Tuesday, May 28, 2013

အရှေ့တောင်အာရှ လိင်ကျွန်များဘဝ


(အယ်ဒီတာတစ်ဦး)

ထိုင်းနိုင်ငံ ပက်ပုံးလမ်းတွင် ဖြစ်သည်။ ပေါ့ပ်ဂီတသံတွေက လွင့်ပျံ့ ထွက်လာသည်။

သူမအမည်က မိုင်းလီ။ အသက် ၂၄ နှစ်သာ ရှိသေးပြီး ထိုင်းနိုင်ငံမြောက်ပိုင်း
ချင်းရိုင်မြို့က အပျော်မယ်လေးတစ်ယောက် ဖြစ်သည်။ နက်မှောင်သည့် ဆံပင်ရှည်ရှည် နှင့် နှစ်လိုဖွယ် မျက်နှာထားရှိသည်။ သူမ ဘဝနှင့် သူမအလှက မထင်ရက်စရာ ဖြစ်သည်။ ထိုင်းတက္ကသိုလ် တစ်ခုတွင်တိရစ္ဆာန် ဆေးကု ဘာသာရပ်ဖြင့် တက်ရောက် ပညာသင်ကြားခဲ့သည်။ ၁၉၉၇ ခုနှစ် အာရှစီးပွား ပျက်ကပ်တွင် မိသားစုဘဝပျက်ပြီး သူမလည်း ဤဘဝသို့ ရောက်ခဲ့ရသည်ဟု ဆိုသည်။

မိုင်းလီကဲ့သို့ ထိုင်းနိုင်ငံရှိ အမျိုးသမီး ပေါင်းများစွာ ဘဝတွေပျက်ခဲ့ရသည်။ စီးပွားပျက်မှု ပေါင်းများစွာတွင် အရှေ့တောင် အာရှ၏ လူကုန်ကူးမှု ဝဲဂယက်အတွင်း သက်ဆင်းခဲ့ကြရသည်။ အမျိုးသမီးပေါင်း များစွာကို လိင်ကုန်ကူးရန် အတွက်သာမက ခိုင်းစေရန်နှင့် ကိုယ်တွင်းအင်္ဂါ အစိတ် အပိုင်းများ ဖြတ်တောက်ယူရန် အတွက်ပါ ကုန်ကူးကြတော့သည်။ ထိုအထဲတွင် ကလေးလိင်ကျွန်အဖြစ် ခိုင်းစေရန် အပြစ်မဲ့သော ငယ်ရွယ်သည့် မိန်းကလေးငယ် ပေါင်းများစွာလည်း ပါဝင်သည်။

မိုင်းလီက -
"အခြေအနေက တကယ့်ကိုဆိုးပါ တယ်။ ကျွန်မအထင် သနားကြင်နာတတ် တဲ့ ယောက်ျားတွေ ဒီလောကကြီးမှာ မရှိတော့ဘူးလို့တောင် ထင်မိတယ်။ ယောက်ျားဆိုတာ အမျိုးသမီးနဲ့ ကလေးတွေအပေါ် သနားကြင်နာလိမ့်မယ်လို့ ထင်ထားတာ။ ဒါတွေနဲ့ အမြတ်ထုတ်လိမ့်မယ်လို့ ထင်ကို မထားတာ။ ယောက်ျားအများစုက မင်းသား ရုပ်ခေါင်းစွပ်ထားတဲ့ ဘီလူးတွေ ဖြစ်နေ တယ်" ဟု ပြောလိုက်သည်။

သူမထောက်ပြလိုက်သည့် အနေအထားကလည်း လက်ခံချင်စရာဖြစ်သည်။ မကြာသေးမီက ထိုင်းရဲအရာရှိ တစ်ဦးသည် လမ်ပီနီတွင် ၁၂ နှစ်သမီးလေးကို မုဒိမ်းကျင့်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုရဲအရာရှိထောင်ဒဏ်အနှစ် ၂၀ ကျသွား သည်။ ထိုသို့ရက်စက်မှုပေါင်း များစွာနှင့် ရင်းနှီး ပေးဆပ်ခဲ့ပြီးမှ ထိုင်းလွှတ်တော်က နိုင်ငံတကာ ဥပဒေများအတိုင်း ကလေးသူငယ် အဓမ္မကျင့်မှုနှင့် သက်ဆိုင်သည့် ဥပဒေများကို ပြဋ္ဌာန်းရန် ထောက်ခံကြ တော့သည်။

မိုင်းလီက ထမင်းစားရင်း "လူတွေက ကလေးတွေကို ရောင်းတယ်၊ ဝယ်တယ် ဆိုပြီး လုပ်နေကြတယ်" ဟု ပြောလိုက်သည်။

သူမသည် ကိုယ့်ခန္ဓာကိုယ် ရောင်းစားနေရသော်လည်း ငွေကြေးများများစားစား မရ။ ရသမျှငွေကိုလည်း သူမမိသားစုအတွက် ချင်ရိုင်းသို့ ပြန်ပို့ရန် စုဆောင်းထားရသည်။
"ကျွန်မမှာ ညီမလေးသုံးယောက် ရှိတယ်။ ကျွန်မမှငွေမပို့ရင် စားစရာမရှိဘူး။ ကျွန်မ အေအိုင်ဒီအက်စ်ဖြစ်မှာတော့ စိုးရိမ်တယ်။ ဒါပေမဲ့ လိင်ကုန်ကူးတယ်ဆိုတာ ဟိုးရှေးရှေးကတည်းက လုပ်လာကြတာပဲ။ သမိုင်းစကတည်းက ရှိတယ်လို့တောင် ပြောကြတယ်။ ဒီလောက်အခြေခိုင်ပြီး မချိုးဖျက် နိုင်ခဲ့တဲ့ လုပ်ငန်းကြီးတစ်ခုလေ" ဟု သူမက ဆိုသည်။

မိုင်းလီတစ်ယောက် အဘယ်ကြောင့် မနှစ်မြို့သည့်လောကကြီးထဲတွင် ကျင်လည် နေရသနည်း။

"ကျွန်မခန္ဓာကိုယ်က ပိုက်ဆံဖြစ်နေ တယ်လေ။ ယောက်ျားတွေအသားအရေ၊ အရောင်အသွေး၊ အမူအရာတွေကို သိပ်ရွေးတယ်။ အဝေ့အဝိုက် အကွေ့အကောက် တွေများရင် ပိုကြိုက်တယ်။ သူတို့ကြိုက်ရင် ပြီးပြီ။ ကျွန်မမှာ ရွေးချယ်ခွင့်မှမရှိတာ။မျက်ရည်ပဲ ရှိတာလေ" ဟု ပြောသည်။

ထိုင်းနှင့် အရှေ့တောင်အာရှက အမျိုးသမီးများသည် လိင်ကုန်ကူးသည့် ဈေးကွက်တွင် လူကြိုက်များသည်။ ပက်ပုံးလမ်းပေါ်က တိရစ္ဆာန်ရုံနှင့် ဘန်ကောက် မီးနီလမ်းရှိ ဆိုင်ကောင်းဘွိုင်တို့တွင် သူတို့နှင့်ပြည့်နေသည်။ မြောက်ပိုင်းမှ အသားဖြူဖြူ ထိုင်းပျိုဖြူများသည် မွန်ဂိုနှင့် တိဘက် မျိုးနွယ်များ ဖြစ်ကြသဖြင့် မွတ်ဆလင်နှင့် မလေးတောင်ပိုင်း သူတွေထက် အကြိုက်ပို များသည်။ အင်ဒိုမလေးများနှင့် ဘင်္ဂလားဒေ့ရှ်မှ အမျိုးသမီးများကိုမူ ထိုင်းနိုင်ငံသို့ လိင်ကျွန်အဖြစ် လာရောက်ခြင်းအား ပိတ်ပင်ထားသည်။

အိန္ဒိယနိုင်ငံတွင် ဟိမဝန္တာဘက်မှ လာသော ဖြူဖြူချောချောစွဲမက်စရာ ကောင်းသည့် မိန်းကလေးများကို ကာလကတ္တားသို့ ခေါ်လာကြပြီး သူတို့အမူအရာ၊ အရည်အသွေးအလိုက် အော်ဒါရှိသည့် နိုင်ငံများသို့ တစ်ဆင့်ပြန်ပို့သည့် လုပ်ငန်း ခေတ်စားသည်။ မလေးရှားကဲ့သို့ အစ္စလာမ်မစ် နိုင်ငံများတွင် လိင်ကုန်ကူးမှုကို တားမြစ်ထားသော်လည်း ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် များသော ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် လိင်ကုန်ကူးမှုမှာ တစ်နေ့တခြားတိုးပွား လျက်ရှိနေသည်။

ဆွီဒင်နိုင်ငံတွင် ပြည့်တန်ဆာလုပ်ခြင်း ကို တရားဥပဒေအရ တားမြစ် ပိတ်ပင်ထားသည်။ ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်း က အတိတ်ဇာတ်ကြောင်းတွေ အများကြီး ရှိသည်။ ၂၀၀၂ ခုနှစ် စစ်တပ်ကအာဏာ သိမ်းပြီးနောက် နိုင်ငံခြားတပ်သားပေါင်း ၁၁၀၀ ဦးကို နိုင်ငံအတွင်းသို့ ခေါ်လာခဲ့သည်။ ထိုအထဲတွင် အမေရိကန်စစ်သား များလည်း ပါသည်။ ထိုင်းပြည်ထဲရေးဝန်ကြီး ကလည်း ထိုင်းနိုင်ငံအတွင်း ထိုစစ်သားများပျော်ပျော်ပါးပါး လိင်ကစားနိုင်ရန် ဥပဒေများ ထုတ်ပြန်ပြီး အကာအကွယ်ပေးထားသည်။ ဘားဆိုင်များကို နံနက် ၂ နာရီအချိန်တွင် ပိတ်ရမည် ကိုထပ်ပြီး အချိန်တိုးချဲ့ပေး လိုက်သည်။ ပြည့်တန်ဆာနှင့် ဇိမ်ခန်းခတွေဈေးတက် ကုန်သည်။

မိုင်းလီက ဆွေးမြည့်စွာဖြင့် "ကျွန်မကိုစိတ်မကောင်းမဖြစ်ပါနဲ့။ ကလေးတွေကိုပဲ စိတ်ပူပါရှင်။ သူတို့အတွက်က ပိုပြီးအန္တရာယ် များပါတယ်"ဟု ပြောလိုက်သည်။
ကလေးသူငယ်များကို မုဒိမ်းကျင့်မှု များသည် တောင်အာဖရိကတွင် မြင့်မားလာပြီး အရှေ့တောင်အာရှသို့ပါ တောမီးပမာ ကူးစက်လာသည်။ ကမ္ဘောဒီးယားနိုင်ငံ ကလေးလိင်ကျွန် လုပ်ငန်းသည် ကမ္ဘာ သိထင်ရှားခဲ့သည်။ ကွန်မြူနစ် ဗီယက်နမ် နိုင်ငံတွင်လည်း ကလေးသူငယ် အဓမ္မကျင့် ခံရမှုပေါင်း ၃၅၀၀ ခန့်တက်လာသည်။ ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် သာမန်အမှုများ ထက် မုဒိမ်းမှုများ ၉၀ ရာခိုင်နှုန်းကျော် တိုးတက်မြင့်မားလာသည် ဆိုခြင်းက အာရှ၏ စိုးရိမ်စရာ အနေအထားဖြစ်သည်။

အရှေ့တောင်အာရှကို ဖြတ်ပြီး အမျိုးသမီးနှင့် ကလေးသူငယ်ပေါင်း သုံးသိန်းခန့် လိင်ကုန်ကူးခြင်း ခံနေရသည်။ အများစုမှာ ထိုင်းနိုင်ငံနှင့် တရုတ်ပြည်နယ်စပ် တို့တွင် အလုပ်လုပ်နေကြရပြီး၊ ဘန်ကောက် လမ်းမများ ပေါ်သို့ ရောက်လာသူများပင် ရှိသည်။ အရှေ့တောင်အာရှတွင် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရမည်လား ဟူသည့် အထင်နှင့် တရုတ်ပြည်မှထွက်လာ သည့် သူများပင်ရှိသည်။ သူတို့တွင် ပိုက်ဆံလည်း တစ်ပြားမှပါမလာ။ မိသားစုပျောက် ဆုံးနေသူတွေလည်း ထိုအထဲတွင်ပါသည်။ သူတို့ကိုယ်သူတို့ ရောင်းစားခဲ့သူများလည်း ပါသည်။ လာအိုနှင့် မြန်မာတောများကို ငှက်ဖျားဒဏ်တွေ ကြံ့ကြံ့ခံရင်း ဖြတ်လာကြ ရသည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူသို့ ဗင်ကားများဖြင့် ခိုးလိုက်ပြီး သူတို့ရောက်လာကြသည်။ ၄င်းတို့အား ချုပ်ကိုင်သူများ ကလိမ်ကကျစ် များ၏ အပေးအယူ အမျိုးမျိုးတွင် ဒေါ်လာ ၂၀၀၀မှ ၄၀၀၀ ခန့် အထိ ဈေးပေါက်သော်လည်း သူတို့တန်ဖိုး အမှန်ကို မသိရသူတွေများသည်။ သူတို့ကို ခေါ်လာသူတွေကိုပင် ကယ်တင်ရှင်ကြီးတွေ အထင်ဖြင့် ထားရာနေ၊ စေရာသွား၊ ခိုင်းတာ လုပ်နေကြရသူများ ရှိသည်။ အချို့ မိန်းကလေးများ ဆိုလျှင် ၄င်းတို့အား ချုပ်ကိုင်သူများနှင့် ပွဲစားများကြားတွင် ခုနစ်ကြိမ်မှ ဆယ်ကြိမ်ခန့်အထိ လွှဲအပြောင်းခံခဲ့ကြရသည်။

မိန်းကလေးများ၏ ဘဝမှာ သနားစရာ ကောင်းလှသည်။ အချို့မှာ ပြန်ပေးဆွဲခံ လာရခြင်းဖြစ်ပြီး၊ အချို့မှာ မိဘများကိုယ်တိုင်က ရောင်းစားလိုက်ခြင်းဖြစ်သည်။ အများစု မှာ မိဘမဲ့ဘဝများ၏ သားကောင်များ ဖြစ်ရသည်။ အနည်းငယ် ကံကောင်းသူလောက်သာ စက်ရုံအလုပ်ရုံ များတွင် အလုပ်သမားဘဝ ရောက်ကြရသည်။ မိန်းကလေး အများစုမှာ ချောချောလှလှလေးတွေ ဖြစ်သည်။ ရုပ်ရည်ချောမောလှပခြင်းက လိင်ကျွန်ဘဝ ရောက်ရန် အကြောင်းဖန်လာသလို ဖြစ်ခဲ့ရသည်။ အချို့ရုပ်ရည်ချောမောလှပသည့် မိန်းကလေးများသည် တိုကျိုနှင့် ကိပ်တောင်း မြို့များအထိ ခေါ်သွားခြင်းခံရသည်။

မိုင်းလီလို မိန်းကလေးမျိုးတွေ ထိုင်းနိုင်ငံတွင်များစွာရှိသည်။ သူတို့ဘဝတွေက အဆုံးအစမဲ့သော အလင်းပျောက်နေသည့် လိုဏ်ခေါင်းအတွင်း လျှောက်လှမ်းနေ ကြသလို ဖြစ်နေသည်။
"အိပ်မက်တော့ရှိတယ်။ ကျွန်မဖြစ်ချင်တာက ထိုင်းတစ်နိုင်ငံလုံးမှာ ရှိတဲ့ဆင်တွေကို ကယ်တင်ချင်တယ်။ တိရစ္ဆာန်တွေ အားလုံးကို ကယ်ချင်တယ်။ ဒါပေမဲ့ ခုတော့ ကျွန်မကိုယ်တိုင် တိရစ္ဆာန်တစ်ကောင်လို ဆက်ဆံခံနေရတယ်။ တကယ်လို့ ဆုတောင်း တိုင်းပြည့်မယ်ဆိုရင် ကျွန်မကိုလည်း လွတ်မြောက်ဖို့ ဆုတောင်းပေးပါလို့ ပြောချင်ပါတယ်"ဟု ဆိုလိုက်သည်။

မိုင်းလီက ရီဝေသောမျက်လုံးများဖြင့် အဝေးသို့ငေးကာ ဆွေးနေရှာသည်။ သူလည်း ဆုတောင်းနေမည်မှာ သေချာသည်။

Credit To The Voice Weekly

Related Articles:

Post a Comment