Wednesday, April 17, 2013
အရပ်ဘက်အုပ်ချုပ်ရေးနှင့်စစ်ဘက်အုပ်ချုပ်ရေး
ထင်အောင်ကျော်
      အင်အားသည် အမှန်တရားတဲ့လား။ သို့ဆိုလျှင် နိုင်ငံတိုင်းမှာဘာ့ကြောင့် စစ်တပ်ကချည်းပဲ မအုပ်ချုပ်ကြသနည်း။ စစ်တပ်မှာ သေနတ်တွေရှိသည် မဟုတ်လား။
          တစ်ခါတလေတော့တိုင်းသူပြည်သားများကိုယ်တိုင်က စစ်အုပ်ချုပ်ရေးကို လိုလားတတ်ကြသည်။ အကြောင်းမူကားသူတို့က ရွေးချယ်တင်မြှောက်လိုက်သည့် နိုင်ငံရေးသမားများက အချင်းချင်းစကားတွေပဲများနေကြပြီးပြည်သူ့အကျိုးကိုမဆောင်၊ တိုင်းပြည်ကြီး တစ်ခုလုံးလည်း ကသောင်းကနင်းဖြစ်နေသောကြောင့်တည်း။
          သို့သော်သမိုင်းကြောင်းအရ စစ် ဘက်က အလုပ်အကိုင်တွေ ပေါ်ထွန်း လာအောင် လုပ်မပေးနိုင်ပါ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လည်း မလုပ်နိုင် ပါ။ ယုတ်စွအဆုံး ပြည်သူတို့အတွက် မရှိမဖြစ်လိုအပ်ချက်များကိုပင်ကောင်း ကောင်း မဖြည့်ဆည်းပေးနိုင်ချေ။ ဒါကြောင့်ပင် အရပ်ဘက်အုပ်ချုပ်ရေးကို ထူထောင်ကြရတာဖြစ်ပါသည်။
          တစ်ခါကတရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း ပြောခဲ့ဖူးတာရှိပါသည်။ ““အာဏာဟာ သေနတ်ပြောင်းဝက ထွက်တယ်””ဟူ၏။
          သို့သော်စစ်ဘက်တွင် ““ပြည်သူ တွေ မျှော်လင့်နေတဲ့ဟာတွေကို ရလာ အောင် လုပ်ပေးနိုင်တဲ့ ထူးခြားတဲ့စီမံ ခန့်ခွဲမှု၊ အုပ်ချုပ်ရေးစွမ်းရည်တို့ကျတော့ မရှိဘူး””ဟုအမေရိကန်နိုင်ငံ ၀ီလီယမ် နှင့် မေရီကောလိပ်မှ ပါမောက်္ခ လော ရင့်ဝီလ်ကာဆင်က ပြောပါသည်။
          ထို့ကြောင့်အရပ်ဘက်စစ်ဘက် ဆက် ဆံရေးအကြောင်းကို သူက ကောင်းကောင်း သိပါသည်။
          လူ၏ အခြေခံစိတ်ဆန်္ဒတစ်ခုက လွတ် လပ်လိုမှု ဖြစ်ပါသည်။ သို့သော် ထိုလွတ်လပ်မှု တစ်ခုတည်းဖြင့်တော့ဘ၀သည်မပြီး ပြည့်စုံနိုင်။ နိုင်ငံခေါင်း ဆောင်များဆီကနေ ပြည်သူလူထု မျှော်လင့်နေတာက ““လွတ်လပ်မှုထက်ပိုတဲ့ အလုပ်အကိုင်ကောင်း ကောင်းရဖို့၊ အတိုင်းအတာတစ်ခုအထိ လုံခြုံမှုရှိဖို့၊စဉ်းစားတွေးခေါ်နိုင်ဖို့နဲ့ အဲဒါတွေ ကို လည်း ထုတ်ဖော်ပြောဆိုခွင့်ရဖို့ဆိုတာ တွေပဲ
