Thursday, April 18, 2013

နိုင်ငံတော်သစ်ကို ဘာနဲ့တည်ဆောက်မလဲ


 dr.khinmaungnyo-april3

 ၀၁၃ ခုနှစ် မတ်လ ၂၅ ရက်တွင် မြောက်ကိုရီးယားတပ်ဖွဲ့များ ကမ်းတက်တိုက်ခိုက်ရေး လေ့ကျင့်မှုများ ပြုလုပ်နေစဉ် (Photo - AFP)
တိုင်းနိုင်ငံတစ်ခု ဖြစ်တည်လာတဲ့အခါ ဘာနဲ့တည်ဆောက်မလဲ ဆိုတာကို ဒဿန ပညာရှင်များ မေးလေ့ရှိတဲ့ မေးခွန်းပါ။
စစ်နဲ့ တည်ဆောက်မှာလား
အချို့ကတော့ နိုင်ငံတော်ကို စစ်အင်အားနဲ့ တည်ဆောက်ကြတယ်။ ဒါဟာလည်း သမိုင်းတစ်လျှောက်မှာ မှန်ပါတယ်။ ယနေ့တိုင်လည်း နိုင်ငံတိုင်းလိုလိုမှာ စစ်အင်အားဟာ အတော်လေးကို အရေးပါဆဲ ပါပဲ။
အဓိကကတော့ လူတွေဟာ တိရစ္ဆာန်ရဲ့ အလိုဆန္ဒတွေမျိုးကိုပဲ ဖြည့်ဆည်းရင်းနဲ့ အချိန်ကုန်တယ်လို့ ဒင်းကန်းမင်း (Dean Kaman) က ဆိုတယ်။     
လူတွေဟာ စားစရာသောက်စရာတွေအတွက် လုံးပန်းတယ်။ နေစရာ ထိုင်စရာ လိုချင်တယ်။ ကာမဂုဏ် ခံစားချင်တယ်။
ကြောက်လည်း အတော်ကြောက်ကြတယ်။ ဒီလိုကြောက်တဲ့ အခါမှာဖြစ်စေ တစ်စုံတစ်ခုကို လိုချင်တဲ့အခါမှာ ဖြစ်စေ စစ်ပွဲတွေ ဆင်နွှဲကြတော့တယ်။
မြောက်ကိုရီးယားဟာ ဘာကြောင့် စစ်ပြင်ဆင်နေလဲဆိုတာကို ဒီအချက်က ပေါ်လွင်စေပါတယ်။
တိရစ္ဆာန်တွေလည်း ဒီအတိုင်းပါပဲ။ နယ်မြေလုချင်လို့ တိုက်ခိုက်တာ ရှိသလို တစ်စုံတစ်ယောက်က တိုက်ခိုက်လာမှာ စိုးရိမ်ပြီး ကြောက်တဲ့အတွက်လည်း တိုက်ခိုက်တာတွေ ရှိတယ်။ ဦးချိုရှိသူတွေက ဝှေ့တယ်။ အစွယ်ရှိရင် ထိုးတယ်၊ နင်းချေတယ်။ သွားကောင်းတော့ ကိုက်တယ်။
လူတွေလည်း ဒီလိုပါပဲ။ အရင်က တုတ်တွေ ဓားတွေ ခဲတွေနဲ့ပေါ့။ နောက်တော့ သေနတ်တွေ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ နောက်ဆုံး အဏုမြူဗုံး လက်နက်ထိ သုံးလာတယ်။
ဒါဟာ လူနဲ့ တိရစ္ဆာန် တူတဲ့အချက်ပါပဲ။

