Tuesday, January 1, 2013

သာသနာနှင့် နိုင်ငံရေး ( ၁၀ )


စရိယသုံးပါးအနက်က လောကတ္ထစရိယအကြောင်းကို အရင်ပို့စ်မှာ တင်ပြခဲ့ပါ တယ်။ လောကတ္ထစရိယဆိုတာ ကမ္ဘာ့နိုင်ငံရေး သို့မဟုတ် နယ်စည်းမခြားတဲ့ လူမှု အကျိုးပြုနိုင်ငံရေးဖြစ်ကြောင်း ကောက်ချက်စွဲနိုင်ပါတယ်။ ခုဆက်လက် ပီးတော့ ဥာတ္ထစရိယ အကြောင်း တင်ပြပါမယ်။ ဥာတတ္ထစရိယဆိုတာ အမျိုးသားရေး အကျိုးစီးပွါးကိုဆောင်ရွက်တာပါပဲ။ တနည်းပြောရရင် အမျိုးသားနိုင်ငံရေး ဆိုတာ ဥာတတ္ထစရိယပါပဲ။ ဒီနေရာမှာ အချို့က ဥာတတ္ထစရိယ ဆိုတာ မိမိရဲ့ဆွေမျိုးသားချင်းတွေရဲ့ အကျိုးစီးပွါးကို လုပ်ဆောင်ခြင်း ပဲလို့ ဆိုကြတယ်။ မိမိအနေနဲ့တော့ နိုင်ငံတွင်းမှာမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ အားလုံးပါဝင်တဲ့ တမျိုးသားလုံးရဲ့ အကျိုးစီးပွါးဟာ ဥာတတ္ထစရိယ လို့ပဲ ယူဆတယ်။ ဒါကြောင့်လဲ ဥာတတ္ထစရိယဆိုတာ အမျိုးသားနိုင်ငံရေးဖြစ်တယ် သို့မဟုတ် အမျိုးသားရေးအကျိုးစီးပွါး ကိုလုပ်ဆောင်ခြင်းဖြစ်တယ်လို့ ပြောခြင်းဖြစ်ပါတယ်။ ရဟန်းတစ်ပါးအနေနဲ့ ကိုယ့်ရဲ့ အမျိုးသားရေးအကျိုးစီးပွါးအတွက် ကျရာနေရာက သင့်တော်တဲ့ နည်းလမ်းတွေနဲ့ ပါဝင်ဆောင်ရွက်တာဟာ အလွန်ဖြစ် သင့်ဖြစ်ထိုက် လေးစား ထိုက်တဲ့ လုပ်ဆောင်မှုတစ်ခုပါပဲ။ ဥပမာ ခေတ်နဲ့လျော်ညီတဲ့ ဓမ္မ လမ်းကြောင်းမှလဲ မသွေဖီတဲ့ သင်ကြားမှု လမ်းညွှန်မှု ဦးဆောင်မှုတွေကို ပညာနဲ့ ကိုယ်ကျင့်ကို အခြေံပီးတော့ လူထုကိုချပြတာမျိုးပေါ့။ ဒီလို ခေတ်ကာလအားလျော်စွာ သင့်တော်တဲ့ နည်းလမ်းများနဲ့ ဆောင်ရွက်နိုင်ဘို့ အတွက်လဲ ရဟန်းတော်များအနေနဲ့ ရှုထောင်စုံမှ သိမြင် နားလည်နိုင်တဲ့ အတတ်ပညာ အသိပညာတွေ နှလုံးသား စိတ်ထားတန်ဘိုးတွေ သီးခံမှုကိန်းဝပ်နေတဲ့ ဇွဲစိတ် ဇွဲမာန်တွေ လိုအပ်လှ ပါတယ်။ ဒီလိုရှုထောင့်စုံသိမြင်နားလည်ကြတဲ့ ရဟန်းတော်တွေ အမျိုးသားနိုင်ငံရေး မှာ ဟန်ချက်ညီညီနဲ့ ပြည်သူနဲ့ရော အစိုးရနဲ့ပါ လက်တွဲဆောင်ရွက်လာနိုင်ကြမယ်ဆိုရင် အလွန်အင်အားကောင်းတဲ့ အမျိုးသားနိုင်ငံရေးဖြစ်လာမှာ မလွဲပါဘူး။

ဒီလိုအမျိုးသားနိုင်ငံရေး သို့မဟုတ် အမျိုးသားရေးအကျိုးစီးပွါးကို ဝိုင်းဝန်းဆောင်ရွက်ကြတဲ့ အခါမှာ ရဟန်းတော်များအနေနဲ့ နေရာတကာမှာ ဝင်မပါဘို့လဲ အလွန်အရေးကြီးပါတယ်။ လောက လူသားတွေ နိုင်ငံသားတွေနဲ့ အမျိုးဘာသာ သာသနာကို အမှန်တကယ် ထိခိုက်လာနိုင်တဲ့ အကြောင်းတရားတွေပေါ်ပေါက်လာမှသာ မဖြစ်မနေ ပါဝင်ဆောင်ရွက် သင့်ပါတယ်။ သံဃာတော်များအနေနဲ့ လောကရဲ့ ဖြစ်စဉ်တိုင်းမှာ နေရာတကာဝင်ပါရင် အပြုသဘောထက် အပျက်သဘော သို့မဟုတ် လောကကို အကူအညီပေးတာ ထက် အနှောက်အယှက်ပေး သလို ဖြစ်သွားနိုင်ပါတယ်။ ကြောင်ကို ကြွက်မလေးစားတဲ့ အခြေအနေကိုလဲ ဆိုက်ရောက်သွားနိုင် ပါတယ်။ သမိုင်းရဲ့တရားခံလဲ ဖြစ်သွားနိုင်သလို အချို့သော နိုင်ငံရေးသမားတွေရဲ့ အသုံးချခံလဲဖြစ်သွားနိုင်တယ်ဆိုတာ သတိချပ်ဘို့ အလွန်လိုအပ်လှပါတယ်။ နောက်ပီးတော့ ပါတီစွဲ ပုဂ္ဂိုလ်စွဲ ဂိုဏ်းဂဏစွဲ လုံးဝကင်းရှင်းပီးတော့ မြတ်ဗုဒ္ဓရဲ့ဓမ္မနဲ့ညီညွတ်တဲ့ အမျိုးသားနိုင်ငံရေးကိုသာ ဦးဆောင်သင့် လမ်းညွှန်သင့် တိုက်တွန်းသင့် (မဖြစ်မနေ အရေးကြုံလာပါက ဆန္ဒပြသင့်) ပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်စိတ် အလိုမကျတိုင်း လူမမယ်ကလေးငယ်တစ်ယောက်က မိဘရဲ့ အခြေအနေကို ဘာမှနားမလည်ဘဲ အလိုက်ကန်းဆိုး မသိ ပြောချင်ရာပြော တောင်းချင်ရာတောင်း နေမယ်ဆိုရင် တန်ဘိုး အရ ရွှေကနေ ကြေးဖြစ်သွားနိုင်ပါတယ်။ ပတ္တမြားမှန်သော်လဲ နွံနစ်သွားနိုင်ပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေမှာ သံဃာတော်တွေဟာ အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်ရင်း တစ်ပါးနဲ့တစ်ပါး အချင်းချင်း ဥပုသ်ကံမပြုနိုင်တာတွေ၊ စင်မြင့်တစ်ခုတည်းမှာ အတူမထိုင်နိုင်တာတွေ၊ ဝံသာနုဘုန်းကြီး ဒိုင်အာခီဘုန်းကြီး စသည်ဖြင့်ကွဲပြားတာတွေရှိခဲ့ပါတယ်။ ဒါတွေကို သင်္ခန်းစာယူပီးတော့ ဒီထက်ပိုလို့မြင့်မားတဲ့ အမြင်တွေ ညီညွတ်မှုတွေ ပူပေါင်းမှုတွေနဲ့ ဆက်လက်ပီးလျှောက်လှမ်းကြရ မှာလဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သံဃာတော်တွေရဲ့ အမျိုးသားနိုင်ငံရေး ဟာ အဓိကအင်အားထဲမှာ ပါဝင်နေလို့ပါပဲ။ တဆက် ထဲမှာပဲ ဆက်လက်ပြောပြချင်တာက အတိုက်အခံဆိုသူတွေ ဒီမိုကရေစီလိုလားသူတွေ သံဃာတော်တွေဟာ အချင်းညီညွတ်ဘို့အရမ်းကို အရေးကြီးလှပါတယ်။ မဟုတ်ရင်တော့ နွားကွဲရင် ကျားဆွဲမယ့်အရေးတွေ၊ လူထုကို နှိပ်စက်ညှင်းပန်းပီးတော့ ကိုယ့်ကိုယ်ကို ကယ်တင်ရှင် ကျေးဇူးရှင်လုပ်ကြတဲ့ ဖြစ်ရပ်တွေ ပြန်လည်ဖြစ်ပွါးလာနိုင်တဲ့ အနေအထားတွေက လှိုက်လှဲစွာစောင့်ကြိုနေကြမှာ အမှန်ပါပဲ။ နွားကွဲအောင် ကြံဆောင်နေကြတဲ့သူတွေလဲ အမှန်တကယ်ရှိနေတယ်ဆိုတာ လုံးဝသတိပြု ဆင်ခြင်ရမယ့် အချက်တစ်ခုပါ။ အားလုံး ညီညွတ်ခြင်းရဲ့ရလာဒ်တစ်ခုကို အနီးစပ်ဆုံး သာဓကတစ်ခုပြရရင် ယခုနေအခါမှာ လက်ပန်တောင်းတောင် ကိစ္စနဲ့ ပတ်သက်ပီးတော့ စုံစမ်းရေးကော်မရှင်တွေဖွဲ့ပီးတော့ စံနစ်တကျဆောင်ရွက်လာတာဟာ အတိုက်အခံတွေ ဒီမိုကရေစီ လိုလားသူတွေ သံဃာတော်တွေနဲ့ ပြည်သူတွေရဲ့ ညီညွတ်မှုကြောင့်ပါပဲ။ နောက်ပီးတော့ ၈၈ မှစပီးတော့ ဒီကနေ့အထိ အခုလို ဒီမိုကရေစီ လမ်းကြောင်းသစ်ပေါ်ကို စတင်ရောက်ရှိလာတာဟာလဲ အားလုံးရဲ့ တစ်သွေးတစ်သံ တစ်ဆန္ဒထဲဖြစ်ကြတဲ့ သံဃာတော်တွေပါဝင်တဲ့ အားလုံးရဲ့ တခဲနက်တောင်းဆို လှုပ်ရှားမှုကြောင့်ပါပဲ။

ဆရာတော်ကြီးများအနေနဲ့ ရဟန်းသံဃာငယ်များ ကို နိုင်ငံရေးမလုပ်စေချင်တဲ့ အချက်က ကျယ်ပြန့်ရှုပ်ထွေးပီး မဆုံးနိုင်တဲ့ နိုင်ငံရေးသံသရာထဲမှာ သံဃာငယ်တွေအာရုံစိုက်လွန်းသွားရင် ပါတီစွဲ ပုဂ္ဂိုလ်စွဲ ဝါဒစွဲစတာတွေကို အခြေခံပီး သံဃာတော်အချင်းချင်းစိတ်ဝမ်းကွဲနိုင်တယ်။ ပရိယတ္တိ ပဋိပတ္တိ လုပ်ငန်းစဉ်တွေမှာလဲ အားနဲသွားနိုင်တယ်။ ဒီလိုအားနဲသွားရင် သာသနာတော်လဲ အားနဲချိနဲ့လာနိုင်တယ်။ ဒါကြောင့် ဆရာတော်ကြီး အချို့က နိုင်ငံရေးမလုပ်စေချင်ကြတာလို့ပဲ မြင်မိပါတယ်။ သီလ သမာဓိ ပညာ သိက္ခာအားဖြင့် မြင့်မားတော်မူကြတဲ့ ဆရာတော်ကြီးများရဲ့ မူလ ရည်ရွယ်ချက်ကို မရိပ်စားမိ မသိရှိဘဲ အပြစ်မတင်မိစေဘို့ တင်ပြခြင်းပါ။ ဒါကြောင့် နိုင်ငံရေးရဲ့ ဖြစ်စဉ်တိုင်း နေရာတိုင်းမှာ ရဟန်းတော်များ ဝင်မပါသင့်ဘူးလို့ ယူဆပါတယ်။ အထူးသဖြင့် ရဟန်းတော်များအနေနဲ့ ဥာတတ္ထစရိယဖြစ်တဲ့ အမျိုးသားနိုင်ငံရေးကိုလုပ်ကြတဲ့အခါမှာ သာမန်ပြည်သူတွေနဲ့ တိုင်းပြည်တိုးတက်စည်ပင်စေနိုင်တဲ့ လမ်းစဉ်နဲ့ အတွေးအမြင်အရ တူညီရမှာ ဖြစ်သော်လည်း လုပ်ကိုင်ဆောင်ရွက်မှု နည်းလမ်းချင်းတော့ မတူညီသင့်ဘူးလို့ မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရဟန်းတော်များဟာ မိမိတို့နဲ့ ဆီလျော်တဲ့ အထက်တန်းကျတဲ့ နည်းလမ်းများနဲ့ ပြည်သူကိုဆွဲဆောင်စည်းရုံးရမှာ ဖြစ်လို့ပါပဲ။ ဆိုလိုတာက ရည်မှန်းချက်နှင့် အနှစ်သာရအရ တူညီနိုင်သော်လည်း အသွင်သဏ္ဍာန် ( စာမရိုက်တတ်သောကြောင့် စာလုံးပေါင်းမှားသွားပါသည်။ ဌ နှင့်ပေါင်းရပါမည်။ ) အရ အရာရာတူညီလို့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘဝရဲ့ အနေအထားတွေမှာ များစွာခြားနားနေလို့ပါပဲ။ ရဟန်းဟာ ရဟန်းနှင့်လျော်ညီတဲ့ နိုင်ငံရေးကိုလုပ်ခြင်းကသာလျှင် ပိုလို့ ကောင်းကျိုး သက်ရောက်နိုင်မယ်လို့ ယုံကြည်မိပါတယ်။

နောက်ပီးတော့ ကမ္ဘာမှာ အာဏာရှင်တွေကို ဖြုတ်ချပီး ဒီမိုကရေစီ အစိုးရတွေဖြစ်ပေါ်လာဘို့အရေးအတွက် လွှတ်တော်ထဲမှာ စည်းဝေး ဆုံးဖြတ်ခဲ့တာမျိုး မတွေ့မိပါဘူး။ ဒီမိုကရေစီစံနစ်ကို အလိုလိုပြောင်း လဲခဲ့ကြတာလဲမဟုတ်ပါဘူး။ မိမိ ဗဟုသုတနဲတာလဲ ဖြစ်နိုင်ခြေများပါတယ်။ တကယ်တော့ ကမ္ဘာမှာ ခေတ်အဆက်ဆက် အာဏာရှင်ဆိုးတွေကိုဖြုတ်ချခဲ့ တာဟာ လူထုတိုက်ပွဲတွေသာဖြစ်ပါတယ်။ ကဒါဖီတို့ ဆက်ဒမ်ဟူစိန်တို့ကို စစ်ရေးနဲ့ဖြုတ်ချနိုင်ခဲ့တယ် ဆိုနိုင်သော်လဲ လူထုရဲ့ထောက်ခံမှုအပြည့်ပါတဲ့ စစ်ရေးတွေသာဖြစ်ခဲ့ပါတယ်။ အာဏာရှင်တွေပြုတ်ကျဘို့အရေး လွှတ်တော်တွင်းလှုပ်ရှားမှုထက် လွှတ်တော်ပြင်ပက အလွှာအသီးသီးရဲ့ လှုပ်ရှားမှုတွေဟာ ပိုလို့အရေးပါတယ်လို့ နားလည်မိပါတယ်။ မိမိတို့နိုင်ငံရဲ့ ယခင်မူလလက်ဟောင်းတွေ အများစုလွှမ်းမိုးမှုရှိနေသေးတဲ့ လက်ရှိ လွှတ်တော်အနေအထားကို အကောင်းဘက်သို့ ရွေ့လျားအောင် မောင်းနှင်ရာမှာ လွှတ်တော်ပြင်ပက အလွှာအသီးသီး မှ နိုင်ငံရေးအင်အားစုများကသာ ပိုလို့အရေးပါတယ်လို့ မိမိယုံကြည်မိပါတယ်။ အထူးသဖြင့် မိမိတို့ ဗမာ့နိုင်ငံရေးဖြစ်စဉ်မှာ အခုလိုဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်လာတာဟာ ကျောင်းသားတွေသက်သက်ကြောင့်လဲမဟုတ်သလို ပြည်သူတွေချည်းသက်သက်ကြောင့်လဲ မဟုတ်ပါဘူး။ အခြေအနေနဲ့အချိန်အခါအရ လိုအပ်သလို သံဃာတော်များရဲ့ ဥာတတ္ထစရိယလို့ဆိုတဲ့ အမျိုးသားနိုင်ငံရေး ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့်လဲ ဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ လွတ်လပ်ရေးကာလမှာလဲ ရဟန်းရှင်လူ ပြည်သူ ကျောင်းသား အားလုံးပါဝင်ခဲ့သလို ၈၈ ခုနှစ်မှစပီး ယနေ့အချိန်အထိတိုင်အောင်လဲ သံဃာတော်များပါဝင်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဒီလိုသံဃာတော်များရဲ့ ပါဝင်မှုကြောင့်လဲ နိုင်ငံရေးဖြစ်စဉ်ဟာ အရှိအဟုန်ပိုလို့ကောင်းခဲ့တယ်လို့ ယုံကြည်မိပါတယ်။

ဒါကြောင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်ကို ဒီမိုကရေစီသို့ စံနစ်တကျ သိက္ခာရှိရှိ အရှိန်အဟုန်ဖြင့် ပြောင်းလဲနိုင်စေရန် သံဃာတော်များ တရားသူကြီး များနှင့် ရှေ့နေများ ပူးပေါင်း၍ ဓမ္မနှင့်ညီညွတ်သော လမ်းစဉ်များ စည်းကမ်းများ ကို ပြည်သူများအား မီဒီယာမှ အဆင့်ဆင့်ဖြင့် ချပြသင့်တယ်လို့ ထင်မြင်မိပါတယ်။ ဒါမှသာ ပြည်သူများအနေဖြင့် ဒီထက်ပိုမိုပွင့်လင်းတဲ့ ကျယ်ပြန့်တဲ့အသိအမြင်များနဲ့ ခရီးဆက်နိုင်ကြမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ သံဃာတော်များ တရားသူကြီးများနှင့် ရှေ့နေများ၏ လက်ရှိဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဆန္ဒသဘောထားတွေ အယူအဆတွေ ဆုံးဖြတ်ချက်တွေကို လွှတ်တော်ထဲအရောက် ပို့သင့်တယ်လို့မြင်မိပါတယ်။ ပြည်သူများအနေနဲ့လဲ ဘာသာရေးနဲ့ ပတ်သက်ပီး ဝါဝါမြင်တိုင်းကြည်ညိုတတ်တဲ့ သဒ္ဓါတရားထက် ပညာနဲ့ပါ ကြည်ညိုတတ်ကြရမှာဖြစ်သလို နိုင်ငံရေးမှာလဲ ပညာရေးတွေ ကိုယ်ကျင့်သိက္ခာတွေ စည်းကမ်းတွေ အပြန်အလှန် အခွင့်အရေး နားလည်မှုတွေနဲ့ မိမိတို့ကိုယ်တိုင် ဆက်လက် ပါဝင်ဆောင်ရွက်နိုင်ကြ ရမှာဖြစ်ပါတယ်။ အထူးသဖြင့် သာသနာပြုချင်ကြတဲ့ ဒကာ ဒကာမများ ကို မေတ္တာရပ်လိုတာက သာသနာပြုတဲ့နေရာမှာ ဆွမ်း သင်္ကန်း ကျောင်း ဆေး ဆိုတဲ့ ပစ္စည်းလေးပါးနဲ့ထောက်ပံ့ရုံသက်သက်မျှသာမဟုတ်ဘဲ နိုင်ငံရေးနဲ့ သာသနာရေးကို ချိန်ခွင်လျှာညီမျှအောင် စွမ်းဆောင်နိုင်တဲ့ ခေါင်းဆောင်ကို