Monday, June 24, 2013

ဗုဒ္ဓဓမ္မ နှင့် ဒီမိုကရေစီဝါဒ

ကမ္ဘာကြီးမှာ ခေတ်တွေ၊ စနစ်တွေ ပြောင်းလဲနေတယ်ဆိုတာ တကယ်တော့ လူသားတွေဟာ လူသားသိက္ခာနဲ့အညီ လွတ်လပ်စွာ၊ တရားမျှတစွာ၊ ငြိမ်းချမ်းစွာ၊ ချမ်းသာစွာ နေထိုင်ခွင့် ရနိုင်ကြမဲ့ စနစ်တွေ၊ ၀ါဒတွေကို လူသားအတွေးအခေါ်၊ ပုထုဇဉ်အသိဥာဏ်နဲ့ တွေးတောကြံဆလာခဲ့ကြရာက အခုဆိုကမ္ဘာကြီးမှာ ဒီမိုကရေစီဝါဒဟာ လူသားတွေနဲ့ အကိုက်ညီဆုံး၊ အကျိုးအရှိဆုံးဝါဒအဖြစ် လက်ခံလာကြပြီး မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံတိုင်းလိုလိုက ဒီမိုကရေစီလမ်းစဉ်ပေါ် လျှောက်လှမ်းနေကြပါပြီ။ လျှောက်လှမ်းဖို့ ကြိုးစားနေကြပါပြီ။

တကယ်တော့ ဒီ ဒီမိုကရေစီလမ်းစဉ်ဆိုတာ အသစ်အဆန်းလမ်းစဉ်ကြီးတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော် ကတည်းက ဗုဒ္ဓမြတ်စွာဘုရားက ဒီလမ်းစဉ်ကို ဘ၀နေနည်း အဖြစ်ဟောကြားခဲ့ပြီးသားပါ။

၁။ ဒီမိုကရေစီဝါဒမှာ တရားမျှတခြင်းဆိုတာ အဓိကအနှစ်သာရ ဖြစ်သလို ဗုဒ္ဓ၀ါဒမှာ မဇ္ဈိမပဋိပဒါ ဟာလည်းအဓိကကျလှပါတယ်။ အဂတိတရား၎ပါး ထဲမှာ ဘယ်အဂတိတရားဘက်ကိုမှ မယိမ်းမယိုင်ဘဲ တရားမျှတခြင်း အမှန်တရားတဲ့တဲ့မှာ ရပ်တည်နေနိုင်ခြင်း ဆိုတာနဲ့ လောဘစွန်း၊ ဒေါသစွန်း ဘယ်အစွန်းထဲမှ မကျဘဲ မဇ္ဈိမပဋိပဒါအလယ်လမ်းမှာ ရပ်တည်နိုင်ခြင်းဆိုတာ သဘာဝခြင်းအတူတူပါဘဲ။

၂။ ဒီမိုကရေစီစနစ်ရဲ့အနှစ်သာရတစ်ခုဖြစ်တဲ့လွတ်လပ်ခြင်း (Independence) ဆိုတာ ဗုဒ္ဓမြတ်စွာဘုရားဟာကြားတော်မူခဲတဲ့ ကာလာမသုတ်နဲ့ အနှစ်သာရခြင်း အတူတူပါဘဲ။ မြတ်စွာဘုရားက ကာလာမသုတ်မှာ ကာလမမင်းတွေကို ဘယ်တရား ဘယ်စကားကိုမဆို တဆင့်ကြားသိရလို့ဖြစ်စေ၊ မိဘဖိုးဖွား အစဉ်အဆက်ပြောခဲ့လို့ဖြစ်စေ၊ ရှေးဟောင်းကျမ်းဂန်စာပေနဲ့ ကိုက်ညီလို့ဖြစ်စေ၊ မိမိတို့ နှစ်သက်ကျေနပ်လို့ယူထားတဲ့ အယူနဲ့ တူညီလို့ဖြစ်စေ၊ မိမိတို့ ယုံကြည်ကိုးစားရတဲ့ ပုဂ္ဂိုလ်(ရဟန်း)ကပြောကြားလို့ဖြစ်စေ တောင်မှ အမှန်လို့မယူကြဖို့၊ မိမိတို့ကိုယ်တိုင် ကိုယ့်ရဲ့ ကိုယ်ပိုင်

အသိဥာဏ်ပညာနဲ့ ကုသိုလ်အကုသိုလ် အကောင်းအဆိုးကို အကြောင်းအကျိုးနဲ့ ဝေဖန် သုံးသပ် ချင့်ချိန်ပြီးမှ ယုံကြည်ကြဖို့ လက်ခံကြဖို့ဟောကြားခဲ့ပါတယ်။ ဘယ်လောက်တောင် လွတ်လပ်မှုရှိလိုက်တဲ့ တရားလဲနော်။

၃။ နောက်ထပ်ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ လွတ်မြောက်ခြင်း (Freedom) ဆိုတာကလည်း မြတ်စွာဘုရားရဲ့ ၀ိမုတ္တိဝါဒရဲ့ အခြေခံပါဘဲ။ ဒီမိုကရေစီရဲ့ လွတ်မြောက်ခြင်းဆိုတာ နိုင်ငံသားတိုင်း လောကီဒုက္ခခပ်သိမ်းက လွတ်မြောက်နိုင်သမျှ လွတ်မြောက်နိုင်ကြရအောင် တီထွင်ကြံဆစီစဉ်ဖန်တီးကြခြင်းပါ

ဗုဒ္ဓရဲ့ ၀ိမုတ္တိကတော့ တရားကိုကျင့်ကြံအားထုတ်တဲ့ သတ္တ၀ါတိုင်းလောကီဒုက္ခခပ်သိမ်းကသာမက ဒုက္ခသစ္စာချည်းသာရှိတဲ့ သံသရာကပါ လွတ်မြောက်သွားစေနိုင်စွမ်းရှိပါတယ်။

၎။ ဒီမိုကရေစီနိုင်ငံသားတိုင်း ကိုယ့်တာဝန်ကိုယ်ယူကြရပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားဝါဒကလည်း အတ္တဟိ၊ အတ္တနော၊ နာထော- သူတစ်ပါးကို အားကိုးလို့ မရပါ၊ ကိုယ့်ကိုယ်ကို သာ အားကိုးရတဲ့ ဖန်ဆင်းရှင် မရှိတဲ့ ကယ်တင်ရှင် မရှိတဲ့ ၀ါဒပါ။

၅။ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ နိုင်ငံတွေမှာ လူတိုင်းလူတိုင်း သူများပြောတာကို လက်ညိုးထောင် ခေါင်းမငြိမ့်ဘဲ ကိုယ်ကိုယ်တိုင်

ကိုယ်ပိုင် အသိဥာဏ်နဲ့ အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်အောင် မူလတန်းကျောင်းသားဘ၀ထဲက Critical Thinking တွေ Brain Storming တွေဆိုပြီး လေ့ကျင့်ပေးပါတယ်။

တကယ်တော့ ကျမတို့ရဲ့ ဗုဒ္ဓ၀ါဒက အရာရာကို အမှားအမှန်၊ အကောင်းအဆိုး၊ ကုသိုလ်အကုသိုလ် တို့ကို အကြောင်းအကျိုး နဲ့ ဝေဖန် စီစစ် ပိုင်းခြား သုံးသပ်ရတဲ့ ၀ိဘဇ္စ၀ါဒပါ။

၆။ ဒီမိုကရေစီစနစ်မှာ လူ့အခွင့်အရေး (Human Rights) ဆိုတာ အင်မတန်မှ အရေးပါ ခေတ်စားနေတာ လူတိုင်းအသိပါ။ လူတွေကလည်း အဲဒီလူ့အခွင့်အရေးတွေကို ကိုယ်ကရရှိခံစားရမဲ့ အခွင့်အရေးတွေအဖြစ် နားလည်လက်ခံထားပြီး သိတ်ကို

လိုချင် ရချင် ခံစားချင်ကြတာလဲ လူတိုင်း အသိပါ။

ဗုဒ္ဓမြတ်စွာ ဘုရားကတော့ ကျမတို့ကို ဒီထက် အဆင့်မြင့်စွာ ကိုယ်ကလုပ်ဆောင်ရမဲ့ ကုသိုလ်တရား စာရိတ္တဆောင်သီလတွေ အဖြစ်ရော၊ ကိုယ်ကစောင့်ထိန်းရမဲ့ ရှောင်ကျဉ်ရမဲ့ အကုသိုလ် ဒုစရိုက်တရား ၀ါရိတ္တရှောင်သီလတွေ အဖြစ်ပါ ဟောကြားခဲ့တာပါ။ ကိုယ်ကရရှိရမဲ့ အခွင့်အရေးတွေအနေနဲ့ မဟုတ်ဘဲ ကိုယ်ကတာဝန်ယူရမဲ့ ကိုယ်ကစောင့်ထိန်းရမဲ့ လူ့ကျင့်ဝတ်သီလတွေ အနေနဲ့ ဟောကြားခဲ့တာပါ။ ဒါတင်မကဘဲ မြတ်စွာဘုရားဟောကြားခဲ့တဲ့ မင်္ဂလသုတ်ဟာလည်း လူ့ကျင့်ဝတ်တွေ၊ လူ့အခွင့်အရေးတွေပါဘဲ။

ဒီမိုကရေစီဝါဒကို စဉ်းစားတီထွင်ဖန်တီးခဲ့တဲ့ သူတွေဟာ လူသားဦးဏှောက်၊ လူသားအသိဥာဏ် နဲ့၊ သာမာန်ပုထုဇဉ်ဦးဏှောက်၊ သာမာန်ပုထုဇဉ် အသိဥာဏ်နဲ့ ဝေဖန်ပိုင်းခြား ဆင်ခြင်တွေးတောပြီး တီထွင်ဖန်တီးခဲ့ကြရတာပါ။

ဗုဒ္ဓ္ဒမြတ်စွာဘုရားကတော့ သစ္စာ၎ပါး၊ ရုပ်နာမ်နှစ်ပါး၊ ခန္ဒာ၅ပါး၊ ပဌါန်း၊ အဘိဓမ္မာ၊ ပဋိစ္စသမုပ္ပါဒ်၊ ဓမ္မစင်္ကြာ စတဲ့ ဘ၀သိနည်း၊ သံသရာဖြတ်နည်း တရားတွေနဲ့အတူ ဒီတရားလေးတွေကို ဘ၀နေနည်းတရားတွေအဖြစ်၊ လောကုတ္တရာကုသိုလ် နဲ့ သစ္စာ၎ပါးသိမြင်တဲ့ မဂ်ဖိုလ်နိဗ္ဗာန် ရအောင်မကျင့်ကြံ မအားထုတ်နိုင်သေးတဲ့ သတ္တ၀ါတွေအတွက် လောကီကုသိုလ်လေးနဲ့ သံသရာမှာ ချမ်းချမ်းသာသာ အဆင့်မြင့်မြင့်လေး ကျင်လည်နိုင်အောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကတည်းက ဟောကြားပေးခဲ့ ပြီးသားပါ။

ကျမတို့ မြန်မာနိုင်ငံတွင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်လောက် ကတည်းက ဗုဒ္ဓဘာသာသာသနာ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး မြတ်စွာဘုရားရဲ့တရားတော်တွေအတိုင်း အမှန် တကယ် ကျင့်ကြံအားထုတ်ခဲ့ကြလို့ အရိယာရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်သွားကြတဲ့ သူတော်ကောင်းတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာလူမျိုး အများစုကတော့ ဗုဒ္ဓမြတ်စွာဘုရားရဲ့တရားတော်တွေကို လေးလေးနက်နက်မလေ့လာဘဲ မိရိုးဖလာဗုဒ္ဓဘာသာဝင်ဘ၀နဲ့ဘဲ ပေါ့ပေါ့တန်တန်လေးတွေဖြတ်သန်းခဲ့ကြလို့ ဘ၀နေနည်းလေးကိုတောင် မြတ်စွာဘုရားအလိုတော်ကျ မနေတတ်၊ မထိုင်တတ်တွေဖြစ်နေကြရပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ လူတိုင်းလိုက်နာကျင့်သုံးနေကြပြီဖြစ်တဲ့ အလွယ်ကူဆုံးတန်းစီခြင်း အလုပ်ကိုတောင် ကျမတို့ မြန်မာလူမျိုးတွေ မလုပ်နိုင်သေးပါဘူး။ တကယ်တော့ တန်းစီတယ်ဆိုတာ မြတ်စွာဘုရားရဲ့အခြေခံအကျဆုံး ရောင့်ရဲခြင်းနဲ့ သီးခံခြင်းကို တစ်ပြိုင်နက်တည်း ကျင့်သုံးရတာပါ။ ကိုယ်ရတဲ့ ရောက်တဲ့ နေရာကို ရောင့်ရဲလိုက်တော့၊ ကိုယ့်အရှေ့က ကိစ္စမပြီးမချင်း သီးခံပေတော့ဘဲ။ သူတို့အတွက် ထမင်းစားရေသောက်လောက် ဖြစ်နေတဲ့ တန်းစီတဲ့ အလေ့အထကို ကျမတို့ မြန်မာပြည်က မြန်မာလူမျိုးတွေ လုံးဝမကျင့်သုံးနိုင်သေးဘူး။

ဒီမိုကရေစီ နိုင်ငံသားအများစုဟာ ဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့ အယူကိုလက်ခံထားသူတွေဖြစ်ပေမဲ့ ဒီနေ့ကမ္ဘာမှာ ကျမတို့သုံးစွဲနေကြရတဲ့ လျှပ်စစ်၊ ဖုန်း၊ ကား၊ လေယာဉ်ပျံ၊ တီဗီ၊ အင်တာနက်အားလုံး သူတို့တီထွင်ခဲ့ကြတာပါ။ ဘယ်ဖန်ဆင်းရှင်ကိုမှ ဖန်ဆင်းပေးဖို့ မတောင်းဆိုခဲ့ကြပါဘူး။ မအားကိုးခဲ့ကြပါဘူး။

"အတ္တဟိ၊ အတ္တနော၊ နာထော" ဆိုတဲ့ "ကိုယ့်ကိုယ်ကိုသာကိုးကွယ်ရာ" ဆိုတဲ့ တရားအဆုံးအမနဲ့ ကြီးပြင်းခဲ့ကြတဲ့ ကျမတို့ မြန်မာလူမျိုးတွေကတော့ ကိုယ်ကိုယ်တိုင် ကြိုးစားဖို့ကျ မြတ်စွာဘုရားက ရောင့်ရဲရမယ်တဲ့ ဆိုပြီး အပျင်းကြီးကြ၊ သူများတွေ ကိုယ့်အသိနဲ့ကိုယ် ကြိုးစားရုန်းကန် နေကြတာကိုကျတော့ ဘေးကနေ ဝေဖန်၊ အပြစ်ပြော၊ အပုတ်ချတတ်လွန်းလို့ "မပြီးခင် ဗမာမမြင်စေနဲ့" ဆိုတဲ့ စကားပုံ တောင်ပေါ်လာရတဲ့ အထိပါဘဲ။

မြတ်စွာဘုရားဟောကြားခဲ့တဲ့ ရောင့်ရဲခြင်းဆိုတာ ရပိုင်ခွင့်တွေကို ရောင့်ရဲခိုင်းတာပါ၊ လုပ်ပိုင်ခွင့် တာဝန်ဝတ္တရားကတော့ ပါရမီ ၁၀ပါးစလုံးပြည့်ပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ အထိဖြည့်ဆည်းကြရဦးမှာပါ။ ကျမတို့လူမျိုးက ပျင်းသာပျင်းတာ ရပိုင်ခွင့်ကျ အကုန်လိုချင်တာ။ ရှိသမျှဘိုးတော်တွေ နတ်ကတော်တွေဆီက အကုန်တောင်းနေကြပါတယ်။

ဒီမိုကရေစီနိုင်ငံသားတွေဟာ အမှိုက်ကို အမှိုက်ပုံးထဲမှာဘဲပစ်ပါတယ်။ ဒီတော့ ကျမတို့နိုင်ငံမှာ အမှိုက်ပုံးမရှိဘူးလို့ ပြောကြဦးမယ်။ သူတို့က အမှိုက်ပုံးမရှိရင် အမှိုက်ကို အမှိုက်ပုံးရှိတဲ့ အိမ်အထိ ယူလာပြီးမှပစ်တာပါ။ အိမ်သာဝင်တာ၊ Bus,Taxi စီးတာကအစ နေရာတကာမှာ ကိုယ့်အရှေ့မှာလူတွေ့ရင် "Are you in line?" "ခင်ဗျားတန်းစီနေတာလား"လို့မေးပြီး ဟုတ်တယ်ဆိုရင် သူ့အနောက်က၀င်ရပ်၊ မဟုတ်ဘူးဆိုမှကျော်သွားကြပါတယ်။ ကားလမ်းဖြတ်ကူးတဲ့သူတွေကလည်း မျဉ်းဝါရှိတဲ့

နေရာကဘဲကူးသလို၊ ကားမောင်းတဲ့သူတွေကလည်း မျဉ်းဝါမှာလမ်းဖြတ်ကူးမဲ့လူရှိရင် ကားရပ်ပေးကြပါတယ်။ ကားရပ်နားရာမှာဖြစ်စေ၊ အများသုံး ရထား၊ Bus တွေစီးရာမှာဖြစ်စေ ကိုယ့်ထက် အားနဲတဲ့သူတွေ ဦးစားပေးရမဲ့ သူတွေကို ဦးစားပေးကြရပါတယ်။ ဒါတွေအားလုံးဟာ သတိရှိမှ လုပ်ဖြစ်တဲ့ ကိစ္စတွေပါ။ သူတို့စိတ်မှာ ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့ သတိသမ္ပဇဉ်ရှိနေကြတာပါဘဲ။ ပရမတ်သစ္စာနယ် အရိယသစ္စာနယ်သတိသမ္ပဇဉ် အဆင့် မဟုတ်ပေမဲ့ ကျမတို့ ဗုဒ္ဒဘာသာမြန်မာလူမျိုးတွေက အရာရာကို သတိလက်လွတ် မောဟအပြည့်နဲ့ လှုပ်ရှားလုပ်ကိုင် သွားလာ နေစဉ်မှာ သူတို့က လောကီသမုတိသစ္စာနယ် သတိသမ္ပဇဉ်နဲ့ လှုပ်ရှားလုပ်ကိုင် သွားလာ နေဖြစ်နေကြပါပြီ။

အလှူဒါနနဲ့ ပါတ်သက်ရင်လည်း မြတ်စွာဘုရားက ကျမတို့ကို လောဘကိလေသာသတ်တဲ့ သာသနာတွင်း ပါရမီဒါနကိုဟောပြောသင်ကြားပေးခဲ့တာပါ။

ဥပမာ- မိမိအနီးအနားမှာ အစာမစားရတဲ့ အတွက်အားပြတ်လဲနေတဲ့ ခွေးလေးတစ်ကောင်လည်း ရှိတယ်။ လူအများက စားဖွယ်သောက်ဖွယ်တွေကို ၀ိုင်းအုံလှူဒါန်းနေတဲ့ ကိလေသာကင်းအောင် ကျင့်နေတဲ့ ရသေ့တစ်ပါး လည်းရှိတယ်။ ခွေးလေးကို ကျွေးလိုက်လျှင် ဘ၀တစ်ရာသာ ချမ်းသာမယ်။ ကိလေသာကင်းစင်အောင် ကျင့်နေသည့် ဈာန်ရရသေ့ကို ပေးလှူလျှင် ဘ၀ကုဋေတစ်သိန်း ချမ်းသာမယ်ဆိုပြီး ဒါနကို ဈေးတွက်တွက်ပြီး ရသေ့ကိုသာ ပေးလှူလိုက်မယ်ဆိုလျှင် အဲဒီဒါနဟာ ပါရမီမြောက်တဲ့ သာသနာတွင်းကုသိုလ် မဖြစ်တော့ပါဘူး။ ရိုးရိုးသာမာန် သာသနာပ ကုသိုလ်သာဖြစ်သွားပါပြီ။ လောဘကုန်ဖို့ နိဗ္ဗာန်ရောက်ဖို့ အထောက်အပံ့ မဖြစ်စေတော့ပါဘူး။ အဲဒီလိုမဟုတ်ဘဲ ကိုယ်ရနိုင်တဲ့ဒါနအကျိုးကိုမမျှော်ကိုးမမက်မောဘဲ ခွေးငတ်ကလေးကိုသာ ကျွေးလိုက်မည်ဆိုလျှင် သံသရာ "ငါ" ကောင်းစားရေး လောဘကိုပါ ပယ်သတ်ပြီးသားဖြစ်သွားတဲ့အတွက် မြတ်စွာဘုရား အလိုတော်ကျ ပါရမီမြောက်တဲ့ဒါနဖြစ်သွားပါတယ်

ဒါပေမဲ့ Little knowledge is dangerous. ဆိုသလိုမျိုး ပါရမီဒါနမြောက်အောင်လည်းမလုပ်တတ်၊ သာသနာပ ကုသိုလ်

အဆင့်လောက်ဘဲ ပြုလုပ်မိနေကြတာချင်း အတူတူ ကျမတို့ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ နောင်ဘ၀ကိုလည်း လက်ခံ၊ ကံကံ၏ အကျိုးကို နားလည်နေတော့ "နောင်ဘ၀ကိုယ်ချမ်းသာချင်တဲ့ လောဘ"က သူများထက်ပိုသာနေပါတယ်။ ပိုဆိုးတာက Formula နဲ့လှူတတ်တာပါ။ ဖိနပ်လှူရင် ယာဉ်ရမယ် ဆိုပြီး ယာဉ်လိုချင်လို့ ဘုန်းကြီးကျောင်းမှာ ဖိနပ်လိုလို မလိုလို လှူတာမျိုး၊ ထီးလှူရင် အမိုးအကာရမယ် ဆိုပြီး ဘုန်းကြီးကျောင်းမှာ ထီးလိုလို မလိုလို လှူနေတာမျိုးတွေနဲ့ဘဲ ကမ္ဘာမှာ အလှူကဗ္ဗည်းအများဆုံးရှိတဲ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေပြီ။

ဒီမိုကရေစီနိုင်ငံကြီးမှာ နေထိုင်နေတဲ့ ကျမသားမောင်းတဲ့ကားနဲ့ ခရီးသွားနေတုံး လမ်းတစ်နေရာမှာ ကားချင်းပွတ်ထားတာတွေ့လို့ ကျမသားကကားရပ်ပြီး ဘာကူညီရမလဲလို့ မေးတော့ ကျမက သားနဲ့သိလို့လားလို့ မေးမိတယ်။ ကျမတို့နိုင်ငံမှာတော့ သိတဲ့လူမှ မေးကြတာကိုး။ သားက ဒီမှာက လူတစ်ယောက် ဒုက္ခရောက်နေတာမြင်တွေ့လျှက်နဲ့ အကူအညီမပေးရင် တရားစွဲလို့ရတယ်တဲ့။ အော်..သူတို့မှ ကံမကောင်းရင် ဘယ်သူတွေကံကောင်းဦးမှာလဲ။ ကံကို Law ဥပဒေ နဲ့ ဆွဲတင်နေကြတာကိုး လို့ဘဲပြောမိပါတယ်။ ကျမတို့နိုင်ငံမှာ အဲဒီလို ဥပဒေ မရှိပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်ကတည်း

ကရှိနေတဲ့ ကံကောင်းစေတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားဓမ္မတွေ နည်းနာနိဿယတွေ ရှိနေပြီးသားပါ။ ကျမတို့ကိုက မလိုက်နာခဲ့ကြတာပါ။

လက်တွေ့ကျင့်ကြံနေထိုင်နေကြတဲ့ ဒီမိုကရေစီနိုင်ငံသားတွေကတော့ ဓမ္မရဲ့ အကျိုးတရားတွေကို ကိုယ်တိုင်လက်တွေ့ခံစားနေကြရတဲ့ နွားနို့ခပ်သောက်နေသူတွေဖြစ်နေပါပြီ။

တကယ်တော့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း အဆုံးအမတရားဓမ္မတွေကို လေးလေးနက်နက် လက်တွေ့လိုက်နာကျင့်သုံးကြမယ်ဆိုရင် အနိမ့်ဆုံး ကျမတို့လျှောက်လှမ်းချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရင်း ဓမ္မရဲ့ အကျိုးကျေးဇူးကို ကိုယ်တိုင် လက်တွေ့ခံစားခွင့်ရကြတဲ့ နွားနို့သောက်သူများဖြစ်လာကြမှာပါ။

Credit To ရွှေဇီးကွက်

Related Articles:

Post a Comment