Sunday, August 4, 2013

တိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သော UNFC နှင့် UNA တို့ ဦးဆောင်ပြီး ဖက်ဒရယ်အခြေပြု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ယခုနှစ်မကုန်မီ အပြီးသတ်ရေးဆွဲမည်



သြဂုတ် ၁ ရက်က ပြုလုပ်ခဲ့သော တိုင်းရင်းသားညီလာခံ သတင်းစာ ရှင်းလင်းပွဲတွင် UNFC ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ရှင်းလင်းနေစဉ် (Photo:Hseng Noung Lintner)
တိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သော ညီညွတ်သော တိုင်းရင်းသားလူမျိုး ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) တို့ ဦးဆောင်ပြီး ဖက်ဒရယ်အခြေပြု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ယခုနှစ်မကုန်မီ အပြီးသတ်ရေးဆွဲမည်ဟု UNFC ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက သြဂုတ် ၃ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။
ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သော တိုင်းရင်းသား ညီလာခံတွင် ဖက်ဒရယ် ပြည်ထောင်စုမူအပေါ် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲရန် သဘောတူခဲ့ပြီးနောက် ထိုသဘောတူညီချက်အရ ယခုနှစ်မကုန်မီ အပြီးသတ်ရေးဆွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တိုင်းရင်းသားတွေအားလုံး လိုချင်တာက ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု ဖြစ်တာကြောင့် ဒါတွေကို ဖော်ပြမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ဒီနှစ်မကုန်ခင်မှာ အပြီးရေးသွားမှာပါ။ ကျွန်တော်တို့ရဲ့ ဆန္ဒတစ်ခုတည်း မဟုတ်ဘဲ အားလုံးရဲ့ ဆန္ဒ၊ လိုလားချက်တွေကို အခြေခံပြီး ရေးသွားမှာပါ" ဟု နိုင်ဟံသာက ပြောကြားသည်။
ထိုသို့ ရေးဆွဲရာတွင် တိုင်းရင်းသား လူမျိုးများ လိုလားသော ဖက်ဒရယ်ပုံစံအတိုင်း ရေးဆွဲခဲ့ကြသည်။ တောင်ကြီးကွန်ဖရင့်၊ ပင်လုံအခြေခံမူများ၊ သူမွဲထစာချုပ်၊ မယ်သရောထ စာချုပ်နှင့် မာနယ်ပလော စာချုပ်တို့ကို အခြေခံပြီး ရေးဆွဲမည်ဟု သိရသည်။
"ရေးဆွဲပြီးသွားရင် အစိုးရဘက်နဲ့ ညှိနှိုင်းတာတွေ အများကြီး လုပ်ရဦးမယ်။ သူတို့ဘက်ကလည်း သူတို့ရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်ပြီးပြောသလို ကျွန်တော်တို့ဘက်ကလည်း ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်ပြီးပြောချင်တဲ့အတွက် ဒီလိုရေးဆွဲရတာပါ" ဟု နိုင်ဟံသာက ဆက်လက်ပြောကြားသည်။
တိုင်းရင်းသား တပ်ပေါင်းစု UNFC တွင် တိုင်းရင်းသား လက်နက်ကိုင် (၁၁) ဖွဲ့ပါဝင်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)သည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့ ဖြစ်သည်။ ဖယ်ဒရယ်အခြေပြု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲခြင်းကို UNFC နှင့် UNA တို့က ဦးဆောင်မည်ဖြစ်ပြီး ဒီမိုကရေစီ အင်အားစုများ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ လူထုအကျိုးပြု အဖွဲ့အစည်းများနှင့် အခြားသော အဖွဲ့အစည်းများ ပါဝင်သည့် မူကြမ်းရေးဆွဲရေး ကော်မတီ ဖွဲ့စည်းပြီး လုပ်ဆောင်မည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ပြုလုပ်ခဲ့သော တိုင်းရင်းသားညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၈)ဖွဲ့မှ ကိုယ်စားလှယ်များ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)မှ အဖွဲ့ဝင်များ၊ တိုင်းရင်းသားနိုင်ငံရေး ပါတီလေးဖွဲ့မှ ကိုယ်စားလှယ်များ၊ လူငယ်အဖွဲ့အစည်းများ၊ လူထုအကျိုးပြု ကိုယ်စားလှယ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရောက် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တတ်သိပညာရှင်များနှင့် တိုင်းရင်းသားအရေး ဆောင်ရွက်သူ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ အပါအ၀င် စုစုပေါင်း (၁၂၂) ဦး တက်ရောက်ခဲ့သည်။
တိုင်းရင်းသား ညီလာခံ၌ သဘောတူညီခဲ့သော အချက်အချို့
(က) လက်ရှိပြည်ထောင်စု မြန်မာနိုင်ငံအား အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော အမျိုးသားပြည်နယ်များဖြင့် စုပေါင်းပြီး ဖက်ဒရယ်ပြည်ထောင်စု အသွင်ဖြင့် ဖွဲ့စည်းသွားရန်။
(ခ) ထိုဖက်ဒရယ် ပြည်ထောင်စုတွင် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသွားရန်၊
(ဂ) ထိုဖက်ဒရယ် ပြည်ထောင်စုကို ပြည်ပရန်မှ ကာကွယ်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အသွင်ဖြင့် တပ်မတော်ကို ဖွဲ့စည်းသွားရန်။
(ဃ) လက်ရှိကျင့်သုံးနေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ အနှစ်သာရ ကင်းမဲ့ပြီး စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုမူနှင့် ကိုက်ညီမှု မရှိသည့်အတွက် ၎င်းကိုလက်မခံနိုင်ကြောင်း၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု မူအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းသွားရန်။
(င) ထိုသို့ ရေးဆွဲရာတွင် UNFC နှင့် UNA တို့မှ ဦးဆောင်၍ ဒီမိုကရေစီ အင်အားစုများ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ လူထုအကျိုးပြု အဖွဲ့အစည်းများနှင့် အခြားသော အဖွဲ့အစည်းများ ပါဝင်လျက် မူကြမ်းရေးဆွဲရေး ကော်မတီဖွဲ့စည်းပြီး အကောင်အထည် ဖော်သွားရန်။
(စ) နိုင်ငံရေး ပြဿနာများကို ဆွေးနွေးရာတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက ကျင်းပခဲ့သော တိုင်းရင်းသားလူမျိုးများ ညီလာခံက ချမှတ်ခဲ့သည့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် (၆)ချက်အတိုင်း ကျင့်သုံးလုပ်ဆောင် သွားရန်တို့ကို တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် တစ်ဖွဲ့ချင်းစီ သီးခြားစီဖြင့် မဟုတ်ဘဲ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်စားပြု လက်နက်ကိုင် အဖွဲ့အစည်းများ တပေါင်းတစည်းထဲ ပါဝင်ဆွေးနွေးမည်။
Credit To First-11

Related Articles:

Post a Comment