ပညာနဲ့ တည်ဆောက်
ဒင်းကန်းမင်း (Dean Kaman) ရဲ့ အယူအဆကတော့ ၂၁ ရာစုဟာ ပညာခေတ်ပါပဲတဲ့။
ပညာဟာ အရေးအပါဆုံးလို့ ယူဆရမယ်လို့ သူက ဆိုတယ်။
ပညာခေတ်မှာ ပညာနဲ့ အသက်မွေးကြမယ်။ ပညာခေတ်ရောက်တော့ ပညာတတ်တွေ ပေါမယ်။ လူနေမှု အဆင့်လည်း တိုးတက်မှာပေါ့။ လူတွေဟာ ယဉ်ကျေးလာပြီး နားလည်မှုတွေ ရှိလာမယ်။ တစ်ယောက်နဲ့တစ်ယောက် အားသာချက် အားနည်းချက်တွေအပေါ် ခွင့်လွှတ်လာကြမယ်။ သူက "လူတွေကို ပညာသာ သင်ပေးလိုက်ပါ စစ်ပွဲတွေ ရပ်ဆိုင်းသွားမယ်" လို့ဆိုတယ်။

ကြောက်လည်း အတော်ကြောက်ကြတယ်။ ဒီလိုကြောက်တဲ့ အခါမှာဖြစ်စေ တစ်စုံတစ်ခုကို လိုချင်တဲ့အခါမှာ ဖြစ်စေ စစ်ပွဲတွေ ဆင်နွှဲကြတော့တယ်။
မြောက်ကိုရီးယားဟာ ဘာကြောင့် စစ်ပြင်ဆင်နေလဲဆိုတာကို ဒီအချက်က ပေါ်လွင်စေပါတယ် . . . . .

ပညာတတ်ရင် ရလဒ်ကောင်း နှစ်ခုရမယ်လို့ သူက ဆွေးနွေးတင်ပြတယ်။
ပထမတစ်ခုကတော့ ရန်ဖြစ်နေလို့ အလကားပဲ။ သူလည်း အကျိုးမရှိ၊ ကိုယ်လည်း အကျိုးမရှိ၊ နှစ်ဦးနှစ်ဝ ပျက်စီးနိုင်တယ် ဆိုတာကို အသေအချာ သဘောပေါက်လာနိုင်တယ်။ အဏုမြူစစ်ပွဲတွေ ဖြစ်လာရင် ကမ္ဘာကြီးဟာလည်း သုံးလို့မရအောင် ပျက်စီးသွားနိုင်တယ်။ ကမ္ဘာသားတွေဟာ တစ်လှေတည်းစီး ခရီးသွားတွေနဲ့ တူတယ်။ လှေပေါက်ပေါက် လှေမှောက်မှောက် တစ်ယောက်တည်း ဒုက္ခရောက်မှာ မဟုတ်ဘူး။ အားလုံး ဒုက္ခရောက်မှာ အသေအချာပဲ။ ဒါဟာ ရှုံးပြီးရင်း ရှုံးဆိုတဲ့ Lose/Lose အခြေအနေနဲ့ တူတယ်။
လက်နက်ဆိုတာ ပျက်စီးစေတယ်။ ဖျက်ဆီးတတ်တယ် ဆိုတာကို သဘောပေါက်ကြရင်တော့ ဘယ်သူမှလည်း စစ်မတိုက်တော့ဘူး။ လက်နက်တွေကိုလည်း မထုတ်လုပ်တော့ဘူးပေါ့။ တကယ်တမ်း ဆန်းစစ်ကြည့်ရင်လည်း လောကမှ ဘယ်စစ်လက်နက်ကမှ ကောင်းကျိုးကို ဆောင်ရွက်ပေးတာ မရှိပါဘူး။ ဒါပေမဲ့ ဒါကို ကျွန်တော်တို့ မမြင်ကြဘူး။ တစ်ယောက်နဲ့တစ်ယောက် မာနတွေ ပြိုင်နေတယ်။ သူကောင်းစားသွားရင် ငါဆုံးရှုံးမှာကို ကြောက်တယ်။ ငါကောင်းစားမှာကို သူကလည်း ကြောက်တယ်။ ငါတို့နှစ်ယောက်လုံး ကောင်းအောင်လုပ်မယ်ဆိုတဲ့ Win/Win အခြေအနေမျိုးကို မမျှော်မှန်းတတ်ကြဘူး။
ဒါကြောင့် ပညာသင်ရင်ရတဲ့ အကျိုးကို မြော်မြင်နိုင်ကြမှာပါ။
ဒုတိယအကျိုးကတော့ ပညာတတ်လာရင် သူများဆီက လုယက်ဖို့ တော်ရုံတန်ရုံ စဉ်းစားတော့မှာ မဟုတ်ဘူး။ ဒီတော့ လုယက်ဖို့ လက်နက်တွေလည်း မ၀ယ်တော့ဘူး။ လက်နက်တွေကိုလည်း မထုတ်တော့ဘူး။ လက်နက်စက်ရုံတွေဟာ ကုန်ထုတ်လုပ်ငန်းကို ပြောင်းလဲ လုပ်ကိုင်လာမှာပဲ။ မိမိအတွက် ကုံလုံအောင် စီးပွားရေး လုပ်ငန်းတွေ တည်ထောင်လုပ်ကိုင်ကြမှာပါပဲ။ လုပ်ငန်းတွေနဲ့ ကြိုးစားရင်း တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လိုတဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာမှာပါပဲ။ ဒီတော့ စီးပွားရေး လုပ်ငန်းတွေ လုပ်လာဖို့ အမြော်အမြင်တွေရှိတဲ့ လူသားတွေ ပေါ်ထွန်းလာဖို့ ပထမဦးဆုံး လိုအပ်တာကတော့ ပညာရင်းနှီးမြှုပ်နှံဖို့ ပါပဲလို့ ဒင်းကန်းမင်းက ဆိုတာဖြစ်တယ်။

အင်တာနက်ကွန်ယက်
အေးချမ်းတဲ့ ကမ္ဘာကြီး ဖြစ်လာဖို့ ပညာဟာ အဓိကပါလို့ သူပြောချင်တယ်လို့ သူထပ်ပြောပြန်တယ်။ လူတွေဟာ ပညာကို နည်းမျိုးစုံနဲ့ ရကြတယ်။ ဥပမာ လူတွေဟာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ကြံစည်ကြရင်းက ရေဒါကို တီထွင်ထုတ်လုပ်နိုင်ခဲ့ကြတယ်။ ရေဒါစနစ်ဟာ အရပ်ဘက်ထက် စစ်ဘက်မှာ အသုံးကျတယ်လို့ ယူဆခဲ့ကြတယ်။ တကယ်တမ်းမှာ ယနေ့မိုးလေ၀သမှာ ရေဒါဟာ အများကြီး အသုံးဝင်တယ်။ မိုးရွာ မရွာ၊ နှင်းကျ မကျ၊ လေမုန်တိုင်းရှိ မရှိ စတာတွေကို မိုးတိမ်တွေဆီ ရေဒါက လှိုင်းများလွှတ်ကာ စမ်းသပ်နိုင်တယ်။ ဒါ့အပြင် အခြားသော ရေအောင်မြေအောင် သယံဇာတတွေကိုလည်း ရေဒါကနေ ရှာနိုင်ပါသေးတယ်။
အင်တာနက်ကိုရော၊ ဘယ်သူက စတာလဲ။
အမေရိကန် စစ်တပ်က စတာပါ။ ဒီအင်တာနက်ဟာ တကယ့်ကြီးမားတဲ့ ကွန်ရက်ကြီး ဖြစ်နေပါပြီ၊ ဒီကွန်ရက်ကနေ သတင်းအချက်အလက်ပေါင်း များစွာကို လူတွေဖတ်ရှု လေ့လာလို့ ရတယ်။ ပညာတွေ သင်လို့ရတယ်။ ကမ္ဘာ့အရှေ့ခြမ်းက သတင်းကို ကမ္ဘာ့အနောက်ခြမ်းက ချက်ချင်းကြည့်လို့ ရတယ်။ စာပို့လို့ရတယ်။ စကားတွေပြောလို့ ရတယ်။
ဒါပေမဲ့ အင်တာနက်သုံးပြီး တိုက်ခိုက်နေတာတွေ ရှိသေးတယ်။ အင်တာနက်ကို သုံးပြီး အမုန်းတရားတွေ ဖန်တီးပြောဆိုနေကြတယ်။ အင်တာနက်ကနေ စော်ကားမော်ကား ပြုနေကြတယ်။
လူတစ်ယောက် ပြောပါတယ်။ အင်တာနက်ထဲက Facebook ကို မကြည့်ရရင် အဲဒီနေ့မှာ အာဟာရ ပြတ်သလိုပါပဲတဲ့။ ဘယ်လိုဖြစ်ဖြစ် ပညာကတော့ အရေးပါတယ်။

နားလည်ကြမှ
ဒီလို ပညာတတ်တွေ အသိပညာ ရှိသူတွေ များလာပါမှ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးမှာ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် နွေးနွေးထွေးထွေး ဆက်ဆံလာနိုင်တဲ့ အနေအထားကို ရောက်လာမယ်လို့ ဆိုတယ်။ ဒီလို အခြေအနေကနေ ကမ္ဘာ့ရွာကြီး ပေါ်ပေါက်လာတယ်ဆိုတဲ့ အယူအဆကို တင်ပြနေကြတယ်။
ကမ္ဘာ့ရွာကြီးဟာ လူတွေအားလုံး တပေါင်းတစည်းတည်း ရှိတာကို ပြောတာပါ။ ကမ္ဘာ့ရွာကြီးမှာ သူ့လူမျိုးနဲ့သူ၊ သူနိုင်ငံနဲ့သူ၊ သူ့အစိုးရနဲ့သူ ရှိနေမှာပါပဲ။ ဘယ်သူမှ တစ်ယောက်ကိုတစ်ယောက် ကျူးကျော်ရန်စမှာ မဟုတ်ဘူးပေါ့။
ဒီလိုနားလည်မှုတွေနဲ့အတူ လက်တွဲနေထိုင်ဖို့အတွက် "ဆက်သွယ်ရေးကွန်ရက်" ဟာ အင်မတန် အရေးပါတယ်။
ဒီလိုအခြေအနေမှာ တစ်စုံတစ်ယောက်က ကမ္ဘာကြီးကို လက်ဝါးကြီး အုပ်မှာလား။ မရပါဘူး။
ပညာတတ်က ပညာမဲ့တွေကို အနိုင်ကျင့်မယ်။ ချမ်းသာသူတွေက ဆင်းရဲတဲ့လူတွေကို နှိပ်စက်မယ်ဆိုတဲ့ လွဲမှားတဲ့ လက်ဝါးကြီးအုပ် အနိုင်ကျင့် နေထိုင်လို့ ရမှာမဟုတ်ဘူး၊
အေးအတူပူအမျှ ခွဲဝေပေးရ ခွဲဝေကျွေးကြရမှာပဲ၊
လူမှုရေး မညီမျှ ကွာဟမှုတွေကတော့ ရှိမှာပါပဲ၊
ဒါပေမဲ့ ဒီလိုကွာဟာမှုဟာ လူမျိုးရေး၊ ဘာသာရေးတို့အပေါ်မှာ တည်နေမှာ မဟုတ်ပါဘူး၊
နောက်ပြီး ကွာဟချက်ဟာလည်း အရမ်းကာရော ကြီးမားလို့ မရပါဘူး၊
ဒီလိုခြားနားချက်တွေရဲ့ ကွာဟချက်တွေကို နည်းအောင်ကြိုးစားရမှာ ဖြစ်တယ်။ ဒီလိုကွာခြားတာဟာ သူ့ဘာသာသူ ဖြစ်တာပဲရယ်လို့ လစ်လျူရှုထားရင်တော့ ကမ္ဘာကြီးလည်း ပျက်သုဉ်းသွားမှာပဲ၊။
ဒီတော့ လူတွေဟာ လောဘကြီးလို့ မရတော့ဘူး၊
တကယ်တော့ လူတွေလောဘကြီးကြတာဟာ (အကြောင်း အများကြီးအနက် အရေးပါဆုံးဖြစ်တဲ့ အချက်တစ်ချက်ကတော့) နောင်ရေးအတွက် စိတ်မအေးကြလို့သာ ဖြစ်တယ်လို့ ပညာရှင်အများက ဆိုပါတယ်၊
နောင်ရေးကို မပူမပန်စေရဘူးဆိုရင် လူတွေဟာ စိတ်ဝင်စားလာကြမှာပဲ။ ဥပမာလက်ပံတောင်းတောင် ကိစ္စမှာ ပြည်သူတွေရဲ့ နောင်ရေးကို ဘယ်သူအာမခံပေးလို့လဲ၊ သူတို့ကို လူနေမှု အဆင့်မီအောင် ထားပေးပြီး လုံလောက်တဲ့ အာမခံမှုတွေပေးရင် စည်းရုံးဖို့တောင် မလိုပါဘူး။ သူတို့ဟာ ခေါင်းဆောင်တွေနောက်ကို ပါလာမှာပဲ။

မြန်မာတို့ရဲ့ နောင်ရေး
မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ၁၃၅ မျိုးဟာ နောင်ရေးအတွက် ပူပန်နေကြတယ်။ အနီးဆုံးဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲကို လှမ်းမျှော်ကြည့်နေကြသလို အနာဂတ်အတွက်လည်း စိတ်မအေးကြသေးပါဘူး။ အကြမ်းအားဖြင့် ဆက်ဆံရေးကိုကြည့်လျှင် တစ်ယောက်ကိုတစ်ယောက် မယုံကြည်ဘူးဆိုတာကို တွေ့ရပေမယ်။
ဘာကြောင့် ကျွန်တော်တို့ဟာ ယုံကြည်မှု မတည်ဆောက်နိုင်တာလဲ။
စင်စစ်ပြောရင် အစိုးရနဲ့ ပြည်သူဆိုတာ မိဘနဲ့ သားသမီးလိုပါပဲ။
မိဘက သားသမီးအတွက် အနစ်နာ ခံတယ်ဆိုရင် သားသမီးတွေက ငါ့မိဘဟာ ငါ့ကိုတကယ်ချစ်တယ်ဆိုပြီး ယုံကြည်မယ်။
သားသမီးကလည်း မိဘအတွက် အနစ်အနာခံတယ်ဆိုရင် မိဘက သားသမီးအတွက် ကျေနပ်မှာဖြစ်တယ်။
တစ်ယောက်ကို တစ်ယောက် ယုံကြည်ကြဖို့ ကိုယ်လိုချင်တာတွေကို ယူနေကြလို့ မရဘူး။ ကိုယ်က ပေးရမှာဖြစ်တယ်။ "ဒါလေးကတော့ ငါ့သားအတွက်။ ဒါလေးကတော့ ငါ့သမီးအတွက်" ဆိုပြီး သားသမီးတွေကို ဦးစားပေးတဲ့ မိဘတွေကို သားသမီးတွေက ဘာလုပ်ပေးရပေးရ အဖေကို မထိနဲ့ အမေကိုမထိနဲ့ဆိုတဲ့ ယုံကြည်မှုမျိုးကို ရရှိပါတယ်။
မြန်မာတွေဟာ သဘောသကန် ကောင်းကြပါတယ်။
သည်းခံ အနစ်နာခံတာ လူမျိုးစရိုက် သဘာဝပါ။ တိုင်းရင်းသားတွေနေတဲ့ အရပ်တွေကို သွားကြည့်ပါ။ လူသားချင်းစာနာတဲ့ Humantarian စိတ်ဓာတ် အပြည့်အ၀ ရှိတာကို တွေ့ရပေမယ်။
ဒါကြောင့် ဒီလိုနိုင်ငံဟာ မကြီးပွား မတိုးတက်စရာ မရှိပါဘူး။
ဒီတော့ နိုင်ငံတစ်ခု ထူထောင်ဖို့အတွက် ပညာကို အဓိကထားပြီး စိတ်ကောင်းစေတနာကောင်းနဲ့ အများအတွက် အနစ်နာခံတတ်တဲ့ ခေါင်းဆောင်များနဲ့အတူ ပြည်သူများပါ ကြည်ဖြူကြဖို့ တိုက်တွန်းပါတယ်။

 Written by ဒေါက်တာခင်မောင်ညို
Credit  http://first-11.com

Related Articles:

Post a Comment