အသဲကြားက မဲတစ်ပြား ပေးပီးရွေးချယ်တတ်ဘို့လဲ အလွန် အရေးကြီးကြောင်း ပြောလိုပါတယ်။ ယခု မိမိရဲ့တင်ပြချက်ဟာ လက်တွေ့နဲ့ ဘယ်လောက်ဝေးတယ် နီးတယ်လို့ မပြောနိုင်သော်လဲ မိမိရဲ့ အယူအဆနဲ့ အတွေးအမြင်ကို ဥာဏ်မီသမျှ အပြုသဘောနဲ့ တင်ပြခြင်းသက်သက်သာဖြစ်ပါတယ်။ အကယ်၍ မိမိရဲ့တင်ပြချက်တွေဟာ အသက်မဝင်ဘဲ စာဖတ်သူအတွက် အချိန်ဖြုန်းစေမိမယ်ဆိုရင်လဲ မိမိရဲ့ညံ့ဖျင်းချက် သက်သက်သာဖြစ်တဲ့အတွက် စိတ်တိုင်းကျ ဝေဖန်နိုင် ပါတယ်။

အခုဆက်လက်ပီးတော့ ဗုဒ္ဓတ္ထစရိယ ဘုရားဖြစ်ရေးကိုတင်ပြပါမယ်။ ဒီအကြောင်းကတော့ ဘာသာရေးပိုဆန်သွားတဲ့အတွက် အကျဉ်းပဲတင်ပြပါမယ်။ ဗုဒ္ဓတ္ထစရိယဆိုတာ ဘုရားဖြစ်ရေးကြိုးစားတာပါပဲ။ ဒီလိုကြိုးစားတဲ့နေရာမှာ ဘုရားဖြစ်ဘို့အရေးအတွက် တောထဲထွက်ပီး ဝိပဿနာတွေပဲ ကျင့်နေရတယ်လို့လဲ မထင်စေချင်ဘူး။ တောမထွက်တဲ့ ဘဝတွေလဲ အများကြီးပဲ။ ဘုရားဖြစ်ရေးလုပ်ငန်းစဉ်တွေဟာ လောကီလူမှုရေးတွေနဲ့ဘာမှ မပတ်သက်ဘူးလို့လဲ နားလည်မှုမလွဲစေချင်ဘူး။ လောကီတွေနဲ့ဘယ်လောက်ထိပတ်သက်သလဲ ဆိုရင် ဘုရားအလောင်းတော်ဟာ ဘဝအဆက်ဆက် မှာ နိုင်ငံရေးလဲ လုပ်ခဲ့တယ်။ ဘုရင်လဲလုပ်ခဲ့တယ်။ အမတ်လဲလုပ်ခဲ့တယ်။ အုပ်ချုပ်ရေးမှုး အဆင့်ဆင့်လဲလုပ်ခဲ့တယ်။ သာမန်ပြည်သူ တစ်ယောက်အနေနဲ့လဲနေထိုင် ခဲ့တယ်။ သို့သော်လုပ်ခဲ့တဲ့ နိုင်ငံရေးတိုင်းမှာ လူသားတစ်ယောက် အနေနဲ့ ခေတ်အဆက်ဆက် စံနမူနာယူသင့်တဲ့ တရားမျှတ တဲ့ နိုင်ငံရေးမျိုး ကိုပဲ လုပ်ခဲ့တယ်။ ဘုရားဖြစ်ဘို့အရေး ဘဝဆက်တိုင်းဘုန်းကြီးဝတ်ပီး စာပဲသင် တရားပဲကျင့်ဆိုတဲ့ အလုပ်နှစ်ခုထဲကိုသာ လုပ်ခဲ့တာမဟုတ်ဘူး ဆိုတာ သေသေချာချာ နားလည်သင့်တယ်။ ဘုရားအလောင်းတော်ဟာ ဘုရားဖြစ်ရေးကြိုးစားစဉ်မှာ ဘုန်းကြီးဘဝကို ( ရဟန်းဘဝ ) ကိုးကြိမ်သာရခဲ့ပါတယ်။ အခြားဘဝတွေမှာ လူသားတစ်ယောက်အနေနဲ့ လူသားဆန်တဲ့ စိတ်ထား နှလုံးသားနဲ့ လူသားကောင်းကျိုးကို ဆောင်ရွက်ခဲ့တာချည်းပဲ။ တကယ်တော့ ပါရမီဆယ်ပါးကို ပြန်ကြည့်ရင် လူသားကောင်းကျိုးဆောင်ရွက်တာပဲ။ ဒီနေ့ခေတ်ပြောနေတဲ့ လူမှုသာယာဝပြောရေးဆိုတာတွေ လူမှုကူညီရေးဆိုတာတွေ နာရေးကူညီမှုဆိုတာတွေမှ အစ လောကရဲ့ အရာရာ ကောင်းကျိုးမှန်သမျှအတွက် ဘဝအဆက်ဆက်မှာ အသက်များစွာ ခန္ဓာအစိတ်ပိုင်းများစွာ ပိုင်ဆိုင်မှုများစွာတွေကို ရဲရဲရင့်ရင့် ကြည်ဖြူစွာပေးဆပ်ပီးတော့ ကြိုးစားခဲ့ တာဟာ ပါရမီဖြည့်တာပါပဲ။ ဒီလို လောကသာယာဝပြောရေးအတွက် အရာရာကိုပေးဆပ်ကြိုးစားတာဟာ ဘာအတွက်လဲ။ လောကီနယ်ပယ်ထဲမှာ နိုင်ငံရေး လူမှုရေး ပညာရေး တရားမျှတရေး စတဲ့အရာတွေအတွက် ကြိုးစားတာဟာ ဘာအတွက်လဲ။ ဒါတွေအားလုံးဟာ ဘုရားဖြစ်ရေးအတွက်ပဲ။ ဗုဒ္ဓတ္ထစရိယအတွက်ပါရမီတွေကိုဖြည့်ဆည်းနေတာပဲ။ ဘုရားဖြစ်ဘို့အရေး လုပ်ငန်းစဉ်တွေမှာလဲ လောကသာယာဝပြောရေးတွေ တရားမျှတတဲ့နိုင်ငံရေးတွေနဲ့ လုံးဝကင်းလို့မရဘူးဆိုတာ အသေအချာ နားလည်ဘို့လိုအပ်တယ်။

ဒါကြောင့် လောကကောင်းစားရေးအတွက် ပါရမီမြောက်အောင်ကြိုးစားရင် ဘုရားဖြစ်ဘို့ပါရမီတောင်ပြည့်ပါတယ်။ ရဟန်းတော်များလဲ လောကကောင်းကျိုးစီးပွါးဆိုတဲ့ လောကတ္ထစရိယ၊ အမျိုးသားရေးကောင်းကျိုးစီးပွါးဆိုတဲ့ ဥာတတ္ထစရိယ၊ ဘုရားဖြစ်ရေးဆိုတဲ့ ဗုဒ္ဓတ္ထစရိယ ဒီလမ်းစဉ်သုံးချက်ထဲမှာ ကြိုက်ရာလမ်းစဉ်ကိုရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် ဘာစရိယမှမလုပ်ဘဲ ကိုယ်တစ်ယောက်ထဲရဲ့ လွတ်မြောက်မှုအရ အမြန်နိဗ္ဗာန်ရောက်အောင်လဲ ကျင့်နိုင်ပါတယ်။ အချုပ်ပြောချင်တာကတော့ သံဃာတော်တွေဟာ စရိယသုံးပါးထဲက ကြိုက်ရာစရိယ တစ်ခုခုကိုရွေးချယ်ရင် နိုင်ငံရေးဆိုတာ မဖြစ်မနေပါဝင်လာရမှာပါ။ ဒါကြောင့် သံဃာနဲ့နိုင်ငံရေးရယ် သာသနာထဲက သဘောတရားနှင့်နိုင်ငံရေးထဲက သဘောတရားတွေရယ်ဟာ ဘယ်လိုမှကင်းကွာလို့ မရပါဘူး။ ဒါကြောင့် ဘုန်းကြီးနဲ့ နိုင်ငံရေး ဘာမှမဆိုင်ဘူး။ လားလားမှ မပတ်သက်ဘူးလို့ ဆင်ကန်းတောတိုးပြောကြတဲ့စကားတွေ၊ စာမပါပေမဝင်ဘဲ စည်းလွတ်ဝါးလွတ် ထင်ရာဇွတ်ပြောနေကြတာတွေကို ရပ်တန့်ပီးတော့ လတ်ဆတ်တက်ကြွ နိုးကြားပီး ကျယ်ပြန့်ထက်မြက်တဲ့ အသိမြင်တွေနဲ့ နိုင်ငံရေးနဲ့ သာသနာရေးကို လက်တွဲဆောင်ရွက်ကြပါစို့လို့ ဖိတ်ခေါ်ရင်း ဒီအပိုင်းကို နိဂုံးချုပ်လိုက်ပါတယ်။ ( ပါဠိတော်မှာ တိုက်ရိုက်လာရှိတဲ့ အကြောင်းအရာများနဲ့ ဆက်လက်တင်ပြပါမယ်။ )

Credit:  Ven Pannasami

Related Articles:

Post a Comment