အာဏာရှင်စနစ်ဆီ ဦးလှည့်မည်စိုး – ကျော်မင်း


သူဟာ လူကြိုက်များ ရေပန်းစားနေပြီး မဲတွေလည်းရလိမ့်မယ် … သူ အာဏာရသွားတာနဲ့ ဘယ်တော့မှ ပြန်ပြီး မဆင်းတော့ မှာကို စိုးရိမ်တယ်။ သူဟာ နောက်ထပ် မူဘာရက်တစ်ဦး ဖြစ်လာနိုင်တယ်လေ . . .
TOPSHOTS-EGYPT-POLITICS-UNREST-ISLAMIST
အီဂျစ်နိုင်ငံတွင် စစ်တပ်က ခန့်အပ်ထားသော အာဏာပိုင်များက လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုခွင့်ကို ရိုက်ချိုး ဖျက်ဆီးကာ ဆန္ဒပြမှုများကို ထိန်းချုပ် နှိမ်နင်း၍ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိသဖြင့် အာဏာရှင် စနစ်ဆီသို့ ပြန်လည်ဦးလှည့် ရောက်ရှိသွားမည်ကို စိုးရိမ်ပူပန် လာကြသည်။ ဟော့စ်နီမူ ဘာရက် ရာထူးမှပြုတ်ကျ ခဲ့ပြီးနောက် သုံးနှစ်နီးပါးသို့ ရောက်ရှိလာချိန်တွင် လူထုတော်လှန်ရေး တစ်ဖန်ပြန် လည်ပေါ်ပေါက် လာမည့် အရိပ်လက္ခဏာများကို မြင်တွေ့နေရပြီ ဖြစ်သည်။
အာမတ်ဟာရာရာကို ရေဘင် အမှတ်တံဆိပ် နေကာ မျက်မှန်မပါဘဲနှင့် တွေ့ရခဲလှသည်။ အသက် ၃၃နှစ်  အရွယ်ရှိ သွားဘက်ဆိုင်ရာ ဆရာဝန်ဟောင်း တစ်ဦးဖြစ်သူ မစ္စတာဟာရာရာ အတွက် နေကာမျက် မှန်သည် အလှအပ အတွက်ဟန်ပန် ထုတ်စရာတော့ မဟုတ်ပေ။ နေကာမျက်မှန်ကို ဖယ်ရှားလိုက်ပါ က အမြင်အာရုံ ချို့ယွင်းနေသော သူ၏မျက်လုံးအစုံကို တွေ့လိုက်ရ မည်ဖြစ်သည်။ ဘယ်ဘက် မျက်လုံးသည် အတုထည့် ထားခြင်းဖြစ်ပြီး မျက်လုံးတုပေါ်တွင် ဟာရီယာဟူသော စာလုံးကို ရေးထိုးထားသည်။ ဟာရီယာသည် အာရဗီ ဘာသာ စကားဖြစ်ပြီး လွတ်လပ်ခွင့်ဟူ၍ အဓိပ္ပာယ်ရသည်။ …
အဆိုပါ ၀ဲဘက်မျက်လုံးကို လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ရာ၌ ရင်းနှီး ပေးဆပ်ခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က တစ်လုံးတည်းသာ အကောင်းပကတိ ကျန်ရှိသော ၀ဲမျက်လုံးကို ဆုံးရှုံးခဲ့ရခြင်းလည်း ဖြစ်သည်။ ၂၀၁၁ခုနှစ်တွင် မစ္စတာ ဟာရာရာသည် သေနတ်နှင့် ပစ်ခတ်မှုကို နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခံစားခဲ့ရပြီး ယင်းနှစ်ကြိမ်စလုံး သည် ရဲတပ်ဖွဲ့၏ လက်ချက်ပင်ဖြစ်သည်။ မူဘာရက်ကို ဆန့်ကျင်သော လူထုအုံကြွမှုကြီး စတင်ဖြစ် ပွားပြီး ရက်အနည်း ငယ်မျှအကြာ တွင် ၂၀၁၁ခုနှစ် ဇန်န၀ါရီ ၂၈ ရက်တွင် သေနတ်ကျည်ကြောင့် သူ၏ညာဘက် မျက်လုံး ထိခိုက်ပျက် စီးသွားခဲ့သည်။ ယင်းနှစ်နိုဝင်ဘာ မှာပင် လက်ဖြောင့်သေနတ်သမား လက်ချက်ဖြင့် သူ၏ ၀ဲဘက်မျက်လုံး ဆုံးရှုံးခဲ့ရသည်။ ““တန်ဖိုးကြီးကြီး ပေးဆပ်လိုက်တာ ကျွန်တော်တစ် ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော့်ထက် ပိုမိုဆိုးဝါးတဲ့ ထိ ခိုက်ဒဏ်ရာရခဲ့ကြတဲ့ အခြားလူ တွေအများကြီးပါ။ သူတို့ တွေဟာ အခုလည်း ဆက်ပြီး တိုက်ပွဲဝင် နေကြဆဲပါ””ဟု သူကဆိုသည်။
သူသည်လည်း မျက်လုံးနှစ် လုံးဆုံးရှုံး သွားစေကာမူ လွတ်လပ်ခွင့်အတွက် ဆက်လက် လုပ်ဆောင် နေဆဲဖြစ် သည်။ သူ့ကို အမှောင် တွင်းထဲဆွဲချခဲ့သော အုပ်ချုပ်ရေး စနစ်ကို ဆန့်ကျင်ကာ တိုက်ပွဲဝင် နေဆဲ ပင်ဖြစ် သည်။ လက်ရှိအချိန် အထိ အုပ်ချုပ်ရေး စနစ်သည် ယခင်အတိုင်းပင် မပြောင်းမလဲရှိ နေသည်ဟု သူက ဆိုသည်။
““စနစ်က အရင်ပုံစံအတိုင်းပဲ မပြောင်းလဲဘူး။ စစ်တပ်က အဲဒီ အနေအထားမျိုးဖြစ်အောင် ဆက်ပြီး လုပ်ထားတယ်။ ဒါမျိုး မဖြစ်အောင် ထိန်းမယ့်သူမရှိဘူး။ စောင့်ကြည့်စစ်ဆေးမယ့် သူမရှိ ဘူး။ အဲဒီအစားအခွင့် ထူးတွေပိုပို ကဲပြီး ယူလာကြတယ်။ ၁၉၅၂ ခုနှစ်က တည်းက ဒီလို အုပ်ချုပ်ရေးမျိုး ရှိခဲ့ပြီး ပြောင်းလဲမလာ သေးလို့ လူငယ်တွေ လမ်းတွေပေါ်တက်ပြီး ဆန္ဒပြကြတာပါ””ဟု သူကပြော သည်။ ယခင်ထက်စာလျှင် ယခုလူ စုလူဝေးသည် အင်အား နည်းပါးသွားသည့်တိုင် အီဂျစ်နိုင်ငံ၏ လမ်းမများပေါ်တင် လူငယ်များဆန္ဒပြ ကြဆဲဖြစ်ပြီး မျက်ရည်ယို ဓါတ်ငွေ့များ၊ မီးသတ်ပိုက်များနှင့် သေဘေးသင့်နိုင်သည့် ခြိမ်းခြောက်မှု တို့ကို ရဲဝံ့စွာ ရင်ဆိုင်နေကြသည်။ ဆန္ဒဖော် ထုတ်ပြသမှုများကို လုပ်ဆောင်မရအောင်ပင် ပြင်းထန် ကြမ်းတမ်းသည့် ဥပဒေ သစ်တစ်ရပ်ကို တင်းတင်းကြပ်ကြပ် ပြဋ္ဌါန်းထားသည်။ အဆိုပါ ဥပဒေသစ်သည် လူထုတော်လှန်ရေးမှရရှိ ထားခဲ့သော အဓိကကျသည့် အသီးအပွင့်များ အနက်မှ တစ်ခုဖြစ်သည့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ပြန် လည်သိမ်း ယူသွားခြင်းဖြစ်သည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သူများက ဝေဖန်သည်။
ယင်းဥပဒေကို ဆန့်ကျင်စိန်ခေါ်မှုဖြင့် အစွန်းမရောက်သော အလယ်အလတ်သမား တက်ကြွ လှုပ်ရှားသူ ဒါဇင်ပေါင်း များစွာ ဖမ်းဆီးခဲ့ရသော်လည်း အဆိုပါဥပဒေ သည် ဖြုတ်ချခံသမ်္မတမိုဟာမက် မော်စီနှင့် သူ၏ မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့အား ထောက်ခံသူများကို အဓိက ရည်ရွယ်ပြဋ္ဌါန်းခြင်း ဖြစ်သည်ဟု အများစုက ယုံကြည်နေကြသည်။
အီဂျစ်၏ လူထုတော်လှန်ရေး မှတစ်ဆင့် အစ္စလာမ်မစ်အဖွဲ့ အာဏာ ရလာခဲ့သော်လည်း ကြာရှည် မမြဲဘဲ ပြုတ်ကျ သွားခဲ့သည်။ အီဂျစ်၌ လက်ရှိကြုံတွေ့နေရသော ဘေးဒုက္ခကိုဖန်တီးရာ၌ အဓိက လက်ညှိုးထိုး စရာဖြစ်ခဲ့သော ညီအစ်ကိုတော်များ အဖွဲ့သည် ယခုအခါ သင်ခန်းစာယူစရာ ဖြစ်နေသည်။ အီဂျစ်နိုင်ငံ၏ ပထမဆုံး လွတ်လပ်သော ရွေးကောက်ပွဲဖြင့် သမ္မတဖြစ်လာသူ မစ္စတာမော်စီသည် တစ်နှစ်မျှသာ အာဏာကိုင် စွဲနိုင်ခဲ့သည်။ ပြီးခဲ့သည့်ဇူလိုင်လတွင် လူအများ၏ ထောက်ခံမှုရသော အာဏာသိမ်းမှု တစ်ခုဖြင့် သူ့ကို စစ်တပ်က ရာထူးမှ ဖယ်ရှားခဲ့သည်။ ရွေးကောက်ခံ သမ္မတကို ရာထူးမှဖယ်ရှားမှုနှင့် ပတ်သက်၍ အာဏာသိမ်းမှု ဟုတ်မဟုတ်ကိုလည်း အငြင်းပွားနေဆဲဖြစ်သည်။
သြဂုတ်လတွင် အာဏာပိုင်များက မော်စီအားထောက်ခံသူများ၏ ဆန္ဒပြစခန်း နှစ်ခုကို ပြင်း ထန်ကြမ်းတမ်းစွာ ၀င်ရောက်ရှင်း လင်းခဲ့ရာမှ ဆန္ဒပြသူ ရာနှင့်ချီသေ ဆုံးခဲ့ရသည်။ ယင်းအချိန်မှစ၍ ညီအစ်ကိုတော်များ အဖွဲ့၏ ထိပ်တန်း ခေါင်းဆောင်အများစု အပါအ၀င် နောက်ထပ်လူပေါင်းထောင်နှင့်ချီ ၍ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။
ညီအစ်ကိုတော်များအဖွဲ့၏ အဖွဲ့သားအများစု သံတိုင်နောက် သို့ရောက်ရှိသွားပြီးနောက် ညီအစ်မများက အဖွဲ့ကို ဆက်လက်တာ ၀န်ယူနေသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့ကို ၀ါဖါးဟက်ဖ်နီဆိုသူ အမျိုးသမီးက ဦးဆောင်သည်။ အရပ်ရှည်ရှည်နှင့် ဖော်ရွေတတ်သော တက္ကသိုလ်ဆရာမတစ် ဦးဖြစ်သူ အဆိုပါ အမျိုးသမီးသည် လက်ရှိဖြိုခွင်းခံရသော အခြေအနေကို တုန်လှုပ်ချောက်ချားပုံ မရပေ။
““ကျွန်မ ဘယ်တော့မှလက် မြှောက်အရှုံးမပေးဘူး။ အဲဒီစိတ်ဓာတ် ကျွန်မအဘိုးဆီက ရထားတာ””ဟု သူမက ဆိုသည်။ သူမ၏ အဘိုးမှာ ၁၉၂၈ခုနှစ်တွင် ညီအစ်ကိုတော်များအဖွဲ့ကို တည်ထောင်ခဲ့ သူ ဟတ်ဆန် အယ်လ်ဘန်နာ ဖြစ်သည်။ ညီအစ်ကိုတော်များအဖွဲ့သည် ပဋိပက္ခ အကြပ်အတည်း တစ်ခုအတွင်း၌ အကောင်းဆုံးရပ်တည် နိုင်ပြီး အသားကျနေပြီဖြစ်ကြောင်း မစ်္စဟက်ဖ်နီက အခိုင်အမာပြော ဆိုသည်။
““(အဖွဲ့ရဲ့)အထက်ပိုင်းက လူတွေ အကုန်လုံး မရှိကြတော့ဘူး။ ခရိုင်တိုင်းမှာ ထိပ်ဆုံးအဆင့်ရယ်၊ ဒုတိယ အဆင့်ရယ်၊ တတိယ အဆင့်ကအချို့ရယ် မရှိကြတော့ဘူး။ ဒါပေမဲ့ လူတိုင်းကို အဆင့်မြှင့် ထားလိုက်ပြီးပြီ။ ကျွန်မတို့ ဆီမှာ လွတ်နေတဲ့ နေရာ မရှိတော့ဘူး””ဟု သူမကရယ်မောကာ ပြောပြသည်။ မစ္စဟက်ဖ်နီနှင့်အတူ မုဆိုးမငယ် တစ်ဦးဖြစ်သူ အယ်လ်ရှိုင်းမား အက်ဘ်ဒယ်လာ ထံသို့ သွားရောက် ခဲ့သည်။ အဆိုပါ အမျိုးသမီး ငယ်၏ ခင်ပွန်း မာမွတ်သည် သြဂုတ်လ အတွင်း ဆန္ဒပြစခန်း တစ်ခု၌သေ ဆုံးခဲ့ရသည်။ ခေါင်းမှခြေဖျားအထိ အနက်ရောင်ဝတ်ဆင်ထားသော မစ်္စအက်ဘ်ဒယ်လာက သူမ၏ခင် ပွန်းသည် ညီအစ်ကိုတော်များအဖွဲ့ ၏ အဖွဲ့ဝင်တစ်ဦး မဟုတ်ဘဲ မွတ်ဆလင်လူမျိုး အပေါ် သစ္စာရှိပြီး အစ္စလာမ်ဘာသာကို ကာကွယ်သူ တစ်ဦးမျှသာ ဖြစ်သည်ဟူသော အချက်ကို အလေးပေးပြောဆိုသည်။ သို့သော် ယခုအခါ သူမနှင့် သူမ၏မိသားစုသည် ညီအစ်ကို တော်များအဖွဲ့နှင့် ပူးပေါင်းရမည်ကို ပျော်ရွှင်မိကြောင်း ယင်းအမျိုး သမီးကဆိုသည်။
ကျောင်းဆရာမ ဟောင်းဖြစ်သူ အဆိုပါ အမျိုးသမီးသည် ကလေး သုံးယောက်၏ တစ်ဦးတည်းသော မိဘအဖြစ် ရပ်တည်နေရသည်။ အသက်လေးနှစ် နီးပါး ရှိပြီဖြစ် သော သူမ၏သား အက်ဘ်ဒူရာမန်သည် သူ၏ဖခင် ခရီးလွန်နေသည် ဟုထင်ကာ ဖအေဖြစ်သူအတွက် အစားအသောက်များ ခွဲ၍ချန်နေဆဲ ဖြစ်သည်။ ကလေး မိခင်ကို အီဂျစ် နိုင်ငံ၏ အနာဂတ်နှင့် ပတ်သက်၍ သူမ၏အမြင်ကို မေးမြန်းကြည့်ရာ အံ့အားသင့်ဖွယ်အဖြေ တစ်ခုကို ကြားလိုက်ရသည်။
““ကျွန်မအနေနဲ့ကတော့ တကယ့်ကို အကောင်းဖက်က ရှုမြင်ပါတယ်။ ကျွန်မတို့ တစ်တွေကို သွေးခွဲဖို့ အင်မတန် ခက်ပါတယ်။ အနီးဝန်းကျင်တွေမှာ ရှိရှိသမျှပြည် သူတွေအားလုံးဟာ နိုင်ငံရေးအရ ကွဲလွဲပြီး ဆန့်ကျင်ဖက် တွေဖြစ်နေမယ် ဆိုရင်တောင် အချင်းချင်း အရမ်းကို ရင်းနှီးကျွမ်းဝင်ကြပါ တယ်””ဟု သူမက ခိုင်မာပြတ်သား စွာပြောဆိုသည်။
သို့သော် အီဂျစ်နိုင်ငံ၌ လူထု အုံကြွမှုမှ ပေါ်ထွက်လာသော အထင်ရှားဆုံး အကျိုးရလဒ်များ အနက်တစ်ခုမှာ ဆန့်ကျင်ဖက်အုပ် စုနှစ်ခု ကွဲထွက်သွားခြင်းဖြစ် နိုင်သည်။ ဖာရိုး ဘုရင်များ အုပ်ချုပ် မင်းမူခဲ့သော သမိုင်းအစဉ် အလာရှိသည့် အီဂျစ်နိုင်ငံ၌ ယင်းသို့ဖြစ်နေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ တည်ငြိမ်အေးချမ်းရေးကို ဆာ လောင် မွတ်သိပ်ကြ သကဲ့သို့ စွမ်းပကားရှိသော ခေါင်းဆောင်သစ်ကိုလည်း တောင့်တမက်မောကြသည်။ မင်းလောင်းမျှော်သည့် သဘောပင်ဖြစ်သည်။
ရွေးကောက်ခံ သမ္မတကို ဖယ်ရှားလိုက်သည့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘဒူဖတ္တာ အယ်လ် စီစီသည် အာဏာသိမ်း သူရဲကောင်းအဖြစ် ပေါ်ထွက်လာသည်။ လာမည့်နှစ်တွင် သမ္မတ ရွေးကောက်ပွဲကို အဆိုပါ ဗိုလ်ချုပ်ကြီးအနေနှင့် ၀င်ရောက် ယှဉ်ပြိုင်ပါက အပြတ်အသတ် အနိုင်ရရန် မျှော်လင့်နိုင်သည့် အရိပ်အယောင် များမြင်တွေ့နေရသည်။ စစ်အာဏာရှင် တစ်ဦးကို ဖြုတ်ချခဲ့သော လူအုပ်ကြီးစုဝေးခဲ့ရာ တဟရာရင်ပြင်၌ နောက်ထပ်စစ်ခေါင်း ဆောင် သစ်တစ်ဦးအတွက် ကြွေးကြော် တောင်းဆို နေသော ဖော်ထုတ် ဆန္ဒပြသည့် လူအုပ်တစ်အုပ်ကို တွေ့မြင်ခဲ့ရသည်။
၂၀၁၁ခုနှစ်တွင် လွပ်လပ်ခွင့်နှင့် ဒီမိုကရေစီ အရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြသည့် အဆိုပါ ရင်ပြင်၌ပင် ယင်းလူအုပ်က   ““(ဗိုလ်ချုပ်ကြီး)စီစီ၊ ခင်ဗျားကို ကျုပ်တို့ချစ်တယ်””ဟူ၍ သံပြိုင် အော်ဟစ်နေကြသည်။
““သူ(စီစီ)ဟာ အီဂျစ်နိုင်ငံ သားတွေရဲ့ ဦးထိပ်ပန်ဆင်စရာပါ။ ကျုပ်တို့တစ်တွေ သွေးပင်လယ်ဝေ ရမယ့် အဖြစ်ဆိုးကို ရှောင်လွှဲအောင် သူကူညီခဲ့တာ””ဟု သက်ကြီး၇ွယ်အို အမျိုးသား တစ်ဦးက ပြောဆိုသည်။ ယင်းဗိုလ်ချုပ်ကြီးသည် မစ္စတာမော်စီကို ရာထူးမှ ဖယ်ရှား၍ အီဂျစ်နိုင်ငံ၌ ပြည်တွင်းစစ်ဖြစ်မည့် အခြေအနေကို တားဆီးခဲ့သည်ဟူ၍ ယုံကြည်နေသူများစွာ ၇ှိနေသည်။ ဟင်းချက်ဆီ ပုလင်းပေါ်၌ လည်းကောင်း၊ ကြိုးရှုံ့ ဘောင်းဘီများ၊ အစားအသောက် စာရင်းနှင့် သကြားလုံးပေါ် တို့၌လည်းကောင်း ဗိုလ်ချုပ်ကြီးစီစီ၏ ရုပ်ပုံများ ကိုမြင်တွေ့နေရသည့် အချက်မှာ သူ့အပေါ် မည်မျှ အရူးအမူးနှစ်သက် ကြသည်ကို မီးမောင်း ထိုးပြနေသည်။
သို့သော် မစ္စတာမူဘာရက်၏ နှစ်ရှည်လများ အာဏာစွဲကိုင်ထားမှုကို အဆုံးသတ်ရန် တိုက်ပွဲဝင်ခဲ့ ကြသူ အများစု အတွက်မူ ဗိုလ်ချုပ် ကြီးစီစီနှင့် ပတ်သက်သမျှ အရာ အားလုံးက ခါးသီးလွန်းလှသည်။
““စစ်အုပ်ချုပ်ရေးစနစ်က တန်ပြန်တော်လှန်ရေးပဲ။ သူတို့တွေဟာ တိုင်းပြည်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတုန်းပဲ။ သူတို့ဟာ ကျုပ်တို့ကို လိမ်လည်လှည့်ဖျားနေ ကြတာ””ဟု မစ္စတာဟာရာရာက ဝေဖန်သည်။ အီဂျစ်နိုင်ငံတွင် တော်လှန်ရေး မပြီးဆုံးသေးသည့် သဘောမျိုးမြင်တွေ့ ခံစားနေရ သည်။ သုံးနှစ်အတွင်း သမ္မတနှစ် ဦးကိုဖယ် ရှားခဲ့ပြီး ဖြစ်သော်လည်း စနစ်ဟောင်းကိုတော့ အပြီးတိုင် ရှင်းလင်း ဖယ်ရှားခြင်းမရှိသေးပေ။ တကယ့်အာဏာ အစစ်အမှန်သည် စစ်တပ်လက်ထဲ၌ သာရှိနေပြီး အီ ဂျစ်နိုင်ငံသည် လူထုတော်လှန်ရေး မတိုင်မီ အခြေ အနေနှင့် များစွာကွာ ခြားမှုမရှိဟု လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့မှ တမာရာအယ်ရီဖိုင်က ဆိုသည်။
““လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်ဟာ ၂၀၁၁မတိုင်ခင်ကထက် တောင်ပိုပြီး ဆိုးသွားသလိုပဲ။ အတိုက်အခံ မီဒီယာတွေအတွက်လည်း လုပ်ခွင့်နေရာ အရမ်းနည်းတယ်။ လက်ရှိအခြေအနေကို ဖီဆန်အာခံရဲတဲ့ သူတိုင်းကို ဖမ်းဆီး တာ၊ ဖျောက်ဖျက် ပစ်တာတွေ ရှိနေတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က အခြေအနေမျိုး လောက်အထိကို နောက် ပြန်ဆုတ်သွားတာကို မြင်ရတာ စိတ်ပျက်စရာပါပဲ””ဟု ယင်းအမျိုးသမီးကဆိုသည်။
ရွေးကောက်ပွဲ များကို လူဦးရေ သိပ်သည်း များပြားသော အီဂျစ်နိုင်ငံ၌ မြင်တွေ့ရတော့မည် ဖြစ်သည်။ လာမည့် နှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်၊ သမ္မတသစ်နှင့် ပါလီမန်အသစ် တို့အတွက် အီဂျစ် ပြည်သူများ မဲပေးရလိမ့်မည်။ ယင်းအနေအထားကြောင့် ဒီမိုကရေစီစနစ်ဆီ ဦးတည် ရောက်၇ှိနိုင်ဖွယ် ရှိသော်လည်း ပညာရှင်များကမူ ဘာမဆို ဖြစ်သွားနိုင်ကြောင်း သတိပေးထားသည်။
““စီစီက ရဲတပ်ဖွဲ့၊ စစ်တပ်၊ တရားစီရင်ရေးနဲ့ မီဒီယာတွေကို ကိုင်တွယ် ထိန်းချုပ်ထားတယ်။ သူ ဟာ လူကြိုက်များ ရေပန်းစားနေပြီး မဲတွေလည်းရလိမ့်မယ်။ သူအာဏာ ရသွားတာနဲ့ ဘယ်တော့မှ ပြန်ပြီး မဆင်းတော့မှာကို စိုး၇ိမ်တယ်။ သူဟာ နောက်ထပ် မူဘာရက်တစ်ဦး ဖြစ်လာနိုင်တယ်လေ””ဟူ၍ ကိုင်ရိုမြို့တော်မှ ၀ါရင့် ဝေဖန် သုံးသပ်သူတစ်ဦးက ပြောကြား လိုက်သည်။
Ref: Egytians fear return to authoritarianism By Orla Guerin
Credit To The Myanmar Herald
Read More »

