Wednesday, September 4, 2013

ပုဒ်မ ၁၈ ဂယက် --------------- ရေးသားသူ- အောင်ခိုင်


“ပုဒ်မ ၁၈ အလိုမရှိ။ မတရားဖမ်းဆီးချုပ်နှောင်ထားသူများ လွှတ်ပေးရေးတို့အရေး ၊ တရားဥပဒေစိုးမိုးရေး.. တို့အရေး”

မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း လူတစ်စုကမူ ဆူးလေစေတီတော်ဘက်သို့ လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်နေကြသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ လုံးဝပယ်ဖျက်ရန် စမ်းချောင်းမြို့နယ်မှ ကျောက်တံတားမြို့နယ်ထိ ခုနစ်မြို့နယ် လမ်းလျှောက်ချီတက် တောင်းဆိုနေကြခြင်းဖြစ်သည်။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ယင်းဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်နေပြီး နိုင်ငံသားတို့ရပိုင်ခွင့်များကို ဖိနှိပ်ထားသဖြင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟုဆိုသည်။

ပုဒ်မ ၁၈ ပယ်ဖျက်ရန် ကန့်ကွက်မှုများ အားကောင်းလာချိန်မှာ ဆန္ဒဖော်ထုတ်သူများကို ယင်းပုဒ်မ ၁၈ ဖြင့်ပင် အရေးယူခဲ့သည်။

စစ်အာဏာရှင်စနစ်မှ အသွင်ကူးပြောင်းနေသော မြန်မာနိုင်ငံတွင် အဆိုပါ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

“ပြတင်းပေါက်ဖွင့်ပေးပြီးမှ သံဆန်ခါပြန်တပ်သလိုဖြစ်နေတယ်။ ပုဒ်မ ၁၈ က ဒီမိုကရေစီစံနှုန်းနဲ့လည်း မညီဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရနဲ့လည်း ဆန့်ကျင်တယ်”ဟု ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးဦးဝင်းမြင့်က ထောက်ပြပြောဆိုသည်။

နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ တွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ်က အတည်ပြုပြဋ္ဌာန်းခဲ့သော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ တွင်မူ “ခွင့်ပြုမိန့်မရှိဘဲ ငြိမ်းချမ်းစွာစုဝေးစီတန်း လှည့်လည်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”ဟု ပါရှိသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကိုတောင် မယုံကြည်ရဘူးလား၊ မလိုက်နာနိုင်ဘူးလား။ နိုင်ငံသားတိုင်း ရပိုင်ခွင့်အရ လွတ်လပ်စွာ စုဝေးဆန္ဒဖော်ထုတ်ခွင့်ရှိတယ်”ဟု ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခြင်းခံထားရသော မျိုးဆက်သစ်လူငယ်များအဖွဲ့(GY)မှ ကိုစည်သူက ဝေဖန်ပြောဆိုသည်။

ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် တရားဝင်ရရှိရန် ခွင့်ပြုမိန့်ကြိုတောင်းခံရာတွင်လည်း အခက်ခဲများကြုံတွေ့နေရသည်ဟု တက်ကြွလှုပ်ရှားသူများကဆိုသည်။ လှည့်လည်ဆန္ဒဖော်ထုတ်ခွင့်ရရှိရန် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ အချက်အလက်ပြည့်စုံစွာဖြင့် အနည်းဆုံးငါးရက် ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမည်ဟု ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခွင့်ဥပဒေက ပြဋ္ဌာန်းထားသည်။

“ခွင့်ပြုမိန့်ကြိုတောင်းတယ်။ ပယ်ချတယ်။ အယူခံဝင်ပြောတယ်။ မပေးချင်ရင် အကြောင်းအမျိုးမျိုးပြရွှေ့တယ်”ဟု ဒီမိုကရေစီအင်အားစုမှ ဦးသန်းဆွေက ခွင့်ပြုမိန့်ရရှိရန် ကြန့်ကြာပုံကို ဝေဖန်ထောက်ပြသည်။

