Friday, September 6, 2013

လာရီဂျာဂန်း မြင်နေသည့် မြန်မာ့နိုင်ငံရေး ဖြိုးဝေ





မြန်မာ့နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးအဖြစ် သတင်းဆောင်းပါးများ ရေးသားနေသည့် Mr. Lary Jagan အား တွေ့ရစဉ်
ပြီးခဲ့သည့် စနေနေ့က ဘီဘီစီ သတင်းဌာနတွင် နှစ်ပေါင်း ၄၀ ခန့် အလုပ်လုပ်ခဲ့ပြီး ဗြိတိန်နိုင်ငံ ရိုက်ကူးထုတ်လုပ်ရေး ကော်ပိုရေးရှင်းတွင် မြန်မာ့နိုင်ငံရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ကာ လက်ရှိအချိန်တွင် အလွတ်တန်း သတင်းထောက် တစ်ဦးအဖြစ် လုပ်ကိုင်နေသူ Mr. Lary Jagan နှင့် တွေ့ဆုံဖြစ်ခဲ့သည်။
ဝါရင့်သတင်းထောက်ကြီး တစ်ဦးအဖြစ် မြန်မာနိုင်ငံ အပါအ၀င် အာရှဒေသများအတွက် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သူမို့ သူ၏နိုင်ငံတကာ အတွေ့အကြုံများမှာ ကျွန်တော်တို့လို မီဒီယာလွတ်လပ်ခွင့် အနည်းငယ် စတင်ရရှိနေသည့် မြန်မာနိုင်ငံသား သတင်းထောက်များအတွက် အလွန်တန်ဖိုးရှိသည့် စကားများအား တလေးတစား နားထောင်ခဲ့ရသည်။
Mr. Lary Jagan ဆိုသည်မှာ ဘီဘီစီအတွက် တာဝန်ထမ်းဆောင်ရင်း ၁၉၉၂ ခုနှစ်က မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးသမား အချို့၏ ဖိတ်ခေါ်ချက်အရ သတင်းရယူရင်း ပြည်ဝင်ခွင့် ပိတ်ခံခဲ့ရသူ ဖြစ်သည်။
"ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ အချိန်မှာ ကျွန်တော်သူ့ဆီ နေ့တိုင်းဖုန်းဆက်တယ်။ ၁၉၉၅ လောက်ဆိုတော့ ဖုန်းလိုင်းတွေကလည်း မကောင်းဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတာလေး တစ်ခုကို သတိရမိတယ်။ "လာရီ နင်ကအမှန်တွေပဲ ရေးတော့ အစိုးရက ဘယ်ကြိုက်ပါ့မလည်း ပြောခဲ့တယ်" ဟု သတိတရ ဆိုသည်။
ယခင်အစိုးရ လက်ထက်က ရေးသားခဲ့သည့် သတင်းများအတွက် ပြည်ဝင်ခွင့် ပိတ်ခံရသလို ယခုအစိုးရ လက်ထက်တွင်လည်း သူရေးသော သတင်းများအား အစိုးရအဖွဲ့ အနေဖြင့် နှစ်လိုမှုရှိဟန် မတူကြောင်း Mr. Lary Jagan ဆိုသည်။
အစိုးရသစ်လက်ထက် တစ်နှစ်ကျော်ကာလအတွင်း ပြည်ဝင်ခွင့် ပြန်လည်ခွင့်ပြု ခဲ့သော်လည်း ထိုသို့ပြည်ဝင်ခွင့် ရရှိရန် အကြိမ်ပေါင်း ၄၃၀ အထိ လျှောက်ထားခဲ့ရသည်။
ပြည်ဝင်ခွင့် ပြန်လည်ရရှိသော်လည်း အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံစကားပြောဆိုခွင့် ရရှိရန်မူ ခက်ခဲနေဆဲ ဖြစ်သည်။
"၈၈ ငွေရတုပွဲမှာ ၀န်ကြီးဦးစိုးသိန်းနဲ့တွေ့တော့ သူက "လာရီရေ မင်းရဲ့ရေးသားချက်တွေကြောင့် ငါတို့ပြုပြင် ပြောင်းလဲလာပါပြီ" ဆိုပြီး လာနှုတ်ဆက်တယ်။ "ဒါဆိုလည်း အင်တာဗျူးလေး လုပ်ရအောင်လည်း ပြောလိုက်ရော သူလစ်ပြေးသွားတယ်" ဟု အပြုံးတစ်ဝက်နှင့် ဆိုသည်။
စစ်အာဏာရှင် လက်အောက်မှ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံသည် အလုံးစုံ ပြုပြင်ပြောင်းလဲနေသည် ဆိုသော်လည်း အကြောက်တရား တစ်ခုအောက်တွင် နှစ်ပေါင်း ၅၀ ကျော် နေခဲ့ရခြင်း၊ လက်ရှိတည်ငြိမ်မှု ကင်းမဲ့နေသည့် မြန်မာ့နိုင်ငံရေး အခြေအနေအရ နောက်ကြောင်းပြန်နိုင်သည်ဟု ယူဆမှုများ ရှိနေပြီး ယခုကဲ့သို့ ပွင့်လင်းလွတ်လပ်ချိန် ပြောဆိုမှုများမှာ အာဏာသိမ်းခံရချိန်တွင် ဖမ်းဆီးအရေးယူ ခံရမည်ကို အစိုးရပိုင်းမှ ထိပ်သီးတာဝန် ရှိသူများပင် ကြောက်ရွံ့နေဖွယ်ရှိပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေဆဲဖြစ်ကြောင်း Mr. Lary Jagan က သုံးသပ်သည်။
လက်ရှိ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဖြစ်သူ ဦးဆက်အောင်နှင့်လည်း ပြောဆိုဆက်သွယ်မှုများ ရှိနေသည်။ ထိုသို့ ပြောဆိုဆက်ဆံရာတွင် လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ပြောကြားခဲ့သော်လည်း ကိုးကားခွင့်ကိုမူ ယခင်က အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်က ပိတ်ပင်ခဲ့ကြောင်း ဆက်လက်ပြောသည်။
Mr. Lary Jagan အနေနှင့် မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာချိန်တွင် အာဏာရပါတီမှ ထိပ်ပိုင်းပုဂ္ဂိုလ် တစ်ဦးဖြစ်သူ ဦးဌေးဦးကိုသာ တရားဝင် တွေ့ဆုံမေးမြန်းခွင့် ရရှိထားသည်။ သူ့နှင့် တွေ့ဆုံပြောဆိုမှု ပြုလုပ်ရန် အစိုးရအဖွဲ့ဝင်များ အနေနှင့် တွန့်ဆုတ်နေပြီး မြန်မာနိုင်ငံအတွင်း သတင်းရယူရာတွင် ခိုးကြောင်ခိုးဝှက် သတင်းများ ရယူလိုမှုမရှိဘဲ တရားဝင် သတင်းရယူရန် ဂျာနယ်လစ်ဗီဇာ လျှောက်ထားသော်လည်း ရရှိမှု မရှိခဲ့ချေ။
မြန်မာ့နိုင်ငံရေးအပေါ် အမြင်များသည် အဖိုးထိုက်တန်သကဲ့သို့ သူဆက်လက် ရေးသားမည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့၏ အားပြိုင်မှုများ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်ရန် အမှန်တကယ် လုပ်ဆောင်မှု ရှိမရှိ . . . . .
လက်ရှိတွင် သူ့အနေဖြင့် အစိုးရသက်တမ်း နှစ်နှစ်ကျော် ကာလအတွင်း ပွတ်တိုက်မှု အရှိန်အဟုန် မြင့်မားလာသည့် ယခင်အစိုးရလက်ထက် အဆင့် ၄ ဖြစ်ခဲ့သူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ယခင်အစိုးရလက်ထက် အဆင့် ၃ ဖြစ်ခဲ့သူ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ အကြားရှိ ပွတ်တိုက်မှု၊ အားပြိုင်မှုများအပေါ် သုံးသပ်မှုဆောင်းပါး ရေးနိုင်ရန် အားထုတ်နေကြောင်းလည်း ပြောဆိုခဲ့သည်။
အလားတူပင် အင်တာဗျူးခွင့်ရမည် ဆိုပါက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာဏာရပါတီ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဌေးဦးတို့အား အင်တာဗျူးခွင့် ရယူလိုကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် လူမှုရေး၊ ဘာသာရေး ပဋိပက္ခများနှင့် မြန်မာ့သမိုင်းတွင် ပါဝင်မှုမရှိသည့် ရိုဟင်ဂျာဆိုသည့် နာမည်ခံယူထားသည့် ဘင်္ဂါလီများ အရေးကိုမူ မြန်မာနိုင်ငံ သမိုင်းအား လေ့လာနိုင်မှု အားနည်းနေသောကြောင့် မဝေဖန်လိုသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ အထိမခံနိုင်သည့် အနေအထားသို့ ဆိုက်ရောက်နေသည့်အတွက် သတင်းမီဒီယာ သမားများ အနေနှင့် သတင်းရေးသားရာတွင် ဂရုတစိုက် ရေးသားရန် လိုအပ်ကာ Time Magazine မှ Hanna Beech ၏ ဗုဒ္ဓဘာသာဝင် ရဟန်းတော်တစ်ပါးအား အကြမ်းဖက်သူအဖြစ် စွပ်စွဲရေးသားမှုမှာ မရေးသားသင့်သော အကြောင်းအရာသာ ဖြစ်နေပြီး ထိုသို့ရေးသားမှုကြောင့် မြန်မာနိုင်ငံအတွင်း ပြဿနာ ဖြစ်ပေါ်နေသည့် ဘာသာနှစ်ခုအကြား အဓိကရုဏ်းများ လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း Mr. Lary Jagan က သုံးသပ်သည်။
မြန်မာနိုင်ငံ၏ အထွတ်အထိပ် ဥပဒေ တစ်ခုဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မတရားမှုများ၊ ဘက်လိုက်မှုများဖြင့် ဖွဲ့စည်းထားပြီး လက်ရှိတွင် ပြင်ဆင်နိုင်ရန် လုပ်ဆောင်နေသည် ဆိုသော်လည်း လွှတ်တော်အတွင်း ဆန္ဒခံယူခြင်း၊ ဆုံးဖြတ်ခြင်း၊ ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ခြင်း စသည့်လုပ်ငန်းစဉ်များမှာ အချိန်များစွာ ယူရမည်ဖြစ်သည့်အတွက် ထပ်မံရောက်ရှိလာမည့် ၂၀၁၆ ခုနှစ် အစောပိုင်းအထိ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်မှုများ မပြီးမြောက်နိုင်ကြောင်းလည်း Mr. Lary Jagan က ပြောပါသည်။
၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း ကျင်းပဖွယ်ရှိသည့် ရွေးကောက်ပွဲတွင် သမ္မတဖြစ်မည့်သူ စာရင်းများအား ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာဏာရပါတီ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဌေးဦးတို့အား စာရင်းချပြခဲ့ပြီး မည်သူသမ္မတ ဖြစ်လာနိုင်မည်ဆိုသည့် အဖြေကိုမူသူ၏ တစ်သီးပုဂ္ဂလအမြင် ဖြစ်သဖြင့် ကိုးကားခြင်း မပြုပါရန် တောင်းဆိုခဲ့သည်။
နိုင်ငံခြား သတင်းထောက်ဖြစ်သူ Mr. Lary Jagan တွေ့ကြုံရသကဲ့သို့ မြန်မာနိုင်ငံ အတွင်းမှ သတင်းထောက်များသည်လည်း အစိုးရ အဖွဲ့ဝင်များ၊ ၀န်ကြီးများ၊ ၀န်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် သတင်းရယူရန် ခက်ခဲနေကာ ထိုသို့ဖြေကြားမှု အားနည်းနေသည့်အတွက် အစိုးရ အဖွဲ့ဝင်များ ပြောဆိုသကဲ့သို့ တစ်ဖက်သတ်ရေးသော သတင်းများသာ စာမျက်နှာအထက် ပါဝင်နေသော်လည်း သတင်းထောက် တစ်ဦးသည် နောက်ကွယ်မှ သန်းပေါင်းများစွာသော ပြည်သူများအတွက် ဖြေကြားရန် ကြောက်ရွံ့နေသည့် သူများအား သတင်းရရှိရန် စဉ်ဆက်မပြတ် မေးမြန်းရမည်သာဖြစ်ကြောင်း Mr. Lary Jagan က အားပေးစကား ဆိုခဲ့သည်။
အစိုးရ အဖွဲ့များ နှစ်ခြိုက်မှု နည်းပါးသည့် ၀ါရင့်နိုင်ငံခြား သတင်းထောက်တစ်ဦး၏ မြန်မာ့နိုင်ငံရေးအပေါ် အမြင်များသည် အဖိုးထိုက်တန်သကဲ့သို့ သူဆက်လက် ရေးသားမည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့၏ အားပြိုင်မှုများ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်ရန် အမှန်တကယ် လုပ်ဆောင်မှု ရှိမရှိဆိုသည့် ဆောင်းပါးများအား မြန်မာနိုင်ငံမှ သန်း ၆၀ ကျော်သော ပြည်သူများအပြင် မြန်မာ့နိုင်ငံရေး ကူးပြောင်းမှုအား စိတ်ဝင်တစား စောင့်ကြည့်နေသည့် ကမ္ဘာ့နိုင်ငံများမှ စောင့်ကြည့်ဖတ်ရှုနေမည် ဖြစ်သည်။
သာမန် သတင်းထောက် တစ်ဦးသာဖြစ်သော ကျွန်တော့်အနေဖြင့် ယခင်စစ်အစိုးရ သာမက လက်ရှိစစ်အစိုးရပါ ၀ါရင့်သတင်းထောက်ကြီး Mr. Lary Jagan ၏ မှန်ကန်သော ရေးသားမှုများအပေါ် နှစ်လိုမှု နည်းပါးသည် ဆိုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအား စိတ်ဝင်စားသော သတင်းထောက်အိုကြီးတစ်ဦး ထပ်မံပြည်ဝင်ခွင့် ပိတ်ပင်ခြင်း မခံရပါစေနှင့်ဟု ဆုတောင်းရုံသာ။
From First -11

Related Articles:

Post a Comment