Thursday, August 29, 2013

အိမ်ဦးနတ်ကို မမေ့စေချင်လို့တဲ့ --------- ရေးသားသူ- သင်းရီ



၁၇-၈-၂၀၁၃ နေ့က Myanmar Peace Center တွင် ကျင်းပခဲ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက အစိုးရအနေဖြင့် အုပ်ချုပ်ရေးယန္တရားကို ပြင်ဆင်နေပြီဖြစ်တဲ့အတွက် စနစ်ဟောင်းမှ အကျင့်ဟောင်းများကိုမပြင်သည့် အဖွဲ့အစည်းများကို တိုင်ကြားဖို့ ပြည်သူများကို ဖိတ်ခေါ်သည့်အကြောင်း အွန်လိုင်းသတင်းတစ်ပုဒ်တွင် ဖတ်လိုက်ရသဖြင့် အားတက်မိရ၏။

သို့သော်လည်း တိုင်းပြည်နှင့်အ၀န်းရှိ အောက်ခြေအဖွဲ့အစည်းဆိုသည့်ဟာတွေထံမှ အသံတွေကတော့ ထူးမခြားနားနှင့် ဒုံရင်းဒုံရင်း၌ပင် ရှိနေသေးကြောင်း နားမစွင့်ဘဲနှင့်ပင် နားမဆံ့အောင် ကြားနေရသည်။ တစ်ရွာတစ်ပုဒ်ဆန်းသည့် တစ်တောတစ်ကြက်ဖ တွန်နေကြသံတွေလားလည်းမသိ။ ခုထိကို အာဏာပါဝါတွေ ပြချင်နေကြတုန်းရှိသည်ထင်၏။

အာဏာဆိုသည်ကလည်း သည်းခြေကြိုက်ဖြစ်သည့်အပြင် စိတ်ထင်တိုင်းကြဲခွင့်ရှိသည့်အာဏာကို နှစ်ပေါင်းများစွာကြာအောင် လွယ်လွယ်ကူကူ အသုံးချခဲ့ဖူးသူအဖို့တော့ လက်နှင့်အာဏာ ခွာခွာထားဖို့ခက်မည်မှာ သေချာသည်။ သည်အကြောင်းစဉ်းစားမိတော့ လွတ်လပ်ရေးခေတ်ဦးက နိုင်ငံရေးပါတီလက်ကိုင်တုတ်တွေ ဖြစ်ခဲ့ဖူးသည့် ပျူစောထီးတပ်ဗိုလ်တွေအကြောင်း အတွေးရောက်မိသည်။ သည်တပ်က စည်းနှင့်ကမ်းနှင့် စနစ်တကျဖွဲ့စည်းထားသည့် တပ်မဟုတ်တော့ မည်းမည်းမြင်ရာ ပြည်သူတွေအပေါ် လက်နက်အားကိုးနှင့် အနိုင်ကျင့်၊ ဓားပြတိုက် လူသတ်လုပ်သဖြင့် လက်နက်သိမ်းပြီး တပ်ကိုပါ ဖျက်သိမ်းပစ်ခဲ့ရလေသည်။ သည်တော့ ခြောက်လုံးပြူးတကားကားဖြင့် တစ်လျှောက်လုံးနေလာခဲ့သည့် ပျူစောထီးတပ်မှ ဗိုလ်ကြီး၊ ဗိုလ်ငယ်တွေ လက်နက်မရှိဘဲ မနေတတ်ကြတော့လို့ အခွံဖြစ်သွားသည့် သူတို့ခါးပေါ်မှ ခြောက်လုံးပြူးအိတ်တွေထဲ ပြောင်းဖူးစဉ်းရိုးတွေ ထည့်ပေးထားရသတဲ့။ အဲ့သည့်အခါကျမှ နေသာထိုင်သာရှိသွားကြသတဲ့။

အခုလည်း သည်လိုပဲထင်ပ။ အာဏာပါဝါဆိုတာ မပြဘဲနေမိလျှင် မိုးကြိုးပစ်တတ်လေသလားမသိ။ တစ်နည်းမဟုတ် တစ်နည်းနှင့်တော့ ပြနေကြသည်ထင်၏။ တကယ်တော့ လက်တွေ့ကိုင်တွယ်အသုံးချလို့ရသည့် အာဏာကိုထားဦး အာဏာဆိုသည့်စကားလုံး၏ အနက်ဂယက်ကပင် စွဲလမ်းယစ်မူးစေတတ်သလားထင်သည်။

တလောတလော အချို့ရပ်ကွက်တွေထဲမှာ မတော်တဆကြားရသည့် အသံလေးတစ်ခုကို ဖောက်သည်ချချင်သည်။

အခြားမဟုတ်။ ဆိုက်ကားပေါ်တင်ပြီး ရပ်ကွက်ထဲလှည့်လာသည့် အသံချဲ့စက်အော်လံကြီးနှင့် တရားပွဲဖိတ်သည့်အသံဖြစ်သည်။ တရားပွဲဖိတ်သည့်ကိစ္စပေမို့ ဓမ္မာရုံမှ နိဗ္ဗာန်ဆော်စစ်ကဖိတ်သည်ဆိုလျှင် ကျက်ထားမှတ်ထားသည့် စာသံပေသံဘုန်းကြီးကျောင်းသံနှင့်ပေမို့ ထွေထွေထူးထူး ပြဿနာမရှိလှပေသည့် ရပ်ကွက်ထဲမှ
ရွာဆော်လုပ်နေကျ တစ်ယောက်ယောက်ကို လက်သင့်ရာ စားတော်ခေါ်လိုက်မိပြီဆိုလျှင်တော့ ကြားရသူတွေအဖို့ နားထဲကို နကျယ်ကောင်ဝင်ပြီး အသိုက်ဆောက်သလို ခံစားရတော့၏။

သိကြသည့်အတိုင်းပင် ရပ်ကွက်ထဲမှာ သည်နှယ်မိုက်ခွက်ကိုင်ပြီး ဆော်ဆော်သြသြလုပ်ရသူတွေ အများစုဆိုသည်က ဓမ္မာရုံမှ နိဗ္ဗာန်ဆော်မဟုတ်လျှင် န၀တ၊ နအဖတို့ လက်ထက်တော်များ အဆက်ဆက်ကတည်းက မ၀တ၊ ရ၀တရုံးများတွင် လက်တိုလက်တောင်းခိုင်းထားသော မိုက်ကိုင်လိုင်စင်ရလာခဲ့ကြသူတွေ ဖြစ်နေတတ်သည်။ အဲ့သည်လိုလိုင်စင်ရသူမျိုးတွေ တရားပွဲဖိတ်ကြပြီဆိုလျှင်တော့ အာဏာသံလေးက မပျောက်ချင်သေးသမို့ အော်ပုံလေးကလည်း ယဉ်သကိုဆိုသလိုဖြစ်တော့၏။ နားဆင်ကြည့်ပါ။

“ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူများခင်ဗျား၊ ဒီကနေ့ ည ၇ နာရီတိတိတွင် ရပ်ကွက်သံဃဒါန ဆွမ်းလောင်းဓမ္မာရုံတွင် ဆရာတော်ဘဒ္ဒန္တပညာသာမိက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောဖော်ညွှန်ပြ ဆိုဆုံးမမည်ဖြစ်သည့်အတွက် ယနေ့ ည ၇ နာရီတိတိအချိန်ထက် နောက်မကျစေဘဲ ရပ်ကွက်ဓမ္မာရုံသို့ မပျက်မကွက်လာရောက်နာယူကြပါရန် အသိပေးကြေညာအပ်ပါသည်..”တဲ့...။

သည်အသံက နားထဲဓားထမ်းဝင်လာလိုက်သလိုဆိုတော့ ဟဲ့ဘယ့်နှယ့်ဟာကြီးတုံးဖြစ်ရသည်။ ၇ နာရီတိတိအချိန်ထက် နောက်မကျစေဘဲ မပျက်မကွက်လာရောက်နာယူပါရန် အသိပေးကြေညာအပ်ပါသည်တဲ့။ အသံကလည်း ပင်ကိုဗီဇအတိုင်း မာချဉ်ချဉ်ဆိုတော့ အကယ်၍များ တရားနာမလာရောက်ခဲ့လျှင်ပင် အရေးယူတော့မည့်ပုံ။

သည်တော့ အာဏာကိုလက်ထဲကိုင်ပြီး နေရာတကာတွင်ကျယ်လာခဲ့သူ မြို့နယ်၊ တိုင်း၊ အထက်ဗဟိုဘာညာတွေမပြောနှင့် ရ၀တရုံးမှ လက်တိုလက်တောင်း မိုက်ခွက်ကိုင် အောက်ခြေလူတန်းစားကပင် အာဏာသံဖားတစ်ပိုင်းငါးတစ်ပိုင်း ဖြစ်ချင်တုန်းရှိသေးသည်ဆိုသည်က ကြားရုံနှင့်သိဆိုသလို ဖြစ်ရ၏။

သည်ရက်ထဲ သတင်းတစ်ပုဒ်ကြားရပြန်သည်။ ရှစ်လေးလုံးငွေရတုပွဲလုပ်မည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နားထောင်မိသည့် ကျောင်းဆရာမလေးတစ်ဦးကို ပညာရေးဌာနက အလုပ်ကနေရပ်စဲပြီး ပင်စင်ပေးပစ်လိုက်သည်တဲ့။ ထိုသို့ပင်စင်ပေးခံရသည့်အကြောင်း သတင်းသမားတွေကို အဲ့သည့်ဆရာမလေးက ပြောပြမိသဖြင့် သတင်းတွေထဲပါလာသည့်အခါ ထိုသို့ သတင်းစာတွေထဲပါအောင် လုပ်ရကောင်းလားဆိုသည့် ပြစ်မှုထပ်တိုးလျက် ပေးထားသည့်ပင်စင်ကိုပါ ထပ်ဖြုတ်ပစ်ပြန်သတဲ့။ ဆိုသည့်အခါ အာဏာရှင်ခေတ်ကြီးက ကုန်မကုန်နိုင်သေးပါလားဟု စိုးရိမ်စိတ်ဝင်သည်။

တကယ်တော့သမိုင်းထဲတွင် ဖျောက်ပစ်ဖျက်ပစ်၍မရနိုင်သည့် ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကို သမိုင်းတင်သည့် ငွေရတုအထိမ်းအမှတ်ပွဲသည် တရားဝင်ကျင်းပသည့် ပြည်သူ့ပွဲဖြစ်၏။ ထို့ကြောင့်ပင် ထိုပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ကိုယ်တိုင် တက်ရောက်ကာ “သမိုင်းကို ဖျောက်လို့မရဘူး။ အဲဒီသမိုင်းက အားနည်းချက်တွေကိုဖော်ထုတ်ပြီး အားသာချက်တွေဖြစ်အောင်လုပ်ဖို့က လက်ရှိလူသားတွေရဲ့ တာဝန်ဖြစ်တယ်”ဟုပင် တရားဝင်ပြောသွားခဲ့သေးသည်။ သို့ပါလျက် လက်ရှိပြည်သူတစ်ယောက်ဖြစ်သည့် အဲ့သည်ဆရာမလေးက ၀န်ကြီးဦးအောင်မင်းကိုယ်တိုင် တက်ရောက်ခဲ့သည့် ရှစ်လေးလုံးငွေရတုအထိမ်းအမှတ်ပွဲနှင့်နှီးနွှယ်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နားထောင်မိသည့် ၎င်းတွင်အပြစ်ရှိပါလားဟု ပြန်လည်ထုချေတင်ပြပိုင်ခွင့်မရှိခဲ့။ ထုချေတင်ပြခွင့်မရရှိလိုက်ဘဲ အပြစ်ဒဏ်အပေးခံရသည်ဆိုသည့်အခါ မဖြစ်မနေအပြစ်ဟု သတ်မှတ်လိုသဖြင့် နင်မဟုတ်လျှင် နင့်အဖေသာဖြစ်ရမည်ဟု သိုးငယ်အားကိုက်စားလေ၏ဆိုသည့် ၀ံပုလွေပုံပြင်လိုမျိုးဖြစ်လေပေါ့ဟု ထင်မိသည်။ ပေးခဲ့သော force to retire ဆိုသည့် အပြစ်ဒဏ်ကလည်း ပြင်းထန်လွန်းလှသည်။ တစ်ခါထပ်၍ နင်လားငါလားစိတ်ဖြင့် ပေးပြီးပင်စင်ကိုပါ ထပ်ဖြုတ်ပစ်ပြန်သေးဆိုသည့်အခါ နာယကဂုဏ်နှင့်ကင်းလွတ်စွာ တမင်အငြိုးနှင့်ပေးသော မတရားအပြစ်ဒဏ်ဟုသာ သတ်မှတ်ရတော့မည်ထင်၏။

သည်သတင်းကြောင့် စိတ်မချမ်းမသာဖြစ်မိသည်နှင့် တစ်ဆက်တည်းလည်း န၀တလက်ထက်က ၀န်ထမ်းတွေကို ၃၃ ချက် မေးခွန်းတွေမေးပြီး စိတ်ဓာတ်ရေးရာအရချိုးနှိမ်ကာ အလုပ်ထုတ်ပစ်ခဲ့တာတွေ ပင်စင်ပေးပစ်ခဲ့တာတွေကို သတိရသည်။ နိုင်ငံရေးနှင့်ပတ်သက်ရကောင်းလားဟု ရမယ်ရှာအပြစ်ကြီးလုပ်လျက် သားစဉ်မြေးဆက် လူတောတိုးမရအောင်၊ နိုင်ငံရေးကို လှည့်မကြည့်ဝံ့လောက်အောင် ရက်ရက်စက်စက် ချိုးနှိမ်ပစ်ခဲ့တာတွေ၊ မျက်လုံးထဲသဲနှင့် ပက်ခဲ့တာတွေ၊ နိုင်ငံရေးမျက်ကန်းတွေ ဖြစ်ကုန်အောင်လုပ်ခဲ့တာတွေကို သတိရသည်။

စင်စစ်တွင် ပြည်သူတွေ နိုင်ငံရေးကို စိတ်မ၀င်စားရဲ စိတ်မ၀င်စားဝံ့အောင် စိတ်ဓာတ်ရေးရာအရ ချိုးနှိမ်လုပ်ဆောင်ပစ်ခြင်းသည် တိုင်းပြည်၏အနာဂတ်ကို အသူတရာနက်သော အမှောင်ချောက်ကမ်းပါးကြီးအတွင်းသို့ မိုက်မဲစွာတွန်းချပစ်ခြင်းသာဖြစ်၏ဟု တိတိကျကျပင် ဆိုချင်သည်။ နိုင်ငံရေးအသိ မထွန်းကားဘဲနှင့် နိုင်ငံချစ်စိတ်ကို မမွေးမြူနိုင်။ နိုင်ငံချစ်စိတ်မရှိဘဲလည်း နိုင်ငံ၏တိုးတက်ရာတိုးတက်ကြောင်းကို ရွက်ဆောင်နိုင်လိမ့်မည်မဟုတ်ဆိုသည်မှာ ငြင်းဖွယ်မရှိပါ။ တစ်ခါတစ်ရံ၌ အကြောင်းတစ်ခုခုက စေ့ဆော်ရိုက်သွင်းသဖြင့် မတော်တဆရလာသော မျက်ကန်းအာဂန္တုမျိုးချစ်စိတ်လို ကသန်းကကြောင်ယောင်ခြောက်ဆယ် စိတ်ဓာတ်လိုမျိုးကိုမူ အမှတ်မထင်ကောက်ရသလို ရကောင်းရနိုင်သော်လည်း ကြောင်းကျိုးခိုင်လုံစွာ တွေးခေါ်တတ်သည့် ခိုင်မြဲတည်တံ့သော၊ နိုင်ငံနှင့်လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံရဲသော နိုင်ငံချစ်စိတ်မျိုးကိုမူ မရနိုင်ပါ။

ကိုယ့်အရေး ကိုယ့်ကိစ္စသက်သက်ကိုသာ သိတတ်လျက် နိုင်ငံကိုမချစ်တတ်သည့် ပြည်သူများ (သို့မဟုတ်) နိုင်ငံရေးဆိုသည်နှင့် ကင်းကင်းကွာကွာနေလိုသော ပြည်သူများ မှီခိုနေထိုင်သည့် တိုင်းပြည်သည်လည်း မတိုးတက်နိုင်ပါ။

လွန်လေပြီးခဲ့သည့် န၀တခေတ်ဆိုသည်ကတော့ နိုင်ငံရေးဆိုသည့် ဝေါဟာရနှင့် နိုင်ငံရေးသမားကို သေနတ်ပြောင်းဝနှင့်တေ့ကာ မစင်တွင်းထဲ တွန်းချနှစ်မြှုပ်လျက် စစ်တပ်ကိုသာ ရွှေပိန်းချစိန်စီအမွှမ်းတင်ခဲ့သည့်ခေတ် ဖြစ်ခဲ့သည်။ ယခုတော့ သူတို့တွေကိုယ်တိုင် နိုင်ငံရေးသမားတွေဖြစ်လာခဲ့ကြပြီကိုမူ ထားတော့။ ဟိုအခါတုန်းကဖြင့် နိုင်ငံရေးသမားတွေကို ရာဇ၀တ်မှုကျူးလွန်သူတွေအဖြစ်သာ သတ်မှတ်ရှုမြင်စေခဲ့သည်။

