Tuesday, August 6, 2013

ဖက်ဒရယ်စနစ်သို့သွားရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များကို ဖြည့်စွက်ပြင်ဆင်သည့် နည်းလမ်းအား အသုံးပြု အကောင်အထည်ဖော်ရန် ပြည်ထောင်စုလွှတ်တော် နာယက တိုက်တွန်း



တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များ
ဖက်ဒရယ်သို့ သွားရန်အတွက် ပြည်ထောင်စုလွှတ်တော် နာယကမှ သြဂုတ် ၆ ရက်တွင် ဆွေးနွေးပွဲတစ်ရပ်ကို စတင်ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု ၀န်ကြီးများနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
ဖက်ဒရယ်စနစ်သို့ သွားရာတွင် အဓိကလိုအပ်သည့် တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်းအပေါ် ဆွေးနွေးရန်အတွက် အခမ်းအနား ကျင်းပခြင်းလည်း ဖြစ်သည်။
ဆွေးနွေးကြရာတွင် ဖက်ဒရယ်သို့ သွားရန်အတွက် အချုပ်အနေဖြင့် နည်းလမ်းနှစ်မျိုးရှိကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား လုံးဝပြောင်းလဲသည့်နည်းဖြင့် အကောင်အထည်ဖော်ခြင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပေးထားသည့် အချက်များအား လိုအပ်သလို ပြောင်းလဲပြင်ဆင်ခြင်း နည်းလမ်းတို့ ဖြစ်သည်။
အဆိုပါ နည်းလမ်းနှစ်မျိုးအနက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား လုံးဝပြင်ဆင်ပြောင်းလဲသည့် နည်းလမ်းမှာ ဖြစ်နိုင်ခြေနည်းပါးပြီး ဒုတိယနည်းလမ်းမှာသာ အသင့်တော်ဆုံး ဖြစ်သည်ဟုလည်း သုံးသပ်ခဲ့ကြသည်။
သြဂုတ် ၆ ရက်က နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ သဘင်ခန်းမဆောင်တွင် ပြုလုပ်သည့် တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်း ဆွေးနွေးပွဲတွင် နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုလွှတ်တော် နာယကက ဖက်ဒရယ်စနစ်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးထားသည့် အခွင့်အရေးများနှင့် မရသေးဘူးဆိုပါက ရအောင်လုပ်ပေးရန် ပြည်ထောင်စုအဖွဲ့တွင် တာဝန်ရှိသည်ဟု တိုက်တွန်းပြောကြားသည်။
"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပေးထားချက်တွေကို ကြည့်တဲ့အခါမှာ ကျွန်တော်တင်ပြခဲ့တယ်။ ဒီအခွင့်အရေးတွေကိုတော့ ပေးထားပြီးပြီ။ ဒါနဲ့ မရသေးဘူးဆိုရင်၊ ဒီအခွင့်အရေးတွေ ပေးထားရုံနဲ့ မရသေးဘူးဆိုရင် ရအောင်လုပ်ဖို့ ပြည်ထောင်စုအဖွဲ့မှာ တာဝန်ရှိတယ်" ဟု ၎င်းကပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးထားချက်များတွင် တကယ်ရသင့်သည့် အခွင့်အရေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုပေးရန် ကျန်နေသေးပါက ရှာကြံဖြည့်ဆည်း ပေးရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မပေးဘဲ စာပေါ်မှာသာရှိပြီး လက်တွေ့မပါဘူး ဆိုပါက ပြည်ထောင်စုဆိုသည့် စကားသည် ယခင်က တင်ပြခဲ့သည့် ဆောင်ပုဒ်များ၊ ကြွေးကြော်သံများကဲ့သို့ လေထဲမှာပင် ပျောက်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စု လွှတ်တော်နာယကက ပြောကြားသည်။
"ဒီအခွင့်အရေးတွေကို တိုင်းရင်းသားတွေ မရဘူး၊ ပြည်သူတွေ မရဘူးဆိုပြီးဖြစ်ရင် ဒီစနစ်ကို ကျေနပ်မှာလား။ မကျေနပ်ရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆက်အားနည်းမယ်၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ဆက်အားနည်းမယ်။ အဲဒီအတိုင်းပဲ တရားဥပဒေ စိုးမိုးရေးလည်း ဆက်အားနည်းမယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ တကယ်ကို နိုင်ငံတွင်းမှာ နေထိုင်တဲ့ နိုင်ငံသူ၊ နိုင်ငံသားများ လိုက်နာနိုင်တဲ့ တရားမျှတတဲ့ ဥပဒေတွေ ဖြစ်ဖို့လိုတယ်" ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးထားသည့် အခွင့်အရေးများ မရသေးဘူးဆိုပါက ရအောင်လုပ်ပေးရန်မှာ ပြည်ထောင်စုလွှတ်တော်က စတင်ပေးရမည် ဖြစ်ကြောင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုသည်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် သာ လွှတ်တော်များက ဥပဒေပြုရေး ကိစ္စဟုသာ ၎င်းအနေဖြင့် မှတ်ယူထားကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။
ယခုဆွေးနွေးပွဲ၏ အနှစ်ချုပ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များကို အပြည့်အ၀ အကောင်အထည်ပေါ်ရန်အတွက် ပြည်ထောင်စုအစိုးရ တစ်ဖွဲ့လုံးမှ လုပ်ပေးရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပေးထားချက်များသည် ဖက်ဒရယ်သွားရန် လုံလောက်မှု မရှိသေးပါက လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များကို ဖက်ဒရယ်မူနှင့် ညီညွတ်သည်အထိ ပြင်ဆင်ရန်၊ အဆိုပါ လုပ်ငန်းစဉ်များအတွက် ပြည်ထောင်စုလွှတ်တော်မှ စတင်အကောင်အထည် ဖော်ရန်ဖြစ်ပြီး အကောင်အထည်ဖော်မှုတွင် ပါဝင်ရမည့် ပြည်ထောင်စုအစိုးရ အဖွဲ့များနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအား စတင်အသိပေး တိုက်တွန်းခြင်းလည်း ဖြစ်သည်။
Credit To First-11

Related Articles:

Post a Comment