Tuesday, January 1, 2013

အိမ်ငှားတွေမဲပေးလို့မရဘူးတဲ့



“လုံးဝမတရားဘူး။ ရွေးကောက်ပွဲမဲ ပေးရမယ်ဆိုတုန်းကတော့ မျက်နှာချိုလေး သွေးပြီး အိမ်တိုင်ရာရောက်လာခေါ်တယ်။ အခုကြတော့ အိမ်ငှားဖြစ်နေလို့မဲပေးခွင့် မရှိဘူးတဲ့။ အိမ်ငှားနေတာခြင်းအတူတူ တောင်ယာယီသန်းခေါင်စာရင်းနဲ့ နေတဲ့ သူတွေကြတော့မဲပေးခွင့်ပြုတယ်။ လမ်း ၀င်ကြေး၊ လမ်းခင်းကြေး၊ မီးကင်းကြေး တွေကြတော့ အိမ်နားဆိုပြီးမချန်ဘူး ကောက်တယ်။ ကျွန်မတို့လည်း နိုင်ငံ သားတွေပဲ။ ဥပဒေမှာ အိမ်ငှားမဲမပေး ရဘူးလို့ဆိုထားလို့လား”
အထက်ပါစကားကိုမညိုဆိုသူကရင် ဖွင့်ပြောကြားခဲ့ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူနေထိုင်တဲ့လမ်းထဲမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက်ကြီး ကြပ်ရေးအဖွဲ့က ဆယ်အိမ်စုကိုယ်စားလှယ် ရွေးချယ်ရာမှာ မညိုတို့မိသားစုဟာအိမ်ငှား ပြီး နေထိုင်တာကြောင့် ဆယ်အိမ်စုကိုယ် စားလှယ်အဖြစ်မဲပေးပိုင်ခွင့်မရှိကြောင်း ငြင်းပယ်ခြင်းခံရလို့ပါပဲ။
ကြီးကြပ်ရေးအဖွဲ့ဝင်တစ်ဦးကတော့ “ကျွန်တော်တို့ကိုရွေးချယ်တဲ့နေ့တုန်းကမြို့ နယ်အုပ်ချုပ်ရေးမှူးပြောခဲ့တာရှိတယ်။ အများလည်းကြားခဲ့ပြီးသားပါ။ ဆယ်အိမ် စုကိုယ်စားလှယ်ဟာသန်းခေါင်စာရင်း (ပုံစံ ၆၆/၆) ရှိရမယ်။ ချွင်းချက်အနေနဲ့ ယာယီသန်းခေါင်စာရင်းရှိသူကိုလည်း မဲပေးခွင့်ပြုပါတယ်။ ဒါကြောင့် ဧည့်စာရင်းတိုင်ပြီးနေရတဲ့ အိမ်ငှားတွေ ကိုတော့ခွင့်မပြုပါဘူး” လို့ပြောပါသည်။
ကြပ်မှူး၊ ဆယ်မှူး၊ ရပ်မှူး ရွေးချယ် ရေးပွဲတွေနဲ့ ပတ်သက်ပြီးနေရာဒေသနှံ့ အသံမျိုးစုံကြားနေရပါတယ်။ အထက်မှာ ဖော်ပြထားသလိုအိမ်ငှားမဲမပေးရဆိုတဲ့ ဥပဒေမျိုးတော့မကြားဖူးပါဘူး။ အိမ်ငှား ဆိုရာမှာလည်း စပေါ်ပေးပြီးလစဉ် လခပေးနေတဲ့ အိမ်ငှား၊ စပေါ်မတင်ရဘဲ လချုပ်၊ နှစ်ချုပ်နဲ့ အပျောက်စနစ်နဲ့နေတဲ့ အိမ်ငှား၊ အပျောက်စနစ်နဲ့ တိုက်ခန်းကို ၀ယ်ယူပြီး ငှားရမ်းခပေးနေရတဲ့ အိမ်ငှား ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အကြောင်း အမျိုးမျိုးနဲ့ အိမ်ငှားနေကြတဲ့ သူတချို့ ဟာ (လ.၀.က) ကထုတ်ပေးတဲ့ အိမ် ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆) မရှိကြပါဘူး။ သူတို့မှာတော့ အကြောင်း ပြချက်များစွာရှိကြမှာပါ။
ရပ်/ကျေးဥပဒေမှာတော့ အိမ်ထောင် ဦးစီးဆိုတာသက်ဆိုင်ရာဥပဒေအရ သတ်မှတ်ထားတဲ့ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံမှာ အိမ်ထောင်ဦးစီးအဖြစ်ဖော် ပြထားတဲ့သူကို ခေါ်တာပါတဲ့။ ဒါပေမဲ့ မြန်မာ့ဓလေ့မှာတော့ ဖခင်များကို အိမ် ထောင်ဦးစီးအဖြစ်သတ်မှတ်လေ့ရှိပါတယ်။ ဒီတော့ ပုံစံ (၆၆/၆) မရှိလို့၊ အိမ်ငှားဖြစ် လို့မဲမပေးရဘူးဆိုတဲ့ကိစ်္စမှာမေးစရာတွေ ရှိလာပါတယ်။ အိမ်ငှားနေတဲ့ သူတွေဟာ သူနေတဲ့ အိမ်ကိုသူတာဝန်ယူရမှာပါ။ သူငှားနေတဲ့ အိမ်မီးလန့်ရင်လည်းသူ့ကို အိမ်ရှင်အဖြစ်နဲ့ အရေးယူမှာပါ။ သူ့ခွင့် ပြုချက်မရှိဘဲ အိမ်ပိုင်ရှင်တောင်အိမ်ထဲ ကျူးကျော်ဝင်ရောက်ခွင့်မရှိပါဘူး။ သက်ဆိုင်ရာဥပဒေအရအိမ်ထောင်စုလူဦး ရေစာရင်းပုံစံအိမ်ငှားတွေမှာ မရှိရင်အိမ် ထောင်ဦးစီးလို့ဘယ်သူ့ကိုသတ်မှတ်မှာလဲ။ (၂၀၀၆ ခုအောက်တိုဘာ) တုန်းက ရန်ကုန်တိုင်းအေးချမ်းဖြိုးကောင်စီရဲ့ အစီအစဉ်နဲ့ မိသားစုတွေကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ နောက် တော့ယာယီသန်းခေါင်စာရင်းတွေ ထုတ်ပေးခဲ့ပါတယ်။ အဲဒီယာယီသန်းခေါင်း စာရင်းရှိတဲ့ အိမ်ငှားတွေဟာ ဧည့်စာရင်း တိုင်စရာမလိုတော့လို့အဆင်ပြေခဲ့ကြပါ တယ်။ အခုအချိန်မှာတော့ အဲဒီယာယီ သန်းကောင်စာရင်းတွေဟာ သက်ဆိုင်ရာ ဥပဒေနဲ့ ညီမညီမေးစရာဖြစ်လာပါပြီ။ ယာယီရှိရင်မဲပေးလို့ရတယ်ဆိုရင်ယာယီ နဲ့ မှတ်ပုံတင်လုပ်လို့ရလား၊ နိုင်ငံကူးလက် မှတ်လျှောက်လို့ရလားဆိုတာကိုပါ။
ဆယ်အိမ်စုကိုယ်စားလှယ်မတက်ခဲ့ ရတဲ့ အိမ်ငှားတစ်ဦးက “ကျွန်တော်ကဒီရပ် ကွက်မှာ မွေးပြီးကြီးလာတာပါ။ မှတ်ပုံ တင်လည်း၊ ဒီမြို့နယ်မှတ်ပုံတင်ပါ။ အိမ် ထောင်ကျတော့ အိမ်ငှားနေပါတယ်။ အိမ်ပိုင်ရှင်တွေက သူ့အိမ်လိပ်စာနဲ့ သန်းခေါင်စာရင်းလုပ် ခွင့်ကိုခွင့်မပြုပါ ဘူး။ အဲဒါနဲ့ ရပ်ကွက်ထဲဟိုလမ်းပြောင်း ဒီလမ်းမြောင်းနဲ့ အခုနေတဲ့ အိမ်ကအိမ် ငှား (၇) ဦးရှိပါတယ်။ ယာယီရှိတဲ့သူတွေ ကတော့ ဆယ်အိမ်စုကိုယ်စားလှယ်ရွေးတဲ့ နေ့ကျမှ ဟိုဘက်အုပ်စုရောက်တဲ့သူနဲ့ ဒီဘက်အုပ်စုမှာ ကျန်ခဲ့တဲ့သူဆိုပြီး သိကြ ပါတယ်။ အိမ်ငှားတွေဆိုတော့လည်း မပြောရဲကြဘူးပေါ့ဗျာ။ ကြပ်မှူးတွေရှေ့မှာ ရှိတဲ့မဲစာရွက်မှာ ကိုယ့်နာမည်၊ လက်မှတ် နဲ့ ဆယ်အိမ်စုကိုယ်စားလှယ်လောင်းရဲ့ အမည်ကိုရေးပြီး မဲပေးရတာဆိုတော့ ဗြောင်ဆန်္ဒမဲပေးရတဲ့သဘောပေါ့။ ဒါတောင်ကြပ်မှူးတစ်ဦးကမဲပေးရတဲ့သူ တစ်ဦးကို ခင်ဗျားဘယ်သူ့ကိုမဲပေးတာလဲ လို့အများရှေ့မှာမေးသေးတယ်”လို့ပြောပြ ခဲ့ပါတယ်။
ဆယ်အိမ်မှူးရွေးတဲ့အခါမှာ ကြီးကြပ် ရေးမှူးတွေဟာ ဆယ်အိမ်မှူးတွေတင်ပြ တဲ့ ဆယ်အိမ်စုပါအမည်စာရင်းအတိုင်း ရွေးချယ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ တကယ်ဆိုရင်ကြပ်မှူးတွေကိုယ်တိုင်ဆယ် အိမ်စုစာရင်းကိုကောက်ယူသင့်ပါတယ်။ တက်ရောက်လာတဲ့ ဆယ်အိမ်စုကိုယ်စား လှယ်တွေကို ရပ်/ကျေးအုပ်ချုပ်ရေးမှူး မှာရှိသင့်တဲ့ အရည်အချင်းတွေကိုရှင်းပြရ မှာပါ။ စာရွက်ရှိတယ်ဖတ်ကြည့်ဆိုပြီး လုပ်ဖို့မသင့်ပါဘူး။ ဆယ်အိမ်စုဆိုတာက လည်းအများဆုံးအိမ်ထောင်စု (၁၀) စုပါ ၀င်တဲ့ အစုအဖွဲ့ကိုပြောတာပါ။ အိမ်ထောင် စုဆိုတာကလည်း (လ၀က)က သတ်မှတ် ထားတဲ့ ပုံစံ (၆၆/၆) ပါစာရင်းကိုပြော တာဆိုတော့ မြန်မာနိုင်ငံအတွင်းနေထိုင် ကြတဲ့ လူတိုင်းနီးပါးဟာတစ်နေရာမဟုတ် တစ်နေရာမှာတော့ သန်းခေါင်စာရင်း (ပုံစံ ၆၆/၆) တော့ ၀င်ထားကြမှာပါ။ ဒီအိမ်နဲ့ ဒီသန်းခေါင်စာရင်းမှန်ဖို့ဆိုတာ အိမ်ပိုင်ရာပိုင်ရှိတဲ့ သူတွေပဲဖြစ်နိုင်မှာပါ။ အိမ်ငှားနေတဲ့ သူတွေအတွက်ကတော့ သိပ်မဖြစ်နိုင်ပါဘူး။ ငှားနေတဲ့ အိမ် လိပ်စာနဲ့ သန်းခေါင်စာရင်းမှာပါတဲ့ လိပ်စာမတူလို့မဲမပေးရဘူးဆိုတာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ပြန်စဉ်းစား သင့်ပါပြီ။ သူတို့လည်းသူတို့ကိုအုပ်ချုပ် မယ့်ကိုယ်စားလှယ်လောင်းအတွက် မဲပေး သင့်ပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အရ မည်သူ့ကိုမျှလူတန်းစားမခွဲခြားစေသင့် ပါဘူး။ အခုတော့ အိမ်ငှားနေထိုင်သူတွေ ဟာ ဧည့်စာရင်းဆိုတဲ့ ကိစ္စကြီးကြောင့် ပြောသင့်တာကို မပြောရဲကြပါဘူး။ တကယ်တော့ သူတို့ဟာဧည့်သည်တွေ မဟုတ်ပါ။ သူတို့ငှားနေတဲ့အိမ်မှာသူတို့ဟာ အိမ်ရှင်တွေပါ။ ဒါတွေကို သူတို့မသိတာ ကြောင့် ဧည့်စာရင်းတိုင်ပြီးနေကြတာပါ။ အိမ်တစ်အိမ်ကိုခဏတစ်ဖြုတ်လာရောက် နေထိုင်သူသာဧည့်သည်လို့သတ်မှတ်ရမှာ ပါ။ ရပ်/ကျေးဥပဒေမှာ ဧည့်သည်လာ ရင်လည်းရောက်ကြောင်း တစ်ခါအကြောင်း ထားမယ်၊ ပြန်သွားရင်လည်း ပြန်သွားကြောင်း အကြောင်းထားမယ်ဆိုရင်ရပါတယ်။ (၂) ရက်တစ်ခါ၊ (၃) ရက်တစ်ခါဧည့်စာရင်း သွားတိုင်နေစရာမလိုပါဘူး။ တကယ်တော့ ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ အတိုင်းလုပ်ကြရင်ဘာမှအသံထွက်စရာ အကြောင်းမရှိပါဘူး။ အခုတော့ရပ်ကွက် ထဲမှာ ကြပ်မှူး၊ ဆယ်မှူး၊ ရပ်မှူးလုပ်ချင် တဲ့ သူတွေကြောင့် အသံတွေကြားခဲ့ရပါ တယ်။ သူတို့လူကြီးလုပ်ချင်နေကြတာ ကြောင့် ကြားထဲကပြည်သူတွေခုတုံးလုပ် ခံနေရ၊ လူလည်ကျခံနေရတာတွေတွေ့နေ ရပါတယ်။ ဒီလိုသာဆိုရင်လူလည်နဲ့ ခုတုံးလုပ် မယ်သူတွေသာလူကြီးဖြစ်ခဲ့လို့ကတော့ ပဲဝက်ငွေအဿပြာကို သူတို့ရဲ့လည်မှာ သာဆွဲပေးလိုက်ချင်ပါတော့တယ်လို့ ပြောလိုက်ချင်ပါတော့တယ်။

နောင်တင်စိုး

အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

Related Articles:

Post a Comment