ရွေးကောက်ပွဲကော်မရှင်မှ လက်ခံလိုက်သည့် “ဖက်ဒရယ်ပြည်ထောင်စုပါတီ” တည်ထောင်သူ ဦးစောသန်းမြင့်နှင့်ပြောခြင်း – အံ့ခေါင်မင်း


““ဖက်ဒရယ်ဆိုတဲ့ စကားကို တရားဝင်သုံးတာ ကျွန်တော်တို့ FUP က  . . . အခုအစိုးရဟာ ဖက်ဒရယ်ဆိုတာကို ကောင်းကောင်း နားလည်ပြီးတော့ ကျွန်တော်တို့ကို လက်ခံခြင်းဖြစ်တယ်””
u saw than myintမကြာမီ ရက်ပိုင်းအတွင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီ တစ်ရပ်ကို တည်ထောင်ခွင့် ပြုလိုက်ကြောင်း ကြေညာခဲ့သည်။ ၂၀၀၉  ခုနှစ် အတွင်းမှစကာ ယခင်အစိုးရက ဖွဲ့စည်း ပေးခဲ့သော ရွေးကောက်ပွဲ ကော်မရှင်မှ  နိုင်ငံရေးပါတီ တစ်ရပ် တည်ထောင်ခွင့်ပြုကြောင်း ကြေညာချက်သည် NLD ပါတီ တည်ထောင်ခွင့် ကြေညာချက်နှင့် ၉၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ အချို့အား တည်ထောင်ခွင့် ပြုကြောင်း ကြေညာချက်များမှ လွဲ၍ ထူးခြားသော အကြောင်းခြင်းရာတစ်ရပ် မဟုတ်ခဲ့ပေ။ သို့သော် ယခု တည်ထောင်ခွင့် ပြုခဲ့သော ကြေညာချက်ပါ၊ ပါတီအမည်မှစ၍  ပါတီ ပေါ်ပေါက်လာရသည့် အရင်းခံ အကြောင်းရင်းများသည် မြန်မာ့နိုင်ငံရေးတွင် အလေးဂရုပြုရမည့် ကိစ္စတစ်ရပ် ဖြစ်နေသည်။
ယင်းပါတီကို ၂၀၁၀ ရွေးကောက်ပွဲဝင်နှင့် ရွေးကောက်ပွဲ နောက်ပိုင်း ပေါ်ပေါက်လာသော တိုင်းရင်းသား ပါတီများ စုပေါင်းကာ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(UNF) ကို ဖွဲ့စည်းပြီးနောက် ထို UNF ၏ ညီလာခံ ဆုံးဖြတ်ချက်အရ အဖွဲ့ဝင် ပါတီများမှ တစ်ပါတီလျှင် တစ်ဦးအနေဖြင့်  ယခု ““ဖက်ဒရယ်ပြည်ထောင်စုပါတီ”” (FUP)ကို တည်ထောင်ခွင့် တင်ပြခဲ့ခြင်းဖြစ်သည်။   တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်မှု အင်အားကို ပြသသော ယခုပါတီ တည်ထောင်မှုသည် ၀မ်းမြောက်ဖွယ် ကောင်းလှသော်လည်း မြန်မာနိုင်ငံရေး၏ ရှုပ်ကွက်၊ မြှုပ်ကွက် အစဉ်အလာများအရ သင်္ကာရနံ့ မကင်းမှုများကလည်း အလျှိုလျှို ထွက်ပေါ် လာခဲ့သည်။ မကြာသေးမီကပင် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်၊  NBF ၏ ပြောရေးဆိုခွင့် ရှိသူအဖြစ် ရှုမြင်နေရသူ၊ ယခုဖက်ဒရယ် ပြည်ထောင်စုပါတီ၏ ဦးဆောင် တည်ထောင်သူ တစ်ဦးဖြစ်သူ ဦးစောသန်းမြင့် အား တွေ့ဆုံ မေးမြန်းခဲ့ရာတွင် -
 ရန်ကုန်၊ အောက်တိုဘာ ၃၀
ပထမဦးဆုံးပေါ့ခင်ဗျ ရွေးကောက်ပွဲ ကော်မရှင် ကနေပြီးတော့ ချပေးလိုက်တဲ့ ဖက်ဒရယ် ပြည်ထောင်စုပါတီနဲ့ ပတ်သက်ပြီးတော့ တည်ထောင်ခွင့် ပေးလိုက်တဲ့ အထဲမှာ အန်ကယ်လ် အပါအ၀င် ၁၆ ဦးလို့ သိရတယ်ခင်ဗျ။ အဲဒီ ၁၆ ဦးဟာ အရင်တုန်းက ညီနောင် တိုင်းရင်းသား ပါတီအဖွဲ့ထဲမှာပါတဲ့ ပါတီတွေထဲက ထိပ်ပိုင်းပုဂ္ဂိုလ်တွေ ဖြစ်နေတာကို တစ်ချက်လောက် ရှင်းပြပေးပါလား။
ကျွန်တော်တို့ ပြင်ဆင် ထားတာတော့ တစ်နှစ်လောက် ရှိပြီပေါ့နော်။ အခြားပါတီကြီးတွေနဲ့ ယှဉ်ပြီးတော့ ပြည်မမှာ နေရာယူဖို့တော့ ပြီးခဲ့တဲ့ တစ်နှစ်လောက်တည်းက ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ပြီးခဲ့တဲ့ ကျွန်တော်တို့ ဇွန်လမှာ လုပ်တဲ့ တောင်ကြီးမှာတော့ ဆုံးဖြတ်ချက်ချလိုက်တာ ပေါ့နော်။ ၁၅ ကြိမ်မြောက် NBF ရဲ့ အစည်းအဝေးမှာ ကျတော့ အားလုံးက သဘောတူ၊ ဘယ်သူမှ ကန့်ကွက်တဲ့ ပါတီ မရှိဘဲနဲ့ ဆုံးဖြတ်ချက် ချလိုက်တယ်ပေါ့နော်။ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းကနေ အသစ်မွေးဖွားဖို့၊ အသစ် မွေးဖွားမယ့် ပါတီအသစ် တစ်ခုကို တည်ထောင်မယ်။ တည်ထောင်ပြီးတော့ ပြည်မမှာ အားလုံး မဲဆန္ဒနယ် အပြည့်ယှဉ်ပြိုင်မယ်။ အဲဒီလို ဆုံးဖြတ်ချက် ချလိုက်ပြီးတော့ တောင်ကြီး ၁၅ ကြိမ်မြောက် NBF နှစ်ပတ်လည် အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဆုံးဖြတ်ချက် ပြီးတာနဲ့ ကျွန်တော်တို့ NBF က ထိပ်ပိုင်း ခေါင်းဆောင်တွေ မကြာခဏ အစည်းအဝေး လုပ်ပြီးတော့ တွေ့ဆုံတယ်။ ဘယ်လို ဖွဲ့စည်းရင် ကောင်းမလဲ ဆိုတာ အဲဒီမှာ ကျွန်တော်တို့ ဖွဲ့စည်းတာကတော့ အဲဒီတုန်းက ၁၅ ပါတီ ရှိတယ်။ သူက အနည်းဆုံး ၁၅ ဦးနဲ့ Founder ၁၅ ဦး ဆိုတော့ တစ်ပါတီကို တစ်ယောက် အနည်းဆုံး ပါရမယ်ပေါ့။ ပြီးတော့ လိုအပ်လို့ရှိရင် အခြား ပါတီတွေက ဖြည့်စွက် ပေးမယ်ပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့က ပြည်မမှာ အဓိက ယှဉ်ပြိုင်မယ် ဆိုတော့ ရန်ကုန်ကို ဗဟိုပြုပြီးတော့ ရုံးချုပ်ကို ဖွင့်ရမယ်။ အဲဒီတော့ ရန်ကုန်မှာ အနေများတဲ့ ခေါင်းဆောင်ပိုင်းတွေကို ဦးစားပေးပေးပါ။ နောက်ပြီးတော့ ဦးစားပေးတဲ့ နေရာမှာ သက်ကြီးရွယ်အိုပိုင်း မဟုတ်ဘဲနဲ့ လူငယ်နဲ့ လူလတ်ပိုင်းကို ဦးစားပေးပေးပါ။ လူငယ်နဲ့ လူလတ်ပိုင်းတွေကလည်း ပါတီမှာ အင်မတန် တက်ကြွ၊ ရဲရင့်၊ ဖျတ်လတ်တဲ့ လူငယ်၊ လူလတ်ပိုင်းတွေကို ဦးစားပေးပါလို့ ကျွန်တော်တို့ အားလုံး ဒီအတိုင်းပဲ ဆုံးဖြတ်ချက် ချတယ်ပေါ့နော်။ အခုကျွန်တော်တို့ ပါတီမှာကတော့ လူငယ်နဲ့ လူလတ်ပိုင်းတွေ အင်မတန် များလာတယ်။ Founder မှာရော။ နောက် မကြာခင် ဖွဲ့မယ့် CEC မှာရောပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ လူကြီးပိုင်း ဖြစ်လာရင် တစ်နိုင်ငံလုံး သွားနေရမယ် ဆိုတော့ အသက်ကြီးပိုင်းဆိုရင် ကျွန်တော်တို့ ပါတီအနေနဲ့ အားနာ တယ်လေ။ အဲဒီတော့ လူငယ် လူလတ်ဆိုတော့ အားနာစရာ မရှိဘူး။ သွားရေးလာရေး၊ လုပ်ရေး ကိုင်ရေးမှာ ပေါ့နော်။ နောက်ပြီးတော့ အမှန်အတိုင်း ပြောရရင် တချို့ အသက်သိပ်ကြီးသွားတဲ့ လူတွေက အယူသီးတယ်။ ကျွန်တော်တို့က အယူသီးလို့မရဘူး။ ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ်၊ အသက် သိပ်ကြီးသွားရင် အယူသီး တယ်။ သေတဲ့အထိ မပြင်ကြဘူး။ တစ်ဇွတ်ထိုး သွားကြတယ်။ အဲဒီပုံစံမျိုး ပါတီမှာ ပါဝင်လို့မရဘူး။ နောက်ပြီးတော့ ဒီပါတီက နဂို မိခင် ပါတီတွေ အနေအထား မတူဘူး။ ဘာလို့လဲဆိုတော့ တစ်နိုင်ငံလုံးမှာ ယှဉ်ပြိုင်ရမယ့် ပါတီဖြစ်တဲ့အတွက် ကျွန်တော်တို့ မူဝါဒ သဘောထား တွေကအစ ပိုပြီးတော့ ကျစ်ကျစ် လျစ်လျစ် ခိုင်ခိုင်မာမာနဲ့ တစ်နိုင်ငံလုံးနဲ့ ပတ်သက်အောင် မူဝါဒသဘောထား စာအုပ်ကိုလည်း လုပ်ရတယ် ပေါ့လေ။ နောက်ပြီးတော့ စည်းရုံးတဲ့ အခါမှာလည်း သိပ်ပြီး တစ်ယူသန်တဲ့လူတွေ မပါဖို့လိုတယ်။ ကျွန်တော့် ဖောင်ဒါထဲမှာ ဗမာတိုင်းရင်းသားလည်း တစ်ဦးပါတယ်။ တိုင်းရင်းသားအားလုံး စုံတဲ့အပြင် ဗမာ တိုင်းရင်းသား တစ်ဦးလည်း ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က တိုင်းရင်းသားဆိုတာ အများစုက တော်တော်များများက ပါတီ ခေါင်းဆောင်တွေရော လူ့အဖွဲ့အစည်းမှာ ဗမာလည်း တိုင်းရင်းသားပါပဲ ဆိုတဲ့ စကားကို ပြောလာတဲ့ အတွက် ဗမာတိုင်းရင်းသား ဆိုပြီးတော့မှ နေရာ ထားထားပေးတယ်ပေါ့လေ။ အဲဒီအတွက်လည်း ပါတယ်။ မကြာခင် CEC ဖွဲ့တဲ့ အခါမှာလည်း ဘယ်နှယောက် ပါလာမလဲ မသိဘူး။
အခုအန်ကယ်လ်ပြောသမျှ ဆိုရင်ပေါ့လေ ညီနောင် တိုင်းရင်းသား ပါတီတွေထဲက ပါတဲ့ ပါတီတွေက သူတစ်ဦးချင်း မိခင်ပါတီကနေ နုတ်ထွက်ပြီးတော့ ဒီပါတီကို ထောင်တယ်။ အဲဒီတော့ အခု FUP နဲ့ မိခင် ပါတီတွေနဲ့က ဘယ်လို ရှေ့ဆက်ဆံကြမှာလဲ။ ညီနောင် တိုင်းရင်းသား ပါတီများ အစုအဖွဲ့ကြီးနဲ့ ဒီပါတီနဲ့ရော ဘယ်လို ပူးပေါင်း ဆောင်ရွက်သွားမလဲ ဆိုတာ ရှင်းပြပေးပါဦး။
အခုကျွန်တော်တို့ FUP ပါတီရဲ့ ဖွဲ့စည်းပုံမှာ ထိပ်ဆုံးမှာက ညီလာခံ ကိုယ်စားလှယ်ကနေ ဗဟိုကော်မတီတွေ ရွေးမယ်။ ဒါက ဖွဲ့စည်းပုံ ပေါ့နော်။ ဗဟိုကော်မတီကနေ CEC ရွေးမယ်။ ဗဟို အလုပ်အမှုဆောင် ကော်မတီ ရွေးမယ်။ အဲဒီမှာ ကျွန်တော်တို့နဲ့ တိုက်ရိုက် ပတ်သက်တဲ့ ဥစ္စာက ညီလာခံကနေ ပတ်သက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ FUP ရဲ့ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ထဲမှာ ဘယ်သူတွေ ပါဦးမလဲဆိုတော့ CEC ရဲ့ အပေါ်မှာ NBF ရဲ့ အမြဲတမ်း အဖွဲ့ဝင်တွေက အကြံပေးအဖြစ် ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က NBF ပါတီနဲ့ ဘယ်လို ဆက်စပ်သလဲပေါ့။ ဒီ FUP ရဲ့ CEC ရဲ့အထက်မှာ NBF ရဲ့ အမြဲတမ်း အဖွဲ့ဝင်တွေက အကြံပေး အဖြစ်ပါ တယ်။ နောက် ဂုဏ်ထူးဆောင် နာယကကြီးများဆိုတာ ရှိတယ်။ အဲဒါကတော့ ဗမာအပါအ၀င် တိုင်းရင်းသား အားလုံးမှာရှိတဲ့ ခေါင်းဆောင်ကြီးများ သို့မဟုတ် လူမျိုးစု ဂုဏ်သရေရှိ ပုဂ္ဂိုလ်များလို့ ထင်ရတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ လူမျိုးအလိုက် ထည့်ထားတယ်။ ဗမာလည်း ပါမယ်ပေါ့။ တစ်ဖက်မှာက NBF ရဲ့အမြဲတမ်း အဖွဲ့ဝင်တွေက အကြံပေးကော်မတီ၊ တစ်ဖက်မှာက ဂုဏ်ထူးဆောင်နာယက။ အဲဒီတော့ ကျွန်တော်တို့ CEC ရဲ့ ဖွဲ့စည်းပုံက CEC ရဲ့အထက်မှာက NBF ရှိတယ်။ တစ်ဖက်မှာက ဂုဏ်ထူးဆောင် နာယကတွေ ရှိတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအရ NBF နဲ့ FUP နဲ့က တစ်ဆက်တစ်စပ်တည်း ပေါ့နော်။ ကျွန်တော်တို့က မိခင်ပါတီကနေ ဥပမာ ကျွန်တော်ဆိုရင် ကျားဖြူပါတီကနေ ဥပဒေအရ တရားဝင် နုတ်ထွက်လိုက်တယ်။ ဒါပေမဲ့ ယနေ့အထိ မိခင် ပါတီအတွက် တောက်လျှောက် တာဝန်ယူနေတုန်းပဲလေ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့် တာဝန်ကို နောက်ထပ် ချိတ်ဆက်မယ့်သူကို ကျွန်တော်က သူ့ကိုအားလုံး Carry လုပ်ပေး နေရတယ်ပေါ့နော်။  အချိန် နှစ်လ သုံးလတော့ ယူရဦးမှာပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ တရားဝင်အရ FUP မှာဖြစ်တယ်။ ကျားဖြူပါတီ ကနေ တရားမ၀င်တော့ဘူး။ ဒါပေမဲ့ တာဝန်ကို လွှဲပြောင်းတဲ့အခါမှာ ချက်ချင်း လွှဲပြောင်းလို့ မရတော့ ဆက်ပြီး တော့ ကျွန်တော် အပြင်ကနေ ပံ့ပိုးပေးတယ် ပေါ့နော်။ အဲဒီတော့ ကျွန်တော်က မိခင်ပါတီ ကိုယ်စား ဒီမှာ ၀င်ရတဲ့အတွက် မိခင်ပါတီအတွက်လည်း တာဝန်ရှိတယ်။ FUP အတွက်လည်း တာဝန်ရှိတယ်။ ကော်မရှင်ရဲ့ ဥပဒေအရတော့ FUP ပါတီမှာ တာဝန်ရှိတယ်။ ဒါပေမဲ့ FUP ပါတီမှာ ကျားဖြူကနေ ကိုယ်စားပြုတဲ့အတွက် ကျားဖြူမှာလည်း ကျွန်တော် တာဝန်ရှိတယ်။ ဆက်စပ်မှုက ဒါဆိုရင် ရှင်းသွားမယ် ထင်တယ်နော်။
အခု ဒီပါတီကို ၁၆ ပါတီ ပေါင်းပြီးတော့ နောက်ထပ် ပါတီတစ်ခုအနေနဲ့ ထောင်တယ်ပေါ့။ အဲဒါက အခုန အန်ကယ်လ် ပြောတဲ့။ ပြည်မတွေမှာ ၀င်ပြီးတော့ ယှဉ်ပြိုင်ဖို့ ဆိုတာ NBF အနေနဲ့ပဲ နေပြီးတော့ ကိုယ့်နေရာ အလိုက် အကုန်လုံး ညှိနှိုင်းပြီးတော့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်လို့ ရနိုင်ရဲ့သားနဲ့ ဘာကြောင့် ပါတီ အသစ်တစ်ရပ်ကို နာမည်အသစ် တစ်ခုနဲ့ တည်ထောင်တာလဲ ခင်ဗျ။
ကျွန်တော်တို့က လက်ရှိ အနေအထား အားလုံးမှာ လာမယ့် ၂၀၁၅ မှာ ပြည်နယ် အားလုံးမှာ ကျွန်တော်တို့က ကျွန်တော်တို့ ပါတီတွေ အားလုံး အစိုးရဖြစ်ရမယ်။ စီမံကိန်းလည်း ချထားပြီ။ နည်းဗျူဟာတွေလည်း အားလုံး ဆွဲထားပြီးပြီ။ အဲဒီတော့ ပြည်နယ် အားလုံးမှာ ပြည်နယ်ဒေသခံ ပါတီတွေဟာ အားလုံး အစိုးရဖြစ်ရမယ်။ အထူးသဖြင့် ရှမ်းပြည်မှာဆိုရင် ကျားဖြူပါတီဟာ အစိုးရလုံးဝကို ဖြစ်ရမယ်။ ဖြစ်အောင်လည်း ကျွန်တော်တို့ Schedule တွေ အကုန်လုံး ဆွဲထားပြီးသား။ ဘယ်လို နည်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့ ပြည်နယ်မှာ ကျားဖြူ ပါတီဟာ အစိုးရ ဖြစ်ရမယ်။ ဖြစ်ကိုဖြစ်ရမယ်။ ဖြစ်အောင် ကျွန်တော်တို့ စီစဉ်ထားပြီးပြီ။ စီစဉ်ထားပြီးပြီ ဆိုတာ ကြိုးစား နေတယ်ပေါ့။ အလားတူ ကျန်တဲ့ တိုင်းရင်းသား ပါတီတွေကလည်း သူ့ပြည်နယ်နဲ့သူ ကရင်က ကရင်မှာ၊ ချင်းကချင်းမှာ ရခိုင်က ရခိုင်မှာ မွန်က မွန်မှာ အားလုံး အစီစဉ်တကျ လုပ်ထားပြီးပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ပါတီချင်း အနေနဲ့ ပြည်မကို လာပြိုင်မယ် ဆိုရင် ကျားဖြူပါတီဆိုရင် ပြည်မကို လာပြိုင်ရင် ကျွန်တော်တို့ အင်အား သေးတယ်လေ။ ချင်းကလည်း ချင်းပြည်နယ်မှာ ပြိုင်မယ်။ သူ့ပြည်နယ်နဲ့သူ အနိုင်ရမယ်။ ဒါပေမဲ့ ပြည်မမှာ ချင်းပါတီ အနေနဲ့ လာပြိုင်ရင် မဟန်နိုင်ဘူး။ ကျွန်တော်တို့က အင်အား သေးတယ် ပြောရမှာပေါ့နော် တစ်နိုင်ငံလုံးနဲ့ မပတ်သက်နိုင်ဘူး။ ဥပမာ ကျွန်တော်တို့ ဆိုရင် စစ်ကိုင်းတိုင်း ၀င်ပြိုင်တယ်။ ကချင်ပြည်နယ် ၀င်ပြိုင်တယ်။ ရှမ်းအရှေ့၊ တောင်၊ မြောက် ပြိုင်တယ်။ ကယားပြည်နယ် ပြိုင်တယ်။ လေးနယ်ကို ပြိုင်တယ်။ ဒါပေမဲ့ ပြည်မမှာရှိတဲ့ ပါတီကြီးတွေက အကုန်လုံး ပြိုင်တယ်လေ။ တစ်နိုင်ငံလုံး ပြိုင်တယ်။ အဲဒါနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့ တိုင်းရင်းသားမှာ အကြီးဆုံးဆိုတဲ့ ကျားဖြူ ပါတီတောင် ဘယ်လိုမှ ယှဉ်လို့မရဘူး ပြည်မမှာ။ အဲဒီတော့ ကျွန်တော်တို့က နည်းဗျူဟာ ပြောင်းပြီးတော့ ကဲဒါ ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသား အားလုံး ပေါင်းမယ်။ ပေါင်းပြီးတော့ ပြည်မမှာ ပြိုင်မယ်။ ပြည်မက နေရာအားလုံးကို ကျွန်တော်တို့ ၀င်အရွေးခံမယ်။ ရှိသမျှ နေရာအားလုံးကို အရွေးခံမယ်။  အရွေးခံတဲ့ နေရာမှာ ကျွန်တော်တို့ ညီနောင်တိုင်းရင်းသား ပါတီတွေ ၀င်ပြီးတော့ မရွေးတဲ့နေရာ အားလုံးမှာ ဘယ်နေရာဖြစ်ဖြစ် ကျွန်တော်တို့ FUP က ၀င်ပြီးတော့ အရွေးခံမယ်။ ၀င်ပြီးတော့ ယှဉ်ပြိုင်မယ်ပေါ့။ ဒီမူဝါဒနဲ့ပေါ့နော် အဲဒါဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားရဲ့ အခန်းကဏ္ဍဟာ ပြည်မမှာလည်း အင်အားကြီးလာမယ်။ ပြည်နယ်မှာတော့ ကျွန်တော်တို့ ရထားပြီးသား ဖြစ်မယ်။ အဲဒီတော့ ပြည်ထောင်စု လွှတ်တော်မှာ သွားပေါင်းလိုက်ရင် ကျွန်တော်တို့ အင်အားက တအားကြီးလာပြီ။ အဲဒီအခါမှာ ဒီအစိုးရ ဖွဲ့တဲ့အခါမှာ အင်အားကြီးက သုံးနေရာ သုံးမျိုးပဲ ဖြစ်လာမယ်။လက်ရှိ USDP ရှိမယ်။ NLD ရှိမယ်။ ပြီးရင် ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေ ရှိမယ်။ FUP နဲ့ NBF ရှိမယ်။ အဲဒီတော့ အစိုးရ ဖွဲ့တဲ့အခါမှာ ကျွန်တော်တို့ မပါရင် ဘယ်သူမှ အစိုးရ ဖွဲ့လို့ မရလောက်ဘူး။ အဲဒီ အနေအထားမျိုးကို ကျွန်တော်တို့ လုပ်တယ်။ အဲဒီတော့ အစိုးရ ဖွဲ့တဲ့အခါမှာ ကျွန်တော်တို့က ကြားခံ အနေနဲ့ဖြစ်မယ်။ ကျွန်တော်တို့ ထောက်ခံတဲ့ ပါတီသာလျှင် အစိုးရဖြစ်ရမယ်။ ကျွန်တော်တို့ ကန့်ကွက်တဲ့ ပါတီဟာ အစိုးရ ဘယ်တော့မှ မဖွဲ့နိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့ဟာ လတ်တလော သမ္မတဖြစ်နိုင်တဲ့ အနေအထားရှိ၊ မရှိတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ အစိုးရအဖွဲ့မှာ ကျွန်တော်တို့က ၀င်ပြီး နေရာယူရမယ်။
အန်ကယ်လ်တို့အနေနှင့် ဒီပါတီ ထောင်ဖို့အတွက် ကိုယ့်ရဲ့ မိခင်ပါတီ အသီးသီးကို နုတ်ထွက် လိုက်ရတယ်ပေါ့။ ဒါဟာ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ကနေပြီးတော့ ချမှတ်ထားတဲ့ နိုင်ငံရေး ပါတီများ ဥပဒေကြောင့်ပဲလား။ တခြား ဘယ်လို ကိစ္စတွေ ရှိနိုင်ဦးမလဲ ခင်ဗျ။
 ရွေးကောက်ပွဲ ကော်မရှင် ကနေပြီးတော့ ထုတ်ပြန်ထားတဲ့ ဥပဒေကြောင့်ပဲ ကျွန်တော်တို့ ထွက်ရတယ်။ သူက စည်းမျဉ်း စည်းကမ်းထဲမှာ လူတစ်ယောက်ဟာ အသက် ၁၈ နှစ် ပြည့်ပြီးရင် တခြား ကန့်သတ်ချက်တွေ မရှိရင် ပါတီဝင်လို့ ရတယ်ပေါ့နော်။ ဥပမာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတို့၊ သူပုန်နဲ့ ပတ်သက်တာတို့၊ ပြစ်ဒဏ် ကျခံ နေရတာတို့ အဲဒါကလွဲရင် ၁၈ နှစ်ပြည့်ရင် ပါတီဝင်ခွင့် ရတယ်။ နောက်ပြီးတော့ လူတစ်ယောက်ဟာ တစ်ပါတီပဲ ၀င်ခွင့်ရှိတယ်။ ဒါပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်း စည်းကမ်းပဲ။ အဲဒီတော့ ကျွန်တော်တို့ဟာ တစ်ပါတီမှာပဲ ရပ်တည်လို့ ရတဲ့အတွက် နောက်ပါတီကို ပြောင်းမယ် ဆိုရင် မိခင်ပါတီကနေ ထွက်ရတယ်ပေါ့နော်။ တရားဝင်ထွက်ပြီးတော့ နောက်ပါတီကို ကူးပြောင်းရတယ်။
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ (RNDP) နဲ့ ပေါင်းဖို့ ကြိုးစားကြတဲ့အခါ သူတို့ပါတီ နှစ်ခုစလုံး ဖျက်ပြီးတော့ပေါ့လေ ပါတီသစ် တစ်ရပ် ခေါင်းစဉ်အောက်ကနေပဲ သွားဖို့ဆိုပြီးတော့ သူတို့ လုပ်ဆောင် နေကြတယ်ပေါ့။ အန်ကယ်လ်တို့ ကျတော့ ဥပဒေအရကြောင့်သာ တစ်ပါတီ စီက တစ်ယောက်စီ ထွက်လိုက်တယ် ဆိုပေမယ့် အဲဒီမိခင် ပါတီတွေ စုဖွဲ့ထားတဲ့  NBF ရဲ့ ခေါင်းစဉ်အောက်မှာပဲ ဆိုတော့ တစ်မျိုးများ ဖြစ်နေ သလားခင်ဗျ။ ပါတီသစ်တစ်ရပ် နာမည်ပဲ တိုးလာပြီး ဒီအဖွဲ့ ဒီလူတွေပဲဆိုတော့။
NBF က ပါတီ မဟုတ်ဘူးလေ။ သူက အစုအဖွဲ့ပဲ။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေကလည်း  မှန်တယ်၊ မမှန်ဘူး ဆိုတာတော့ အငြင်းပွားဖွယ်ရာ ရှိတာပေါ့။ သို့သော် ဒါသည် သူက လက်ရှိ ဥပဒေတစ်ရပ် ဖြစ်နေတယ်ပေါ့လေ။ ဒီတော့ လေးစား လိုက်နာရမယ်လို့ ရှိတဲ့အခါ FUP အပေါ် ပြောကြားမှုမျိုးတွေ ရှိလားခင်ဗျ။
လက်တစ်လုံး မခြားဘူးခင်ဗျ။ NBF အမြဲတမ်း အဖွဲ့ဝင်တွေက ပါတီမ၀င်ဘူး။ သူတို့က အကြံပေးဆိုတော့ သူတို့က ပါတီမ၀င်ဘူးလေ။ ပါတီကို ၀င်တာ မဟုတ်ဘူး။ ပါတီကို အကြံပေးတာပဲ။ သူတို့က တာဝန်ရှိတဲ့ အတွက် အကြံပေးတာပဲ။ သူပါတီဝင် မဟုတ်ဘူး။ ဥပမာ USDP ကို ဘယ်သူဖြစ်ဖြစ် အကြံပေးလို့ ရတယ်။ NLD ကို ဘယ်သူဖြစ်ဖြစ် အကြံပေးလို့ ရတယ်။ ကျွန်တော်တို့ကိုလည်း FUP ကို ဘယ်သူဖြစ်ဖြစ် အကြံပေးလို့ ရတယ်။ ကျွန်တော်တို့ အပေါ်မှာရှိတဲ့ NBF က အကြံပေးပဲ။ သူ ပါတီရဲ့ FUP ထဲမှာ မဟုတ်ဘူး။ ကျွန်တော် တို့ကလည်း လိုအပ်ရင် တခြား ပါတီကို အကြံပေးလို့ ရတယ်။ အခုဆိုရင် NBF Group ထဲမှာပါတဲ့ ပါတီတွေ အားလုံးဟာ အပြန်အလှန် အကြံပေးကြတယ်။ ဒီလို သဘောပါပဲ။ အဲဒီတော့ ကျွန်တော်တို့ဟာ လက်တစ်လုံးခြား လုပ်တာတော့ မဟုတ်ဘူး။
FUP သည်မ၀င်ဘူး။ NBF ကနေ မွေးဖွားလာတဲ့ ပါတီဖြစ်တယ်။ NBF ရဲ့သားသမီးဖြစ်တယ်။ NBF က သူ့ အပေါ်မှာ အကြံအမြဲတမ်း ပေးနေတယ်။ မိဘက သားသမီးကို အကြံပေးတဲ့ သဘောပါပဲ။ FUP ဆိုတာ NBF ရဲ့သားသမီးပါပဲ။ NBF ကနေလွတ်ကင်းလို့မရဘူး။ NBF ဆိုတာပါတီမဟုတ်ဘူး။ မှတ်ပုံတင်ထားတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ အစုအဖွဲ့ ဖွဲ့ထားတာ။ ဥပဒေအရလည်း ရှင်းလင်းတယ်။
အန်ကယ်လ်တို့ပါတီ မှတ်ပုံတင်လို့ ပြီးသွားရင် NBF ထဲကို နောက် ပါတီသစ် ထပ်တိုးအနေနဲ့ ၀င်ဖို့ ရှိပါသလား။
ကျွန်တော်တို့က NBF က မွေးဖွားတယ်ဆိုတာ NBF Group အလိုအလျောက် ဖြစ်ပြီးသား။ နောက်ထပ် ပါလာမှာ ကတော့ ဒီနေ့ တည်ထောင်ခွင့်ကျတဲ့ လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီက ပါလာမယ်။ ပြီးခဲ့တဲ့ ၂၃ ရက်နေ့မှာကျတဲ့ ထားဝယ် တိုင်းရင်းသားများပါတီ။ သူလည်း NBF မှာ အလိုအလျောက် ပါဝင် ပြီးသား ဖြစ်သွားတာပေါ့။ သူတို့က ပါတီကျရင် NBF မှာ ၀င်ပြီးသားပါလို့ အရင်ကတည်းက ပြောထားတယ်။
တိုင်းရင်းသား နိုင်ငံရေး အစုအဖွဲ့တွေဆီမှာ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA)  လည်း ရှိနေတော့ NBF နဲ့ UNA ဆက်ဆံရေးကရော ခင်ဗျ။
တိုင်းရင်းသား နိုင်ငံရေးလိုင်းမှာ နှစ်လိုင်းရှိတယ်။  ၁၉၉၀ တုန်းက UNA ဆိုတဲ့ နိုင်ငံရေးလိုင်း၊ ၂၀၁၀ နောက်ပိုင်းမှာ ၂၀၁၀ နှင့် ၂၀၁၀ ရဲ့ နောက်ပိုင်းမှာ ပေါ်လာတဲ့ ပါတီသစ်ပေါ့နော်။  NBF ပေါ့။ ၂၀၁၀ နောက်ပိုင်းမှာ ပေါ်တဲ့ ပါတီသစ် အားလုံးဟာ NBF မှာပဲ ပူးပေါင်းကြတယ်။ လိုင်းနှစ်လိုင်းပေါ့။ အဟောင်းလိုင်း နှင့် အသစ်လိုင်းပေါ့။ ဦးတည်ချက်၊ ရည်ရွယ်ချက်၊ သွားတာလည်း  တစ်ခုတည်းပဲ ရှိတယ်။ သွားတဲ့ လမ်းကြောင်း ပုံစံက မတူဘူး။ UNA ကလည်း ဦးတည်ချက် တစ်ခုတည်း။ ဖက်ဒရယ်ပဲ။ NBF ကလည်း ဖက်ဒရယ် တစ်ခုတည်းပဲ။ ပန်းတိုင်မှာတော့ သွားဆုံတယ်။ သွားမယ့် လမ်းကြောင်းချင်း မတူဘူး။ အားလုံးက တော့ တစ်ခုတည်းပါပဲ။
ရခိုင်တိုင်းရင်းသား နှစ်ပါတီဖြစ်တဲ့  ALD နှင့် RNDP မှာ RNDP က NBF ထဲမှာပါတယ်။ ALD ဆိုရင် UNA ထဲမှာ ပါတယ်။ သူတို့နှစ်ပါတီ ပေါင်းဖြစ်သွားရင် UNA နှင့် NBF ကြား သို့မဟုတ် အန်ကယ်လ်တို့ FUP မှာ ရှုပ်ထွေး နိုင်တဲ့ အလားအလာတွေ ရှိပါလား။
UNA နှင့် NBF က ဘယ်နှင့်ညာ သွားတယ်။ တစ်ယောက်က ဘယ်ဘက်နှင့် တစ်ယောက်က ညာဘက် သွားတယ်။ ဒါပဲ ကွာတာ။ နောက်ဆုံး ပန်းတိုင်က တစ်နေရာပဲ သွားဆုံတာ။ သူတို့နှင့် ကျွန်တော်တို့ ကြားမှာ ပြဿနာ ဒီနေ့အထိ မရှိဘူး။ နောက်ကို ပိုပြီးမရှိဘူး။ အားလုံးက ပန်းတိုင် အတူတူပဲ ဖြစ်တယ်။ ပေါင်းမယ့်ပါတီ ထဲမှာ ရှမ်းက အရင်စတာ။ ရှမ်းကို နှစ်ပါတီ ပေါင်းဖို့ ဖိအားပေးတာ။  ဒီအချိန်မှာ ကျွန်တော်တို့မှာ ဖိအားမရှိဘူး။ နိုင်ငံရေးအရ ဒီမိုကရေစီ နိုင်ငံဖြစ်တယ်။ တစ်ပါတီတည်း ဖြစ်ရမယ်ဆိုရင် ဒါတစ်ပါတီ စနစ်ပဲ။ ရှမ်းပြည်မှာ ကျားဖြူ တစ်ခုပဲရှိတယ်။ ကျားဖြူနိုင်ရင် ကျားဖြူက အာဏာရှင် ဖြစ်ပြီပေါ့။ တခြားပါတီလည်း ရှိရမယ်လေ။ ရှမ်းမှာလည်း တခြားပါတီရှိတယ်။ ကျွန်တော်တို့ လက်ခံတယ်။ ကျွန်တော်တို့က နိုင်ငံရေးအရ နောက်ထပ် ဘယ်နှပါတီပဲ ရှိရှိ အားလုံးက ရင်းရင်းနှီးနှီး လက်တွဲပူးပေါင်း ဆောင်ရွက်ဖို့ပဲ ဖြစ်တယ်ဆိုတဲ့ နိုင်ငံရေး ခံယူချက်ကို ယူတယ်။ ကျွန်တော်တို့က ပြဿနာ မရှိတော့ဘူး။
ဒုတိယဖြစ်တာက ချင်း။ ချင်းလည်း ဒီလိုပဲ ပြီးသွားပြီ။ အခုနောက်ဆုံး တတိယအကြိမ်မှာ မွန် ကျန်သေးတယ်။ လေးပါတီပေါ့။ ရခိုင်ကလည်း ပူးပေါင်းဖို့အားလုံး ဆုံးဖြတ်ထားပြီးပြီ။ လွှတ်တော် ကော်မရှင်ကို တင်ထားပြီ။ သူတို့ ပေါင်းကြတဲ့အတွက် ကျွန်တော်တို့ကတော့ ဂုဏ်ယူတယ်။ သူတို့မှာ ပေါင်းမှဖြစ်မယ့် အနေအထားမျိုး ရှိတယ်။ ဒါကြောင့် သူတို့မှာ ဘယ်လို ပေါ်လစီပဲရှိရှိ ပေါင်းရတော့မယ်။ မကြာခင် မွန်လည်း ပေါင်းကြလိမ့်မယ်။ မွန်က ၂၀၁၄ ဒီဇင်ဘာမှာ ပေါင်းကိုပေါင်းမယ်လို့ သူတို့ ဆုံးဖြတ်ချက် ချပြီးသားပဲ။
ပေါင်းတဲ့နေရာမှာ UNA နှင့် NBF မှာ ဘယ်လို ဖြစ်လာမလဲ ဆိုရင် ကျွန်တော်တို့ ဒီနှစ်ဖွဲ့ကတော့ ဘာမှ ပြဿနာ မရှိကြဘူး။ လက်ရှိ ပေါင်းစည်းတဲ့ အသစ်ဖြစ်လာတဲ့ ပါတီရဲ့ ပေါ်လစီပေါ် မူတည်တယ်။ သူတို့ ပေါ်လစီက UNA ဘက်ကို ယိမ်းသလား။ NBF ကိုယိမ်းသလား။ သူတို့ပေါ်လစီနှင့် ဆိုင်တယ်။ ထွက်လာတဲ့ ပါတီသစ်ရဲ့ ပေါ်လစီပေါ် မူတည်ပြီး သူတို့ သင့်တော်တဲ့ဘက်ကို သူတို့ယိမ်းမယ်။ ဘာမှပြဿနာမရှိဘူး။
ပါတီသစ်တစ်ခု ထူထောင်မယ်ဆိုရင် ပြည်သူလူထုကို အရင်ဆုံး အသိပေးရမယ်ဆိုတဲ့ ပါတီရဲ့ မူဝါဒ၊ ပေါ်လစီ၊ တွေလည်း ပြောပြ ပေးပါဦးခင်ဗျ။
သတ်သတ်မှတ်မှတ် အတိုချုပ်ပဲ ပြောပါမယ်။ နံပါတ်တစ်က ကျွန်တော်တို့ နိုင်ငံဟာ ပြည်ထောင်စု စစ်စစ် အနေအထားကို မရောက် သေးဘူး။ ပြည်ထောင်စုလို့ ခံယူထားတဲ့ နိုင်ငံဟာ ပြည်နယ်တွေ အများကြီး ပေါင်းစု ထားတာ ဖြစ်တယ်။ ဖက်ဒရယ် ပြည်ထောင်စု အားလုံးဟာ သူ့ပြည်နယ်၊ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသ၊ ကိုယ့်ဒေသ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ကိုယ်နေရာမှာ ကိုယ့်ကံကြမ္မာကို ဖန်တီးပိုင်ခွင့် ရှိတယ်။ အဒီနေရာက အားလုံး ပေါင်းစည်းပြီးတော့ နောက်ဆုံး အကုန်လုံး စည်းလုံး ညီညွတ်စွာနှင့် နေတဲ့ အနေအထား ရှိတယ်။
မြန်မာပြည်ကလည်း ဒီအတိုင်းပါပဲ။ သူ့နယ်နဲ့သူ၊ သူ့အကန့်နှင့် သူ့ကိုယ်ပိုင် အုပ်ချုပ်လာတာ။ အဲဒါကို လွတ်လပ်ရေးရပြီး စုလိုက်တယ်။ ပြည်ထောင်စု ဖြစ်လာတယ်။ အခု ကျွန်တော့် သက်တမ်း ၅၈နှစ်မှာ ပြည်ထောင်စု နာမည်ပဲ ဖြစ်သေးတယ်။ ကျွန်တော်တို့က ပြည်ထောင်စုဆိုတဲ့ နာမည်ကို ကြိုက်တယ်။ ဒါပေမဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်အောင် ဒီပါတီတွေက အစွမ်းကုန် ကြိုးစားမယ်။
အဲဒီမှာ အရေးကြီး အချက်တစ်ချက်က ပါတီ တည်ထောင်ခွင့်တွေ တင်တဲ့အခါမှာ မူဝါဒတွေ၊ ပါတီနာမည်တွေပါ တင်ရတာဆိုတော့ ဦးနေ၀င်းကနေစပြီး အမည်ပျက်စာရင်း သွင်းလိုက်တဲ့ ဒီဖက်ဒရယ် ဆိုတာကို အဆက်ဆက် လက်မခံတဲ့သူတွေပဲ အခုအချိန်ထိ ကြီးစိုးဆဲ ဖြစ်သလို၊ သူတို့ စစ်အုပ်စု အတွင်းမှာလည်း ဖက်ဒရယ်နှင့် ပတ်သက်ပြီး သဘောမညီမှုလေးတွေ တွေ့လာရတဲ့ အခုလို အချိန်မှာ အရင်က စစ်ဗိုလ်ချုပ်ကြီးဟောင်း၊ ဦးပိုင် ဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ ဦးတင်အေး ဦးဆောင်တဲ့ ကော်မရှင်က အန်ကယ်လ်တို့ ပါတီရဲ့ အမည်နဲ့ မူဝါဒတွေကို ခွင့်ပြု လိုက်တယ်ဆိုတာက မြန်မာ့နိုင်ငံရေးရဲ့ ထူးခြားမှု တစ်ခုလည်း ဖြစ်နေတော့ အဲဒီအပေါ်မှာ အန်ကယ့်လ် အမြင်လေး ပြောပြပေးပါဦး။
ဖက်ဒရယ်ဆိုတဲ့ စကားကို တရားဝင်သုံးတာ ကျွန်တော်တို့ NBF ကဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ပြောပြော စာရွက်၊ စာမျက်နှာ တင်ပြီးတော့ လုပ်တဲ့ အဖွဲ့အစည်း မရှိသေးဘူး မြန်မာပြည်မှာ။ ကျွန်တော်တို့ NBF ကနေ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရမယ်ဆိုတာ နဂိုတည်းက NBF အဖွဲ့ဝင်အားလုံး၊ ပါတီအားလုံးက ကျွန်တော်တို့ နိုင်ငံဟာ မကြာသော ကာလမှာ ဖက်ဒရယ် နိုင်ငံဖြစ်ရမယ်။ အဲဒါကို ကျွန်တော်တို့ အဓိက ဦးတည်ပါတယ်။ ငြိမ်းချမ်းရေး ရချင်ရင် ကျွန်တော်တို့က ဖက်ဒရယ် ပြည်ထောင်စုကို လုပ်ရမယ်။ ဒါကြောင့် မို့လို့ ကျွန်တော်တို့က Federal Union Party ဆိုပြီးတော့ ပထမဦးဆုံး မြန်မာပြည်မှာ တရားဝင်စာနဲ့ စာရွက် မျက်နှာပေါ် တင်ခြင်းဖြစ်တယ်။ ဖက်ဒရယ်ဆိုတဲ့ ဥစ္စာကိုလည်း အခုအချိန်မှာတော့ လက်ရှိ နိုင်ငံတော် အကြီးအကဲ တော်တော်များများတွေရော ပြည်တွင်းမှာရှိတဲ့ ပြည်သူ အားလုံးကလည်း ဖက်ဒရယ် ဆိုတာကို နားလည် လာပြီလို့ ကျွန်တော် သုံးသပ်တယ်။ ထင်ရတယ် ပေါ့နော်။ အရင်တုန်းကဆိုရင် မဆလခေတ် တစ်လျှောက်လုံးမှာ ဖက်ဒရယ်လို့ ပြောတဲ့အတွက် အာဏာသိမ်းလိုက်တယ်။ အဲဒီတုန်းကတော့ အဲဒီတုန်းက နိုင်ငံရေး အခြေအနေအရ ဖက်ဒရယ်ကို လက်မခံခဲ့ဘူး။ အဲဒီ လက်မခံခဲ့တဲ့ စနစ်ဟာ ကျွန်တော်တို့ ခေါင်းထဲမှာ စွဲလာတာ အခု ဒီမိုကရေစီ နိုင်ငံစပြီးတော့ ပြောင်းလဲတဲ့ အချိန်အထိ ဖက်ဒရယ်ဆိုတာကို အားလုံးက ခွဲထွက်ရေး လမ်းစဉ်လားဆိုတဲ့ အယူစွဲတာကို မနည်းကြီး ပျောက်အောင် ကုစားလိုက်နိုင်ပြီမို့ အခု အစိုးရဟာ ဖက်ဒရယ် ဆိုတာကို ကောင်းကောင်း နားလည်ပြီးတော့ ကျွန်တော်တို့ကို လက်ခံခြင်း ဖြစ်တယ်။ အမှန်ဆိုရင် ဖက်ဒရယ်ဆိုတဲ့ စကားဟာ ထွက်လို့တောင် မရဘူးလေ။ အဲဒီတော့ အခုက ဖက်ဒရယ်ဆိုတာ အား လုံးနဲ့ သက်ဆိုင်တယ်၊ အစိုးရကလည်း ဖက်ဒရယ်နဲ့ သက်ဆိုင်တယ်၊ ပြည်သူအားလုံးလည်း ဖက်ဒရယ်နဲ့ သက်ဆိုင်တယ်လို့ ခံယူချက် ပြောင်းလာတဲ့ အချိန်မှာ ကျွန်တော်တို့ ပါတီကိုချခြင်း ဖြစ်တယ်။ နို့မဟုတ်ရင် ကျွန်တော်တို့ ပါတီက မျှော်လင့်ချက် မရှိပါဘူး။ ပါတီ တည်ထောင်ခွင့်တောင် ကျပါ့မလားလို့တောင် ထင်မိတယ်။
Credit To The Myanmar Herald
Read More »

ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်နှင့် တွေ့ဆုံခြင်း – လင်းယုန်


““တပ်မတော်က ပေါက်ဖွားလာတဲ့ ပါတီဆိုတာကို ပြည်သူလူထုက စွဲနေတယ် အဲဒီအစွဲကို မချွတ်နိုင်သရွေ့ ရွေးကောက်ပွဲ မနိုင်နိုင်ဘူး”

၂၀၁၂ အတွေ့အကြုံအရ ကျွန်တော်တို့ ရွေးကောက်ပွဲမတိုင်ခင်မှာ စည်းရုံးရေးဆင်းတယ်။ တစ်ရက်နှစ်ရက် အလိုအထိဆင်းတယ်။ ပထမတစ်ရက် ရေဘူးတွေပေး၊ ၀င်ထွက်သွားလာ ရင်းရင်းနှီးနှီး ပဲ။ ဒုတိယတစ်ရက် ရင်းရင်းနှီးနှီးပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင်တစ်ရက်မှာ လူတွေ ပုံစံ ပြောင်းသွားတယ် . . .
 အစိုးရ၀န်ထမ်း အကြီးအကဲဘ၀မှပင် စတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးတွင် ပါဝင်ခဲ့ကာ ပါတီသို့ အကူးအပြောင်းတွင် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါတီတာဝန်ရှိသူများ၏ ရွေးချယ် တာဝန်ပေးအပ်ခြင်း ခံရသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊  ပါတီနာယက၊ ပြည်နယ်အရန် အလုပ်အမှုဆောင်၊ ကျိုက်ထို မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၏ ပါတီအပေါ် သစ္စာရှိသော စိတ်ဖြင့် လိုအပ်ချက်၊ အားနည်းချက်များကို ရှုမြင် သုံးသပ်မှုများသည် လူထုနှင့် နီးကပ်လျက် ရှိသည့် ပါတီဝင် တစ်ဦး၏ အကြံပြုချက်များအဖြစ် လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဗဟိုတာဝန်ရှိသူသာမက မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများ အနေဖြင့် ထည့်သွင်း စဉ်းစားသင့်လှ၍ ဖော်ပြလိုက်ရပါသည်။
အန်ကယ်က ပြည်ခိုင်ဖြိုးအသင်း ဘ၀ကနေပြီး ပါတီပြောင်းတဲ့အထိ ပါခဲ့တယ် လို့ သိထားတယ်ခင်ဗျ။
ကျွန်တော်က အသင်းထဲက ပါခဲ့တယ်ပေါ့နော်။ ကျွန်တော်က ပြည်ခိုင်ဖြိုးစပြီးတော့ တည်ထောင်တဲ့ အချိန်တည်းက ပါခဲ့တာ။ ပြည်ခိုင်ဖြိုး စပြီးတော့ တည်ထောင်တည်းက  ကျွန်တော် မန္တလေးမှာပေါ့ဗျာ စပြီးတော့ ပါခဲ့တာ။ အဲဒီတုန်းက ကျွန်တော်တို့က အရာထမ်းပေါ့ဗျာ။ အရာထမ်း ဆိုတော့ တိုက်ရိုက်လှုပ်ရှားမှု မရှိပေမယ့် သွယ်ဝိုက်တဲ့ လှုပ်ရှားမှု ရှိခဲ့တယ်။ ကျွန်တော်တို့က အသင်းဆိုတော့ လူမှုရေးတွေ ဆောင်ရွက်တဲ့ အသင်းမို့ ကျွန်တော် ပါခဲ့တယ်ပေါ့ဗျာ။ နောက်မန္တလေးကနေ ဒီကို ပြောင်းလာတော့လည်း ပြည်နယ်ပြည်ခိုင် ဖြိုးနဲ့ ဆက်သွယ်ပြီးတော့ အသင်းမှာ ကျိုက်ထိုမြို့နယ်မှာ မြို့နယ်နာယက တစ်ယောက်အနေနဲ့ အသင်း နာယက အနေနဲ့ ကျွန်တော် လှုပ်ရှားခဲ့တယ်။ အဲဒီတည်းက ကျွန်တော် ပြည်နယ် အရန် အလုပ်အမှုဆောင်ပေါ့။ အသင်းဘ၀တည်းက ကျွန်တော့် ပြည်ခိုင်ဖြိုးအသင်းရဲ့ နံပါတ်ဆိုရင် မန္တလေးမှာ ကျွန်တော် ရာဂဏန်းရှိတယ်။ ၉၀၀ ကျော်လေ။ …
ကျွန်တော် မွန်ပြည်နယ်ကို ပြောင်းလာတော့လည်း ကျွန်တော် လှုပ်ရှားတာပဲ။ ကျိုက်ထိုမြို့နယ်မှာ တော်တော် များများ လုပ်ခဲ့တယ်။ ပြည်နယ် အရန်အလုပ်အမှုဆောင်နဲ့ လုပ်ခဲ့တာ။ နောက်ရွေးကောက်ပွဲ မတိုင်မီ ပါတီ ဖွဲ့တော့ ကျွန်တော်လည်း ပင်စင်သွားတာနဲ့ ပါတီထဲ ဆက်ပါပြီးတော့ ရွေးကောက်ပွဲဝင် ဖြစ်သွားတာပေါ့ဗျာ။ ကျွန်တော့် ဇာတိမြို့ပေါ့။
ရွေးကောက်ပွဲဝင်ဖြစ်တာက အပေါ်က တာဝန်ရှိသူတွေက နေပြီးတော့ ရွေးကောက်ပွဲ ၀င်ရမယ်ဆိုလို့ ၀င်တာလား၊ အန်ကယ့်အနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆန္ဒပြုပြီးတော့ ၀င်တာလား။
နှစ်ပိုင်းရှိတယ်၊ တစ်ပိုင်းက ကျွန်တော့်မွေးရပ်မြေ၊ ကျိုက်ထိုပေါ့၊ အဲဒီအနေနဲ့ဝင်တော့ တစ်ပိုင်းက ကျွန်တော့် မွေးရပ်မြေ တိုးတက်ရာ တိုးတက်ကြောင်း ဆောင်ရွက် ချင်လို့ပေါ့။ နောက်ပြီးတော့ ကျွန်တော့်ကို ပြည်ခိုင်ဖြိုး လူကြီးတွေကလည်း သဘောကျတာပေါ့ဗျာ။ ကျွန်တော်က ကျိုက်ထိုမြို့မှာ လူမှုရေးတွေ တော်တော်လေးကို ဆောင်ရွက်ထားတယ်။ အဓိကကတော့ ကျေးရွာတွေမှာ ကျေးလက် စာကြည့်တိုက်တွေ ၁၂ တိုက်လောက် ကျွန်တော့် ပိုက်ဆံနဲ့ ကျွန်တော် လိုက်ဖွင့်ထားတယ်။ နောက်ပြီးတော့ ကျိုက်ထိုမြို့နယ်မှာ ဘုန်းကြီးကျောင်း ပညာရေးပေါ့၊ ကျွန်တော်က ဆိပ်ဖြူတောင် ပရဟိတဂေဟာရဲ့ နာယကပေါ့။ အခုလည်း ကျွန်တော် နာယကပါပဲ။ အဲဒီမှာဆို မိဘမဲ့ ကလေး ၇၀၀ လောက် ရှိတယ်။ ဆရာတော်နဲ့လည်း ကျွန်တော်က ဒကာဆရာရင်း ဆိုတော့ မိဘမဲ့ကလေး ကျောင်းတွေပေါ့ ကျွန်တော် တော်တော် လေးကို ကူညီခဲ့တယ်။ အဲဒီတော့ ကျိုက်ထိုမြို့ တစ်မြို့လုံးရဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေရဲ့ နာယကကြီး တစ်ယောက် လိုပဲ ကျွန်တော် ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့်မို့ နယ်လူထုကလည်း လက်ခံတယ်ပေါ့။ အထူးသဖြင့် မြို့နဲ့ စာရင် ကျေးလက် လူထုတွေဟာ ပိုလက်ခံတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် မဟုတ်ဘဲနဲ့ ပြည်နယ် လွှတ်တော်ကိုပဲ ၀င်ရောက်ခဲ့တာ ဘာကြောင့် များလဲခင်ဗျ။
အဲဒါကတော့ ကျွန်တော် ကိုယ်တိုင်က ရွေးတာပါ။ ကျွန်တော်တို့က ကိုယ့်ရဲ့ဘ၀ အခြေအနေအရပေါ့ ပင်စင်စား၊ နောက်တစ်ခုက အမျိုးသား လွှတ်တော်တို့၊ ပြည်သူ့ လွှတ်တော်တို့ဆိုရင် နေပြည်တော်ကို သွားရမယ်၊ အချိန်ဖြုန်းရမယ်ပေါ့။ ကျွန်တော်ကတော့ အများအားဖြင့် ကိုယ့်ရပ် ကိုယ့်ရွာ လူထုတွေနဲ့ အထူးသဖြင့် ကျေးလက်လူထုပေါ့။ ကျွန်တော့် မဲဆန္ဒနယ်က ရွာတွေများတာ။ ထိတွေ့ချင်တယ်။ သူတို့ နဲ့ပတ်သက်တဲ့ အသိပညာတွေ ပေးချင်တယ်။ အထူးသဖြင့် မြန်မာပြည်ရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာကိုး။ သူတို့ရဲ့ ဘ၀တွေ မြှင့်တင်ဖို့ပေါ့။ ကျွန်တော်တို့ရဲ့ ဘ၀ အတွေ့အကြုံတွေ၊ ကျွန်တော်တို့ရဲ့ အသိပညာလေးတွေ မျှဝေစေချင်တာပေါ့။ အဲဒါကြောင့် ကျွန်တော်က ပြည်နယ်ထဲမှာပဲ နေလိုက်တာ။
လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အဖြစ် ရွေးချယ်ခံရပြီးတဲ့ အခါမှာ အန်ကယ်ခုနပြောခဲ့တဲ့ ရည်မှန်းချက်တွေ ပေါ့လေ ကျေးရွာလူထုအတွက် လုပ်ပေးချင်တဲ့ ကိစ္စတွေ ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်ခဲ့လဲ ခင်ဗျ။
ဘယ်လောက်ထိလဲ ဆိုတော့ အခြေအနေ ပေးသလောက် ကျွန်တော် အကောင်အထည် ဖော်နိုင်ခဲ့တယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အခြေအနေပေးမှုပေါ့။
ကျွန်တော်တို့နိုင်ငံဟာ ကျွန်တော်တို့ အတွေ့အကြုံရ ပြောရရင်တော့ အရင် လက်ထက်တွေတုန်းက မိတ်ဆွေ တစ်ယောက်နဲ့ ဆွေးနွေးဖူးတယ်။ တိုင်းပြည်အနေဟာ သုညအောက်ကို ရောက်သွားတယ်။ အပေါ်ရောက်ဖို့ နေနေသာသာ သုညအောက်ကနေ တက်ဖို့ မနည်းဆွဲတင်ရတယ်။ တစ်တိုင်းပြည်လုံး အရွေ့နည်းတာပေါ့။ ကျွန်တော်က ဘာနဲ့ တိုင်းတာလဲဆိုတော့ ကျွန်တော်တို့ မြို့ပြနဲ့ မတိုင်းတာဘူး။  လူတန်းစား ၇၀ ရာခိုင်နှုန်း ကျေးလက်နဲ့ တိုင်းတာတယ်။ လမ်းနှင့်လျှပ်စစ်မီးတွေ ထိုက်သင့်လျောက်ပတ်အောင် ကောင်းမယ်ဆိုပေမယ့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးမှာ အရွေ့နည်းသေးတယ်။ နောက်စီးပွားရေးပေါ့။ မခိုင်မာသေးဘူး။ ရန်ကုန် မြို့ကြီးမှာ ကားတွေ မြောက်မြားစွာ သွားလာနိုင်ပေမယ့် ကျေးလက်တွေရဲ့ လျှပ်စစ်မီး ၊ ရပ်တည်မှု စီးပွားရေး တွေက မခိုင်မာသေးဘူး။ အဲဒါနဲ့ တိုင်းတာရင်တော့ အရွေ့ နည်းသေးတယ်လို့ ထင်တယ်။
ကျေးလက်နေ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခြေအနေတွေပေါ်မှာ ပြည်နယ်အစိုးရက ဘယ်လောက်ထိ အကောင်အထည် ဖော်ပေးနိုင်တယ်လို့ မြင်လဲခင်ဗျ။
သူတို့လည်း တတ်နိုင်သလောက် လုပ်တာပဲ။ လုပ်နေတယ်။ ဒါပေမဲ့ အရင် အဟောင်းတွေရဲ့ အကြွေးတွေပေါ့။ ဥပမာ ကျောင်းတွေ အရင်တုန်းက ပညာရေး၊ ကျန်းမာရေး ဘတ်ဂျက်ဟာ ရာခိုင်နှုန်းတွေ နည်းနေတယ်။ အခု ရာခိုင်နှုန်း များလာတော့ အရင် လိုအပ်ချက်တွေကို အခုထိ လိုက်ဖြည့်ဆည်း ပေးနေရတယ်။ ၂၀၁၃- ၂၀၁၄ ဘတ်ဂျက် ပညာရေးကို တော်တော်ကို ကျောင်းတွေ ချပေးတယ်။ ဒါပေမဲ့ အဟောင်းတွေက ရှိသေးတော့ ဒီနေ့ ထိကို မပြည့်စုံ မလုံလောက်သေးဘူး။
ပြည်နယ် လွှတ်တော်က အစိုးရအဖွဲ့အပေါ် ထိန်းကျောင်းနိုင်မှု အနေအထားက ဘယ်လိုများ ရှိပါသလဲ။
ကျွန်တော်တို့ကတော့ ထိန်းကျောင်းဖို့ မူကြီးကို ကိုင်တာပဲ။ လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း အပြန်အလှန် ထိန်းကျောင်းမှု ပြောတာပဲ။ မွန်ပြည်နယ် လွှတ်တော်ကလည်း ဒီနေ့ တစ်ခုပြောရရင် တစ်မြို့နယ်နဲ့ တစ်မြို့နယ် မတူဘူးဗျ။ ဆယ်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ် ၃၁ ယောက်ပဲရှိတယ်။ အဲဒီမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်က ၈ ယောက်။ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌမှ လွှတ်တော် ကိုယ်စားလှယ် ၉ယောက်ပဲ ရှိတယ်။ ၀န်ကြီးတွေရဲ့ လွှတ်တော် ကိုယ်စားလှယ်ဆိုတော့ ပြောရရင် ၀န်ကြီး အရေအတွက်ထက်ကို ကျွန်တော်တို့က နည်းတယ်။ ဒီ ၉ယောက်နဲ့ ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌကတော့ ထိန်းကျောင်းမှုကိုတော့ ရအောင်တော့ ကြိုးစားတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် အမုန်းခံပြီးတော့ ပြောတယ်။ ထောက်ပြတယ်။ ညှိနှိုင်းတယ်။ လွှတ်တော် အစည်းအဝေးမှာ ကျွန်တော်တို့ မေးခွန်းတွေ မေးတယ်။ ပြည်သူလူထုအတွက် ကျွန်တော်တို့ တွေဟာ မေးထားတယ်။ အစိုးရအဖွဲ့အနေနဲ့ ဖြည်းဆည်း နိုင်တာလည်း ရှိတယ်။ တချို့ မနှစ်သက်တာလည်း ရှိတယ်။ အပြန်အလှန် ထိန်းကျောင်းမှုနဲ့ ညှိနှိုင်းလုပ်ကြတာပဲ။
ပြည်သူလူထုနဲ့ ဆက်ဆံနေရတဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ကိုယ့်ပါတီအပေါ် ဘယ်လို ပြန်သုံးသပ်မိပါသလဲ။ ပြည်သူအနေနဲ့ ကိုယ့်ပါတီအပေါ်မှာ ဘယ်လို သဘောထားရှိတယ်လို့ သုံးသပ်မိပါသလဲ။
၂၀၁၂ ရွေးကောက်ပွဲ ကြားဖြတ် ရွေးကောက်ပွဲမှာ ရှုံးသွားတယ်။ ကျွန်တော်လည်း မုန်းချင် မုန်းပါစေဆိုပြီး တင်ပြခဲ့တယ်။ ပြည်သူတွေက နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခတောထဲမှာ နေခဲ့ရတာ။ အဲဒီတော့ သူတို့က အခွင့်အရေး လိုချင်တယ်။ အမေရိကန်မှာလည်း အိုဘားမား နိုင်သွားတယ်။ Change ဆိုတဲ့ စကားလုံးတစ်လုံး နဲ့နိုင်သွားတာ။ သူတို့က Change ဖြစ်မှာကို အများကြီး မျှော်လင့်တာ။ သူတို့ဆန္ဒကို အမျိုးမျိုး ဖိနှိပ်ချုပ်ချယ် ခံခဲ့ရတယ်။ သူတို့ရဲ့ဆန္ဒကို လျှို့ဝှက် ထားတာပဲရှိတယ်။ ဘယ်တော့မှ ထုတ်မပြောဘူး။ ရွေးကောက်ပွဲ မဲပုံးရှေ့ ကျမှပဲ ထုတ်ပြောမယ်။ လက်ခံတယ် လက်မခံဘူးဆိုတာ ပြောဖို့က အရမ်းစောပါသေးတယ်။ ပြည်သူလူထုကို အထင်သေးလို့မရဘူး။
ပြီးခဲ့တဲ့ ၂၀၁၂ ရွေးကောက်ပွဲက ပြည်သူလူထုရဲ့ သဘောဆန္ဒကို ပြည်ခိုင်ဖြိုး ပါတီအပေါ်မှာ ထားတဲ့ သဘောထားကို ပြသလိုက်တယ်လို့ အန်ကယ် ထင်မြင်မိပါသလားခင်ဗျ။
ရာခိုင်နှုန်း တော်တော်များများ မှန်တယ်။ ဒါပေမဲ့ ၂၀၁၂ ကြားဖြတ်နှင့် ၂၀၁၅ ကြားထဲမှာ သုံးနှစ်ကာလရှိတယ်။ သုံးနှစ်ကာလထဲမှာ ပြည်ခိုင်ဖြိုးပါတီကလည်း သူတို့ရဲ့ ပြင်ဆင်မှုတွေ အများကြီး လုပ်လာတယ်။ ပြင်ဆင်မှု တွေကို ပြည်သူလူထုက လက်ခံမလား။ လက်မခံဘူးလား ဆိုတာလည်း ပြောလို့မရဘူး။ ၂၀၁၂ အတွေ့အကြုံ အရ ကျွန်တော်တို့ ရွေးကောက်ပွဲ မတိုင်ခင်မှာ စည်းရုံးရေး ဆင်းတယ်။ တစ်ရက်နှစ်ရက် အလိုအထိ ဆင်းတယ်။ ပထမတစ်ရက် ရေဘူးတွေပေး ၀င်ထွက် သွားလာ ရင်းရင်းနှီးနှီးပဲ။ ဒုတိယ တစ်ရက် ရင်းရင်း နှီးနှီးပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင် တစ်ရက်မှာ  လူတွေပုံစံ ပြောင်းသွားတယ်။ လက်မခံဘူး။ နက်ဖြန် မဲရွေးမယ်။ ပြည်သူလူထုကို လျှော့တွက်တာ။ လုံးဝ လျှော့တွက်လို့ မရဘူး။ ကျွန်တော်တို့ ဘယ်လောက်ထိ လုပ်ပေးခဲ့လဲ ဆိုရင် ရွာတစ်ရွာ မီးလင်းရေးအတွက် နက်ဖြန်ရွေးကောက်ပွဲ။ ဒီနေ့မှာ ထရမ်စဖော်မာ တစ်လုံး ရွာထိပ်ပို့တယ်။ တစ်ရွာလုံး သောင်းသောင်းဖြဖြ ထွက်ကြိုတယ်။ ၀မ်းသား အားရ လက်ခုပ်တီးတယ်။ ဒါပေမဲ့ နောက်နေ့ မဲပေးတော့ ရှုံးတယ်ဗျ။ ပြည်ခိုင်ဖြိုး။ ဘယ်လိုမှ တွက်လို့မရဘူး။
မဲပေးလို့ပြီးတော့ ကျွန်တော်ရွာကို သွားပြီးတော့ မေးတယ်။ ညီလေး မင်း ဘယ်ပါတီကို မဲပေးခဲ့လဲ။ ကျွန်တော် ဒေါင်းကို ထည့်ခဲ့တယ်။ ဘာဖြစ်လို့ ထည့်တာလဲ။ ဘာတွေကောင်းလို့လဲ။
ကျွန်တော်ကြိုက်လို့ထည့်ခဲ့တာ။ ဒါ တစ်ခွန်းပဲပြောတယ်။ ပြည်သူလူထုနဲ့ အနီးစပ်ဆုံးနေပြီးတော့ ပြည်သူ လူထုရဲ့ ဆန္ဒအမှန်စိတ်ကို ဖတ်တတ်ဖို့လိုပြီ။ ဖတ်တတ်ရင်တော့ အဖြေနဲ့ အနီးဆုံးတွေ့မယ်။
အဲဒီလိုဖြစ်ဖို့ အန်ကယ်တို့ ပြည်ခိုင်ဖြိုးက ဘာတွေလုပ်ဖို့ လိုအပ်နေလဲ။
ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်ဖို့၊ သူတို့ရဲ့လေးစားမှုရှိဖို့၊ သူတို့ ဆွဲဆောင်နိုင်ဖို့ ပင်ကို အရည်အသွေးတွေ အများကြီးလိုတယ်။ ကိုယ်ကျိုးစီးပွား မရှာဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းနေရမယ်။ ပြည်သူ လူထုအတွက် လိုအပ်ချက်တွေကို အမြဲဦးစားပေးပြီးတော့ တစ်သားတည်း လုပ်နေရမယ်။ အထူးသဖြင့် သူတို့ရဲ့ အာရုံထဲမှာ လွှမ်းမိုးနိုင်ရမယ်။ သူတို့ကို အများကြီး ဖြည့်ဆည်းပေးနိုင်ရမယ်။ သူတို့ကို စေတနာ ရှိတယ်။ ဆန္ဒရှိတယ်။ ရိုးသား ဖြောင့်မတ်တယ်။ ဖြူစင်တယ်ဆိုရင် ကိုယ့်ဘက်ကို အလိုလို ရောက်လာ လိမ့်မယ်။
အခုအန်ကယ်ပြောတဲ့ အချက်တွေကို ပြည်ခိုင်ဖြိုးပါတီမှာ ဗဟိုထိပ်ပိုင်းက ခေါင်းဆောင်တွေ အပါအ၀င် ပါတီဝင်တွေ လုပ်ဆောင်နေကြပြီလို့ မြင်ပါသလားခင်ဗျ။
လုပ်ဆောင်နေတာတော့ အများစုပဲ ဒါပေမဲ့ ပြည်ခိုင်ဖြိုးပါတီမှာ အရိပ်ကြီး ရှိနေတာ။ အဲဒီအရိပ်ကြီးကို ပယ်ဖျက်နိုင်ဖို့ လိုတယ်။ ရှင်းရှင်းပြောရရင် ဒါ ကျွန်တော် တစ်ယောက်တည်း အနေနဲ့ ပြောတာ မဟုတ်ဘူး ကျွန်တော့်ထက် ကြီးမြင့်တဲ့ လူကြီးတွေ ပြောတဲ့စကား။ ပြည်ခိုင်ဖြိုးပါတီရဲ့ အရိပ်ကြီးကတော့ တပ်မတော်က ပေါက်ဖွားလာတဲ့ ပါတီဆိုတာကို ပြည်သူလူထုက စွဲနေတယ်။ အဲဒီအစွဲကို မချွတ်နိုင်သရွေ့ ရွေးကောက်ပွဲ မနိုင်နိုင်ဘူး။
လက်ရှိ မွန်ပြည်နယ်မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၀န်ကြီးအဖွဲ့တွေ၊ အစိုးရအဖွဲ့ တွေထဲမှာလည်း ပြည်ခိုင်ဖြိုး ပါတီဟာ အများဆုံး ပါဝင်နေတယ်၊ ၀န်ကြီးချုပ် ကိုယ်တိုင်ကလည်း ပြည်ခိုင်ဖြိုးပါတီက ဖြစ်နေတယ်။ လွှတ်တော် ဥက္ကဋ္ဌ ဆိုရင်လည်း ပြည်ခိုင်ဖြိုးပါတီက၊ လွှတ်တော်ထဲမှာ ဆိုရင်လည်း ကိုယ်စားလှယ် အများစုကလည်း ပြည်ခိုင်ဖြိုး ပါတီကပဲလေ။ ပြီးတော့ ခုန အန်ကယ်ပြောသလို ၂၅ ရာခိုင်နှုန်းဆိုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဆိုတာလည်း ပြည်ခိုင်ဖြိုး ပေါက်ဖွားခဲ့တဲ့ တပ်မတော်က ဖြစ်နေတဲ့ အခါကျတော့ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ပြည်သူတွေအတွက် တခြားပါတီတွေနဲ့ ယှဉ်ပြီးတော့ အားသာချက်အနေနဲ့ ဘာတွေများ လုပ်ဆောင်နိုင်စွမ်းတွေ ရှိလဲခင်ဗျ။
ရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လုပ်ပိုင်ခွင့်တွေ ရှိတာကိုး။ လုပ်ပိုင်ခွင့်ရှိတော့ အားသာချက်တွေ အများကြီး ရှိတာပေါ့။ အဲဒီ လုပ်ပိုင်ခွင့်တွေမှာ ပြည်သူလူထုက ဒီလုပ်ပိုင်ခွင့်ကို သူတို့အပေါ် တကယ် မေတ္တာ၊ စေတနာ ထားတယ် ဆိုတဲ့စေတနာ အမှန်ပြည်သူလူထုက မြင်လို့ရှိရင် အောင်နိုင်တယ်။
အန်ကယ့်အနေနဲ့ ပြောချင်တာလေး ရှိရင် ပြောပြပေးပါဦးခင်ဗျ။
ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ်ပေါ့ ကျွန်တော်ကို ဒီနေ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်အောင် ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီက တင်ခဲ့ပေးတာပေါ့။ ကျွန်တော်ကတော့ ပါတီကနေ ထွက်မယ်၊ ပါတီကို သစ္စာဖောက်ပြီးတော့ ဒီ့ပြင်ပါတီကို သွားမယ်ဆိုတာ မရှိပါဘူး။ စိတ်ဆန္ဒလည်းမရှိဘူး။ ကျွန်တော်တစ်သီးပုဂ္ဂလ လည်း ပါတီကနေ ထွက်ပြီးတော့ အရွေးမခံဘူး။ ကျွန်တော်အရွေးခံရင် ပြည်ခိုင်ဖြိုးကပဲ အရွေးခံမယ်။ အရွေးမခံရင် အရွေးမခံဘူး ဒါပဲရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူဆိုတာက သစ္စာတရားဆိုတာ ရှိရတာကိုး။ ဒါကျွန်တော့်ရဲ့ သစ္စာတရားပဲ။ ကျွန်တော်က ဒီစင်မြင့်ပေါ်ကို ထိုက်သင့်တဲ့ အတိုင်းအတာ ရောက်လာပြီ၊ ဘာပဲဖြစ်ဖြစ် ကောင်းမွေ၊ ဆိုးမွေကတော့ ကျွန်တော် ဆက်ခံရမှာ ပေါ့နော်။ ဒီ့ပြင်ပါတီတော့ မပြောင်းဘူး။ တစ်သီးပုဂ္ဂလလည်းအရွေးမခံဘူး။ အရွေးခံရင် ပြည်ခိုင်ဖြိုးကပဲ အရွေးခံမယ်၊ အရွေးမခံရင်လည်း လုံးဝအရွေး မခံဘူး။
Credit To The Myanmar Herald
အခုလိုဖြေကြားပေးတာ ကျေးဇူးပါပဲခင်ဗျ။

Read More »

၂၀၁၃ အဆုံးမသတ် ၂၀၁၄ ရင်လေးဖွယ်ရာ ကျော်ဝင်း

ပြင်/သစ် မှသည် ၂၅ ရာခိုင်နှုန်းသို့


မကြာမီ ရက်ပိုင်းအတွင်း ၂၀၁၃ ကုန်ဆုံး၍ ၂၀၁၄ သို့ ရောက်ပေတော့မည်။ သို့တိုင်အောင် ၂၀၁၃ ဒီဘိတ်ကား မဆုံးသေး။ ၂၀၁၄ တွင် ပို၍ပင် သည်းသန် ပြင်းထန်လာဖို့ ရှိသည်။
အစိုးရသစ် သက်တမ်း ၂ နှစ်ခွဲ အရောက်တွင် ‘၂၀၀၈ အခြေခံဥပဒေ’ ကို အခြေတည် ငြင်းခုံရသော ဒီဘိတ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ပြင်မလား ..သစ်မလား ဆိုသော ပြင်/သစ်ကိစ္စ။ ၂၀၁၃ နိဂုံးရက်များ ရောက်တော့ သစ်ရေးထက် ပြင်ရေးက ပိုအပေါ်စီး ရလာဟန် ရှိသည်။ သည်တွင် အသစ်သမားများက ပြင်ရေးဘောင်ထဲမှ အသစ်နီးပါး ပြင်ဆင်နိုင်ရန် တာစူ လာကြသည်။ အထူးသဖြင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိစ္စ။
စာရေးသူ အနေနှင့် မူအားလုံးကို နားလည်နိုင်ပါသည်။ ‘စံကိုက် ဒီမိုကရေစီ’ အညွှန်းဖြင့် မိမိတို့ဆန္ဒကို ဖော်ထုတ်ကြသည် ဖြစ်၍ အပြစ်မရှိပါ။ အပြစ်လည်း မတင်ထိုက်ပါ။ သို့တစေ မဟာဗျူဟာ ရှုထောင့်မှ ကြည့်လျှင်မူ ထည့်သွင်း စဉ်းစားစရာတွေ မနည်းမနော ရှိလိမ့်မည်ဟု သဘောရသည်။ လက်တွေ့ အလုပ်ဖြစ်နိုင်မည့် မဟာဗျူဟာတစ်ရပ် ချမှတ်နိုင်ဖို့ဆိုလျှင် ‘နှုန်းစံ’ တွေဖြင့် စလို့မဖြစ်။ ပကတိအရှိမှ အစပြုရမည် မဟုတ်ပါလော။

ထွက်ပေါက် မဟာဗျူဟာ


၂၀၀၈ အခြေခံ ဥပဒေအကြာင်း ပြောတော့မည်ဆိုလျှင် ဤအခြေခံ ဥပဒေ ရေးဆွဲခဲ့ရသော အချိန်ကာလနှင့် အခြေအနေကို ပြန်နှလုံးသွင်းကြဖို့ လိုပါလိမ့်မည်။ ဤကာလမှာ လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်းတွင် အမှောင်မိုက်ဆုံးခေတ် တစ်ခေတ်ဟု ဆိုနိုင်သည်။ အစိုးရနှင့် လူထုကြား၊ တပ်မတော်နှင့် ပြည်သူကြား ယုံကြည်မှု ပျောက်ဆုံးနေချိန်။ နိုင်ငံတကာ မိသားစုနှင့် အဆက်ပြတ် အထီးကျန်ဘဝ။ ဆိုရလျှင် ‘တရားနည်းလမ်းကျမှု’ (Legitimacy) အနိမ့်ဆုံးအမှတ် ကျရောက်နေချိန်ဟု ဆိုရပါလိမ့်မည်။
ဤအခြေအနေဆိုးကြီးကို ဘယ်သူမှ နှစ်သက်ပျော်ပိုက်ကြမည် မဟုတ်ပါ။ ထိုစဉ်က အစိုးရ ကိုယ်တိုင်လည်း ဘဝင်ကျဖွယ်ရာ မရှိဟု ယူဆရပါသည်။ သို့အတွက်ကြောင့်လည်း အဆိုပါ အခြေအနေဆိုးမှ ပေါက်ထွက်ရန် ‘ထွက်ပေါက် မဟာဗျူဟာ’ (Exit Strategy) တစ်ရပ် ချမှတ်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
စဉ်းစားချက် နှစ်ရပ်အပေါ် အခြေခံပြီး ဆိုခဲ့ပါ ‘ထွက်ပေါက်မဟာ ဗျူဟာ’ ချမှတ်ခဲ့ဟန် ရှိပါသည်။ ဤသည်တို့မှာ -
၁။ မိမိတို့ အသက်ဆက် ရှင်သန်နိုင်ရန် အပြောင်းအလဲတစ်ခုကို ဖန်တီးပုံဖော်ဖို့ လိုလာပြီ။
၂။ အပြောင်းအလဲ နှင့်အတူ ထွက်ပေါ်လာနိုင်သော မိမိတို့အပေါ် ဒဏ်သင့်မှုများကို ကာကွယ်နိုင်ရန် အစီအမံ တစ်ခုတော့ အသေအချာရှိဖို့ လိုလိမ့်မည်ဆိုသော စဉ်းစားချက်များ ဖြစ်ပါသည်။
ပြောရလျှင် ၂၀၀၈ အခြေခံဥပဒေသည်ပင် ဆိုခဲ့ပါ စဉ်းစားချက် နှစ်ရပ်ဖြင့် ပုံဖော်လိုက်သော ‘ထွက်ပေါက် မဟာဗျူဟာ’ ဟု ဆိုချင်သည်။ ပထမစဉ်းစားချက် အရ အခြေခံဥပဒေတွင် ‘လှုပ်ရှားခွင်’ (Space) များ ဖန်တီးပေးခဲ့ရသလို ဒုတိယ စဉ်းစားချက်အရ တပ်မတော်ကို အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်နိုင်သည်။ ဆိုခဲ့ပြီးသော ထွက်ပေါက် မဟာဗျူဟာကို အပြုသဘော တုံ့ပြန်ဖို့ဆိုလျှင် ‘ဆန္ဒ’ ထက် ‘အမြော်အမြင်’ က ပိုအရေးကြီးပါလိမ့်မည်။ ပထမ စဉ်းစားချက် (ပြောင်းလဲလိုသော ဆန္ဒ) ကို ဝိုင်းတွန်းပေးဖို့ လိုသလို ဒုတိယစဉ်းစားချက် (စိုးရိမ်သောက) ကို လျှော့ပါး သက်သာစေဖို့ လိုပါလိမ့်မည်။

အကဲဆတ် ‘ပွိုင့်’


လက်တွေ့ ဖြစ်ရပ်များအရ ဆိုခဲ့ပါ ‘ထွက်ပေါက် မဟာဗျူဟာ’ အလုပ် ဖြစ်သည်ဟု ယူဆရပါသည်။ အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲဖြင့် တက်လာသော အစိုးရသစ်မှာ နုနယ်သေးသော သက်တမ်း အတွင်းမှာပင် နိုင်ငံတကာ သိမှတ်လက်ခံမှု ရလာသည်။ ပြည်တွင်း တင်းမာမှုများကိုလည်း သိသိ သာသာ လျှော့ချနိုင်ခဲ့သည်။ သို့နှင့်တိုင် မြန်မာနိုင်ငံ၏ အပြောင်းအလဲမှာ စိတ်ချရသော အနေအထား မဟုတ်သေးပါ။ ‘ဖြေလျှော့ရေး’ အဆင့်မျှသာ ရှိသေးရာ ‘ကနဦးခြေလှမ်း’ (Political Opening) မျှသာ ရှိပါသေးသည်။
နိုင်ငံတကာ အတွေ့အကြုံများအရ ဤအဆင့်မှာ ကြာကြာမခံတတ်ပါ။ လွန်ရောကျွံရော ၁၀ နှစ်မျှသာ ရှိသည်။ မြန်မာ့ ဒီမိုကရေစီရေး ယခုအချိန်ထိ ကတိမ်းကပါး မဖြစ်သေးသည်မှာ အပြောင်းအလဲအတွက် ချမှတ် ထားခဲ့သော ထွက်ပေါက် မဟာဗျူဟာ အလုပ် ဖြစ်နေသေးသောကြောင့် ဖြစ်သည်။ ဒုတိယ စဉ်းစားချက်မှလာသော ‘လုံခြုံရေးအစီအမံ’ များ အထိပါး မခံ ရသေးသရွေ့ ပထမစဉ်းစားချက်မှ လာသော ‘အပြောင်းအလဲ’ တွင် ခြေမြဲလက်မြဲ ရှိနေပါလိမ့်မည်။
သို့တိုင်အောင် တဖြည်းဖြည်း အရှိန်မြင့်လာသော ၂၀၁၃ အခြေခံဥပဒေ ဒီဘိတ်ကြီးက လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲကို ‘အကဲဆတ်ပွိုင့်’ တစ်ခုသို့ တွန်းပို့ ပေးနေသလို ရှိသည်။ လက်ရှိ ထွက်ပေါက် မဟာဗျူဟာမှ လုံခြုံရေး အစီအမံများ အချိန်မတိုင်မီ ဖယ်ရှားဖို့အထိ ဦးတည်လာရာ ထွက်ပေါက် မဟာဗျူဟာမှ နောက်ကြောင်းပြန် မဟာဗျူဟာသို့ အချိန်မရွေး ရွေ့သွားနိုင်သည်။ ဒီမိုကရက်တစ် ယဉ်ကျေးမှုဖြစ်သော စေ့စပ်ညှိနှိုင်း အဖြေရှာရေးမှ ထိပ်တိုက် ရင်ဆိုင်ရေးသို့ ပြန်လည် သွားနိုင်သည်။

ထိုင်း ဂယက်


တစ်လောက ကျင်းပခဲ့သော အခြေခံဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲ တစ်ရပ်တွင် မိတ်ဆွေတစ်ဦးက ယခုလောလောဆယ် ဖြစ်ပွားနေသော ထိုင်းနိုင်ငံ ဆန္ဒပြမှုများကို ဒီမိုကရေစီ စံနှုန်းတစ်ခုအဖြစ် ပြောဆိုသွားရာ စာရေးသူအတွက် စဉ်းစားစရာတွေ လျှံကျသွားသည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ထိုင်းအဖြစ်အပျက်ကို စာရေးသူ မေးခွန်းထုတ်ကြည့် နေမိသည်မှာ ကြာပါပြီ။ လူထုဆန္ဒဖြင့် တက်လာသော အရွေးချယ်ခံ အစိုးရတစ်ရပ်ကို လူအုပ်ဖြင့် ဖိအားပေး နုတ်ထွက်စေသည်မှာ ဒီမိုကရေစီ ဟုတ်ပါ၏လော။ လူအများစုဖြင့် အနိုင်ကျင့်ရာ မရောက်ပါသလော။
ဒီမိုကရေစီ နိုင်ငံရေးစနစ်မှာ လူထုဆန္ဒကို အခြေခံရသည်မှာ မှန်သော်လည်း လှုပ်ရှားမှုတိုင်းသည် ‘ဒီမိုကရက်တစ်မူဘောင်’ အတွင်းမှ ဖြစ်ရ ပါလိမ့်မည်။ လူထုကိုယ်တိုင်က ရွေးကောက် တင်မြှောက်လိုက်သော ကိုယ်စားလှယ် သို့မဟုတ် အစိုးရကို သက်ဆိုင်ရာလူထုက မနှစ်သက်တော့သည်မျိုး ရှိလာလျှင် ‘ပြန်လည် ရုပ်သိမ်းခွင့်’ (Right to recall) ဆိုသော ‘မူဘောင်’ ရှိသည်သာ ဖြစ်သည်။ တကယ့်လက်တွေ့တွင် ဤမူဘောင်ကိုပင် ချင့်ချင့် ချိန်ချိန် သုံးကြရသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးလို ဥပဒေပြုရေးနှင့် တိုက်ရိုက် သက်ဆိုင်သော ကိစ္စများ ဆိုလျှင်လည်း လွှတ်တော် လမ်းကြောင်းမှ သွားရသည်သာ ဖြစ်သည်။ ဒီမိုကရေစီ၏ အစွန်းတစ်ပါးမှ ‘အများစုဖြင့် ဗိုလ်ကျခြင်း’ (Tyranny of majority) ဖြစ်သည်ကို သတိချပ် ကြစေချင်သည်။
အနှစ်ခြောက်ဆယ်ကျော် ပြည်တွင်းစစ် ဖြစ်နေသော၊ နှစ်ပေါင်း ၅၀ နီးပါး ဒီမိုကရေစီနှင့် ဝေးနေခဲ့သော၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်း (မူဘောင်) များ အဆင်သင့် မရှိသေးသော မြန်မာနိုင်ငံ အနေနှင့် စံကိုက်ဒီမို ကရေစီချက်ချင်း ရနိုင်ဖွယ်ရာ မရှိပါ။ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရမည့် သဘောရှိပါသည်။ (Tyranny of majority) ဤအခင်းအကျင်းတွင် ဆန့်ကျင် ဘက်များကို သည်းခံနိုင်သော ဒီမိုကရက်တစ် ရင့်ကျက်မှု မရှိမဖြစ် လိုသလို ဆန့်ကျင်ဘက် အချင်းချင်း အပြန်အလှန် စေ့စပ်ညှိနှိုင်း အဖြေရှာတတ်သော ဒီမိုကရက်တစ် ယဉ်ကျေးမှု ထွန်းကားဖို့ အရေးကြီးသည်ဟု ထင်သည်။
Credit To The Voice Weekly
Read More »

