Monday, August 5, 2013

နိုင်ငံတော်မှ ချပေးသည့် ကျပ် ၁၀ ဘီလျံသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန် အခက်အခဲဖြစ်၍ နိုင်ငံတကာ အကူအညီများစွာ လိုအပ်ဟု ၀န်ကြီးဦးအောင်မင်း ပြောကြား



ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုနှင့် ပတ်သက်၍ ပြောကြားစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
နိုင်ငံတော်မှ ချပေးသည့် ကျပ် ၁၀ ဘီလျံသည် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန် အခက်အခဲ ဖြစ်သည့်အတွက် နိုင်ငံတကာ အကူအညီများစွာ လိုအပ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သြဂုတ် ၃ ရက်က ရန်ကုန်မြို့ရှိ UMFCCI တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘာသာရပ်ဆိုင်ရာ ပညာရှင် ဟောပြောပွဲတွင် ပြောကြားသည်။
လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား အပစ်အခတ် ရပ်စဲရေး လုပ်ငန်းများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်နေသည်ဟု ဦးအောင်မင်းက ပြောကြားသည်။
''အခုပြဿနာက ငြိမ်းချမ်းရေးရတဲ့အခါ သူတို့ပြန်လာ ကြတော့မယ်။ လက်နက်ကိုင် တစ်သိန်းလောက် ပြန်လာမယ်။ အဲဒီတစ်သိန်းနဲ့ ဆက်နွှယ်နေတာတွေ ရှိပါသေးတယ်။ ဘယ်သူတွေလဲဆိုတော့ စစ်ကြောက်လို့ ကိုယ့်မြေကို စွန့်ခွာသွားကြတဲ့ I.D.P ဆိုတဲ့သူတွေ လေးသိန်းလေးသောင်း၊ ခြောက်ထောင်လောက်ရှိမယ်။ အဲဒီစာရင်းတွေကို အတိအကျပြောတာက ကျွန်တော်တို့ လိုက်ကောက်ထားတာ မဟုတ်ဘူး။ အခု နိုင်ငံတကာ အဖွဲ့အစည်းတွေက ထမင်းကျွေးနေတဲ့စာရင်း၊ ရိက္ခာပို့တဲ့ စာရင်းတွေအရ ပြောတာပါ'' ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
ငြိမ်းချမ်းရေး ရရှိပါက စစ်ပွဲများကြောင့် နေရပ်သို့ ပြန်လာမည့်သူများကို ပြန်လည် နေရာချထားရေး လုပ်ဆောင်ရာတွင် ငွေကြေးများစွာ အသုံးပြုရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''အထက်ကလူကြီးတွေ ပြောတာက ငါတို့မင်းအတွက် ပိုက်ဆံ ၁၀ ဘီလျံကျပ် ချထားတယ်လို့ပြောတယ်။ အဲဒီပိုက်ဆံကို လက်နက်ကိုင် တစ်သိန်းနဲ့ ဂဏန်းပေါင်းစက်နဲ့ချပြီး တွက်ကြည့်လိုက်တော့ တစ်ယောက်ကို တစ်သိန်းပဲရတယ်။ အဲဒါ တစ်လစာပဲရှိတယ်။ သူတို့နဲ့ ဆက်နွှယ်နေတဲ့ သူတွေနဲ့ ပေါင်းလိုက်ရင် ကိုးသိန်းနဲ့ တစ်သောင်းရှိတယ်။ အဲဒီတော့ ဦးအောင်မင်း အခက်အခဲတွေ အများကြီး ဖြစ်နေတယ်။ ဒါဟာ ကျွန်တော် စခဲ့တာမို့ ကျွန်တော်ပဲ အဆုံးသတ်ရမှာပါ။ ဒါကြောင့်မို့ နိုင်ငံတကာရဲ့ အကူအညီတွေ အများကြီး လိုနေတယ်'' ဟု ပြောကြားသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်စေရန် နိုင်ငံတကာ ထောက်ပံ့မှုများကို စောင့်ဆိုင်းမနေဘဲ လိုအပ်သည့် ဘတ်ဂျက်ကို လွှတ်တော်မှ အားလုံးထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အကူအညီများ ရရှိပါက သုံးစွဲနိုင်သည်ဟု သူရဦးရွှေမန်းက ပြောကြားခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များအား ဇူလိုင် ၂၁ ရက်က ပြောကြားခဲ့သည်။
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန် သြစတြေးလျ အပါအ၀င် နိုင်ငံတကာ အကူအညီများ မရရှိသေးဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့၌ သတင်းထောက်များ အား ပြောကြားထားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန် ငွေကြေးများ ရရှိပါက စစ်ပွဲများ ဖြစ်ပွားမှုကြောင့် နေရပ်ကို စွန့်ခွာသွားသူ လေးသိန်းလေးသောင်းကျော်အား ပြန်လည် နေရာချထားရေး ပြုလုပ်ရာတွင် အသုံးပြု သွားမည်ဖြစ်ကြောင်း ဦးအောင်မင်းက ပြောကြားသည်။
ထိုသို့ စစ်ဘေးကြောင့် နေရပ်စွန့်ခွာ သူများကို ပြန်လည်နေရာ ချထားရေး၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များဘ၀ ရပ်တည်ရေး လုပ်ငန်းများ လုပ်ဆောင်မပေးပါက လက်နက်ကိုင် ပဋိပက္ခသည် သံသရာလည် နေဦးမည် ဖြစ်သည်ဟု ဦးအောင်မင်းက ဆိုသည်။
Credit To First-11

Related Articles:

Post a Comment