””ဟု ၀ီလ်ကာဆင်က ပြောပါသည်။
           သို့သော် ဒါတွေက စစ်တပ်၏ယဉ် ကျေးမှုမဟုတ်။ စစ်တပ်ဟူသည်အဆင့်ဆင့် အမိန့်နာခံမှုဖြင့် ဖွဲ့စည်းထားတာဖြစ် ပါသည်။ ကျွန်တော်တို့ဆီမှာ ကြားနေကျစကားတစ်ခွန်းရှိသည်။ ““ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်
””တဲ့။ ဒါကလည်း သူ့လိုအပ်ချက်အရပါ။
          စစ်တပ်မှာမစ်ရှင်တစ်ခု တာဝန် ပေးလိုက်လျှင် ယင်းကို ပြီးမြောက်အောင် အကောင်အထည်ဖော်ရသည်။ ဒါသည်စစ်စည်းကမ်း။
          သို့သော်အရပ်ဘက်အုပ်ချုပ်ရေး တွင် သည်ပုံစံအတိုင်း သွားပြီးကျင့်သုံးလို့ မရကြောင်း ၀ီလ်ကာဆင်ကပြောပါသည်။ ပြင်သစ်ပြည်ကို စစ်ဘုရင်ကြီး နပိုလီယန် အုပ်စိုးခဲ့သည်ကအစ ယနေ့ခေတ် တွေ့မြင်ခဲ့ကြရသောစစ်တပ် စိုးမိုးခဲ့ခြင်းများအဆုံးကို လေ့လာကြည့်ပါ။ စစ်အုပ်ချုပ်ရေးသည်အလုပ် သိပ် မဖြစ်ကြောင်းကိုသမိုင်းကသက်သေ ပြခဲ့ပြီးပါပြီဟု ၀ီလ်ကာဆင်က ရှင်းပြပါသည်။
          စစ်ဘက်ကဘယ်အချိန်ပဲ အုပ် ချုပ်အုပ်ချုပ်၊ ဘယ်လိုပဲအုပ်ချုပ်အုပ်ချုပ် သည်အတိုင်း ကျရှုံးမှာပဲဟုသူက မှတ် ချက်ပေးပါသည်။ အကြောင်းမူ စစ် ဘက်၏ တွေးပုံ ခေါ်ပုံ၊ လုပ်ပုံကိုင်ပုံများကိုယ်၌ကအရပ်ဘက်စီမံအုပ်ချုပ် ရေးအတွက် သဟဇာတ မဖြစ်သောကြောင့်ပါ။
အရပ်ဘက်ကို ဦးဆောင်ခိုင်းပါ ~
          အရပ်ဘက်ကစစ်တပ်ကို ဦး ဆောင်သည်ဆိုခြင်းက နည်းနည်းတော့ စိမ်းနေဦးမည်။ အစဉ်အလာအရ အုပ် ချုပ်သူဘုရင်များ၊ ဗိုလ်ချုပ်ကြီးများနှင့် တခြားအာဏာရှင်များလက်ထဲမှာ စစ်ဘက်ကို ကိုင်ထားရုံမကလိုအပ်သည့် အခါမှာလည်း စစ်တပ်ကို သူတို့စိတ် တိုင်းကျအသုံးချပြီး မိမိပြည်သူတွေကိုဖိနှိပ်ခိုင်းခဲ့ပါသည်။
          စစ်ဘက်ကလွှမ်းမိုးသော သမိုင်းဖြစ်စဉ်မှ လွတ် မြောက်ရန်ဆိုလျှင် အချိန်တော့ ယူရပေမည်။ ခိုင်မာသော အသိုက်အအုံ ဖွဲ့စည်း တည်ထောင်ခြင်း (institution-building) ကို လုပ်ကြရမည်။ စစ်တပ်ကိုလည်းပြည်သူလူထုက လွတ်လပ်၍ တရားမျှတစွာရွေးကောက် တင်မြှောက်လိုက်သော  အရပ်သားအစိုးရ၏  အကျိုး စီးပွားကို အကောင်းဆုံးအားပေးထောက်ခံသည့်ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာအောင် အားပေးရပေမည်။
          သို့ရာတွင်အရပ်ဘက်မှာ ခိုင်မာသော အသိုက် အအုံ တည်ဆောက်ထားခြင်းမရှိလျှင်၊ နောက်ပြီး သမိုင်း ကြောင်းအရအရပ်သားအုပ်ချုပ်ရေး ထိထိရောက် ရောက်မရှိခဲ့လျှင် အထက်ဆိုခဲ့ပါ အယူအဆကို ချက်ချင်းလက်ခံဖို့ လွယ်မည်မဟုတ်ချေ။
          မည်သို့ဆိုစေအရပ်သားအစိုးရက ဦးဆောင်သော ယဉ်ကျေးမှုသည် အမေရိကန်ပြည်ထောင်စုနှင့် တခြား နိုင်ငံအတော်များများမှာအသားကျနေပါပြီ။ အမေရိကန် နိုင်ငံမှာ စစ်ဘက်ကအာဏာသိမ်းခြင်းမျိုး ““ဖြစ်နိုင်ချေမရှိ
””ဟု ၀ီလ်ကာဆင်က ယတိပြတ်ပြောပါသည်။
          ဘာကြောင့်လဲ။စစ်တပ်က အင်အားမရှိလို့လား။ မဟုတ်ပါ။ အမေရိကန်စစ်တပ်လောက် ဆန်းဆန်းပြား ပြား လက်နက်များပိုင်ဆိုင်သည့် စစ်တပ်က ရှာမှရှား။ သို့ဆိုလျှင် ဥပဒေက အာဏာမသိမ်းနိုင်လောက်အောင်ပင်ခိုင်မာနေလို့လား။ မဟုတ်ပါ။ လက်နက်အင်အားကို မည်သည့်အရာက လွန်ဆန်နိုင်မည်နည်း။
          တကယ့်အကြောင်းရင်းကအမေရိကန် စစ်အရာရှိ များသည် စစ်ဘက်ဆိုင်ရာရော အရပ်ဘက်ဆိုင်ရာပါ ပညာရည်မြင့်မားကြသောကြောင့်တည်း။““အရပ်ဘက် အုပ်ချုပ်ရေးကို စိန်ခေါ်ပြီး အရပ်သားအစိုးရကို ဖြုတ်ချ လိုက်ရင် ဘာဖြစ်မယ်ဆိုတာသူတို့က ကောင်းကောင်း နားလည်ပါတယ်
”” ဟု ၀ီလ်ကာဆင်က ပြောပါသည်။
          အရပ်ဘက်ကစစ်ဘက်ကိုဦးဆောင်ခြင်းနှင့် ပတ် သက်၍ အသိုက်အအုံဖွဲ့စည်းမှု၊ ဥပဒေများနှင့် အစဉ် အလာများအကြောင်းကို  စစ်ဘက်ကတဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့ပါသည်။ယင်းသည်ပင် အမေရိကန်စနစ်၏ မရှိမဖြစ် အရေးကြီးသောအချက် ဖြစ် ပါသည်။
          စင်စစ်သည်အစဉ်အလာသည် အမေရိကန်ပြည်ထောင်စု၏ ပထမဦးဆုံးသမ်္မတဂျော့ဝါရှင်တန်လက်ထက် ကတည်းက စခဲ့ပါသည်။သူက စစ်ဗိုလ်ချုပ်ကြီး တစ်ဦးပါ။ ပူပူနွေးနွေးလွတ်လပ်ရေးရလာသော အမေရိကန် ကိုလိုနီနယ်များကိုအုပ်စိုးရန် သူ့နောက်လိုက်များက ၁၇၈၃ခုနှစ် တွင် အာဏာသိမ်းချင်ခဲ့ကြသည်။ ဒါကို ၀ါရှင်တန်ကဟန့်တားခဲ့လေသည်။
          ထိုနှစ်နှောင်းပိုင်းမှာသူသည် ရာထူးမှနုတ်ထွက်ပြီး သူ့ယာတောသို့ ပြန်သွားခဲ့ပါသည်။ ထို့ကြောင့်ပင် သူတော်လှန်ခဲ့သောဗြိတိန်ဘုရင်မင်းမြတ်တတိယမြောက် ဂျော့ဘုရင်ကိုယ်တိုင်က ““အကြီးမြတ် ဆုံးပုဂ်္ဂိုလ်ကြီးပေ တကား
””ဆိုပြီး ထောမနာပြုခဲ့ရလေသည်။
          အမေရိကန်နိုင်ငံ၏ရွေးကောက်တင်မြှောက်ခံ အစိုးရအဖွဲ့ဝင်များနှင့် ဗိုလ်ချုပ်ကြီးများကြားမှာ စင်းလုံးချောခဲ့တာမျိုးတော့လည်းမဟုတ်။ မပြေလည်တာတွေ ရှိခဲ့ပါသည်။ သို့သော်အရပ်ဘက်ကပဲ အဆုံးအဖြတ်ပေးခဲ့ပါသည်။
          ၁၉၅၁ ခုနှစ်တွင်ကိုရီးယားစစ်နှင့်ပတ်သက်ပြီး သမ်္မတဟယ်ရီထရူးမင်းနှင့် ဗိုလ်ချုပ်ကြီးမက်အာသာတို့ကြားမှာမကြေလည်သည့်အကြောင်းက အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပါသည်။ အဲသည်ဖြစ်စဉ်တွင် သမ္မတကဗိုလ်ချုပ်ကြီးကိုတာဝန်မှရပ်စဲခဲ့ပါသည်။
          ထရူးမင်းကဗိုလ်ချုပ်ကြီးသည် ““သူ၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုအစိုးရနှင့်ကုလသမဂ္ဂအဖွဲ့ကြီးတို့က ချမှတ်ပေးထားသော မူဝါဒများကို အပြည့်အ၀ ထောက်ခံနိုင်စွမ်း မရှိခဲ့””ဟူ၍ မှတ်ချက်ပေးခဲ့ပါသည်။
သမ္မတဘားရတ်အိုဘားမား နှင့် ဗိုလ်ချုပ်ကြီးဆတန်လေမက်ခရစ်္စတယ်          ၂၀၁၀ ပြည့်နှစ်တွင်လည်းသမ္မတဘားရတ်အိုဘားမားက အာဖဂန်နစ်္စတန်မှာ အမေရိကန် စစ်တပ်အကြီးအကဲ ကြည်းတပ်ဗိုလ်ချုပ်ကြီးဆတန်လေမက်ခရစ်္စတယ်ကို တာဝန်မှ ရပ်စဲပစ်ခဲ့ပါသည်။ အကြောင်းက ဗိုလ်ချုပ်ကြီး၏ လက်ထောက်အရာရှိများသည်သမ္မတနှင့်အစိုးရအဖွဲ့အရာရှိကြီးများအပေါ် ပြစ်တင်ဝေဖန်သော စကားများကို မဂ္ဂဇင်းတစ်စောင်တွင်ပြောခဲ့သောကြောင့်ဖြစ်ပါသည်။
          ယင်းနှင့်စပ်လျဉ်း၍အိုဘားမားက ကြေညာချက်တစ်ရပ် ထုတ် ပြန်ရာ၌ ““မကြာသေးမီက ပုံနှိပ်ခဲ့သော ဆောင်းပါးတွင်ပါရှိသည့် ပြောဆိုမှုများသည် တပ်မှူး ဗိုလ်ချုပ်ကြီးတစ်ဦး၏ အဆင့်အတန်းနှင့် ကိုက်ညီခြင်းမရှိပါ။ ဤအချက်က ကျွန်ုပ်တို့၏ ဒီမိုကရေစီနည်းကျ စနစ်တွင် အခရာကျသော အရပ်ဘက်က စစ်ဘက်ကိုထိန်းချုပ်ထား ခြင်းအပေါ် အားလျော့စေပါသည်
”” ဟု ဖော်ပြခဲ့ပါသည်။
          သမ္မတကဆက်ပြောရာတွင် အမေရိကန်နိုင်ငံမှာ အသိုက် အအုံများ ဖွဲ့စည်းတည်ထောင်မှုက လူတစ်ဦးချင်းထက်ပိုပြီး ခိုင်မာစွာတည်ရှိနေကြောင်း၊ သည်လို ဖွဲ့စည်းတည်ထောင်မှုတွင် စစ်ဘက်အမိန့်ပေးမှုအဆင့်ဆင့်ပေါ်၌အစိုးရ၏ ထိန်းချုပ်မှုကို လေးစား လိုက်နာခြင်းသည်လည်း ပါဝင်ကြောင်း ဆိုပါသည်။
အဂတိလိုက်စားမှု ~
          အရေးကြီးသောနောက်တစ်ချက်က အရပ်ဘက် ထိန်းချုပ်မှု မရှိလျှင် အဂတိလိုက်စားမှု ကြီးထွားလာတတ်ခြင်းဖြစ်ပါသည်။စစ်ဘက်အုပ်ချုပ်ရေးတွင် ပွင့်လင်းမြင်သာမှုမရှိ၊ တာဝန်ယူမှုလည်း မရှိတတ်ရကား အဂတိလိုက်စားမှုတွေ ဖြစ်လာရသည်။
          စစ်ဘက်ကနိုင်ငံ့စီးပွားရေးစနစ်ထဲ၌ ကြီးကြီးမား မားမြှုပ်နှံ လုပ်ကိုင်လာသောအခါ အရပ်ဘက်ဦးဆောင်မှုကိုလိုက်နာရန် ဆန္ဒနည်းပါးလာတော့သည်။ ““သူတို့ရဲ့စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးကုန်မှာ စိုးပြီးအာဏာကိုလက်မလွှတ်ချင်တော့ဘူးပေါ့။ ဒါက တကယ့် ပြဿနာပဲ
”” ဟု ၀ီလ်ကာဆင်ကပြောပါသည်။
          သည်အခါမျိုးမှာစစ်တပ်ကိုနိုင်ငံ့စီးပွားရေးနှင့် ကွာရှင်းပြတ်စဲခိုင်းဖို့ လိုလာပါသည်။ ထိုအခါမျိုးမှာ သွေးထွက်သံယိုတွေဖြစ်တတ် ပါသည်။ ဒါကိုတော့ သတိထားရမည်။
           စီးပွားရေးအကျိုးအမြတ်များအပြင် နောက်တစ်ချက်က စစ်ဘက်သည်သူ့နေရာကို ဘယ်အစိုးရမျိုးက နေရာဝင်ယူမှာလဲဆိုခြင်းအပေါ်လည်း စိုးရိမ်မှုရှိတတ်လေသည်။ပြည်သူများ၏ အကျိုးစီးပွားကို တကယ်ပဲ ဖော်ဆောင်မည့်ခေါင်းဆောင်တက်လာမှာလား၊ သို့မဟုတ်ထူးမခြားနား ကိုယ်ကျိုးစီးပွားကိုပဲကြည့်ပြီး မရ ရသက ချိုင်ကာ အိတ်ထဲထည့်ဦးမည့်သူတွေပဲလား။
(၂၆-၆-၂၀၁၂ ထုတ် အမေရိကန်နိုင်ငံခြားရေးဌာန၏  IIP Digital သတင်းလွှာပါ Stephen Kauffman ၏Military Rule Can Bring Order, But Not Good Results  ကို အဓိကမှီငြမ်းပါသည်)
Related Articles:
Post a Comment