Wednesday, August 28, 2013

ကင်းရဲ့အိမ်မက် ဒေါက်တာခင်မောင်ညို




၁၉၆၈ သြဂုတ် ၂၈ ရက်က လင်ကွန်းအမှတ်တရ ကျောက်ရုပ်တုရှိရာ ပန်းခြံတွင် မိန့်ခွန်းပြောအပြီး မာတင်လူသာ ကင်းဂျူနီယာအား တွေ့ရစဉ်
ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ တစ်ချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ အမှန်တရားတွေနဲ့ လူတိုင်းဟာ တူတူပါပဲ (ညီမျှတယ်)ဆိုတာကို လက်ခံလာကြမယ်။
ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ ဂျော်ဂျီယာရဲ့ တောင်တန်းတွေမှာ တစ်ချိန်က ကျွန်တွေရဲ့သားတွေနဲ့ ကျွန်ပိုင်ရှင်တွေရဲ့ သားတွေဟာ ညီရင်းအစ်ကိုသဖွယ် စားပွဲတစ်လုံးထဲမှာ အတူစားသောက်ကြမယ်။
ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ အင်မတန် တရားမျှတမှု ကင်းမဲ့တဲ့ မစ္စစ္စပီ ပြည်နယ်ထဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ အေးရိပ်သာကြီး ဖြစ်လာမယ်။
ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ တစ်နေ့မှာ လူတွေကို အသားအရောင်နဲ့ ဆုံးဖြတ်တာ မဟုတ်ဘဲ သူတို့ရဲ့ အမူအကျင့်တွေနဲ့ ဆုံးဖြတ်တဲ့နိုင်ငံမှာ ကျွန်တော့်ရဲ့သား လေးယောက်ဟာ နေထိုင်ကြရမယ်။
ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ အယ်လ်ဘားမားမှာရှိတဲ့ မြို့တော်ဝန်ကလည်း ခွဲခြားတဲ့စကားကို မပြောတော့ဘဲ လူဖြူကလေးတွေဟာ လူမည်းကလေးတွေနဲ့ လက်တွဲပြီး ကခုန်နိုင်ကြမယ်။
ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ ယနေ့ဖြစ်နေတဲ့ ချိုင့်တွေ ခွက်တွေ တောင်တွေ ချောက်တွေ ကမ်းပါးတွေဟာ ပြေပြစ်ချောမွေ့ပြီး တည့်မတ်သွားမယ်။
ကျွန်တော်တို့အားလုံး သွေးစည်းသွားကြမယ်။
လူ့အခွင့်အရေး လှုပ်ရှားသူ မာတင်လူသာ ကင်းဂျူနီယာရဲ့ အိပ်မက်ပါ။
လွန်ခဲ့သော အနှစ် ၅၀ တိတိ ၁၉၆၃ ခုနှစ် သြဂုတ် ၂၈ ရက်က မာတင်လူသာ ကင်းဂျူနီယာ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ ပြောသွားခဲ့တဲ့ ကမ္ဘာကျော် မိန့်ခွန်းထဲကနေ ကောက်နုတ်တင်ပြတာပါ။
လူတွေရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်လိုက်သလို ဖြစ်တဲ့မိန့်ခွန်းပါ။
ခင်ဗျားတို့ စဉ်းစားကြည့်လေဗျာ။ သူပြောသွားတယ် "ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ ဂျော်ဂျီယာရဲ့ တောင်တန်းတွေမှာ တစ်ချိန်က ကျွန်တွေရဲ့သားတွေနဲ့ ကျွန်ပိုင်ရှင်တွေရဲ့ သားတွေဟာ ညီရင်းအစ်ကိုသဖွယ် စားပွဲတစ်လုံးထဲမှာ အတူစားသောက်ကြမယ်" တဲ့။
လူဖြူလူမည်း လက်တွဲဖို့ အိပ်မက်နေဆဲ ကာလပေါ့။
အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံပါ။ ယနေ့ဆို ဒီမိုကရေစီ ဘိုးအေကြီးလို့သာ ခေါ်နိုင်ပါတယ်။ အဲဒီလို နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခိုင်အမာ ရှိတယ်။ မသင့်တော်ဘူး ထင်တာကိုလည်း အကြိမ်ကြိမ် ပြင်ခဲ့တာပဲ။ Human Rights လို့ခေါ်တဲ့ လူ့အခွင့်အရေးလည်း ရှိတယ်လို့ ဆိုထားတယ်။ ဒါပေမဲ့ လူမည်းတွေကတော့ ခွဲခြားခံရတယ် . . . . .