ယခုကား စစ်တပ်ကအုပ်ချုပ်သော စစ်အစိုးရခေတ်မဟုတ်တော့။ ၂၀၁၀ တွင် ကျင်းပခဲ့သည့် ပြည်သူက ရွေးချယ်တင်မြှောက်သော ရွေးကောက်ပွဲကို ကျော်ဖြတ်ခဲ့ပြီ။ ထို့ကြောင့် ပုံစံအားဖြင့်ကို ပြည်သူ့ကိုယ်စားလှယ်များက တာဝန်ယူရသော ပြည်သူ့အစိုးရဖြစ်လာခဲ့ပြီ။ ထို့ကြောင့် အစိုးရသည်လည်း ပြည်သူထဲမှ ပြည်သူသာလျှင်ဖြစ်ခဲ့ပြီ။ ပြည်သူနှင့်တစ်သားတည်းမို့ အာဏာကိုပိုင်စိုးသော အာဏာရှင်မဟုတ်တော့။

မနေ့တစ်နေ့ကမှပင် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက အစိုးရအပါအ၀င် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများသည် အာဏာပိုင်များမဟုတ်ကြ။ ပြည်သူ့အခွန်ဘဏ္ဍာငွေကိုစားသည့် ပြည်သူ့တာဝန်ကို ထမ်းဆောင်ရသော ပြည်သူ့ဝန်ထမ်းတွေသာဖြစ်သည်ဟု မီဒီယာများနှင့် တွေ့ဆုံပွဲတစ်ခုတွင် ပြောသွားခဲ့သေးတာ မှတ်သားထားမိသည်။ နားဝင်ချိုလိုက်တာဟုလည်း ၀မ်းမြောက်ဝမ်းသာဖြစ်ရသည်။ ပြည်သူသာအမိ၊ ပြည်သူသာအဖ ခေတ်စစ်စစ်သို့ အမြန်ဆုံးပြန်လည်ရောက်ရှိပေတော့အံ့ဟုလည်း မျှော်မိရသည်။

သို့ပါလျက် ကြားရသည့်သတင်းတွေကမမွှေး။ တိုးတိုးပြီးပွင့်ရမည့်အစား ပြန်ပြန်ပြီးပိတ်သွားသလားဟုပင် ခံစားလာရသည်။ သည်လိုပုံနှင့် မိုးကြီးချုပ်လျှင် စဉ်းစားမိတော့ ရှေ့ရေးက ရင်လေးစရာအတော်ကောင်းနေပြန်၏။

နောက်ထပ်ကြားရပြန်သေးသည့်သတင်းက အဘယ်သို့သောအကြောင်းကြောင့် ဘယ်ဥပဒေအရ ဘာကိုစိုးရိမ်၍ ဘယ်ကစတင်ချမှတ်လိုက်ပြန်သည့် အမိန့်မှန်းတော့မသိ။ ခန်းမတွေ ဟိုတယ်တွေမှာ အခမ်းအနားတွေလုပ်လိုလျှင် သာမန်စာအုပ်မိတ်ဆက်ပွဲလို ပွဲလေးမှစ၍ မည်သို့သော အခမ်းအနားမျိုးကိုမဆို ရက် ၂၀ ကြိုတင်ပြီး သက်ဆိုင်ရာကို ခွင့်တောင်းရမည်တဲ့။ ခွင့်ပြုမိန့်ကျမှ ကျင်းပရမည်တဲ့။

အမှန်တော့ သည်အခမ်းအနားတွေဆိုသည်က နိုင်ငံတော်ကို ပုန်ကန်ခြားနားမည့် အခမ်းအနားတွေလည်းမဟုတ်။ နိုင်ငံ၏ သည်အချိန်နှင့် သည်အခြေအနေက ဒီမိုကရေစီရေးအတွက် လေတိုးမခံနိုင်သေးသည့်အခြေအနေမျိုး၌သာ ရှိနေသေးကြောင်း လူတိုင်းသိဖြစ်ပေရာ နိုင်ငံနှင့်လူမျိုးကို အမှန်တကယ်ချစ်သည့်သူမှန်လျှင် လေတိုးမည်စိုး၍ အသက်ကိုပင် ပြင်းပြင်းမရှူကြ။ ဒီမိုကရေစီပျိုးပင်ပေါက်ကလေး ရှင်ပါစေသန်ပါစေဟု ရေကြည်လောင်း ပေါင်းသင်မြေတောင်မြှောက်လိုကြသူတွေသာရှိသည်။

သို့သော် သင်ခန်းစာယူစရာသမိုင်းကိုတော့ ပြောကြလေမည်ပေါ့။ အမှားကိုမြင်တော့လည်း ပြင်စေလိုကြောင်း စေတနာရင်းစွဲဖြင့် ထောက်ပြဝေဖန်သမှုတော့ ပြုကောင်းပြုကြပေမပေါ့။ ဒါကို စိုးရိမ်စရာအခြေအနေတစ်ရပ်ဟု မမြင်စေချင်။ ၀ဲပေါက်နေသူ ပင်လယ်ရေကြောက်သလိုမျိုးမဖြစ်စေချင်။ ပွင့်လင်းမြင်သာသော အလင်းရောင်သည်သာ အရာရာသံသယမှ ကင်းဝေးစေနိုင်၏ဟု ယုံကြည်သင့်သည်။ ပွင့်လင်းမြင်သာမှု တံခါးပေါက်မှန်သမျှကို ပိတ်ဆို့ထားခဲ့သော လွန်ခဲ့သည့်ခေတ်ထဲမှ လောင်ပုပ်တက်နေသည့် မှားယွင်းမှုအိုင်းအနာဆွေးတွေက အနာဖေးပင်မတက်တတ်သေးပါ။ သင်ခန်းစာယူစရာ ပူပူနွေးနွေးကြီးတွေပင် ရှိနေပါသေးသည်။

ထို့ကြောင့် မည်သည့်နေရာ၌မဆို စည်းကမ်းဆိုသည်က ရှိကောင်းသည်မှန်သော်လည်း လွတ်လပ်မှုကိုချုပ်ကိုင်ဖို့၊ ပွင့်လင်းမှုတံခါးတွေကို ပိတ်ဆို့ပစ်ဖို့ ရည်ရွယ်လျက်ဖြင့်တော့ စည်းကမ်းမဟုတ်သည့် ချုပ်ချယ်ခြင်းတွေကို မချမှတ်သင့်၊ မဆောင်ရွက်သင့်ဟု မြင်မိရသည်။

တွေးမိရင်းမှပင် ငယ်စဉ်က ကြုံခဲ့ရဖူးသော လင်မယားနှစ်ယောက်ထံ စိတ်ကရောက်မိ၏။ ထိုလင်မယားတွင် လင်က မယားကို နေ့ရှိသရွေ့ဆိုသလို အကြောင်းမရှိအကြောင်းရှာလျက် ရိုက်ပုတ်နှိပ်စက်တတ်လေသည်။ သည်အခြေအနေကို အမြင်မတော်သူတွေက ဘာ့ကြောင့်များ ဇနီးသည်ကို အကြောင်းမဲ့နှိပ်စက်နေရတာလဲ မေးသည့်အခါ ယောက်ျားလုပ်သူဖြေပုံက မှတ်သားလောက်သည်။

“ကျုပ်ဆိုတဲ့ အိမ်ဦးနတ်ရှိနေတဲ့အကြောင်း မမေ့အောင်လို့ ရိုက်ရိုက်ပေးနေရတာ..”တဲ့။

သြော်.. ဒီလိုပေကိုးဟု ထိုယောက်ျားကို ထိုစဉ်က တအံ့တသြဖြစ်ခဲ့ရဖူးသည်။

ယခုတွေ့ကြုံကြားသိနေရသည့် အထွေထွေအကြောင်းကြောင်း ကိစ္စများတွင်တော့ ထိုသို့ မအံ့သြပါရစေနှင့်တော့ဟုသာ တောင်းတောင်းပန်ပန် ပြောချင်နေမိရသည်။

ထို့အတူလည်း ခြောက်လုံးပြူးအိတ်ထဲ ပြောင်းဖူးစဉ်းရိုးထည့်ပေးထားမှ နေသာထိုင်သာရှိသွားကြသည့် ပျူစောထီးဗိုလ်တွေလိုလည်း ရုပ်ပျက်ဆင်းပျက်မဖြစ်ကြစေချင်ပါ..ဟု။ ။

Credit To 7Day News Journal

Related Articles: