Sunday, August 25, 2013

David Proctor (Chairman, Consilium Co.,Ltd) နှင့် တွေ့ဆုံခြင်းWritten by အငယ်ထွေး



'အခုဆိုရင် အိမ်ခြံမြေ ဈေးနှုန်းတွေ မြင့်တက်နေတာက ရန်ကုန်တစ်မြို့တည်း ပြဿနာ မဟုတ်တော့ဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာတာ'
မြန်မာနိုင်ငံ၌ Housing survey ကို ၁၉၅၂ ခုနှစ် ဦးနုလက်ထက်တွင် အိမ်ပေါင်း ၂၀၀၀၀ ကျော်ကို စစ်တမ်းကောက်ယူ၍ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်း ကာလများတွင် အစိုးကဏ္ဍမှ လုပ်ယူနိုင်မှု မရှိခဲ့ဟု သိရသည်။ သို့သော် လက်ရှိအစိုးရသစ် လက်ထက်တွင် private sector မှ ကောက်ယူမှုများ ရှိနေပြီး တစ်လောကပင် JICA မှ အိမ်ပေါင်း ၁၀၀၀၀ ကျော်ကို ပြုလုပ်ခဲ့သည်ဟု သိရသည်။ အထူးသဖြင့် ရန်ကုန်မြို့သည် မြို့ပြရွှေ့ပြောင်း နေထိုင်မှုကြောင့် လူဦးရေထူထပ် များပြားလာသည့်အပြင် အိမ်ခြံမြေ ဈေးကွက်တွင် ၀င်ရောက် ကစားမှုများကြောင့် အိမ်ခြံမြေ အပါအ၀င် တိုက်ခန်းမှအစ လူနေအဆောက်အအုံ များအားလုံး ဈေးနှုန်းများ မြင့်တက်နေသောကြောင့် ယင်းပြဿနာကို ဖြေရှင်းပေး နိုင်ရန်လည်း လိုအပ်လျက် ရှိပေသည်။ အိုးအိမ်မှ နှစ်ရှည်ချေးငွေနှင့် ရောင်းပေးရန် ရည်ရွယ်ချက်ရှိသည် ဆိုသော်လည်း မည်သည့်အချိန်တွင် အကောင်အထည် ပေါ်မည်ကို ပြောရခက်နေသေး သကဲ့သို့ မည်သည့် အတိုင်းအတာအထိ ဖြေရှင်းနိုင်မည်ကိုလည်း မပြောနိုင်သေးပေ။ ယင်းသို့ ချေးပေးရန်ပင် အတိုးနှုန်းကို ထည့်သွင်း တွက်ချက်ပါက မူလတန်ဖိုးထက် များစွာမြင့်သွား နိုင်သည့်အတွက် အခက်အခဲ ရှိနေကြောင်းလည်း သိရသည်။ ၁၉၅၀ ခုနှစ်တွင် ရန်ကုန်မြို့၌ လူဦးရေ ၁၈ သန်းရှိခဲ့ပြီး ထိုစဉ်က လူတစ်ယောက်နှင့် မြေကြီးအချိုးအစား အဆင်ပြေ နေသော်လည်း လက်ရှိအချိန်တွင် ပြည်သူများ မြို့ပြရွှေ့ပြောင်း နေထိုင်မှု၊ လူဦးရေ တိုးတက်လာမှုကြောင်နှင့် မြေယာပေါ်လစီ ပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် ပြည်သူများ အိုးပိုင်အိမ်ပိုင် နေနိုင်ရေးမှာ အတော်ပင် ခက်ခဲသော ပြဿနာတစ်ခု ဖြစ်နေသည့် အတွက် မြန်မာနိုင်ငံတွင် housing survey လာရောက် ပြုလုပ်နေသော ကုမ္ပဏီတစ်ခုမှ CEO တစ်ဦးနှင့် တွေ့ဆုံမေးမြန်းမှုအား ရေးသားဖော်ပြ လိုက်ပါသည်။
မေး - မြန်မာနိုင်ငံရဲ့ housing နဲ့ ပတ်သက်ပြီး သုတေသန လုပ်နေတယ်လို့ သိရတယ်။ ကုမ္ပဏီရဲ့ background လေးနဲ့ပတ်သက်ပြီး ပြောပြပေးပါလား။
ဖြေ - ကျွန်တော့် အနေနဲ့ကတော့ ဘဏ်လုပ်ငန်းမှာ နှစ်ပေါင်း ၃၀ လောက် လုပ်ကိုင်ခဲ့တဲ့ Banker တစ်ယောက်ပါ။ အေးရှားမှာ ရှိနေတဲ့ နိုင်ငံခြားဘဏ် အချို့ရဲ့ CEO တစ်ယောက်လည်း ဖြစ်ပါတယ်။ အရှေ့အလယ် ပိုင်းမှာလည်း ဘဏ်လုပ်ငန်းတွေ တည်ထောင်ထားပါတယ်။ အခုတော့ အဲဒီဘက်မှာ ဘဏ်တွေကို အကြံပေးတဲ့ လုပ်ငန်းကို ရပ်နားထားပြီးတော့ မြန်မာနိုင်ငံကို ကုန်ခဲ့တဲ့ နှစ်နှစ်လောက်က ရောက်လာခဲ့တာပါ။ စင်ကာပူနဲ့ သြစတြေးလျမှာလည်း ရုံးခွဲတွေ ဖွင့်ထားပါတယ်။
မေး - အခုရန်ကုန်မြို့ရဲ့ အိမ်ရာအနေအထားတွေနဲ့ ပတ်သက်ပြီး လေ့လာနေတယ်ဆိုတော့ ယေဘုယျအားဖြင့် ဘယ်လိုအနေအထားမျိုးတွေ တွေ့ရှိရပါသလဲ။
ဖြေ - မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကတော့ Housing နဲ့ ပတ်သက်ပြီး ပြဿနာအချို့ တွေ့နေရတယ်။ အစိုးရအနေနဲ့ ဒါကိုကိုင်တွယ်ဖို့ ကျတော့လည်း အခက်အခဲ ရှိနေတာ တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာက Private sector တို့က အစိုးရကို မကူနိုင်ဘူး။ ဥပမာ ရန်ကုန်ကွန်ဒို ဈေးကွက်ကို လေ့လာတယ် ဆိုပါတော့ အရမ်းဈေးကြီး နေတာကို တွေ့ရတယ်။ ဒါတွေကို အရမ်းငွေကြေး ချမ်းသာတဲ့ လူတွေနဲ့ နိုင်ငံခြားသားတွေ အတွက်ပဲ ဖြစ်မယ်။ ဒီလို ကွန်ဒိုတွေ ဆောက်ပေမယ့်လည်း ဒါဟာ Housing issues တွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ သုံးနေတဲ့ အသုံးအနှုန်းတွေပေါ့။ တချို့က affordable housing လို့ သုံးတယ်။ တချို့က low cost housing လို့ သုံးနေတယ်။ အမှန်က ဒီနှစ်ခုက မတူပါဘူး။ တချို့က social housing လို့ ပြောတယ်။ ရှုပ်ထွေးနေတယ်။ ဒါတွေကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်။ ကျွန်တော့် အမြင်ကတော့ ဘယ်နိုင်ငံမှာမဆို လူမှုအဖွဲ့အစည်းမှာ ရှင်သန်နေတဲ့ လူတွေ အကုန်လုံးတော့ ကိုယ်ပိုင်အိုးအိမ် မ၀ယ်နိုင်ကြပါဘူး။ ၀ယ်နိုင်တဲ့သူ ရှိသလို မ၀ယ်နိုင်သူလည်း ရှိတယ်။ ဒါကြောင့် ဘယ်နိုင်ငံရဲ့ အစိုးရမဆို အမေရိကန်ပဲဖြစ်ဖြစ်၊ သြစတြေးလျပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံပဲဖြစ်ဖြစ်၊ လူတွေကို ကြည့်ရှုစောင့်ရှောက်ရဖို့ တာဝန်ရှိပါတယ်။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာပဲ Private sector တွေကလည်း အိုးပိုင်အိမ်ပိုင်နဲ့ မနေနိုင်တဲ့ သူတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ချမ်းသာတဲ့ လူတွေအတွက်တင် ပြောတာမဟုတ်ပါဘူး။ အခြားအလွှာတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပထမဦးဆုံး အနေနဲ့ ဘာတွေဆုံးဖြတ်လဲဆိုတော့ affordable housing ဆိုတဲ့အပေါ်မှာ သီခြား focus လုပ်သင့်တယ်လို့ ဆုံးဖြတ်တယ်။ နောက်တစ်ခုက low cost housing ပေါ့။ သူကတော့ ကိုယ်ပိုင်အိမ်ဝယ်ဖို့ကို မတတ်နိုင်တဲ့ သူတွေပေါ့။ မြန်မာနိုင်ငံမှာက လေလောဆယ်မှာ private sector က ဒါတွေကို ၀င်မလုပ်နိုင်သေးဘူး။
မေး - ၀င်မလုပ်နိုင်ဘူး ဆိုတာက အဓိက ဘာကြောင့်ဖြစ်မလဲ။
ဖြေ - ဘာကြောင့်လဲဆိုတော့ ဘဏ်လုပ်ငန်းနဲ့လည်း ဆိုင်တယ်။ ဒီမှာက ဘဏ်လုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အကန့်အသတ်နဲ့ ဖြစ်နေတာပါ။ ဒါကြောင့် ဒီမှာ ကိုယ်ပိုင်အိမ် ၀ယ်ဖို့ဆိုတာ အရမ်းခဲယဉ်းတယ်။ ဖြစ်နေတာက ဘဏ်လုပ်ငန်း အားနည်းတဲ့ အချိန်မှာပဲ အိမ်ခြံမြေ ဈေးတွေကလည်း ခေါင်ခိုက်နေတယ်။ ဈေးကစားလို့လို့ ပြောကြတာတွေ ရှိတယ်။ မြန်မာပြည်မှာ ဈေးကစားမှုတွေ ရှိခဲ့တဲ့အတွက် ဒီလိုတက်လာတယ် ဆိုတာလည်း မှန်ပါတယ်။ ဒါကတစ်ပိုင်းပေါ့။အဲဒီကနေ တစ်ဆင့် အခုလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာတဲ့ အချိန်မှာ ပိုပြီးဈေးကောင်း လာတာပါ။ အခုဆိုရင် အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်နေတာက ရန်ကုန်တစ်မြို့တည်း ပြဿနာ မဟုတ်တော့ဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာတာ။ ဒါကြောင့် ကျွန်တော်တို့ ဆုံးဖြတ်တာက ပထမဦးဆုံး အနေနဲ့ မြန်မာနိုင်ငံမှာ affordable housing တွေ ဖြစ်လာဖို့ အကူအညီ ပေးသင့်တယ်လို့ မြင်လာတယ်။
မေး - မြန်မာနိုင်ငံရဲ့ housing ကဏ္ဍမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနိုင်တဲ့ အနေအထားနဲ့ ပတ်သက်လို့ကော။
ဖြေ - နိုင်ငံခြားသားတွေနဲ့ ပတ်သက်ရင် တူညီတဲ့ complaint နှစ်ချက်ရှိတယ်။ တစ်ခုက မြေဈေးတွေ မေးတယ်။ နားထောင်ပြီး လန်ပြေးတယ်။ နောက်တစ်ခုက နိုင်ငံခြားသားတွေက preconceived idea နဲ့ လာကြတယ်။ ဒီလိုပြဿနာမျိုးတွေကို သူတို့ ဗီယက်နမ်မှာလည်း ကြုံရတယ်။ ကမ္ဘောဒီးယားမှာလည်း ကြုံရတယ်။ သူတို့က ပြောတတ်ကြတယ်။ ဒါပေမဲ့ မြန်မာက သီးခြား အနေအထားတစ်ရပ် ဖြစ်နေတယ်။ ဥပမာ ရန်ကုန်နဲ့ မန္တလေးနဲ့ မတူသလို ပုသိမ်နဲ့ မန္တလေးနဲ့လည်း မတူပါဘူး။ ဒါကြောင့် ဒီပြဿနာကို အဖြေရှာရင် သီးခြားအဖြေ ရှာရမှာပါ။ ဒီမှာ ဖြစ်လာနိုင်တဲ့ အမှားတွေ ရှိနိုင်တယ်။ ဒါကြောင့် စစ်တမ်းကောက်ဖို့ လိုအပ်ပါတယ်။ အခုရန်ကုန်မှာ ကျွန်တော်တို့ ကုမ္ပဏီက အိမ်ပေါင်း ၃၂၀၀ ကို ကောက်ထားပြီးပါပြီ။ ဆောက်လုပ်ရေး ၀န်ကြီးဌာနကလည်း ဒီအပေါ်မှာ အကူအညီပေးပါတယ်။

တချို့မြို့ပြင်ဘက်လို နေရာမျိုးတွေမှာ ၀ယ်မယ်ဆို ၀ယ်ယူလို့ရနိုင်တဲ့ သူတွေရှိတယ်။ ဒီလူတွေကိုလည်း private sector က ကူညီသင့်တယ်။ ဆိုလိုတာက ဒီလူတွေနဲ့ သင့်တော်တဲ့ အိမ်မျိုးတွေ ဆောက်ပေးပြီး ဈေးကွက်တင်နိုင်ဖို့ လိုတယ်။ ပြီးရင်ဒီလူတွေကို အိမ်ဝယ်နိုင်ဖို့ ချေးငွေတွေ ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် private sector ကအစိုးရကို ကူညီသင့်တယ်။ အစိုးရကနေပြီးတော့ အိမ်မ၀ယ်နိုင်တဲ့ သူတွေကို ၀ယ်နိုင်အောင် လိုအပ်တဲ့ အကူအညီလေးတွေ ပေးနိုင်ဖို့လိုပါတယ်...
မေး - ဘဏ်လုပ်ငန်းတွေက အကန့်အသတ်နဲ့ ဖြစ်နေတယ်။ အခြားတစ်ဖက်မှာ Private sector ကလည်း အားမကောင်းဘူးဆိုတော့ ဒီအနေအထားကို ဘယ်လိုကျော်ဖြတ်မလဲ။
ဖြေ - ကျွန်တော်ကတော့ Private sector ကလည်း အားမကောင်းဘူးလို့ မထင်ပါဘူး။ အစိုးရကို မကူနိုင်ဘူးပဲ ပြောတာပါ။ မြန်မာနိုင်ငံရဲ့ Private sector မှာ အားကောင်းတဲ့ အင်အားကြီးတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ အခုမှအလျင်အမြန် ကြီးထွားလာတဲ့ ကုမ္ပဏီလေးတွေလည်း ရှိပါတယ်။ အထူးသဖြင့် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ အများကြီး တိုးတက်လာနိုင်တဲ့ အလားအလာတွေလည်း တွေ့ရပါ တယ်။ တကယ်တော့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေက ဘယ်လောက် ကူညီနိင်မလဲ၊ ဆိုလိုတာက ဘယ်လောက် နည်းပညာ အကူအညီ ပေးနိုင်မလဲ။ ဥပမာ affordable housing တွေအတွက် နိုင်ငံတကာက ကူညီမယ်ဆိုတော့ ပထမတစ်ခုက ဆောက်လုပ်ရေး နည်းပညာရှိမယ်။ ဒုတိယက စံမီတဲ့ ဒီဇိုင်းတွေရမယ်၊ တတိယကတော့ ငွေကြေး အထောက်အပံ့ပေါ့။
မေး - လက်ရှိမှာ ပြည်တွင်းက ဘဏ်တွေရဲ့ အနေအထားကကော Private sector ကို အကူအညီ ပေးနိုင်တဲ့ အနေအထားမျိုး ရှိပြီလား။
ဖြေ - ပြည်တွင်းက ဘဏ်တွေရဲ့ လုပ်ကိုင်နိုင်မှုက အကန့်အသတ်နဲ့ ရှိနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဗဟိုဘဏ် ဥပဒေကို ကြည့်ပါတယ်။ မြန်မာနိုင်ငံမှာ Banking conference လုပ်တော့ ကျွန်တော် Chairman လုပ်ခဲ့ပါတယ်။ ကျွန်တော် အဲဒီမှာဘာပြော ခဲ့လဲဆိုတော့ ကျွန်တော်က နိုင်ငံခြားသား တစ်ယောက် ဆိုပေမယ့် ကျွန်တော်မြင်ချင်တာက မြန်မာနိုင်ငံ အနေနဲ့ အခြားနိုင်ငံတွေ ကြုံတွေ့ခဲ့တဲ့ အမှားမျိုးတွေကို ရှောင်နိုင်ဖို့ပါ။ နိုင်ငံခြားသားတွေက အကောင်းတွေကို ယူလာနိုင်ပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ နိုင်ငံခြားသား တွေကြောင့် ပျက်စီးဆုံးရှုံး မှုတွေလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေကိုပေါ့။ ဆိုပါတော့ မြန်မာနိုင်ငံရဲ့ Banking sector မှာ နိုင်ငံဘဏ်တွေကို joint venture အနေနဲ့ ခွင့်ပြုမပေးခင် ပြည်တွင်းဘဏ် လုပ်ငန်းတွေ စွမ်းဆောင်ရည် ကောင်းမွန်ပြီး ဖွံ့ဖြိုးတိုးတက် လာစေဖို့ အချိန်နည်းနည်း ပိုပေးသင့်တယ်လို့ မြင်ပါတယ်။ foreign banking ကို အမြန်ဖွင့်ပေးလိုက်တာ ကောင်းတယ်လို့ ကျွန်တော် မမြင်ပါဘူး။ နိုင်ငံခြား ဘဏ်တွေက banking sector မှာလာပြီး control လုပ်တာ မကောင်းပါဘူး။ နိုင်ငံခြား ဘဏ်တွေကို မြန်မြန်ကြီးဖွင့်ပေးတာ risk တစ်ခုလို့မြင်တယ်။ သူတို့ပဲ လွှမ်းမိုးသွားလိမ့်မယ်။ သူတို့က အင်အားကြီးတယ်လေ။ မပေးနဲ့လို့ မပြောပါဘူး။ step by step ပဲဖြစ်သင့်တယ်။ ပထမအဆင့် ကိုယ်စားဘဏ်တွေ ဖွင့်တာမျိုးပေါ့။ သူတို့ အဲဒီအဆင့်မှာ ဒီမှာဘာစီးပွားရေးမှ မလုပ်သေးဘူး။ ဈေးကွက်ကို လေ့လာရုံလောက်ပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ ဘယ်အချိန်မှာ foreign banking ကိုလက်ခံမယ်၊ မခံဘူး ဆိုတာကတော့ အစိုးရရဲ့ဆုံးဖြတ်ချက် ပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော့် အမြင်ကတော့ အလျင်မလိုသင့်ဘူး လို့ပဲ မြင်ပါတယ်။
မေး -ဘဏ်လုပ်ငန်းကလည်း သိပ်မဖွံ့ဖြိုးသေးဘူး။ private sector ကိုလည်း အထောက်အပံ့ သိပ်မပေးနိုင်ဘူးဆိုတော့ ဒီ housing market ရဲ့ အနေအထားမှာ ဘယ်လိုပါဝင် လာနိုင်မလဲ။
ဖြေ - နောက်ထပ် အားနည်းချက်တစ်ခု ရှိသေးတယ်။ မြန်မာနိုင်ငံမှာလည်း private sector ကိုလည်း ပြည်သူက သိပ်ပြီးတော့ အားမကိုးဘူး။ အားမကိုးဘူး ဆိုတာကလည်း private sector ရဲ့ သဘောကလည်း အမြတ်အစွန်းဘက်ကို ဦးစားပေးတာကိုး။ ဒါကြောင့် ကျွန်တော်တို့က အကောင်းဆုံး နည်းလမ်းကို ရွေးချယ်နိုင်ဖို့နဲ့ ဘယ်လိုကူညီမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ လိုပါတယ်။ ဥပမာကျွန်တော်ဆို private sector ကပဲ။ ဒါပေမဲ့ ကျွန်တော်တို့မှာ Academic sector နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားတာ ရှိပါတယ်။ ဒါကြောင့် Australia နည်းပညာကို ဒီကိုယူလာ ပေးပါတယ်။ ဥပမာ သြစတြေးလျ နည်းပညာ သက္ကသိုလ်နဲ့ ချိတ်ပေးထားပါတယ်။ ဆိုလိုတာက Academic တွေက အမြတ်မစွန်းကို အဓိက မထားပါဘူး။ သူတို့က ဘယ်ဟာ အဖြေမှန်လည်း ဆိုတာပဲ စဉ်းစားပါတယ်။ ဒါကြောင့် ဒီတက္ကသိုလ် နဲ့ပေါင်းပြီး သုတေသနတွေ ပြုလုပ်သွားဖို့ ရှိပါတယ်။ Capacity building လုပ်သွားဖို့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့ ပြဖွံ့ဖြိုးမှုနဲ့ ပတ်သက်တဲ့ education system တွေ ဒီမှာ ဖွံ့ဖြိုးလာဖို့ လိုပါသေးတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး - မြန်မာနိုင်ငံမှာ အိမ်ခြံမြေ ဈေးကွက်တွေမှာ ဈေးကစားမှုတွေ ရှိနေတယ်။ အဲဒီအနေအထားကြောင့် ဈေးတွေအရမ်း မြင့်နေတယ်လို့ ပြောတာရှိတယ်ဆိုတော့ ဈေးနှုန်းတွေပြန်ကျဖို့ လူတွေသင့်တင့် လျောက်ပတ်တဲ့ ဈေးနှုန်းနဲ့ ၀ယ်ယူနိုင်ဖို့ ဆိုတာကော ဘယ်လေက်ဖြစ်နိုင်ခြေ ရှိမလဲ။
ဖြေ - ဈေးကစားမှုတွေက မြန်မာတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ နေရာတော်တော်များများမှာ ရှိပါတယ်။ မြန်မာနိုင်ငံကို ကြည့်မယ်ဆိုတော့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အကျယ်အ၀န်းအားဖြင် အဆင့် ၄၀ မြောက် အကြီးဆုံး နိုင်ငံပါ။ ပြောရမယ်ဆိုရင် ဂျာမနီနဲ့ အီတလီပေါင်းထားတာနဲ့ အတူတူပဲ။ ဒါပေမဲ့ ဂျာမနီမှာ ဒီမှာလို land price problem မရှိဘူး၊ ဒါဆိုဘာကြောင့် နိုင်ငံအကြီးကြီး၊ မြေပိုင်ဆိုင်မှု ပိုကြီးတဲ့ နိုင်ငံက ဒီပြဿနာမျိုး ရှိနေရတာလဲလို့ မေးလို့ရတယ်။ ပြဿနာက မြေမဟုတ်ဘူး။ ဒီမြေတွေကို ဘယ်လိုမှန်မှန်ကန်ကန်နဲ့ အသုံးချသလဲဆိုတဲ့ ပြဿနာပဲ။ နောက်တစ်ခုက စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ဘယ်လို အားပေးမလဲဆိုတဲ့ ပြဿနာပဲ။ ဘာကြောင့်လဲဆိုတော့ စက်မှုလုပ်ငန်းတွေက စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းတွေမှာ ၀င်ရောက်နေရာ ယူလာလိမ့်မယ်။ အရင်တုန်းက စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင် နေသူတွေ အလုပ်အကိုင် ရှာဖွေပေးဖို့ လိုအပ်လာလိမ့်မယ်။ ဒါကြောင့် အစိုးရအနေနဲ့ တစ်ချိန်တည်း လုပ်ရမှာက Tourism master plan လိုဟာမျိုး၊ Banking master plan လိုဟာမျိုးတွေ ရေးဆွဲသလိုမျိုးပဲ affordable housing နဲ့ပတ်သက်ရင်လည်း master plan တွေရေးဆွဲဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဒါဟာဖြစ်ပေါ်နေတဲ့ မြေဈေးနှုန်းတွေ ကြီးမြင့်တဲ့ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ စိုးရိမ်တာ တစ်ခုက မြေဈေးကစားမှုတွေဟာ ရေရည်မှာကျတော့ ထိခိုက်မှုတွေ အများကြီး ရှိစေတယ်။ ဘာကြောင့်လဲဆိုတော့ အခြားနိုင်ငံတွေမှာ မြေဈေးတွေ ပြုတ်ကျနေတယ်။ ကျွန်တော်စိုးရိမ်တာ တစ်ခုက မြေဈေး အများကြီး မြင့်တက်လာမယ်လို့ချည်း မျှော်လင့်ပြီး အများကြီး ရင်းနှီးမြုပ်နှံထားတဲ့ သူတွေပါ။ ဘာကြောင့်လဲဆိုတော့ မြေဈေးဆိုတာ အမြဲတမ်း မြင့်တက်နေတာမျိုး မဟုတ်ပါဘူး။တစ်ချိန်ချိန်မှာ ပြန်ကျမှာပဲ။ အခု ရွှေဈေးတွေတောင် ပြန်ကျနေပြီလေ။ ဒါကြောင့် မြေဈေးနှုန်းတွေ အမြဲတမ်း တက်နေလိမ့်မယ်လို့ အလွန်အကျွံမျှော်လင့်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်တာကိုတော့ အားမပေးပါဘူး။
မေး - ဒါဆို အဓိကပေးချင်တဲ့ message က ဘာဖြစ်မလဲ။
ဖြေ - key message က ဘာဖြစ်မလဲ ဆိုတော့ ပထမဆုံး အနေနဲ့ private sector ကနေပြီးတော့ အစိုးရကို ကူညီသင့်တယ်။ လောလောဆယ်မှာ housing နဲ့ပတ်သက်တဲ့ ၀န်ထုပ်ဝန်ပိုး အားလုံးက အစိုးရဆီကို ရောက်နေတယ်။ အမှန်တော့ ဒါမျိုးမဖြစ်သင့်ဘူး။ အစိုးရအနေနဲ့ ၀န်ပိုးဝန်ပိုးယူသင့်တဲ့ အပိုင်းကတော့ ပြည်သူတွေကို ကိုယ်ပိုင်အိမ်တွေနဲ့ နေနိုင်အောင် အကူအညီပေးနိုင်ဖို့။ ကျွန်တော်မြင်နေတာက တချို့မြို့ပြင်ဘက်လို နေရာမျိုးတွေမှာ ၀ယ်မယ်ဆို ၀ယ်ယူလို့ရနိုင်တဲ့ သူတွေရှိတယ်။ ဒီလူတွေကိုလည်း private sector က ကူညီသင့်တယ်။ ဆိုလိုတာက ဒီလူတွေနဲ့ သင့်တော်တဲ့ အိမ်မျိုးတွေ ဆောက်ပေးပြီး ဈေးကွက်တင်နိုင်ဖို့ လိုတယ်။ ပြီးရင်ဒီလူတွေကို အိမ်ဝယ်နိုင်ဖို့ ချေးငွေတွေ ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် private sector ကအစိုးရကို ကူညီသင့်တယ်။ အစိုးရကနေပြီးတော့ အိမ်မ၀ယ်နိုင်တဲ့ သူတွေကို ၀ယ်နိုင်အောင် လိုအပ်တဲ့ အကူအညီလေးတွေ ပေးနိုင်ဖို့လိုပါတယ်။ 
Credit To First -11

Related Articles: