Saturday, April 20, 2013

"ဘလန်းဒါးစ်"


ပညာအပေါ် အာဃာတ

ပါလီမန် ဒီမိုကရေစီခေတ်ရဲ့ဘလန်ဒါးတွေကိုကျော်ပြီး တော်လှန်ရေးကောင်စီခေတ်ကို သွားလိုက်ပါဦးမယ်။
ကျွန်တော်တကယ်တာစူတာက လက်ရှိအုပ်ချုပ်သူများဖြစ်တဲ့ ဦးသိန်းစိန်အစိုးရရဲ့ ဘလန်းဒါးတွေပါ။
သို့သော်သမိုင်းအစဉ်အလာနဲ့တည်ဆောက်ရတဲ့ ကိစ္စမို့လို့ ပါလီမန်ဖျက်သိမ်းပြီး ဗိုလ်ချုပ်နေ၀င်းနဲ့စစ်ဘက်ဆိုင်ရာ အပေါင်းပါအုပ်စုက အာဏာသိမ်းလိုက်ကြတာကို ခပ်မြန်မြန်လမ်းခင်းလိုက်တာဖြစ်ပါတယ်။
စစ်တပ်ကနေ အာဏာသိမ်းတယ်ဆိုတာကိုလွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကာလတစ်ခေတ်မှာ "နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူတယ်"လို့ သုံးစွဲမှသာ စိစစ်ရေးနဲ့ လွတ်ပါတယ်။ ဟာသဥာဏ်ရှိသူတွေကတော့ ကိုလိုနီခေတ်မှာ ချစ်တီးတွေအကြွေးနဲ့သိမ်းကြတာကိုပဲ"လယ်သမားကြီး၏ သမီးလေးကို ချစ်တီးကုလားကြီးက
လွှဲပြောင်းရယူသွားတယ်" လို့ရေးကြပါသေးတယ်။ အိမ်စောင့်အစိုးရ ဖြစ်ပေါ်လာတဲ့ ကိစ္စက တစ်မျိုးပါ။
အမှန်တော့ ဒါလည်းနိုင်ငံတော်အာဏာသိမ်းရန် ကြံရွယ်မှုနဲ့ ဇာတ်လမ်းစခဲ့တာပါ။ အာဏာသိမ်းရင် တိုင်းပြည်မှာသိပ်အရုပ်ဆိုးလိမ့်မယ်။၁၉၄၉ တုန်းကလို ရန်ကုန်အစိုးရလို့ ကမ္ဘာက ခေါ်ရလောက်အောင် ကွက်ကွက်ကလေး သေးသေးလေးပဲ ကျန်တော့တဲ့အချိန်မှာတောင်အာဏာသိမ်းမှု မဖြစ်ခဲ့ဖူးဘူး။
ဒါကြောင့် အခြေခံဥပဒေကို ရိုသေလေးစားသောအားဖြင့် လက်ရှိအစိုးရအဖွဲ့ကနေသင့်လျော်သူတွေလက်ထဲ
တိုင်းပြည်ကို ခဏအပ်မယ် ၊ အခြေခံဥပဒေမှာပါတဲ့အတိုင်း ၆ လ ထိန်းသိမ်းပြီးသန့်ရှင်းမျှတတဲ့
ရွေးကောက်ပွဲတစ်ခုလုပ်ပေးရမယ်။ အဲဒီစည်းကမ်းနဲ့ ဦးနုဟာ အိမ်စောင့်အစိုးရလက်ထဲ တိုင်းပြည်ကို
ယာယီလွှဲခဲ့တာပါ။ အဲဒါတောင် ၆ လ နဲ့ မကျေနပ်လို့ တိုးတောင်းလိုက်တာတစ်နှစ်ခွဲကျော်သွားပါတယ်။
ဘာကြောင့် ဒီလို အချိန်ဆွဲခဲ့ရတယ်ဆိုတာ စဉ်းစားကြည့်ရင်သိပါတယ်။ အဲဒီရွေးကောက်ပွဲက
သန့်ရှင်း-တည်မြဲ အားပြိုင်တဲ့ပွဲ။ သန့်ရှင်းနိုင်သွားလို့ဖြစ်လာခဲ့တဲ့ အကျိုးဆက်တွေအကြောင်း
အရင်ဆောင်းပါးမှာ ရေးပြခဲ့ပါပြီ။
စစ်တပ်က အာဏာသိမ်းတယ်ဆိုတာရှင်းရှင်းပြောရရင် မာရှယ်လောနဲ့ အုပ်ချုပ်တာပါပဲ။ နိုင်ငံတော်အာဏာ
သုံးရပ်စလုံးကိုဖျက်သိမ်းပြီး စစ်ဥပဒေနဲ့ အုပ်ချုပ်တာပါ။ အာဏာသိမ်းခေါင်းဆောင်နဲ့ သူ့အဖွဲ့သားများဟာ
ကျေးရွာအဆင့်အထိ စိတ်ထဲကောင်းမယ်ထင်တာတွေ ပြဌာန်းပြီး အုပ်ချုပ်တာဖြစ်ပါတယ်။ လုံခြုံမှုနဲ့
အုပ်ချုပ်မှုကော်မတီဆိုတဲ့ အဖွဲ့ဖွဲ့ပြီး အုပ်ချုပ်စေတယ်။ ထိပ်ဆုံးမှာတော့ တော်လှန်ရေးကောင်စီပေါ့။
ပြီးရင် ဗဟို (ဗလက) ၊ တိုင်း (တလက) ၊ (ပြည်နယ်တွေမှာလည်း ရှိတယ်) ၊ ခရိုင် (ခလက) နဲ့မြို့နယ်
(နလက) ဆိုပြီး ဖွဲ့တယ်။ ခလကတို့ နလကတို့မှာ ဥက္ကဌ လုပ်ရတဲ့ စစ်ဗိုလ်ဟာ အတော်အာဏာရှိပါတယ်။
ခရိုင်/မြို့နယ် တစ်ခုလုံး ကိုယ့်လက်ကိုယ့်ခြေ လုပ်ရုံပဲ။ တကယ် အဓိကကျတာ နလက တွေပါ။
မြို့တွေကို တာဝန်ယူရတာကိုး အဲဒီအဆင့်မှာ ဗိုလ် သို့မဟုတ် ဗိုလ်ကြီးတွေကို ထားလေ့ရှိပါတယ်။
အဲဒီခေတ်က တက္ကသိုလ်ဘွဲ့ရတွေအလွန်ရှားပါတယ်။ ဘွဲ့ရလူငယ်တွေကလည်း အုပ်ချုပ်ရေးပိုင်း ပညာရေးပိုင်းကို
ဝင်ကြတာပါပဲ။ဘွဲ့ရပြီးမှ စစ်ထဲဝင်သွားသူတွေလည်း အနည်းအကျဉ်းတော့ ရှိပါတယ်။ အရာရှိအများစုက
တော်လှန်ရေးကြီးမှာတိုင်းပြည်ချစ်စိတ်နဲ့ ကျောင်းခန်းကို စွန့်ပြီး (ကျောင်းတွေလည်းပိတ်ထားတာပါ)
ဝင်လာကြတဲ့မျိုးချစ်လူငယ်တွေပါ။ ပညာတစ်ပိုင်းတစ်စနဲ့ပါ။ ထိပ်ဆုံးရာထူးကို တစ်ချိန်မှာရောက်လာခဲ့တဲ့
ပုဂ္ဂိုလ်တစ်ဦးဆိုရင် ၆ တန်းနဲ့ကျောင်းထွက်ပြီး မျိုးချစ်တပ်မတော်ထဲ ၀င်ခဲ့သူဖြစ်ပါတယ်။ငါတို့အရာရှိတွေ
ခုနစ်တန်းလောက်တော့ အောင်ကြဖို့ကောင်းတယ်ဆိုပြီး ကာချုပ်က စီမံပေးလို့အင်္ဂလိပ်စာရယ် သင်္ချာရယ်
မြန်မာစာရယ်ပဲ ဖြေရမယ့် အထူးစာမေးပွဲ တီထွင်ပြီး ခုနစ်တန်း အောင်လက်မှတ်ထုတ်ပေးခဲ့တာပါ။
သူ့ကိုယ်ရေးရာဇ၀င်မှာတော့ "ရှစ်တန်း" လို့ဖြည့်ထားတာ တွေ့မယ်။ သို့သော် သူဟာရိုးသားသူ ကြိုးစားသူဖြစ်လို့
အင်္ဂလိပ်စာကို အတန်အသင့် ပြောနိုင်ဖတ်နိုင်တဲ့အဆင့်ရောက်ခဲ့ပါတယ်။တကယ်တော့ အောင်လက်မှတ်ဆိုတာထက်
ပင်ကို အရည်အချင်းက ပိုအရေးကြီးတာပါ။ ပင်ကို အရည်အချင်းထက်ပိုပြီးအရေးကြီးတာက အမြင်ကြည်လင်ဖို့ပါ။
အရေးအကြီးဆုံးကတော့ စေတနာပါ။
လအကတွေ ခေတ်မှာ ဒေသငယ်လေးတွေကိုအုပ်ချုပ်ရတဲ့ ဗိုလ်တော်တော်များများနဲ့ ဆက်ဆံခဲ့ရဖူးပါတယ်။
သူတို့ဘယ်လောက်ပဲ တတ်တယ်၊ ဘယ်နေရာတွေကျတော့ အထူးကျွမ်းကျင်တယ်ဆိုတာ သူတို့နားလည်ကြပါတယ်။
ပြီးတော့ ဆယ်တန်းဆိုတာဘယ်လို တက္ကသိုလ်ဆိုတာ ဘယ်လို ဆိုတာတွေလည်း သူတို့ သိကြပါတယ်။
သူတို့လုပ်ရမှာက သူတို့ကိုပေးအပ်ထားတဲ့လုပ်ပိုင်ခွင့်တွေအတိုင်း သက်ဆိုင်ရာ ပြည်သူလူထုကို လုံခြုံငြိမ်းချမ်းအောင်
လုပ်ပေးရမယ်၊ အစိုးရယန္တရားကို အရှိမပျက်လည်ပတ်နိုင်အောင် ကာကွယ်ပေးရမယ်ဆိုတာ သူတို့သိကြပါတယ်။
အာဏာယစ်မူးသွားတဲ့စုန်းပြူးတချို့လည်း ရှိခဲ့တာပါပဲ။ ကိုယ့်ကိုယ်ကို ဂျပန်ခေတ်က မာစတာတွေအလား
ထင်သွားကြတာ။ဒါမျိုးကလည်း ဘောင်လွတ်ပါများလာရင် လူကြီးတွေက ပြန်ခေါ်ပြီး ရှေ့တန်း
လွှတ်လိုက်တာပါပဲ။လအကနဲ့ ပြည်သူတွေအကြား အဖုအထစ်တွေ ကင်းနေစေဖို့ ၊ မတတ်သာလို့
အုပ်ချုပ်ရေး တာဝန်ယူနေရတာကိုပြည်သူကကြည်ဖြူဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တာတွေရှိပါတယ်။
၁၉၆၄ မှာ စီးပွားရေးလုပ်ငန်းတွေပြည်သူပိုင်သိမ်းပါတယ်။  အဲဒီမှာ တာဝန်ခံ မိုးကျရွှေကိုတွေပေါ်လာပါတော့တယ်။
နှစ်နှစ်ကျော်ကျော် တည်ဆောက်လာခဲ့တဲ့ ယုံကြည်မှုတွေ ပြိုလဲစပြုလာပါတယ်။
ကျွန်တော်နဲ့ ရင်းနှီးသူတွေထဲမှာ ဘီအိုစီဆိုတဲ့ မြန်မာပြည်ရဲ့အကြီးဆုံး ရေနံကုမ္ပဏီကြီးက အရာရှိကြီးတွေ ပါပါတယ်။
သူတို့ဆီကသိရတဲ့ဇာတ်လမ်းနှစ်ပုဒ်ဟာ အတော်စိတ်ဝင်စားစရာကောင်းပါတယ်။
ချောက် ၊ ရေနံချောင်းရေနံမြေဟာ ရေနံသိုက်ကြီးကြီးတွေ ရှိတဲ့ နေရပါ။ အင်္ဂလိပ်က (ဂျပန်အ၀င်မှာ)
ဆုတ်ခွာသွားတော့အဲဒီရေနံမြေက ရေနံတွင်းတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ
ရေနံမြေပြန်လည်ထူထောင်ရေးကို ဘီအိုစီတို့ အိုင်ဘီပီတို့နဲ့ ပူးတွဲပြီး ပြန်လည်ထူထောင်ခဲ့ရပါတယ်။ ထွက်နှုန်းတွေလည်း ပြန်တက်လာခဲ့ပါတယ်။ စာရင်းဇယား အဟောင်းတွေကို ပြန်ကြည့်ရင် မြင်နိုင်ပါတယ်။
၁၉၇၀ လို ကာလမျိုးမှာတောင် ရေနံဆီဟာ လူတစ်ဦး တစ်ဂါလံကျနဲ့ တစ်နှစ်ကို ဂါလံ ၃၅ သန်းလောက်
ထုတ်လုပ်နိုင်ခဲ့တာပါ။ ဓါတ်ဆီက ပိုများပါတယ်။
တွင်းသစ်တွေလည်း တူးကြပါတယ်။စက်သုံးဆီ လိုအပ်ချက်က တစ်နှစ်ထက် တစ်နှစ် ပိုများလာမှာကိုး။
တစ်နေ့တော့ အင်ဂျင်နီယာတွေဟာရေနံကြောတစ်ခုကို တူးမိပါတယ်။ ဖိအားတွေ သေသေချာချာ
တွက်ချက်ပြီးတော့ လက်မ၀က် (၁/၂)လို ပိုက်သေးသေးနဲ့ပဲ ထုတ်ယူဖို့ စီမံကြပါတယ်။ ရတဲ့ နှုန်းကတော့ နည်းမယ်။
တစ်နေ့ကိုဂါလံ ၅၀၀၀ လောက်နဲ့ နှစ်ပေါင်းများစွာ ၁၅ နှစ်လောက် ထုတ်ယူနိုင်မယ် လို့ တွက်ချက်ပြကြတယ်။
အဲဒီမှာ တာဝန်ခံ အုပ်ချုပ်သူပုဂ္ဂိုလ်က လက်မ၀က်ပိုက်နဲ့ မဟုတ်ဘဲ ပိုက်ကြီးကြီး (လေးလက်မပိုက်)တဲ့ ထုတ်ရင်
ရှစ်ဆ ပိုမထွက်ဘူးလား လို့ ပြောပါတယ်။ အဲဒီလောက်အထိက တော်ပါသေးတယ်။ (တကယ်တော့လက်မ၀က်နဲ့
လေးလက်မပိုက်ဟာ အဲဒီထက် ပိုကွာခြားပါတယ်) ဘာက ဆိုးသွားသလဲဆိုတော့ ခင်ဗျားတို့ပညာတတ် အင်ဂျင်နီယာကြီးတွေဖြစ်ပြီး ဒါလေးမှ မတွက်တတ်ဘူးလားလို့ ပြောတာပါ။ အင်ဂျင်နီယာတွေကတော့ အာဏာရှိနေသူကို ကြောက်လို့ ရိုးရိုးသားသားပြန်ရှင်းပြကြပါတယ်။ ရေနံဆိုတာ မြေတွင်းတက်ထဲကနေ
အပေါ်ကိုရောက်ဖို့ အတွင်းမှာရှိနေတဲ့ ဓါတ်ငွေ့အားနဲ့ တွန်းထွက်ရတာ။ ပိုက်ကြီးကြီးသုံးရင်ဓါတ်ငွေ့တွေ အားကုန်လွယ်ပြီး ရေနံကို မတွန်းနိုင်ဖြစ်လိမ့်မယ်။ ခဏနဲ့ တွင်းကန်းသွားလိမ့်မယ်လို့ရှင်းပြကြပါတယ်။
မရပါဘူး။ ခင်ဗျားတို့ေ-ာက် ပညာတတ်တွေ နိုင်ငံချစ်စိတ်ကို မရှိဘူး၊ တိုင်းပြည်အပေါ် စေတနာမထားဘူး ဆိုတာတွေ ဖြစ်ကုန်ရော။ ပြီးတော့ သူလိုချင်တဲ့ ပုံစံနဲ့တူးခိုင်းရော။





ရေနံတွေ အားရပါးရ ဒလဟောထွက်လာတော့  "တွေ့လား" ဆိုတဲ့ အပေါက်မျိုးချိုးပြီး"ေ-ာက် ပညာတတ်တွေ" လို့ ထပ်ဆဲပြန်ရော။ အဲဒီတွင်းဟာ တစ်လလောက်နဲ့ ကန်းသွားပါတယ်။ဘာမှ လုပ်လို့မရတော့ပါဘူး။
နှမြောစရာကောင်းလှပါတယ်။  အဲဒီ တာဝန်ရှိပုဂ္ဂိုလ်က ကျွန်တော်တို့တွေ့ခဲ့ဖူးတဲ့လူတွေလို အရည်အသွေး
ကောင်းတဲ့လူ မဟုတ်ပါဘူး။ ပညာရှင်ကို အထင်သေးတယ် ၊ ပညာကို အထင်သေးတယ်။ အဲဒီ အာဃာတ
စိတ်ကလေးပဲ သူ့မှာဆိုးနေတာပါ။ ရေနံတွေ အများကြီးထွက်လာရင်ငါဘယ်လို အကြံအဖန်တွေလုပ်လိုက်မယ်ဆိုတဲ့ စိတ်ယုတ်မာမျိုး မရှိပါဘူး။စေတနာလည်း မဆိုးပါဘူး။ အမြင်ပဲ မကြည်လင်တာ။


နောက်တစ်ချီမှာ ဆေးပညာရှင်တစ်ဦးနဲ့ငြိကြပါတယ်။ တင်းနစ်ကွင်းထဲမှာပါ။ သူက အမှန်လို့အတင်းပြောနေတာတွေကို
ဟိုလူက တင်းနစ်ကစားပွဲဥပဒေတွေထောက်ပြပြီး အမှန်ရှင်းပြတယ်။ အဲဒါကို သူ လက်မခံနိုင်ဘူး။
"ခင်ဗျားတို့ေ-ာက်ပညာရှင်တွေ လူဝါးကို ၀တယ်" ဆိုတာမျိုးတွေ လုပ်ရော။ ဟိုကလည်းဆတ်ဆတ်ထိမခံဆိုတော့
ခင်ဗျား ဘယ်လောက်တတ်သလဲ ၊ ဘာလုပ်စားတတ်လဲ ၊ သတ္တိရှိရင် အလုပ်ထွက်ပြီး အပြင်မှာ လုပ်စားကြရအောင်လို့စိန်ခေါ်ပါတယ်။ ပြီးတော့ ညတွင်းချင်း ထွက်စာတင်သွားပါတယ်။ ပြီးတော့ သြစတြေးလျကိုထွက်သွားပြီးပါရဂူလုပ်စားနေလိုက်ပါတယ်။ အားလုံး မျှော်လင့်သလိုပါပဲ။ အဲဒီ "ပညာတတ် မုန်းတီးရေး"ပုဂ္ဂိုလ်ကတော့ ဘယ်အလုပ်ထွက်ရဲပါ့မလဲ။


တိုင်းပြည်တစ်ပြည်မှာဒူးနေရာဒူး ၊ တော်နေရာတော် ဆိုတဲ့ သဘောရှိပါတယ်။ ခွေးအလုပ်ကို မြင်းဝင်လုပ်လို့မရသလို
မြင်းအလုပ်ကိုလည်း ခွေးဝင်လုပ်လို့ မရပါဘူး။ ကိုယ့်တာကိုယ် မသိဘဲ နေရာတကာ လူတော်လူတတ်ဝင်လုပ်ချင်တဲ့
လူတွေ စင်ပေါ်ရောက်လာရင် တိုင်းပြည်မှာ ဘလန်းဒါးတွေ တစ်ခုပြီး တစ်ခုကြုံရမှာပါပဲ။



Credit:ပြည်သူ့ခေတ် ဂျာနယ်
အတွဲ ၃ ၊ အမှတ် ၁၃၆
၇ မတ် ၂၀၁၃




Related Articles:

Post a Comment