တကယ်တော့ လူမည်းတွေကို ကျွန်ဘ၀ကနေ လွတ်မြောက်စေခဲ့တာ ၁၈၆၀ ပြည့်နှစ် နောက်ပိုင်းသမ္မတ အီဗရာဟင်လင်ကွန်း လက်ထက်ကျမှပါ။ ငွေဝယ်ကျွန်တွေကို လွတ်လပ်ခွင့် ပေးခဲ့ပေမယ့် သူတို့ဟာ ခွဲခြားမှုကို ခံနေရတယ်။ ဒါဟာ အတော်ဆိုးတာပါပဲ။
ကွန်ဒိုလီဇာရိုက်စ်ရဲ့အတ္ထုပ္ပတ္တိထဲမှာ ဒီလိုရေးထားတယ်။
"ကျွန်မဟာ အဘွားကို မေးတယ်" ကျွန်မတို့ ဘတ်စ်ကားစီးသွားတဲ့အခါ ဘာကြောင့် လူဖြူတွေလို အရှေ့ခန်းမှာ မထိုင်ရတာလဲ။ ကျွန်မတို့ ထမင်းစားဖို့အတွက် ဘာကြောင့်ဟိုတယ်အချို့မှာ စားခွင့်မရတာလဲ။ ကျွန်မတို့ဟာ ဘာကြောင့်လူဖြူတွေနဲ့ တစ်ကျောင်းတည်း မနေကြရတာလဲ" တဲ့။ ဒီတော့ အဘွားက "င့ါမြေးရယ်၊ ငါ့မြေးစာကြိုးစားပါ။ ငါ့မြေးသာ တော်လို့ရှိရင် ဟောဒီက ဆိုင်တွေမှာ မပြောနဲ့ အိမ်ဖြူတော်မှာပါ သွားရောက်စားသောက် နိုင်မှာပါ" လို့ ဖြေတယ်။
ကွန်ဒိုလီဇာရိုက်စ်က အဘွားပြောတာ မှန်တယ်လို့ ဆိုတယ်။ သူမဟာ စာတော်ထူးချွန်လို့ အိမ်ဖြူတော်က ခေါ်သွားတယ်။ အသားမည်းတဲ့ ကပ္ပလီ အမျိုးသမီး တစ်ယောက်ဟာ ပထမဦးဆုံး နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတာပါပဲ။
စင်စစ် မာတင်လူသာ ကင်းဂျူနီယာသာ တိုက်ပွဲမ၀င်ခဲ့ရင် ကွန်ဒိုလီဇာရိုက်စ် အဘွားပြောတာ မှန်မယ်မဟုတ်ပါဘူး။
ကွန်ဒိုလီဇာရိုက်စ်သာ မဟုတ်ပါဘူး။ ကောလင်းပါဝယ်လည်း နိုင်ငံခြားရေးဝန်ကြီး မဖြစ်နိုင်သလို အိုဘားမားဟာလည်း သမ္မတဖြစ်လာမှာ မဟုတ်ပါဘူး။ လူမည်းတွေရဲ့ ထွက်ရပ်လမ်းကို ဆောင်ရွက်ပေးသူကတော့ မာတင်လူသာ ကင်းဂျူနီယာပါပဲ။
အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံပါ။ ယနေ့ဆို ဒီမိုကရေစီ ဘိုးအေကြီးလို့သာ ခေါ်နိုင်ပါတယ်။ အဲဒီလို နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခိုင်အမာ ရှိတယ်။ မသင့်တော်ဘူး ထင်တာကိုလည်း အကြိမ်ကြိမ် ပြင်ခဲ့တာပဲ။ Human Rights လို့ခေါ်တဲ့ လူ့အခွင့်အရေးလည်း ရှိတယ်လို့ ဆိုထားတယ်။ ဒါပေမဲ့ လူမည်းတွေကတော့ ခွဲခြားခံရတယ်။
ကြည့်ပါဦး။ လူမည်းအမျိုးသမီး ရိုဆာပတ် (Rosa Park) ဟာ လူမည်းအမျိုးသမီးငယ်ပါ။ ၁၉၅၅ ခုနှစ်က သူမဟာ လူမည်းတွေကို သတ်မှတ်ထားတဲ့ ဘတ်စ်ကားထိုင်ခုံမှာ ထိုင်နေတယ်။ ဒီအခါ ဘတ်စ်ကားပေါ် တက်လာတဲ့ လူဖြူတစ်ယောက် စာရှေ့ခုံတွေမှာ နေရာမရလို့ သူမကို ဖယ်ခိုင်းတယ်။ သူမက မဖယ်ဘူး။ ဒရိုင်ဘာရဲကိုခေါ်တော့ သူမအဖမ်းခံရတယ်။ ဒဏ်ငွေ ၁၀ ဒေါ်လာ ပေးရတယ်။ ခရီးစရိတ် လေးဒေါ်လာ ထပ်ဆောင်းရတယ်။ ဒါကို မကျေနပ်လို့ လူမည်းတွေက ဘတ်စ်ကားတွေကို သပိတ်မှောက်တယ်။ လူပေါင်းငါးသောင်းကျော် ပါဝင်လာတယ်။ ဒါကို မာတင်လူသာ ကင်းဂျူနီယာက ဦးဆောင်တယ်။ သူတို့ဟာ စီတန်းလှည့်လည် ဆန္ဒပြတယ်။ အဖမ်းခံရတယ်။ မြို့တစ်မြို့မှတစ်မြို့ လှည့်လည်သွားပြီး ဆန္ဒတွေပြတယ်။ ဟောပြောမှုတွေ လုပ်တယ်။
၁၉၆၃ ခုနှစ် သြဂုတ် ၂၈ ရက်မှာတော့ သူတို့ဟာ ၀ါရှင်တန်ဒီစီရှိ လင်ကွန်းအမှတ်တရ (Lincoln Memorial) နေရာမှာ စုဝေးတယ်။ လူနှစ်သန်းကျော် တက်ရောက်တယ်။ သူ့ရဲ့ကမ္ဘာကျော် I Have a Dream မိန့်ခွန်းကို အဲဒီမှာ ပြောခဲ့တာပါပဲ။ လူဖြူလူမည်း လက်တွဲဖို့ အိပ်မက်တောင် မမက်ရဲတဲ့ ကာလပေါ့။ ကင်းရဲ့မိန့်ခွန်းကို လူဖြူတွေလည်း ထောက်ခံကြတယ်။ ကင်းရဲ့ အဟိံသဆိုတဲ့ ဂန္ဒီရဲ့ လမ်းစဉ်ဟာလည်း ထိရောက်ပါတယ်။

နိဂုံးချုပ်ပါတော့မယ်။
ဒီနေ့မှာ အမေရိကန်လွှတ်တော်တွေ အစိုးရဌာန State Department တွေမှာ လူဖြူတွေ ရောက်နေပါပြီ။ ၀န်ကြီးတွေသမ္မတတွေ ဖြစ်လာလို့ နေပါပြီ။
ဆိုလိုတာက ဒီမိုကရေစီ ရရုံမျှနဲ့တော့ တို့တော့ အခွင့်အရေးတွေ အားလုံးရပြီလို့ မထင်လိုက်ကြပါနဲ့။ ပြည်သူတွေ ပါဝင်ဖို့ အများကြီး လိုပါတယ်။
တို့အစိုးရကို တို့ရွေးချယ်တင်မြှောက်ထားတယ်။ ဒီအတွက် တို့အစိုးရ ဘာလုပ်လုပ် တို့ဝိုင်းကူရမယ်။ တို့မှာလည်း တာဝန်ရှိတယ်။
မာတင်လူသာ ကင်းဂျူနီယာက အများပါဝင် တွန်းတင်လို့ ရွေ့တာပါ။ ကျွန်တော်တို့ ပြည်သူတွေလည်း ပြိုင်တူတွန်းဖို့ လိုပါတယ်။
Credit To First-11

Related Articles: