Thursday, May 30, 2013

ဤကမ္ဘာကို တရုတ်တို့ ကြီးစိုးသည့်အခါဝယ်

When China Rules The World
(Martin Jacques ရေးသား၍ ဌေးနိုင်ဘာသာပြန်သည်။)
Photo: ဤကမ္ဘာကို တရုတ်တို့ ကြီးစိုးသည့်အခါဝယ်
...............................................
When China Rules The World
(Martin Jacques ရေးသား၍ ဌေးနိုင်ဘာသာပြန်သည်။)

အခန်း (၁)
လောကပါလအပြောင်းအလဲ

၁၉၄၅ ခုနှစ်မှစတင်၍ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်ခဲ့သည်။ စစ်အေးတိုက်ပွဲ ကာလအတွင်းမှာပင် အမေရိကန် စီးပွားရေးမှာ ဆိုဗီယက်ယူနီယံ၏ နှစ်ဆမျှ ကြီးမားခဲ့၏။ ဒုတိယကမ္ဘာစစ် အပြီးမှစ၍ ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ နေတိုးစသဖြင့် နိုင်ငံတကာအဖွဲ့များစွာ၏ အဓိက မောင်းနှင်အားလည်း ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုလဲခဲ့ခြင်းက အမေရိက၏ မဟာအင်အားကြီး အခြေအနေကို ထပ်မံအားဖြည့်ပေးခဲ့သည်။ 

အမေရိက၏ အဓိကရန်ဘက်ကြီး ကျဆုံးသွားခဲ့ပြီးနောက် အရှေ့အုပ်စုမှ နိုင်ငံများအနေနှင့် ၄င်းတို့၏ ဈေးကွက်များကို ဖွင့်ပေးခဲ့ရပြီး အချို့မှာ အမေရိကထံမှ အထောက်အပံ့နှင့် အကူအညီကို လက်ဖြန့်တောင်းခဲ့ရသည်။ နိုင်ငံတစ်ခု၏ အင်အား ဤမျှကြီးမားသည်ကို သမိုင်း၌ တစ်ကြိမ်မျှ မကြုံစဖူး။ ဗြိတိသျှအင်ပါယာ၏ ရွှေရောင်နေ့ရက် များကပင် ဤမျှကြီးကျယ်ခဲ့သည် မဟုတ်။ ဒေါ်လာသည် ကမ္ဘာ့အရန်ငွေကြေး ဖြစ်လာခဲ့သည်။ ကမ္ဘာ့ကုန်သွယ်မှု အားလုံးနီးပါးကို ဒေါ်လာဖြင့် ရောင်းဝယ်ကြသည်။ အစိုးရများက ဒေါ်လာကို ငွေမာအဖြစ် စုဆောင်းကြသည်။ ကုလသမဂ္ဂ အဖွဲ့အစည်းများ အားလုံးလိုလို တွင် အမေရိကန်တို့ ကြီးစိုးခဲ့ကြသည်။ ကမ္ဘာအနှံ့အပြားတွင် အမေရိကန် စစ်တပ်များ ဖြန့်ကြက်ချထားနိုင်ခဲ့သည်။ ပြန်လည်အန်တုနိုင်ဖွယ်ရာ မရှိသော အနေအထားသို့ ရောက်ရှိခဲ့ပြီး ထောင်စုသစ်၏ အရုဏ်တက်တွင် အမေရိကကို “အင်အားလွန်နိုင်ငံ (Hyperpower) ”၊ “ထင်တိုင်းကြဲနိုင်သူ (Unipolarity) ” စသည့် အသုံးအနှုန်းများဖြင့် တင်စားလာကြ လေတော့သည်။ 

