Sunday, June 9, 2013

ဟိုတုန်းကတော့ သားဝမယားဝစနစ်လို့ ခေါ်သတဲ့

Photo: ဟိုတုန်းကတော့ သားဝမယားဝစနစ်လို့ ခေါ်သတဲ့

ရေးသားသူ- သင်းရီ

ဇွန်လ ၂ ရက်တုန်းက သုဝဏ္ဏအားကစားကွင်းမှာ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် တက်ရောက်ပြီး 
မိန့်ခွန်းပြောသွားသည့် ကျေးလက်ဒေသဖွံ့ ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားကို 
မြန်မာ့ရုပ်မြင်သံကြားတွင် ကြည့်လိုက်ရသည်။ သမ၀ါယမစနစ် တစ်ခေတ်ဆန်းဖို့အကြောင်း မိန့်ခွန်းထဲ ကြားရ တော့ 
နောက်တစ်ခါလာပြန်ချေသေးဟု တွေးမိ၏။ သည်သမ၀ါယမဆိုသည်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် 
တစ်လျှောက်လုံး နာမည်ကောင်းတစ်လုံးမျှ မရခဲ့သည်ကိုလည်း သတိရသည်။ သည်တုန်းက သမ၀ါယမကို “သားဝ 
မယားဝ” စနစ်ဟုပင် နာမည်ပြောင် ပေးခဲ့ကြသေးသည်။ အသင်းဝင်တွေ၏ မိသားစုတွေ တိုးတိုးတက်တက် 
ဖွံ့ဖွံ့ဖြိုးဖြိုးဖြစ်တာကို ပြောခြင်းမဟုတ်။ အသင်းအမှုဆောင်တွေ ဆူဆူဖြိုးဖြိုးဖြစ်တာကို ပြောခြင်းဖြစ်လေ၏။

တကယ်တော့ ၁၉ ရာစုကတည်းကပင် ဥရောပနိုင်ငံများဖြစ်ကြသည့် ဗြိတိန်နှင့် ပြင်သစ်တို့၌ သမ၀ါယမစနစ်၏ 
ဖခင်ကြီးရော ဘတ်အိုဝင်(Robert Owen) တည်ထောင်ခဲ့သည့် သမ၀ါယမစနစ်က မကောင်းခြင်းမဟုတ်။ 

ရောဘတ်အိုဝင်ကိုယ်တိုင် ၀ါချည်ထည်စက်ရုံမှ အလုပ်သမားများနှင့် အလုပ် သမားများ၏ သားသမီးလေးများအထိကို 
ပညာပေးစည်းရုံးကာ ဘ၀တွေကိုယ်စီ တိုးတက်အောင် လုပ်နိုင်ခဲ့သည့်စနစ်ဖြစ်သည်။ သမ၀ါယမကျေးရွာတွေ 
အမြောက်အမြားကို တည်ထောင်နိုင်သည်ထိ အောင်မြင်ခဲ့သောစနစ်လည်း ဖြစ်လေသည်။

ထိုသို့ အောင်မြင်ခြင်းမှာ သမ၀ါယမအသိစိတ်ကို ဦးစွာပထမ ပညာပေးစည်းရုံးကာ ရင်ထဲဦးနှောက်ထဲအထိ 
အခြေချပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟုထင်သည်။

ကျွန်တော်တို့နိုင်ငံတွင် ရောဘတ်အိုဝင်၏ သမ၀ါယမစနစ် မအောင်မမြင်နှင့် နာမည်ပျက်ခဲ့ရသည်က စတင်၍ 
ပုံစံချတည်ထောင်ပုံကပင် မဟုတ်သဖြင့် လူတွေ၏အသိစိတ်၌ သမ၀ါယမစိတ်ဓာတ် မကိန်းအောင်းခဲ့ကြခြင်းကြောင့် 
ဖြစ်သည်ဟု ထင်သည်။

ထို့ကြောင့်လည်း သမ၀ါယမစနစ်၏ ရည်ရွယ်ချက်ဖြစ်သော အသင်းဝင်များ၏ တူညီသော အကျိုးစီးပွားထက် 
အမှုဆောင်တွေ၏ ကိုယ်ကျိုးစီးပွားကသာ ရှေ့တန်းရောက်ခဲ့သည်။ ခြစားမှု အလွဲသုံးမှုတွေ ဖြစ်ခဲ့ကြသည်မှာ 
သောက်သောက်လဲ အားလုံးနီးပါးဖြစ်ခဲ့လေသည်။ အမှုဆောင်ဆိုသူတွေက အခွင့်ထူးခံလူတန်းစားတွေ 
ဖြစ်လာခဲ့ကြသည်။ 

ကျေးလက်မှာဖြစ်ဖြစ် မြို့ပြမှာဖြစ်ဖြစ် သမ၀ါယမအမှုဆောင်တွေက သမ၀ါယမစိတ်ဓာတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ 
လမ်းစဉ်ပါတီဝင်တွေ ဖြစ်ကြရသည်။ အသင်းဝင်တွေ၏ သဘောဆန္ဒနှင့် ရွေးချယ်တင်မြှောက်ရသူတွေလည်း 
မဟုတ်ကြ။ မြို့နယ်ပါတီယူနစ်က မျက်စိကျသူတွေသာ တိုက်ရိုက်အမည်စာရင်းဖြင့် အမှုဆောင်တွေ 
ဖြစ်လာတတ်ကြသည်။ သည်တော့ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ မြို့နယ်သမ၀ါယမ အမှုဆောင်ဖြစ်လိုသူတွေက 
ပါတီယူနစ်ကို ဖားကြယားကြရသဖြင့် စိတ်ဓာတ်ရေးရာက အခြေခံမှပင် စ၍ပျက်တော့သည်။

အခြေခံမခိုင်သည့် စိတ်ဓာတ်များဖြင့် ဆောင်ရွက်ကြသည့်အခါ အသင်းတိုးတက် ဖြစ်ထွန်းရေးထက် ကိုယ်ကျိုးစီးပွားက 
ရှေ့တန်းရောက်လာကြ၏။ လက်လွန်ခြေလွန်တွေထိ ကိုယ်ကျိုးစီးပွားကို ကြည့်ကြလွန်းရင်း စာရင်းမကိုက် 
အင်းမကိုက်တွေဖြစ်လာသည့်အခါ စာရင်းရှင်းပုံ နည်းစနစ်ကလည်း အလွန်လွယ်ကူသည်။ စာရင်းရှင်းဖို့ 
သမ၀ါယမအသင်း ဆိုင်တို့ ဂိုဒေါင်တို့ စသည်ဖြင့်ကို မီးတို့လိုက်ကြသည်တွေလည်း ကြုံခဲ့ကြားခဲ့ရသည်။  

ထို့ကြောင့် သမ၀ါယမဆိုလျှင် စားကြောဝါးကြောဟုသာ ထင်လာမြင်လာခဲ့ကြသည်။ ပြည်သူတွေက 
အော့နှလုံးနာလာခဲ့ကြသည်။ 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြီး ယိုင်နဲ့လာသည်နှင့်အမျှ ဒုတိယမဏ္ဍိုင်ဆိုသည့် သမ၀ါယမစနစ်နှင့် လုပ်ငန်းတွေပါ 
ယိုင်နဲ့လာခဲ့ကာ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပြည်သူများ၏ဘဏ္ဏာငွေဖြင့် တည်ထောင်ထားခဲ့သော 
အသင်းပိုင်ပစ္စည်းတွေ အဆောက်အအုံတွေ ကစဥ့်ကလျား ဖရိုဖရဲဖြင့်ဖြစ်ချင်သလိုဖြစ်ခဲ့ရသည်။ အသင်းဝင်ပြည်သူတို့၏ 
သဘောဆန္ဒမပါဘဲ ပိုင်ဆိုင်မှုတွေ လွှဲပြောင်းမှုတွေက ထင်သလိုဖြစ်ခဲ့သည်။ ပြန်စဉ်းစားမိသည့် ပြည်သူတိုင်းက 
သမ၀ါယမဆိုလျှင် ခေါင်းခါချင်ကြပြီ။

တကယ်တော့ သမ၀ါယမဆိုသည်က စိတ်ရင်းစေတနာပါရသည့် ပရ အတ္တ နှစ်ဖြာအကျိုးစီးပွားလုပ်ငန်းမျိုးဖြစ်သည်။ မိမိ 
လူတန်းစား အကျိုးစီးပွားအတွက် မိမိ ဆောင်ရွက်မည်ဆိုသည့် ပြင်းပြသောစိတ် သဘောထားဆန္ဒရှိမှ ဖြစ်သည်။ 

ထိုစိတ်စေတနာမျိုးက လွယ်လွယ်နှင့် တည်ဆောက်၍ မရနိုင်ဟုထင်သည်။ ထို့ကြောင့် သမ၀ါယမစနစ်ကို 
ထူထောင်မည်ဆိုလျှင် လူတွေ၏ စိတ်ဓာတ်တွေကို အရင်တည်ဆောက်မှဖြစ်မည်လား ထင်မိသည်။

၁၉၈၆ ခုနှစ်လောက်ကထင်သည်။ မိတ်ဆွေတစ်ဦး အစ္စရေးနိုင်ငံသို့ စိုက်ပျိုးရေးလုပ်ငန်းများ 
လေ့လာရေးအတွက်သွားရသည်။  စိုက်ပျိုးရေးလုပ်ငန်းတွေကို ဘုံစနစ်ဖြင့် ဆောင်ရွက်လုပ်ကိုင်နေသည့် commun 
များသို့ သွားရောက် လေ့လာရသည်။ ထိုဘုံလယ်ယာများတွင် ဆောင်ရွက်လုပ်ကိုင်နေကြသူတွေက အတူတကွ 
တက်ညီလက်ညီရှိလွန်းသဖြင့် “မင်းတို့အထဲမှာ ရေသာခိုတဲ့သူတွေ မရှိနိုင်ဘူးလား”မေးသည့်အခါ 
“အဲ့သည်ရေသာခိုသည့် စကားလုံးပင် သူတို့မှာမရှိ”ဟု ပြန်ဖြေခဲ့သည့်အကြောင်း ပြန်ပြောပြသဖြင့် 
မှတ်သားထားခဲ့ဖူးသည်။ ဤသည်ပင် စိတ်ဓာတ်အခြေခံဖြစ်လေ၏။ ထိုစိတ်ဓာတ်မျိုးတွေကြောင့်လည်း သူတို့၏ 
ဘုံလယ်ယာတွေ တိုးတက်အောင်မြင်ကြခြင်းဖြစ်မည်ဟု ထင်သည်။
တစ်ခုကွာသည်က ထိုဘုံ commun တွေကို မူအရလုပ်ဆောင်ခိုင်းခြင်းမဟုတ်။ မည်သူကမျှ ချုပ်ကိုင်ထားခြင်းလည်းမရှိ။ 

မိမိတို့ဘာသာ စိတ်တူကိုယ်တူ ဆန္ဒတူသူချင်းတွေ စုပေါင်းဖွဲ့စည်းကြခြင်း ဖြစ်လေသည်။ အားလုံးစုပေါင်းလျက် 
အားလုံး၏အကျိုးစီးပွားကို အားလုံးက တက်ညီလက်ညီ မခိုမကပ် ဆောင်ရွက်မည်ဆိုသည့် အသိစိတ်ဓာတ်၏ 
အခြေခံခိုင်မြဲမှုပင် ဖြစ်လေသည်။ သူတို့တွင် သည်စိတ်ဓာတ်က အသားသေနေပြီ။

အလားတူပင် တရုတ်နိုင်ငံတွင် နိုင်ငံခေါင်းဆောင်အဖြစ် တိန့်ရှောင်ပိန်တက်လာပြီး ပြုပြင်ပြောင်းလဲရေးတွေ 
လုပ်သည့်အခါ ဘုံစနစ် commun တွေကို ဖျက်သိမ်းလျက် ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ခွင့်ပြုလိုက်သည့်အခါ 
တရုတ်အခြေခံပြည်သူတွေ အကြားတွင် red eyes disease ဟုခေါ်သော မျက်လုံးနီရောဂါဟု တင်စားခေါ်သည့် 
စီးပွားဖြစ်လာသူအပေါ် မနာလိုဝန်တိုစိတ် ဖြစ်ပေါ်သည့် စိတ်ခံစားမှုမျိုးတွေ ဖြစ်ပေါ်ခဲ့ဖူးသည်ဟုဆိုသည်။

ဘုံစနစ်တုန်းကတော့ အတူတူလုပ်။ အတူတူအညီအမျှ ခံစားဆိုသည့်အခါ တစ်ဦးနှင့်တစ်ဦး ကွာခြားမှုတွေ မရှိခဲ့ကြ။ 
ပုဂ္ဂလိက ပိုင်ဆိုင်မှုနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ဆောင်ခွင့်တွေ ပေးလိုက်သည့်အခါ ပို၍ဆောင်ရွက်နိုင်သူ၊ 
လုပ်ရည်ကိုင်ရည်ရှိသူက ပို၍စီးပွားဖြစ်လာသည့်အခါ ပင်ကိုက လက်ကြောမတင်းသော်လည်း အများနည်းတူ 
ခံစားခဲ့ရသူတွေက ကိုယ်တိုင်အားမထုတ်လိုကြသော်လည်း မနာလိုစိတ်သာ ဖြစ်ပေါ်လာကြခြင်းကို ပေးထားသည့် red 
eyes disease နာမည်ဖြစ်လေ၏။

ဆိုလိုသည်က ခေါက်ရိုးကျိုး အသားသေနေတတ်သော လူအမျိုးမျိုးတို့၏ စိတ်ဓာတ်အခြေခံနှစ်မျိုးကို 
ပြောလိုခြင်းဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း စိတ်ဓာတ်တွေက ခေါက်ရိုးကျိုးနေခဲ့ပြီလားမသိ။ စနစ်တွေ 
ခေတ်တွေ ပြောင်းနေပြီဆိုသည့်တိုင် မပြောင်းနိုင်ကြသူတွေက အနမတဂ္ဂ။ သမ္မတကြီးနှင့် အစိုးရအဖွဲ့က မည်သို့ပင် 
ပြောင်းနေပါသည်၊ ပြောင်းရပါမည်ဆိုနေသည့်တိုင် မပြောင်းနိုင်မပြင်နိုင်ဘဲ အကျင့်စရိုက်ဆိုးတွေနှင့် 
လုံးထွေးနေကြသူတွေကလည်း အများအပြား။ ပြည်သူတွေအပေါ် လုပ်ချင်တိုင်းလုပ်လို့ရခဲ့သည့် စနစ်ဆိုးချည်တိုင်ကို 
အလွမ်းစိတ်ဖြင့် နောက်ကြောင်းပြန်လှည့်ချင်သူတွေကလည်း ရှိပြန်သေးသတဲ့ဆိုသည့်အခါ မွန်မြတ်စိတ်ထား 
ခိုင်မြဲပြင်းထန်ရသည့် သမ၀ါယမစနစ်ကို ဘယ်ပုံထူထောင်ကြမည်လဲ စိတ်ပူမိသည်။

အချောင်သမားစိတ်။ ၀ိသမလောဘစိတ်။ ရေသာခိုစိတ်။ ကိုယ်ကျိုးစီးပွားအတွက်ဆို ငတေမာနိုင်သည့်စိတ်။ 
သည်လိုစိတ်ဓာတ်မျိုးတွေနှင့်တော့ သမ၀ါယမစနစ်ကို အုံဖွမန်းလည်း ငုတ်တုတ်ထထိုင်လိမ့်မည်မဟုတ်တာ 
သေချာသည်။

သမ၀ါယမစနစ်၏ဖခင်ကြီး ရောဘတ်အိုဝင်သည်ပင် အရင်ဆုံး ဆောင်ရွက်ရသည်မှာ သူ့အလုပ်သမားတွေနှင့် 
ထိုအလုပ်သမားများ၏ သားသမီးတွေကို သမ၀ါယမစိတ်ဓာတ် ဓာတ်ခံရအောင် ပညာပေးသည့်ကိစ္စကို 
ပညာပေးရခြင်းဖြစ်လေသည်။

သို့မို့ကြောင့် ကျွန်တော်တို့နိုင်ငံ၏ ၀န်ထမ်းအဆင့်ဆင့်နှင့် ပြည်သူများတွင် ခေတ်အဆက်ဆက်က စွဲထင်လာခဲ့သည့် 
အညစ်အကြေး အစွန်းအထင်းတွေကို အရင်ဆုံး ဆေးကြောသန့်စင်ရန် လိုအပ်လေမည်လားဟု ထင်မြင်မိရကြောင်းပါ။

Credit To 7D News Journal

Related Articles:

Post a Comment