Friday, September 6, 2013

သစ်သားနှင့် သံချောင်း ပေါ်လင်းဦး


စာရေးတယ်ဆိုတာ ခက်တော့အခက်သား။ ရေးဦးမှပဲလို့ တွေးနေပေမယ့် ရေးစရာအကြောင်းက မည်မည်ရရ ရှိချင်မှရှိတတ်တာကိုး။ မအားလို့ မရေးတော့ဘူး ဆိုခါမှ ရေးစရာကုန်ကြမ်းလေးက ရလာရင်တော့လည်း အချိန်မရတဲ့ကြားထဲကပဲ ရေးဖြစ်သွားတတ်တာမျိုး ဖြစ်သည်။ ဒီရက်ပိုင်းတွေ အချိန်ရလှသည် မဟုတ်ပါ။ သို့သော်လည်း ရေးစရာ အတွေးလေးက ရလာပြန်တော့လည်း ရေးဖြစ်သွားသည် ဆိုပါတော့။
per_tthtc_PLOခေတ်ပြောင်းစနစ်ပြောင်းဆိုတော့ အရပ်ဘက်လှုပ်ရှားမှုတွေက ပေါမှပေါဖြစ်သည်။ ဟိုအခမ်းအနား၊ ဒီအခမ်းအနားတွေ ပေါလှသည်။ ကောင်းပါသည်။ ဒီလိုဖြစ်သင့်တာ ကြာပါပြီ။ တစ်နေ့ကလည်း အခမ်းအနားတစ်ခုကို ရောက်ဖြစ်သည်။ ဟောပြောပွဲဆိုဆို၊ တွေ့ဆုံပွဲဆိုဆို သက်ကြီးစကား သက်ငယ်ကြားတော့ ဖြစ်သည်ပေါ့။ အနည်းဆုံးတော့ စင်ပေါ်တက်သူတွေက ကိုယ့်အထုပ်ကို ဖြေပြတတ်ကြသည်ဖြစ်ရာ သူတို့အထုပ်ကို ကြည့်ခွင့်ရသည်ဟု အောက်မေ့ပါသည်။ အခုနောက်ပိုင်း ဘယ်သူဘာပြောပြော ကျွန်တော်ကတော့ အဲသလိုသဘောမျိုးနှင့် ကြည့်ဖြစ်သည်။ ကုန်ကုန်ပြောရလျှင် တရားပွဲပင်ဖြစ်စေ အကုန်လုံးကို မှန်လှပါဟု လုပ်ချင်မှလုပ်တော့သည်။ မရှင်းတာကို မရှင်းသလို ထားမိလာသည်။ မကြိုက်သည်ကို မကြိုက်ပါဟု ကိုယ့်ကိုယ်ကိုယ် ပြောဖြစ်လာသည်။ တစ်ခုတော့ရှိသည်။ ‘ကိုယ့်စိတ်အခံကြောင့် မကြိုက်သည်’ နှင့် ‘ကိုယ်က ဉာဏ်မမီ၍ လိုက်မမီနိုင်သည်’ ကတော့ ကွဲပြားမှဖြစ်မည်။ မည်သူဖြစ်စေ စင်ပေါ်ရောက်တော့ အထုပ်ဖြေ ပြတတ်ကြသည်။အချို့က အထုပ်ထဲမှ အမှိုက်တွေ ထုတ်ပြတတ်သည်။ အချို့က အဖိုးတန်သည့် အရာတွေ ထုတ်ပြတတ်သည်။ ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုသလိုမျိုး ဖြစ်သည်။
ယခုလည်း စတိတ်ပေါ်တွင် သြဝါဒပေးသူက လူငယ်တွေနှင့် ပတ်သက်ပြီး ပြောသည်။ ထုံးစံအတိုင်း ဒီနေ့ခေတ်လူငယ်တွေကို အားမရပါပေါ့။ ကြိုးစားစေချင်သည်ပေါ့။ ခံယူချက် မှန်စေချင်သည်ပေါ့။ အပြောကောင်းပါသည်။ ဆွဲဆောင်မှု ရှိပါသည်။ ထိထိမိမိ ရှိပါသည်။ စေတနာပါမှန်း သိသာပါသည်။ ကျွန်တော်ကတော့ သဘောကျပါသည်။ ဥပမာ ဥပမေယျတွေနှင့်ပါ ပြောသည်။ သစ်သားထဲကို သံနဲ့ ရိုက်လိုက်တဲ့အခါ သံဝင်သွားပါသည်တဲ့။ တစ်နည်းအားဖြင့် ဒါဟာ သစ်သားက သူ့နေရာကို ဖယ်ပေးလိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒီလို ဖယ်ပေးလိုက်ရတာဟာ သံဟာ သစ်သားထက်မာတဲ့ အတွက်ကြောင့်ပါတဲ့။ မှန်ပါသည်။ လောကတွင် ငါ့အတွက်နေရာ မရှိတော့ပါဘူးဆိုတာ မရှိပါဘူးတဲ့။ ငါဝင်တိုးလို့ ရပါ့မလားဆိုတာကို မစိုးရိမ်ပါနဲ့တဲ့။ ပိုမာတဲ့သူအတွက် ပျော့တဲ့သူက နေရာ ဖယ်ပေးရသည်ချည်း ဖြစ်သည်တဲ့။ သို့ကြောင့် နေရာတစ်ခုရဖို့ မိမိကိုယ်ကိုယ် ပိုမာအောင် တည်ဆောက်နိုင်ရန် တော့လိုမည် ဖြစ်သည်ဟု ဆိုသည်။ အောက်မှ နားထောင်သူများက လူငယ် အများစုဖြစ်သည်။ သြဝါဒပေးသူ၏ ဥပမာကို သဘောကျကြသည်။ ဟုတ်သည်ပေါ့။ မှန်သည်ပေါ့။ ကောင်းလိုက်တဲ့ ဥပမာပေါ့။
ပြောပြောဆိုဆိုနှင့် သူ့ဟောပြောမှုက ပြီးသွားပြီ ဖြစ်သည်။ ထိုစဉ် ကျွန်တော့် မိတ်ဆွေတစ်ဦးက စကားစသည်။ စောစောကပြောတဲ့ ဥပမာ မှားနေပါသည်တဲ့။ သစ်သားထဲကို သံရိုက်လို့ ဝင်သွားတာဟာ သံကမာနေလို့ ဆိုတာ မဟုတ်ပါဘူးတဲ့။ ပြဿနာက အဲဒီမှာ စပြီဖြစ်သည်။ အခမ်းအနား ပြီးသွားသော်လည်း ကျွန်တော်တို့အတွက်က မပြီးနိုင်သေး။ ဒီလိုဝင်သွားတာဟာ သံချောင်းရဲ့ အောက်ခြေဧရိယာကြောင့် ဖြစ်သည်ဟုဆိုသည်။ ပြောပြောဆိုဆိုနှင့် F=P⁄A ကို အစချီကာ စီကာပတ်ကုန်း ရှင်းပြတော့သည်။ နောက်ဆုံးတော့ သူကပြောသည်။ သံကို ပက်လက်လှန်ပြီး ဒီအားနဲ့ပဲ ရိုက်ကြည့်ပါတဲ့။ (different area, same hardness)။ သူပြောသလို အောက်ခြေဧရိယာကို ပြောင်းပြီး ရိုက်ခြင်းဖြစ်သည်။ အဲဒီအခါ ဝင်ဦးမှာလားတဲ့။ မဝင်နိုင်တော့ပါ။ ပက်လက်လှန်ရိုက်ရင်တော့ ဘယ်ဝင်တော့မလဲပေါ့။ သို့ကြောင့် စောစောကပြောသော ဥပမာသည် သံမာ၍ သစ်သားထဲကို ဝင်ရသည် ဆိုသည်မှာ မဟုတ်ပါဟုဆိုခြင်း ဖြစ်ပါသည်တဲ့။
“ထည့်သွင်းစဉ်းစားသင့်သော အချက်အလက်တို့ မစုံလင်လျှင် အမှန်တရားကို မှားယွင်း နားလည်မိ…”
ခေါင်းစားချင်စရာတော့ ဖြစ်သည်။ ကိုယ်လည်း ပြန်စဉ်းစားရသည်ပေါ့။ ဟုတ်များ ဟုတ်နေသလားပေါ့။ သူ့ငြင်းချက်က ခိုင်မာသယောင်ယောင် ဖြစ်သည်။
တစ်အောင့်လောက်ကြာတော့မှ ကျွန်တော်လည်း ပြန်ပြောဖြစ်သည်။ ကတ်သီးကတ်သတ် သူ့အမြင်ကို ကိုယ်ကလည်း ကြံကြံဖန်ဖန်ပြန်ပြောမှ ဖြစ်ချေတော့မည်။ သံသည်မာ၍ ဝင်ခြင်းမဟုတ် ဆိုသည့် အဆိုအပေါ် ကိုယ့်အမြင်ပြန်ပြောမှ ဖြစ်တော့မည်။ သံ၏ အမာဂုဏ်သတ္တိကြောင့် မဟုတ်ဟုဆိုလျှင် ‘ဖယောင်းတိုင်တစ်တိုင်ကို ယင်းသံနှင့် တစ်ထေရာတည်းတူအောင် ပြုလုပ်ကာ ရိုက်မည်ဆိုရင်ရော’ ဖြစ်သည်။ စောစောက သံချောင်းနှင့် အောက်ခြေဧရိယာချင်း အတူတူပင် ဖြစ်သည်။ ဒီလိုဆိုရင်ရော ဝင်ဦးမည်လား။ (different area, same hardness)။ မဝင်နိုင်တော့ပါ။ ချွန်မြနေသည့် ဖယောင်းဖြစ်သည့်တိုင် သစ်သားထဲကို ဝင်သွားနိုင်စရာ အကြောင်းတော့ မရှိပါ။ သူပြောသလို အောက်ခြေဧရိယာ တစ်ခုတည်းကြောင့် ဖြစ်ရိုးမှန်လျှင် အခုလည်း ဝင်ရမည်ပေါ့။
ဤနေရာတွင် ကျွန်တော့်အတွက် တွေးစရာတစ်ခု ရပါတော့သည်။ အမှား၊ အမှန် ချဉ်းကပ်ရာတွင် ဖြစ်လေ့ဖြစ်ထရှိသော ကျွန်တော်တို့၏ သဘောသဘာဝဖြစ်သည်။ မိမိအားသန်သည့် ရှုထောင့်တစ်ခုတည်းမှ ကြည့်ကာ ကောက်ချက်ချတတ်သည့် ကျွန်တော်တို့၏ သဘာဝဖြစ်သည်။ ရှုထောင့်ပေါင်းစုံကို ခြုံငုံကြည့်ခြင်းမပြုဘဲ မိမိသန်ရာသန်ရာ တစ်ခုခုကို ဆွဲကိုင်ကာ မိမိနှင့် မတိုက်ဆိုင်တိုင်း မှားသည်၊ မှန်သည်ဟု ပြောလေ့ပြောထ ရှိသည့်အကျင့်သည် ကိစ္စအသေးအမွှား များတွင် ပြဿနာ မရှိလှသော်လည်း ကိစ္စကြီးလျှင် ကြီးသလောက် အန္တရာယ်ရှိလှသည် ဟုတော့ ပြောနိုင်သည်ဖြစ်သည်။ နိုင်ငံနှင့်ချီလာလျှင် ပိုဆိုးပြီပေါ့။ ထိုကဲ့သို့အပြုအမူမျိုး မိမိတွင်လည်း မရှိနိုင်၊ မရှိခဲ့နိုင်၊ ရှိမလာနိုင်ဟု မပြောနိုင်ပေ။ ထိုမိတ်ဆွေကို အပြစ်မပြောလိုပေ။ ထိုသို့သော အမူအကျင့် ခင်ဗျားမှာလည်း ရှိနိုင်သလို၊ ကျွန်တော့်မှာလည်း ရှိနိုင်သည် ဖြစ်သည်။ မိမိအမြင်နှင့် မတိုက်ဆိုင်လျှင် မှားသည်ဟု လွှတ်ခနဲ ပြောလေ့ပြောထရှိသည့် ကျွန်တော်တို့၏ အကျင့်ကို သတိပြုမိခြင်းသာ ဖြစ်သည်။
ထိုကိစ္စကို ကျွန်တော်ဆက်လက် ဆွေးနွေးလိုပါသည်။ သစ်သားထဲကို သံဝင်သွားခြင်းမှာ အမှန်တော့ ထိုမိတ်ဆွေပြောသလို အောက်ခြေဧရိယာကြောင့် ပါသလို၊ သံ၏ အမာဂုဏ်သတ္တိ ကြောင့်လည်း ပါသည်ဖြစ်သည်။ တစ်ခုတည်းကြောင့်ဟု မပြောနိုင်ပါ။ အမှန်တော့ အချက်အားလုံး (ရှုထောင့် အားလုံးဘက်မှ) မကြည့်ဖြစ်သောကြောင့် သူမှားသည်၊ ကိုယ်မှန်သည်ဟု အငြင်းပွားနေခြင်း ဖြစ်သည်။
အမှန်အားဖြင့် လောကတွင် အမှားနှင့် အမှန်နှစ်မျိုးတည်း ရှိသည်မဟုတ်။ အဖြူနှင့်အမည်း နှစ်မျိုးတည်း ရှိသည်မဟုတ်။ ရှည်သူနှင့်ပုသူ နှစ်မျိုးတည်း ရှိသည်မဟုတ်။ မှားသည်နှင့် မှန်သည်ကြားတွင် အခြားသော အခြေအနေများ ရှိသေးသည်။ ဖြူသည်နှင့်မည်းသည် အကြားတွင် အခြားသော အခြေအနေများ များပြားစွာ ရှိသေးသည်။ ဖန်ခွက်ထဲတွင် ရေတစ်ဝက်ရှိခြင်းကို ‘အရှိ’ ရှုထောင့်မှကြည့်လျှင် တစ်ဝက်ရှိသည် ဖြစ်သည်။ ‘မရှိ’ ရှုထောင့်မှကြည့်လျှင် ရေတစ်ဝက်မရှိ၊ လိုနေသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ထိုအဆိုနှစ်ခုစလုံး မမှားပါ။ အဖြေမတူလို့ မငြင်းခုံစကောင်းပါ။ အဖြေမတူပေမယ့်၊ အမြင်မတူပေမယ့် အရှိတရားကတော့ အတူတူပင်ဖြစ်သည်။
‘ပူလိုက်တာပဲ’ ဟုဆိုခြင်းအပေါ် ‘လုံးဝမအေးဘူး’ ဟုလည်း ဆိုနိုင်သေးသည်။ ဤသည်ကိုပင် သင်္ချာသဘောအရ Fuzzy Logic ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းလောဂျစ် ဆိုသည်ကား လုံးလုံးအမှန်နှင့် လုံးလုံးအမှားကြားရှိ တစ်စိတ်တစ်ပိုင်းအမှန်၊ တစ်စိတ်တစ်ပိုင်း အမှားအကြောင်းကို အခြေပြုခြင်း ဖြစ်သည်။
နောက်သူငယ်ချင်းတစ်ဦးလည်း ရှိသေးသည်။ သူသည် ငယ်စဉ်ကတည်းက ပညာတော်သူ၊ စာကြိုးစားသူ ဖြစ်သည်။ ဆယ်တန်းအောင်တော့ အမှတ်ကောင်းကောင်းဖြင့် အောင်သည်။ တက္ကသိုလ် ဆက်တက်တော့ ထိုခေတ်ကာလ မြန်မာနိုင်ငံမှာ အကောင်းဆုံး ကျောင်းတွေထဲက တစ်ခုကိုတက်သည်။ တက္ကသိုလ်တွင်လည်း ဆက်လက်ကြိုးစားသည်။ အတန်းတိုင်း ထိပ်ဆုံးမှဖြစ်သည်။ ပညာရေးကောင်းသူမို့ ပညာရေး အားနည်းသူများထက် သူက ဘဝမှာသာလိမ့်မည်ဟုသာ ငယ်စဉ်ကတည်းက တွေးထင်ခဲ့သည်။ ယုံကြည်ခဲ့သည်။ သို့သော်ယခု အသက်အရွယ်တွင် ထိုအမြင်မှာလုံးလုံး ပြောင်းသွားသည်ဟု ဆိုသည်။ သူ့လောက် ပညာရေးမကောင်းသူများက ယနေ့ သူ့ထက်အောင်မြင်နေသည်။ အဆင်ပြေနေသည်။ သူငယ်ငယ် ကတည်းက တစိုက်မတ်မတ် ယုံကြည်ခဲ့သောအရာသည် အခုမှ မှားနေမှန်း သိသည်ဟုဆိုသည်။ ငယ်စဉ်က သူသိထားသော ဘဝအောင်မြင်ရေးအတွက် အချက်အလက်များမှာ မစုံလင်ခဲ့ပါလား ပြန်တမ်းတသည့် လေသံဖြင့်ပြောသည်။
ထိုအတွေးသည် ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် အခြေတော်တော် ခိုင်ခဲ့သော အတွေးဖြစ်သည်။ အမှန်မှာ ဘဝအောင်မြင်ရေးဟူသည် ပညာရေး (ကျောင်းစာ) တစ်ခုတည်းအပေါ်တွင် မူတည်နေသည် မဟုတ် ဆိုသည်ကို ကျွန်တော်တို့ ဖြတ်သန်းခဲ့သော ပညာရေးစနစ်က ကောင်းကောင်း လမ်းညွှန်မပေးနိုင်ခဲ့ပါ။ ဤသို့ဆိုခြင်းမှာ ပညာရေး၏ ဂုဏ်သိက္ခာကို မှေးမှိန်စေရန် မရည်ရွယ်ပါ။ ဘဝအောင်မြင်ရေးအတွက် လိုအပ်သော အချက်အလက် အားလုံးကို ကျွန်တော်တို့ ဖြတ်သန်းခဲ့သော ပညာရေးစနစ်က မိတ်မဆက်ပေးနိုင်ခဲ့ဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။ ဘဝတစ်ခုလုံး အတွက်မှာတော့ အခြားအခြားသော အရည်အသွေးများကို ထည့်သွင်းစဉ်းစားရန်၊ ပြုစုပျိုးထောင် ရန်လိုသည်ဟု ရည်ရွယ်လိုခြင်းသာ ဖြစ်သည်။ စာပြီးရင်း ‘စာ’ ဖြစ်နေသည့် သဘောကို ဟန်မကျပါလားဟု မြင်မိခြင်းသာ ဖြစ်ပါသည်။ ယနေ့ ကြားနေရသော ဘက်စုံပညာရေးဟုဆိုဆို၊ ကင်းထောက်လူငယ်ဟု ပြောပြော ယင်းတို့မှာ အဆိုပါ အားနည်းချက်တို့ကို ဖာထေးခြင်း ဖြစ်မည်တော့ ထင်ပါသည်။
သို့ဖြစ်ရာ မည်သည့်ကိစ္စတွင်ဖြစ်စေ ထည့်သွင်းစဉ်းစားသင့်သော အချက်အလက်တို့ မစုံလင်လျှင် အမှန်တရားကို မှားယွင်း နားလည်မိတတ်သည့် သဘောရှိပါသည်။ ယနေ့ ကျွန်တော်တို့ အသိုင်းအဝိုင်းတွင် အမှားအမှန် ငြင်းခုံမှုများ အတော်များသည်။ ဒါလည်း သဘာဝတရားဖြစ်သည်။ အခု ငြင်းခုံသလို နောင်လည်း ငြင်းခုံရဦးမည် ဖြစ်သည်။ သို့ဖြစ်ရာ ယင်းသို့ ငြင်းခုံစရာ ရှိလာတိုင်း တစ်ဖက်နှင့်တစ်ဖက် ရှုထောင့်ချင်း အပြန်အလှန် မြင်ပေးနိုင်ရန် လိုသလို၊ အချက်အလက်အားလုံး စုံစုံလင်လင် ထည့်သွင်း စဉ်းစားရန် လိုလေမလားလို့ အတွေးဝင်မိခြင်းသာ ဖြစ်သည်။ ဤသည်မှာ ယနေ့ လူပြောများနေသည့် Blame Society အတွက် ဖြေဆေးတစ်ရပ်များ ဖြစ်လေမလား ထင်မိပါသည်။
From  http://thevoicemyanmar.com

Related Articles:

Post a Comment