ဆန္ဒဖော်ထုတ်ခွင့်တောင်းဆိုသော ပြည်သူများဘက်က စီတန်းလှည့်လည်ခွင့်ဥပဒေပါ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရန်အားနည်းနေသည့်အတွက် ခွင့်ပြုမိန့်ပေးရန် အခက်အခဲများရှိသည်ဟုလည်း တာဝန်ရှိသူများကဆိုသည်။

“တချို့က တစ်မိုင်ခရီး လမ်းလျှောက်ဆန္ဒဖော်ထုတ်ဖို့ ခွင့်ပြုချိန် နံနက် ၆ နာရီက ည ၆ နာရီ တောင်းတယ်။ ဒါအဓိပ္ပာယ်မရှိဘူး။ တချို့ဆို သတ်မှတ်ပုံစံမှာပါတဲ့ အချက်တွေမပါဘူး။ ဒါဆို
လက်မခံနိုင်ဘူးပြန်ပြောရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးကဆိုသည်။

တာဝန်ရှိအဖွဲ့အစည်းများကမူ ယခုကဲ့သို့ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဆဲကာလတွင် နိုင်ငံသားတိုင်းသည် ဥပဒေကို လေးစားလိုက်နာရန်လိုအပ်ပြီး စည်းကမ်းနှင့်အညီသာ ဆန္ဒဖော်ထုတ်သင့်သည်ဟု တုံ့ပြန်သည်။

“ခွင့်ပြုမိန့်မတင်ဘူး၊ ဒါဆိုရင် ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းအရ ခွင့်မလွှတ်နိုင်ပါဘူး။ သတ်မှတ်ပုံစံမှာပါတဲ့ အချက်အလက်တွေပြည့်စုံရင် ခွင့်ပြုမိန့်ပေးပါတယ်။ ဒါပေမဲ့ ဆန္ဒဖော်ထုတ်ရာမှာ အများနဲ့ဆိုင်တာပဲ ဖြစ်ရမယ်။ ပုဂ္ဂိုလ်တစ်ဦးချင်း မတိုက်ခိုက်ရဘူး။ စည်းကမ်းရှိရမယ်။ ဥပဒေနဲ့ညီရင် ခွင့်ပြုပေးပါတယ်။ ပြီးရင် ငြင်းပယ်ခံရရင် အယူခံတက်ခွင့်ရှိပါတယ်”ဟု လက်ပံတောင်းတောင်စီမံကိန်း လုံးဝဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်မှုများကို အမြဲကိုင်တွယ်ဖြေရှင်းနေရသော မုံရွာခရိုင်ရဲမှူးကြီးတင်ထွန်းက ရှင်းပြပြောဆိုသည်။

ထို့ပြင် အချို့ဆန္ဒဖော်ထုတ်မှုများတွင် အများပြည်သူပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသည့် အပြုအမူများကိုလည်း မြင်တွေ့နေရသည်ဟု ရဲမှူးကြီးကဆက်လက်ပြောသည်။

ဥပဒေပညာရှင်များကမူ ဆန္ဒဖော်ထုတ်ရန် မြို့နယ်တပ်ဖွဲ့မှူး ခွင့်ပြုမိန့်စောင့်ရမည်ဆိုခြင်းသည် ဥပဒေတို့၏ ပင်မကျောရိုးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြက်ရယ်ပြုနေခြင်းပင်ဖြစ်သည်ဟု ဝေဖန်ထောက်ပြကြသည်။

“ဥပဒေအထက်မှာ မည်သူမှမရှိစေရတဲ့။ ဖွဲ့စည်းပုံအခြေခံဥပဒေအထက်မှာ မြို့နယ်မှူးရောက်နေတယ်။ လုံးဝမရှိသင့်ဘူးလို့ ပြောချင်တယ်”ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)ကဆိုသည်။

ထို့ပြင် စီတန်းလှည့်လည်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးအပ်ထားခြင်းကိုလည်း ကန့်ကွက်သူများက ထောက်ပြကြသည်။ ယင်းဥပဒေတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးသည် အုပ်ချုပ်ရေးမှူးအတည်ပြုချက်ဖြင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း ပြုလုပ်နိုင်သည်ဟု ဖော်ပြထားသည်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသော နိုင်ငံများတွင်လည်း နိုင်ငံသားတို့ရပိုင်ခွင့်အရ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကို အပြည့်အ၀ပေးအပ်ထားသည်။

“ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင်လည်း ဒီလိုမရှိပါဘူး။ စီတန်းလှည့်လည်ခွင့်ပေးထားတယ်။ ဒါမှဥပဒေချိုးဖောက်ရင် အဲဒီဥပဒေနဲ့အရေးယူတယ်”ဟု ဦးဝင်းမြင့်က သုံးသပ်ပြောဆိုသည်။

ခွင့်ပြုမိန့်တောင်းခံစောင့်ဆိုင်းရခြင်းသည် ဒီမိုကရေစီစနစ်နှင့်မကိုက်ညီဘဲ အာဏာရှင်စနစ်၏ အမွေဆိုးများကို ဆက်လက်ကျင့်သုံးနေခြင်းပင် ဖြစ်သည်ဟုလည်း သုံးသပ်သူများကဆိုသည်။

“ဘယ်ဒီမိုကရေစီနိုင်ငံမှမရှိဘူး။ ဒီမှာပဲတီထွင်ပြီး ပြဋ္ဌာန်းထားတာ”ဟု ဦးခင်ဇော်ကထောက်ပြသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသော မြန်မာနိုင်ငံတွင်မူ ပုဒ်မ ၁၈ အပေါ် ဝေဖန်ကန့်ကွက်မှုများ ရှိနေသည့်ကြားမှ မိမိတို့၏နစ်နာချက်များကို ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်ကြိုတင်တောင်းခံနေရမြဲ။ ခွင့်ပြုမိန့်ကျမည့်ရက်ကို စောင့်ဆိုင်းနေရဆဲ။ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသော အဖွဲ့အစည်းများစာရင်းအရ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးအရေးယူခံရမှုပေါင်းမှာ သြဂုတ်လကုန်အထိ အမှုပေါင်း ၁၄၀ ခန့် ရှိနေပြီဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးအရေးယူခဲ့သော အမှုပေါင်းကိုသိရှိနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲချုပ်ရုံးများသို့ 7Day News က ဆက်သွယ်မေးမြန်းခဲ့သည်။ သို့ရာတွင် တယ်လီဖုန်းရှစ်လုံး အဆင့်ဆင့်လွှဲပြောင်းပေးသော်လည်း တာဝန်ယူဖြေကြားမည့်သူမရှိခဲ့ပေ။

ဝေဖန်ကန့်ကွက်မှုများ ကျယ်လောင်နေသော ပုဒ်မ ၁၈ နှင့်ပတ်သက်ပြီး ဆွေးနွေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၇ ရက်က အဆိုတင်သွင်းခဲ့သည်။ သို့သော် ယခုအချိန်ထိတော့ ပြည်သူ့အသံ တို့အသံဆိုသည့် လွှတ်တော်တွင် ပုဒ်မ ၁၈ ကို ဆွေးနွေးပြောဆိုခြင်း မရှိသေးပေ။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေကို ပြန်လည်သုံးသပ်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။ ဥပဒေအချို့နှင့် စည်းမျဉ်းစည်းကမ်းအချို့သည် လိုအပ်ချက်များရှိနေသောကြောင့် တရားမ၀င်ဆန္ဒပြမှု အခြေအနေများထိအောင် ရောက်ရှိသွားခြင်းဖြစ်သည်ဟု သြဂုတ်လနှောင်းပိုင်းက ပြောကြားထားခဲ့သည်။

Credit 7Day News Journal

Related Articles: