Thursday, January 10, 2013

KIA အပေါ် မြန်မာစစ်တပ်က အပြင်းထန်ဆုံး စစ်ပွဲ ဆင်နွဲနေ

KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီးရှိ KIA တပ်စခန်းများအား မြန်မာစစ်တပ်မှ လေကြောင်းပစ်ကူပေး၍ ထိုးစစ်ဆင်နေခြင်းသည် ပြည်တွင်းစစ်သမိုင်းတွင် အချိန်တိုအတွင်း အပြင်းထန်ဆုံး စစ်ပွဲများဖြစ်ကြောင်း တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင် ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “အခုထိုးစစ်မှာ ဗမာတပ်ရဲ့ အင်အားသုံးစွဲမှု ၊ ကြည်းတပ် ၊ လေတပ်ပါဝင်မှု ၊ အမြောက်သုံးစွဲမှုတွေကိုကြည့်ရင် ဗမာစစ် တပ်ရဲ့သမိုင်းမှာ အချိန်တိုအတွင်း အရက်စက်ဆုံးနဲ့ အပြင်းထန်ဆုံးစစ်ပွဲဖြစ်တယ်” ဟု သူက ဆိုသည်။ လွန်ခဲ့သည့်ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စ၍ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့နှင့် ရ မိုင်ခန့်အကွာ လဂျားယန်ရွာ နှင့် အနီးတစ်ဝိုက် အချက်အခြာနေရာများအား မြန်မာအစိုးရတပ်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေရာ နှစ်ဘက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းဖြစ်သည်။ ၄င်းစစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၆ ရက်နေ့မှ ယခုလ ရ ရက်နေ့အထိ မြန်မာစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ၁၁၉ ကြိမ်ရှိခဲ့ကြောင်း သူက ဆက်ပြောသည်။ “နယ်စပ်ရေဒါ မှတ်တမ်းအရဆိုရင် ပန်ဝါအပါအဝင် လဂျားယန်ဘက် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၁၉ ကြိမ်ရှိတယ်။ အရင် ဗကပနဲ့ဖြစ်တဲ့ တာ့ပန်တိုက်ပွဲ စီစင်ဝမ် - တာပန်တိုက်ပွဲ (၁၉၈၆) ဒီလောက်ကြီးမား တဲ့တိုက်ပွဲတွေမှာတောင် ဒီလို မသုံးခဲ့ဘူး၊ ၁၀၅ မမ၊ ၁၂၀မမ အမြောက်ပစ်ခတ်မှုကလည်း တစ်ရက်ကိုရာချီရှိ တယ်၊ ရက်အလိုက်တွက်ရင် ထောင်ချီရှိပါတယ်၊ ဒါကိုကြည့်ရင် ဗမာပြည် ပြည်တွင်းစစ်သမိုင်းမှာ စစ်ဆင်ရေး တစ်ခုအတွင်း အပြင်းထန်ဆုံးနဲ့ ငွေကြေး အကုန်အကျ အများဆုံးစစ်ပွဲလို့ပြောနိုင်တယ်” ဟု သူကဆက်ပြော သည်။ မြန်မာစစ်ဘက်နှင့် နီးစပ်သည့်သတင်းရပ်ကွက်များ အဆိုအရ ယခုထိုးစစ်အတွင်း ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ယခုလ ၆ ရက်နေ့အထိ မြန်မာတပ်မတော်ဘက်မှ အရာရှိနှင့်အခြားအဆင့်ကျဆုံးသူ စုစုပေါင်း ၂၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၃၀၀ ကျော်ခန့်ရှိကြောင်းလည်း သိရသည်။ မြစ်ကြီးနား - ဗန်းမော် ကားလမ်းအား ထိန်းချုပ်ထားသော အဆိုပါ အချက်အခြာတောင်ကုန်းများတွင် KIA တပ်ဖွဲ့မှ အခိုင် အမာ စခန်းတည်ဆောက်၍ မြန်မာအစိုးရ ရိက္ခာပို့ စစ်ကြောင်းများအား ခြုံခိုတိုက်ခိုက်ခြင်း ကြောင့် ယခုလို ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း မြန်မာအစိုးရဘက်က ပြောသော်လည်း တကယ်လက် တွေ့မှာ KIO အပေါ် ပြစ်ဒဏ်ပေးရေးနှင့် လိုင်ဇာဒေသထိန်းချုပ်ထားလိုခြင်း ဖြစ်ကြောင်း ဦးအောင်ကျော်ဇော က ဆက်ပြောသည်။ “ရည်ရွယ်ချက်ကတော့ လိုင်ဇာထိန်းချုပ်ရေးပဲ တစ်ကတော့ ကေအိုင်အိုကို အပစ်အခတ်ရပ်ရေးဖိအားပေးဖို့ နောက်တစ်ခု က စီးပွားရေးမြို့ဖြစ်တဲ့ လိုင်ဇာကို မြို့ပျက်ကြီးဖြစ်သွားအောင်ကြိုးစားတာဖြစ်တယ်၊ တစ်ခုလုံး ကို ကြည့်မယ် ဆိုရင် ဗမာ စစ်တပ်က ကေအိုင်အေကို ဒဏ်ပေးနေတာ ပညာပေးနေတာ သိပ်ရှင်းတယ်၊ စစ်တပ်နဲ့ အစိုးရ မကွဲပါဘူး အတူတူပါပဲ” ဟု ဆိုသည်။ ၁၇ နှစ်ကျော်ကြာ အပစ်အခတ်ရပ်ထားသည့် KIA နှင့်အစိုးရတပ်တို့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှစ၍ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ဦးရေ ၁ သိန်းကျော်ခန့်ရှိနေပြီး မြန်မာစစ်တပ် ဘက်မှ ကချင်ကျေးရွာများအား စနစ်တကျ မီးရှို့ဖျက်ဆီးမှု များ ပြုလုပ်ခဲ့သည့် ဓါတ်ပုံ ဗွီဒီယိုဖိုင်များလည်း အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည်။ Credit:သျှမ်းသံတော်ဆင့်

Related Articles:

Post a Comment