Saturday, January 5, 2013

သျှမ်းပြည်တပ်မတော်နယ်မြေသို့အစိုးရတပ်နယ်ကျွံ ပစ်ခတ်မှုဖြစ်ပွါး အစိုးရတပ် တယောက်သေ

ယနေ့နံနက်ပိုင်း၌ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ အတွင်း သျှမ်းပြည်တပ်မတော် နှင့် မြန်မာ အစိုးရခတပ်တို့အကြားတိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပွားကာ အစိုးရတပ် တယောက်သေဆုံး ကြောင်း ဟိုမိန်း သတင်းရပ်ကွက်က ပြောပါသည်။ “အစိုးရတပ်က လွယ်လန်း - တာ့ဆုပ်တိန်း (တံလွင်ကူးတို့ဆိပ်) ကို လမ်းဖေါက်မယ်လို့ ပြောလာတယ်။ ကျနော်တို့ သဘောတူတယ်။ ကျနော်တို့တပ်မှူးနဲ့တွေ့ဖို့ ခွင့်တောင်းလာတယ်။ ကျနော်တို့က စားဖို့သောက်ဖို့ တောင်ပြင်ဆင် ထားတယ်။ သူတို့က ပြောတဲ့အတိုင်းမလုပ်ဘဲ လမ်းမကနေ နယ်ကျွံပြီး ကျနော်တို့ တပ်စခန်း ကို ဦးတည်တယ်။ ကျနော်တို့လှုပ်ရှားတပ်နဲ့တိုက်ပွဲဖြစ်တယ်။ ဒီနေ့ပဲ သုံးကြိမ်ဖြစ်တယ်။ သူတို့ ဘက် တ ယောက်သေတယ်။ ကျနော် တို့ဘက်တော့ဘာမှမဖြစ်ဘူး” - ဟု ပြောခွင့်ရ ဗိုလ်မှူးလောဝ် ဆိုင်က ပြောပါသည်။ ဂျန္နဝါရီ ၅ ရက် နံနက် ၇:၀၅ မှ ၇:၄၀ နာရီအထိ အစိုးရတပ်ခမယ ၅၁၄ အင်အား ၂၅ ယောက်က ဟိုမိန်းမြို့အနောက် တောက်ဘက် ကီလိုမီတာ ၂၀ ကျော်၊ ထိုင်းနိုင်ငံ မယ့်ဟောင့်ဆောင် ဘန့်ရတ်ထိုင်းရွာ အနောက် မြောက်ဘက် ၇ ကီလိုမီတာ ဝမ့်မိုင်ရွာအနီး လွယ်နဂါးတောင်ကျော ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲ ကြောင့် အစိုးရတပ် ၁ ယောက် သေဆုံးကြောင်း သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က အတည်ပြုပါသည်။ “အမှန်ကတော့ ကျနော်တို့ သတင်းရရှိချက်အရ ခလရ ၂၈၇ အင်အား ၁၀၅ ယောက်က ဝမ့်ကောဝ် ကနေ တက်လာ တယ်လို့ကြားတယ်။ ခမရ ၅၁၄ က အနောက်ကနေ ပိတ်ထားမယ်ဆိုတဲ့သဘော။ အခုက ခလရ ၂၈၇ က ရောက်မလာ သေးဘဲ ခမယ ၅၁၄ နဲ့ ထိပ်တိုက်တွေ့မိလို့ တိုက်ပွဲဖြစ်ခဲ့ရတာပါ ။ အခုလဲ ကျောက် တောင်ကြီးက ခြားထားလို့ ကျနော်တို့ကို လက်နက်ကြီးနဲ့ထုနေတယ်” - ဟု ရှေ့တန်းရောက် တပ်မှူးတဦးက ပြောပါသည်။ ပစ်ခတ်မှုကြောင့် ဝမ့်မိုင်ရွာမှ ရွာသားမိသားစု ၁၀ ခုထက်မနည်း နယ်စပ်ဘက်သို့ ထွက်ပြေးခိုလှုံ ကြောင်း နယ်စပ် ဒေသမှပေးပို့သောသတင်းအရသိရသည်။ “အစိုးရတပ်က သဘောတူညီချက်ကို မလိုက်နာလို့ တိုက်ပွဲဖြစ်ခဲ့ရတာ။ ဒါကြောင့်အများတောင်းဆိုနေတဲ့ အတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမှ ဒါတွေ ရှင်းနိုင်လိမ့်မယ်” - ဟု ဗိုလ်မှူးလောဝ် ဆိုင်ကပြောပါသည်။ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့ ၂၀၁၁ ဒီဇင်ဘာ ၂ ရက်နေ့ ပဏာမအဆင့် အပစ်ရပ်သဘော တူညီမှုရယူပြီးနောက်ပိုင်း တိုက်ပွဲပေါင်း အကြိမ် ၃၀ ကျော်ဖြစ်ပွားရမှာ အများအားဖြင့် အစိုးရတပ်ဘက် သဘောတူညီ ချက်လိုက်နာခြင်းမရှိဘဲ နယ်ကျွံသောကြောင့်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု သျှမ်းပြည်တပ်မတော်က ပြောပါသည်။ သျှမ်းသံတော်ဆင့်

Related Articles:

Post a Comment