယ်လွန်လေပြီးသော ကမ္ဘာကျော် အနုပညာရှင်တို့နှင့် နိုင်ငံရေးလောကမှ ပုဂ္ဂိုလ်တို့၏ အသုံးအဆောင်ပစ်္စည်းတချို့ကို လေလံ ပွဲပြုလုပ်ရောင်းချကြောင်း ဖတ်လိုက်ရသေးသည်။ တစ်ဦးတစ်ယောက်ကတော့ သက်ရှိ ထက်ရှားရှိနေဆဲပင်။
၂၀၀၉ ခုနှစ်အတွင်းမှာ ကမ္ဘာလှည့်ဖျော်ဖြေရင်း ပါရီမြို့ကိုရောက်ရှိခဲ့သူ ပေါ့ပ်ဘုရင်မ လေဒီဂါဂါက ပရိသတ်ထဲသို့ သူ၏ဒေါက်ဖိနပ်တစ်ရံလုံး ပစ်ချပေးခဲ့သည်။ ယခုလေလံပွဲ တွင် ရောင်းချသော ဒေါက်ဖိနပ်မှာ ညာဖက်တစ်ရံသာဖြစ်သည်။ ယူရို ၉၀၀၀ ခန့်ရရှိမည် ဟု ခန့်မှန်းထားပါသတဲ့။
ထို့အတူပင် ၂၀၀၉ခုနှစ်တွင် အငြင်းပွားစရာများ လှိုင်းထကျန်ရစ်ခဲ့သော ကွယ်လွန် သူ ကမ္ဘာကျော်ပေါ့ပ်ဂီတပါရမီရှင် မိုက်ကယဂ၈ျက်ဆင်၏ ဦးထုပ်လည်း လေလံပွဲတွင် အလုအယက် ၀ယ်ယူကြသည်။ မကွယ်လွန်မီက ခလေးသူငယ်များအပေါ် မတော်မတရား ပြုကျင့်မှုကြောင့် တရားစွဲခံရ၊ လျော်ကြေးပေးရ၊ အပုပ်နံတွေ တထောင်းထောင်းထွက်ခဲ့ သူ အဆိုတော်တစ်ဦး။
၁၉၀၈-၁၉၀၉ ခုနှစ်မှာ ဟစ်တလာရေးဆွဲခဲ့သော ရေဆေးပန်းချီကား သုံးကား၊ ခဲရေး ပန်းချီကားတစ်ကားကို အနောက်ဂျာမဏီမြူးနစ်မြို့မှာ ပြုလုပ်သောလေလံပွဲတွင် အမေရိကန် ပြတိုက်တစ်ခုက ဈေးအမြင့်ဆုံးပေးပြီး လေလံဆွဲဝယ်ယူလိုက်သည်။ ကာယကံရှင် မေတ္တာ ရပ်ခံမှုကြောင့် ရောင်းဈေးနှုန်း ၀ယ်ယူသူအမည်ကို မဖော်ပြခဲ့။
ကျွန်တော့် မိတ်ဆွေက သမိုင်းတန်ဖိုး ဟူသည့်စကားကို အမှတ် မထင်သုံးသွားတာ ကို ကျွန်တော်သတိရလိုက်မိသည်။ တန်ဖိုးဆိုတာ ဘာလဲဟု စဉ်းစားကြည့်တော့ တန်ဖိုး၌ ပျော်ဝင်မှုတွေက အများသား၊ လူမှုအခြေခံ ကိုယ် ကျင့်တရား၊ ကျင့်ဝတ်များ၊ ပန်းတိုင်များ၊ နှုန်းစံများ၊ အလေ့အထများ၊ ယုံကြည်မှုများ စသည်တို့ပါဝင်ကြ လေသည်။ သို့မဟုတ် ပါဝင်နိုင်သည်။
၁၈၉၀ တွင် စိတ်ဓါတ်ခြောက်ခြားမှု၊ နာမကျန်း ဖြစ်မှုတို့ကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်သွားသော ပန်းချီကျော် ဗန်၈ိုးမှာ သူအသက်ရှင်စဉ် ဘ၀တ လျောက်လုံး သူ့ပန်းချီကားရောင်းချရငွေမှာ ဒေါ်လာ ၈၀ ပင် မပြည့်တတ်။ သူကွယ်လွန်သွားပြီးနောက်မှာ တော့ ဒေါက်တာဂါးရှက်စ် ပုံတူပန်းချီကားကို ဒေါ်လာ ၈၂ .၅သန်း၊ နေကြာပန်းပန်းချီကားကို ဒေါ်လာ ၃၉ .၉ သန်း၊ အိုင်းရစ်ပန်းများကို ဒေါ်လာ ၅၃ .၉သန်း၊ ဆိုက်ပရပ်စ်ပင်များနှင့် ဂျုံခင်းပန်းချီကားကို ဒေါ်လာ ၅၇ သန်းရောင်းချခဲ့ရသည်။
နာဇီခေတ် ဂျာမန်ဗိုလ်ချုပ်ကြီး ဂိုအာရင်း လက် မှတ်ပါသော စာတစ်စောင်ကိုလည်း လေလံပွဲမှာ ဈေးကြီးကြီးပေး၍၀ယ်ယူသွားသည်။ သာမန်ကျောင်းသုံး ဗလာစာအုပ်တွင် အင်မတန်ဆိုးဝါးရှုပ်ထွေးသော လက်ရေးဖြင့် ရေးသားခဲ့သည့် ရုရှားနန်းတွင်းပျောက်စေ ဆရာကြီး ရပ်စ်ပြူတင်၏ ဒိုင်ယာရီ စာအုပ်ကလေး လည်း လေလံပွဲမှာ ဈေးခေါ်ကောင်း သော ပစ္စည်း ဖြစ်နေပြန်သည်။ စာမျက်နှာ (၁၂)မျက်နှာသာရှိသည်။
သမိုင်းတန်ဖိုးကို အကဲဖြတ်ရာတွင် ကျိုးကြောင်း ဆင်ခြင်ခြင်းမရှိတော့ပဲ စိတ်ထင်ရာနှစ်သက်မှုကိုပြခြင်း သည် စံနှုန်းတစ်ခုအဖြစ် ကျင့်သုံးနေကြလေသည်။ ခံစားမှုကသာ အခြေခံဖြစ်နေပြီး အကျိုးအကြောင်း ဆက်စပ်မှုဆင်ခြင်တုံတရားသည် ထည့်သွင်းစဉ်းစား ရန် မလိုအပ်သော အခြေအနေသို့ရောက်ရှိ နေလေ သည်။
ကမ္ဘာ့သမိုင်း၌ ထင်ရှားသော ဇာတ်ကောင် ဖြစ် ဖို့မှာ Grate man လည်းဖြစ်ရမည်။ Great Country ၌လည်း မွေးဖွားနေထိုင်သူဖြစ်ရမည်။ Great Issue ကြီးကျယ်သော ဖြစ်ရပ်တို့နှင့်လည်း ကြုံဆုံရင်ဆိုင်ဖူး ရမည်ဟု သမိုင်းပညာရှင်တို့က တညီတညွတ်တည်းဆို မိန့်ခဲ့ကြသည်။
သမိုင်းတရားခံဖြစ်ဖို့ကျတော့ ဤအချက်သုံးချက် ထဲမှ အချက်တစ်ချက်လောက်နှင့်ပင်လုံလောက်မည် ထင်ပါသည်။
မောင်ခိုင်လတ်
ပင်းယစာမျက်နှာမှကူယူဖေါ်ချင်ဖြစ်ပါသည်။

Related Articles:

Post a Comment