တန်ခိုးရှင်၏ ကြိမ်စကြာတံကို အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းမပေးမီ လက်ဝယ်ကိုင် ထားခဲ့ကြသူများမှာ ဥရောပနိုင်ငံများ ဖြစ်သည်။ အထူးသဖြင့် ဥရောပအင်အားကြီး နိုင်ငံများဖြစ်ကြသည့် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ၊ အစောပိုင်းတွင် တန်ခိုးထွားခဲ့ကြသည့် စပိန်၊ ပေါ်တူဂီ နှင့် ဒတ်ခ်ျတို့ ဖြစ်ကြသည်။ ၁၈ ရာစုနှောင်းပိုင်း ဗြိတိန်၏ စက်မှုတော်လှန်ရေး အစမှသည် ၂၀ ရာစု အလယ်အထိ ကမ္ဘာ့သမိုင်းကို လှုပ်ခါခဲ့သူမှာ ဥရောပ ဖြစ်သည်။ ဥရောပတိုးတက်လာမှု၏ အင်ဂျင်မှာ စက်မှုတော်လှန်ရေးနှင့် ကိုလိုနီများ အောင်မြင်ခြင်းဖြစ်၏။ ဥရောပ၏ အနေအထား ကျဆင်းလာသည့် ပထမကမ္ဘာစစ်အပြီး ယတိပြတ်ဆိုရလျှင် ၁၉၄၅ ခုနှစ်၌ ပါဝါ အသစ်ဖြစ်လာသူ အမေရိကသည် ဥရောပယဉ်ကျေးမှု၏ ထွက်ကုန်တစ်ခု အနေနှင့်လည်းကောင်း၊ ကမ္ဘာဟောင်း (ဥရောပ) နှင့် ကမ္ဘာသစ် (အမေရိက) တို့ကို ကရုဏာနှင့် မုဒိတာတို့ ဖလှယ်ရာဒေသ အနေနှင့် လည်းကောင်း၊ ၄င်းနှင့် ဗြိတိန်အကြား အတိတ်မှ မလိုမုန်းထားမှုများကို မြှုပ်နှံကာ “အနောက်ကမ္ဘာ” ဟု တစ်ပေါင်းတစ်စည်းတည်း ခေါ်ဆိုနိုင်သည် အထိ ဥရောပကို တွဲခေါ်ခဲ့သည်။ 

ဤသို့ဖြင့် ရာစုနှစ် နှစ်ခုကျော်မျှ ကမ္ဘာကြီးကို  “အနောက်” (အစောပိုင်းရာစုတွင် ဥရောပ၊ နှောင်းပိုင်းရာစုတွင် အမေရိက) က ကြီးစိုးထားခဲ့ လေသည်။ 

အလားတူ သမိုင်းဝင် ပြောင်းလဲခြင်းကြီးတစ်ရပ်ကို စာရေးသူတို့ ယခုတစ်ဖန် မြင်တွေ့နေရပြန် ပါပြီ။ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ စီးပွားရေးပမာဏ ကို ဖွံ့ဖြိုးဆဲတို့၏ စီးပွားရေးက လျင်မြန်စွာ အမီ လိုက်လာနေသည်။ ၁၉၇၃ ခုနှစ်က ကမ္ဘာတစ်ခုလုံး ထုတ်လုပ်မှုတန်ဖိုး (World GDP) ၏ ၆၀ ရာခိုင် နှုန်းကို ဖွံ့ဖြိုးပြီးနိုင်ငံများက ဖြည့်ဆည်းခဲ့သော်လည်း ၂၀၀၁ ခုနှစ်တွင်မူ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ မည်သို့ပင် တိုးတက်မှု လျင်မြန် လှသည်ဆိုပါစေ ဖွံ့ဖြိုးပြီးနိုင်ငံများကို စီးပွားရေးအရ၊ နည်းပညာအရ တစ်နိုင်ငံချင်း အမီလိုက်ရန်မှာ ကာလများစွာ ကြာမြင့်ပေဦးမည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲတို့၏ အစုအပေါင်းမှာ လူဦးရေအရ သော်လည်းကောင်း၊ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းအရ သော်လည်းကောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံတို့ထက် များစွာ သာလွန်လျက်ရှိရာ ယင်းအချက်ကပင်လျှင် ကမ္ဘာ့အင်အား ချိန်ခွင်လျှာ သိသိသာသာ ပြောင်းလဲလာမှုကို ဖြစ်ပေါ်စေသည်။ 

နှစ်ဆယ့်တစ်ရာစု ဦးပိုင်းမှ စတင်၍ ဖွံ့ဖြိုးဆဲကမ္ဘာမှ ဝယ်လိုအားကြောင့် ဆယ်စုနှစ်နှစ်ခုကျော် တောက်လျှောက် ကျဆင်းနေခဲ့သည့် အခြေခံ ကုန်ပစ္စည်း (ရေနံ၊ ကောက်ပဲသီးနှံ) ဈေးနှုန်းများ ပြန်လည် ဦးမော့လာခဲ့သည် မှာ ၂၀၀၈ ခုနှစ် စီးပွားရေးပျက်ကပ် ဆိုက်သည့်အချိန်ထိ ဖြစ်၏။ အရှေ့အာရှ နိုင်ငံများ စီးပွားရေးကောင်းလာသည် နှင့်အမျှ ၄င်းတို့လက်ဝယ်ရှိ အရန် ငွေကြေး (ဒေါ်လာ) ပမာဏမှာလည်း ကြီးထွားလာခဲ့သည်။ ယင်းတို့အနက်မှ စင်ကာပူ၊ တရုတ်စသည့် နိုင်ငံများအနေနှင့် ၄င်းတို့၏ အရန်ငွေကြေး အချို့အဝက်ကို Sovereign Wealth Funds ခေါ် အစိုးရပိုင် ဓနကုမ္ပဏီများ ဖွဲ့စည်းကာ ကမ္ဘာအနှံ့ အမြတ်အစွန်း ပိုမိုရနိုင်မည့် လုပ်ငန်းများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံကြပြန်သည်။ ရေနံထွက်ရာ အရှေ့အလယ်ပိုင်းမှ သူကြွယ်နိုင်ငံများ ကလည်း အလားတူ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီများ တည်ထောင်ကာ ဥစ္စာတိုးသည်ထက် တိုးအောင် ရှာဖွေလာကြသည်။ အနောက်ကမ္ဘာမှ စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးလုပ်ငန်းများ ငွေကြေး အကျပ်ဆိုက်သည့် ကာလတွင် အဆိုပါ ဓနကုမ္ပဏီများက ငွေလုံးငွေရင်းဖြင့် ဝင်ရောက်မြှုပ်နှံကြသည်ကို တွေ့လာရသည်။ 

ကမ္ဘာ့စီးပွားရေးပါဝါ ပခုံးပြောင်းသွားခြင်းကို သိသိသာသာ မြင်ရသည့်အချိန်မှာ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလအတွင်း နယူးယောက်မြို့ ဝေါလ်စထရိမှ ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ဘဏ်လုပ်ငန်းကြီးများ ပြိုလဲသည့် ကာလ၊ ယင်းဘဏ်များအနေနှင့် ဆိုခဲ့သော ဓနကုမ္ပဏီများထံမှ အထောက်အပံ့ကို ရှာဖွေလာရသော ကာလပင်ဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ စီးပွားရေးပျက်ကပ်သည် ငွေကြေးကြွယ်ဝသူ၊ ဘတ်ဂျက် ပိုငွေပြနေသူ အရှေ့အာရှနိုင်ငံများ နှင့် ငွေကြေးအခိုင်အမာမရှိ နှစ်ပေါင်းများစွာ ဘတ်ဂျက်လိုငွေ ပြလာသည့် အမေရိကန်ပြည်ထောင်စုတို့၏ ခြားနားချက်ကို သိသိသာသာ ပုံဖော်ပြလိုက် ခြင်းပင်ဖြစ်သည်။ 

ကမ္ဘာ့ထိပ်တန်း ငွေကြေးကုမ္ပဏီကြီး ဖြစ်သည့် ဂိုးလ်ဒ်မန်းဆက်စ် (Goldman Sachs) က ထုတ်ပြန်သည့် ခန့်မှန်းချက်များအရ ၂၀၅၀ ပြည့်နှစ် တွင် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံမှာ တရုတ်ဖြစ်လာပြီး အမေရိကန် ပြည်ထောင်စုနှင့် အိန္ဒိယတို့မှာ ခပ်ဝေးဝေးမှ လိုက်ကာ ဒုတိယနှင့် တတိယ နေရာတို့တွင် ရှိကြမည်ဟု ဆိုသည်။ ထိပ်ဆုံး ဆယ်နိုင်ငံစာရင်းတွင် ဥရောပမှ ဗြိတိန်နှင့် ဂျာမနီတို့မှာ နောက်ဆုံးနားတွင်သာ ကပ်၍နေရာရမည် ဟု ဆိုသည်။ ထိပ်သီးစာရင်းအင်း ကုမ္ပဏီကြီးဖြစ်သော Pricewaterhouse Coopers ၏ ခန့်မှန်းချက်အရလည်း ၂၀၅၀ ပြည့်နှစ်တွင် ဘရာဇီးနိုင်ငံ၏ စီးပွားရေးပမာဏမှာ ဂျပန်ကို ကျော်လွန်သွားမည်ဖြစ်ပြီး ရုရှား၊ မက္ကဆီကို နှင့် အင်ဒိုနီးရှားတို့၏ စီးပွားရေးပမာဏမှာ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့ ထက် ကြီးမားနေမည် ဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါ ခန့်မှန်းချက်များသာ လက်တွေ့ဖြစ်လာခဲ့ပါက နောင်အနှစ်လေးဆယ် ကမ္ဘာသည် ယနေ့နှင့် လွန်စွာ ခြားနားနေ ပေလိမ့်မည်။ 

၂၀၀၁ ခုနှစ်ကဆိုလျှင် အမေရိကန်တို့ ကျဆုံးခြင်းဆိုသည်ကို အိပ်မက်ပင် မက်ကြသည်မဟုတ်ပါ။ စက်တင်ဘာလ ၁၁ ရက်နေ့ ဖြစ်ရပ်များ အပြီးတွင် အမေရိကန်ပြည်ထောင်စု အနေနှင့် တစ်ခုတည်းသော မဟာ အင်အားကြီးနိုင်ငံအဖြစ် မိမိကိုယ်မိမိ ရှုမြင်လာရုံသာမက ကမ္ဘာ့ရေးရာများ တွင် နေရာယူပုံကို ထောက်လျှင် အမေရိကသည် အခြားနိုင်ငံများထက် သာလွန်ကြီးကျယ်သည် ဟူသောအမြင်ကို ထင်ဟပ်စေခဲ့သည်။ ၁၉၉၇ ခုနှစ် တွင် ဒစ်ခ်ချေနီ၊ ဒေါ်နယ်ရမ်းစ်ဖဲလ်၊ ပေါလ်ဝုဖ်ဝဇ် အစရှိသူတို့ အပါအဝင် လက်သစ်ရှေးရိုးဝါဒီများ (Neo Conservatives) ဖြင့် တည်ထောင်ခဲ့သည့် “အမေရိကန် ရာစုသစ်” (New American Century) အမည်ရှိ သုခမိန်များအုပ်စု၏ အခြေခံကြေညာချက်၌-
“၂ဝ ရာစု နိဂုံးပိုင်းသို့ ချဉ်းကပ်လာသည်နှင့်အမျှ အမေရိကန် ပြည်ထောင်စုသည်လည်း ကမ္ဘာ့အကြီးကျယ်ဆုံး ပါဝါအဖြစ် ရပ်တည်လာပြီ ဖြစ်သည်။ စစ်အေးတိုက်ပွဲတွင် အနိုင်ရသည်အထိ အနောက်နိုင်ငံများကို ဦးဆောင်မှုပေးခဲ့သူ အမေရိကအနေနှင့် အခွင့်အလမ်းတစ်ရပ်နှင့် စိန်ခေါ် ချက်တစ်ရပ်ကို ရင်ဆိုင်ရန် ရှိလာသည်။ အမေရိကန်ပြည်ထောင်စု အနေနှင့် ယခင် ဆယ်စုနှစ်များ အတွင်း ရရှိခဲ့သော အောင်မြင်မှု ရလဒ်များအပေါ်တွင် ထပ်ဆင့် တည်ဆောက်သွားနိုင်ရန် အမြော်အမြင် ရှိပါသလား။ အမေရိကန် ပြည်ထောင်စုအနေနှင့် လာမည့် ရာစုသစ်တွင် အမေရိကန်စံ အခြေခံများနှင့် အကျိုးစီးပွားတို့ကို မျက်နှာသာရစေအောင် ပုံဖော်သွားရန် ဆုံးဖြတ်ပြီးပြီလား။”
စသဖြင့် နောင်တက်လာမည့် သမ္မတ ဘုရှ်အစိုးရ၏ ပေါ်လစီသစ်ကို လမ်းကြောင်းပေး တင်ပြထားခဲ့ဖူးသည်။ ၂၀၀၄ ခုနှစ်တွင်လည်း သြဇာ ညောင်းလှသည့် လက်သစ်ရှေးရိုးဝါဒီ ချားလ်စ်ကရူသမ်မားက ဤသို့ ရေးခဲ့ဖူးသည်။ 
“၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ဆိုဗီယက်ယူနီယံ ဇီဝိန်ချုပ် သွားခဲ့သည့်နည်းတူ အသစ်တစ်စုံတစ်ရာ သည်လည်း ပေါက်ဖွားလာခဲ့သည်။ စိန်ခေါ်မည့်သူ မရှိတော့သည့် ကမ္ဘာ့မြေပုံ၏ မည်သည့်ထောင့်စွန်း ကိုမဆို သက်ရောက်နိုင်သည့် တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငံ ပေါ်ထွန်း လာပြီးနောက် ကမ္ဘာကြီးသည်လည်း တစ်ဖက်စောင်းနင်း ဖြစ်သွားခဲ့ပြီး ယင်းအဖြစ်အပျက်မှာ ရောမအင်ပါယာ ပြိုလဲခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့သမိုင်း တွင် ပထမဆုံးဖြစ်သည်။”

ယင်းသို့ဖြင့် ၂၁ ရာစုသည် မျက်စိအောက်တွင် ပေါ်ထွန်းလာသည့် အကြွင်းမဲ့ အမေရိကန်ပါဝါကို ခေါင်းညိတ်နှုတ်ဆက်ရင်း အရုဏ်တက် ခဲ့ရလေသည်။ သမ္မတဘုရှ်၏ မူဝါဒအသစ်တွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား အဆမတန် သာလွန်ရေးကို အထူးစဉ်းစားပေးလာသည်။ မဟာမိတ်များ၏ အရေး သို့မဟုတ် နိုင်ငံတကာ သဘောတူညီချက်များ အတိုင်း ဆောင်ရွက်ရေးတို့ကို ဘေးချိတ်ပြီး အမေရိက၏ အကျိုးစီးပွားကိုသာ ငါ့လှေငါထိုး လုပ်လာခဲ့သည်။ စစ်အေးတိုက်ပွဲလွန် ကာလတွင် အမေရိကန်တို့၏ ကာကွယ်ရေးအသုံးစရိတ်မှာ ကျန်ကမ္ဘာ့နိုင်ငံများ အားလုံး၏ သုံးစွဲမှု စုစုပေါင်းနီးပါးမျှ ကြီးမားလေရာ လူ့သမိုင်း၌ မကြုံဖူးသော စစ်ရေးမညီမျှမှု ဖြစ်သည်။ သမ္မတဘုရှ် လက်ထက် နိုင်ငံခြားရေး ပေါ်လစီသစ်အရ အကြမ်း ဖက်မှု နှိမ်နင်းရေးစစ်ပွဲမှာ ခြွင်းချက်မဲ့ လိုအပ်ချက်ဖြစ်လာပြီး (မသူတော်)အစိုးရများ ဖြုတ်ချရေး (regime-change) မူဝါဒဖြင့် အီရတ်ကို ကျူးကျော် ဝင်ရောက်ခဲ့သည်။ 

လက်တွေ့တွင်မူ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ခဲ့ရသည်။ ကမ္ဘာ့ ရေးရာများကို အမေရိကန်တို့၏ လက်ဖြင့် ပုံဖော်နိုင်ခြင်းမျိုး ဖြစ်လာရမည့် အစား အီရတ်ကိစ္စတစ်ခုတည်းဖြင့် ဖင်ထိုင် ကျသကဲ့သို့ ဖြစ်သွားခဲ့ပြီးနောက် နိုင်ငံတကာတွင် အမေရိကကို ထောက်ခံမှုမှာ ၁၉၄၅ ခုနှစ်နောက်ပိုင်းမှ စတွက်လျှင် အနိမ့်ဆုံးအဆင့်သို့ ဆင်းသွားခဲ့သည်။ အဆမတန် သာလွန်သည့် စစ်အင်အားမှာ အီရတ်တွင် မဆိုစလောက်သာ သက်ရောက်နိုင်ခဲ့ပြီး အခြားတစ်ဖက်၌မူ တန်ဖိုးရှိလှသည့် အမေရိက၏ "အနုစားပါဝါ" မှာ (ဂျိုးဇက်ညိုင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆိုလျှင်- တိုင်းပြည်တစ်ခု၏ ပေါ်ပြူလာယဉ်ကျေးမှု၊ နှစ်လိုအားကျဖွယ်ရာ နိုင်ငံရေးအတွေးအခေါ် စသည် တို့ကြောင့် ရရှိလာသည့် သြဇာအရှိန်အဝါ) အလဟဿ ဆုံးရှုံးခဲ့ရသည်။ လက်သစ်ရှေးရိုးဝါဒီ တို့၏ နေရာယူမှုမှာ သမိုင်းကို ဝရုန်းသုန်းကား အဓိပ္ပာယ်ကောက်လွဲခြင်း အနေနှင့်သာ ကိုယ်စားပြု ခဲ့လေသည်။ 

စစ်ရေးနှင့် နိုင်ငံရေးအင်အားမှာ စီးပွားရေး တောင့်တင်းမှုပေါ်၌ တည်သည်။ ယနေ့အမေရိက၏ မဟာအင်အားကြီးနိုင်ငံဘဝ ဆိုသည်မှာ (အတိတ်ကာလ) ၁၈၇၀ မှ ၁၉၅၀ ပြည့်နှစ်များအတွင်း စီးပွားရေး တစ်ဟုန်ထိုး တိုးတက်ခဲ့ခြင်း၏ ရလဒ်များဖြစ်၏။ ဖြည့်ဆည်းခဲ့သော စီးပွားရေးပါရမီ ကြောင့် ၂ဝ ရာစု၏ ဒုတိယပိုင်းတစ်လျှောက်လုံး ကမ္ဘာ့အကြီးဆုံးနှင့် အင်တိုက်အားတိုက် အရှိဆုံး စီးပွားရေးနိုင်ငံအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်သည်။ 

(ဆက်လက်ဖော်ပြပါမည်)

Credit To The Voice Weekly

Related Articles:

Post a Comment