ယုံကြည်မှုတည်ဆောက်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဘယ်ဟာအရေးကြီးသနည်း – တင်ဇာအောင်


ယခုလက်ရှိ နိုင်ငံရေး အခြေအနေတွင် ယုံကြည်မှု တည်ဆောက်ရေး ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တိုင်းရင်းသားများအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံရေး ပါတီများမှ လူထုဆန္ဒ ခံယူပွဲများ၊ ဟောပြော ပွဲများ ပြုလုပ် ဆောင်ရွက်လျက် ရှိပြီး ယုံကြည်မှု တည်ဆောက်ရေးက အရေးကြီးသလား၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက အရေးကြီးသလား စသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ဝေဖန် သုံးသပ်ချက်များကို မြန်မာသံတော်ဆင့်မှ စုစည်း တင်ပြလိုက်ပါသည်။
 ဦးနိုင်ဟံသာ (UNFC အတွင်းရေးမှူး)
အဓိက အားဖြင့်ကတော့ ယုံကြည်မှု တည်ဆောက် တာကတော့ ယာယီသဘောပဲ။ အခိုင်အမာမရှိ နိုင်သေးဘူး။ ဒါကတော့ လုပ်ရပ်ပေါ့လေ။ တကယ်တမ်း အပြောင်းအလဲ ဖြစ်နိုင်တာက၊ အခိုင်အမာဖြစ် နိုင်တာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှပဲ။ ဒါက အခိုင်အမာ ဖြစ်သွားမှာ။ အဓိက ကျတာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေး အဓိကကျတာပေါ့။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်နိုင်မှပဲ။ ဒါကတော့ အားလုံး ပြီးမြောက်တဲ့ အဆင့် အကောင်အထည် ဖော်နိုင်မယ့် အဆင့်ကို ရောက်မယ့် အပိုင်းမှာ ယုံကြည်မှု တည်ဆောက်ရေး ကလည်း တစ်ဖက်က လိုအပ်တယ်လေ။ ရင်းရင်းနှီးနှီးနဲ့ ၀ိုင်းဝန်း ဆွေးနွေးကြမယ်။ ယုံကြည်မှု ရှိလာမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးက ပိုလွယ်တာပေါ့လေ။ ဒါကလည်း ဆက်စပ်မှု ရှိပါတယ်။ …
ဒေါ်ခင်လေး (Triangle Women Support Group Founder)
ယုံကြည်မှု တည်ဆောက်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက တစ်ခုစီပဲ သိပ်တော့ မတူဘူးပေါ့နော်။ ယုံကြည်မှု တည်ဆောက်မှုဆိုတာ ဟိုးတုန်းက စစ်အာဏာရှင် လက်အောက်မှာ ကတည်းက ဒေါ်အောင်ဆန်း စုကြည်ကော၊ ဒီမိုကရေစီ အင်အားစုတွေကော တောင်းဆို ခဲ့တာလေ။ တောင်းဆိုခဲ့တာဆိုတော့ ယုံကြည်မှု တည်ဆောက်ဖို့လည်း လိုသလို အခုအချိန်မှာ ယုံကြည်မှု တည်ဆောက်နေတဲ့ အချိန်လို့ ကျွန်မတို့က နားလည် ထားတယ်လေ။ ဒီအချိန်မှာ တစ်ဖက်နဲ့ တစ်ဖက်က ဟိုတုန်းက ဘယ်လိုမှ ညှိနှိုင်း မျက်နှာချင်းဆိုင်လို့ မရ ဘူးလေ။ အခုနောက်ပိုင်းတော့ ဘာပဲပြောပြော ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်ထဲမှာ ၀င်ထိုင်ပြီးတော့ ၀ိုင်းပြီးတော့ ဥပဒေပြုတဲ့ နေရာမှာ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ဒါလည်း ယုံကြည်မှု တည်ဆောက်နေတဲ့ အပိုင်းပေါ့။ အဲလို ယုံကြည်မှု တည်ဆောက်ရေးရဲ့ တစ်စိတ်တစ်ဒေသ အဖြစ်ရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း တစ်စိတ်တစ်ပိုင်းလို့ပဲ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောချင်ရင်၊ ပြည်သူတွေရဲ့ ယုံကြည်မှုကို လိုချင်တယ်ဆိုရင် ပြည်သူတွေ မလိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပေးဖို့က ယုံကြည်မှု တည်ဆောက်မှုရဲ့ ပြယုဂ် တစ်ခုလို့ပဲ မြင်တယ်။ ပါးစပ်နဲ့ပဲ ပြည်သူတွေကို ဘယ်လောက်တောင် လုပ်ပေးနေပါတယ်။ စေတနာ ထားပါတယ်။ ဒါပေမဲ့ အားနည်းမှုတွေ ရှိပါတယ်လို့ ပါးစပ်က ပြောနေရုံနဲ့ မရဘူး။ ပြည်သူလူထုကို သက်သေပြဖို့ လိုတယ်။ အဲ့လို သက်သေပြနိုင်ဖို့ဆိုရင် အခြေခံဥပဒေကို ပြည်သူလူထု လိုလားတဲ့ ဆန္ဒအတိုင်း ပြင်ပေးတာသာ တကယ့် အကောင်းဆုံး သက်သေပြမှုလို့ပဲ မြင်ပါတယ်။
ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
အစ်မအမြင်ပေါ့။ အဓိကတော့ အစ်မတို့ တိုင်းပြည်အတွက် အရေးအကြီးဆုံး ဖြစ်လိမ့်မယ်ပေါ့နော်။ အစ်မတို့ တိုင်းပြည်မှာ အခုဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေး မရရှိတာတွေ၊ တရားဥပဒေ စိုးမိုးမှုမရှိတာတွေ၊ ယုံကြည်မှု တည်ဆောက်မှု ပျက်ပြားနေတာတွေ အားလုံးဟာ အကုန်လုံး ချုပ်လိုက်မယ်ဆိုရင် အခြေခံဥပဒေကြောင့် ဖြစ်နေတယ်လို့ ယူဆတယ်။ ဘာ့ကြောင့်လဲ ဆိုလို့ရှိရင် အခြေခံဥပဒေက ပြည်သူလူထုအတွက် တကယ့် အရေးကြီးတဲ့ အခန်းကဏ္ဍက ရှိနေတာ ဖြစ်တဲ့အတွက် ဒီဟာတောင်မှ မပြင်ဆင်ဘဲနဲ့ အစ်မတို့ ယုံကြည် မှုလည်း တည်ဆောက်လို့ မရနိုင်ဘူး။ ပြည်တွင်း ငြိမ်းချမ်းရေးလည်း မရနိုင်ဘူး။ တရားဥပဒေ စိုးမိုးမှုလည်း ရှိနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် အစ်မအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက ပိုပြီး အရေးကြီး တယ်လို့ မြင်တယ်။
ဦးဝင်းမြင့် (ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
လောလောဆယ်ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လုပ်နေတယ်။ တစ်ပြိုင်တည်း လုပ်နိုင်ရင်လည်း ပိုကောင်းတာပေါ့။ ယုံကြည်မှုလည်း ရှိတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက်လည်း လုပ်တယ်ဆိုရင် ပိုအဆင် ပြေတာပေါ့။ အရေးကြီးတာ ကတော့ ၂ ခုလုံး အရေးကြီးတာပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှပဲ အဆင်ပြေ ချောမွေ့မှာလေ။
ဦးဂျေယောဝူ (မဲဆန္ဒနယ် ၁၂၊ ပူတာအိုခရိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)
နှစ်ခုစလုံးက အရေးကြီးတာပေါ့။ တစ်ခုတည်း ပိုအရေးကြီးတာ မရှိပါဘူး။ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရင်တော့ ယုံကြည်မှုကိုလည်း တည်ဆောက်ပြီးသား ဖြစ်သွားတာပေါ့။ ဘာကြောင့်လဲဆိုရင် ဒါကို မပြင်မှာကို စိုးရိမ် တာပဲလေ။ တိုင်းရင်းသား ပြည်သူလူထုတွေက ဒါကို မပြင်နိုင်မှာကို စိုးရိမ်နေတာပဲလေ။
ဦးခွန်ထွန်းဦး (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)
ယုံကြည်မှု တည်ဆောက်နိုင်မှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကောင်းမှာလေ။ အခြေခံဥပဒေ ကောင်းလာမှ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှာလေ။ အဲ့တော့ ဘယ်လိုမှ ခွဲခြားပြီး ပြောလို့မရဘူး။ အဲ့လိုပဲမြင်ပါတယ်။ ယုံကြည်မှုရှိပြီး အခြေခံဥပဒေ မကောင်းရင် ဘယ်လိုလုပ်မလဲ။ အခြေခံဥပဒေက ကောင်းပြီး တစ်ယောက်နဲ့တစ် ယောက် မယုံကြည်ရင် ဘယ်လိုလုပ်မလဲ။ ယုံကြည်မှု မရှိတာလည်း နှစ်ပေါင်း ၅၀ ကျော် ၆၀ လောက် ရှိနေပြီ။ ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်နဲ့ အစတုန်းက ငြိမ်းချမ်းရေးက ရခါနီး ၉၀ ရာခိုင်နှုန်းကြီးတာပဲ။ အခုမှ ယုံကြည်မှုပြောတယ်။ ကျွန်တော် ထင်တာက ၂ ခု လုံးက အရေးကြီးတာ အတူတူပဲ။ ခေါင်းနဲ့ပန်းလိုပဲ။
မစုစုလှိုင် (Myanmar Positive Group Women Network မှ အကြံပေး)
ယုံကြည်မှု တည်ဆောက်တာကို အရင်လုပ်မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို သွားလို့ရမှာ။ ယုံကြည်မှု မတည်ဆောက် ထားဘဲနဲ့ ဖွဲ့စည်းပုံကို ပြင်နေရင်လည်း အမှားချည်းပဲ ဖြစ်နေမှာ။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ လွယ်ကူသွားမယ်။ ယုံကြည်မှု ပျက်ပြားနေရင် ဖွဲ့စည်းပုံပဲဖြစ်ဖြစ်၊ တခြားဘာပဲလုပ်လုပ် ဘယ်ဟာမှ အရာထင်မှာ မဟုတ်ဘူး။ အရေခြုံထားတဲ့ ဟာပဲဖြစ်နေမှာလေ။ အဓိကက တော့ trust (ယုံကြည်မှု) ပေါ့။ trust က ဘယ်နေရာမဆို အရေးကြီးတာပဲ။ မြန်မာပြည်အတွက်ဆို ပိုအရေးကြီး တာပေါ့။ ယုံကြည်မှု တည်ဆောက်ဖို့က နေရာတိုင်းအတွက် အရေးပါတာပေါ့။ ငြိမ်းချမ်းရေး အတွက်ပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံ အတွက်ပဲဖြစ်ဖြစ် ရှေ့ကို မရောက်နိုင်ဘူးဆိုတာ ယုံကြည်မှု မရှိကြလို့လေ။ တစ်ဦးနဲ့တစ်ဦး မယုံကြည်နိုင်သေးဘူးဆိုရင် ဘယ်တော့မှ ရှေ့ကို မရောက်ဘူး။ ဖွဲ့စည်းပုံကြီး ကောင်းနေလည်းပဲ ရှေ့ကို မရောက်နိုင်ဘူးလေ။ ဒါကြောင့် ယုံကြည်မှုက ပိုအရေးကြီးတယ်လို့ အစ်မက သုံးသပ်ပါတယ်။
ကိုငယ်ပီး (ချင်းအမျိုးသားပါတီ အတွင်းရေးမှူး)
ယုံကြည်မှု တည်ဆောက်နိုင်မှပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်လို့ ဖြစ်မှာပါ။ ဒါဟာ အပြန်အလှန် ဆက်စပ် နေပါတယ်။ တစ်ခုချင်း ခွဲခြားလို့ရတဲ့ကိစ္စ မဟုတ်ဘူးလို့ မြင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ပေမယ့် အပြန်အလှန် ယုံကြည်မှု မရှိဘူး ဆိုရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်သတ်ကြီးဖြစ်ပြီး တကယ့် လက်တွေ့မှာ ကျင့်သုံးနေတဲ့ စနစ်က တစ်မျိုး ဖြစ်သွားနိုင်တယ်။ ယုံကြည်မှု တည်ဆောက်တဲ့ဟာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တဲ့ဟာကို တစ်ပြိုင်တည်း လုပ်သင့်တယ်လို့ မြင်ပါတယ်။ ခွဲလို့မရပါဘူး။
ကိုဂျင်မီ (၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
ယုံကြည်မှု တည်ဆောက်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက ၂ ခုလုံး အရေးကြီးတာပေါ့။ ဒီတိုင်းပြည်မှာဆိုရင် ဒါတွေက အပြန်အလှန် အမှီသဟဲ ပြုနေတဲ့ ကိစ္စတွေပဲ။ တစ်လျှောက်လုံး ဒါက အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတို့ စသည်ဖြင့် ဒါတွေအကုန်လုံးက တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိမှ ရမှာပေါ့။ ယုံကြည်မှု တည်ဆောက်ရေးက အရေးကြီးသလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကလည်း အရေးကြီးတာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေက တိုင်းပြည်ရဲ့ အနှစ်ချုပ်ပဲလေ။ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးဆိုတာ တိုင်းပြည်ရဲ့ ရည်မှန်းချက်ပဲ။ အဲဒါကို အကောင် အထည် ဖော်တဲ့အခါ ယုံကြည်မှုနဲ့ သွားကြတာ အကောင်းဆုံးပဲ။ တစ်ယောက်နဲ့ တစ်ယောက် သံသယတွေနဲ့ ယုံကြည်မှု မရှိရင် ပြဿနာက ဖြစ်တာပဲ။ ကိုကိုကြီးပြောတဲ့ အဓိပ္ပာယ်က ကျွန်တော် နားလည်တာက အဲဒီ အဓိပ္ပာယ်ကို ပြောတာပဲ။ ကျွန်တော်တို့ သဘောထားက နဂိုတည်းက ဒီအတိုင်းပဲလေ။ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ဖြစ်ပေါ်လာရေးကလည်း ကျွန်တော်တို့ရဲ့ အရေးပါတဲ့ ရည်မှန်းချက် ဖြစ်တာပဲ။ ယုံကြည်မှု တည်ဆောက်ရေး ဆိုတဲ့ကိစ္စကလည်း ရှိအောင် လုပ်ရမယ့်ကိစ္စပဲ။ အခုလည်း အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတာတို့ ဘာတို့လည်း ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာဖို့ ပြောဆို ဆွေးနွေးပြီး တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု တည်ဆောက်နေတဲ့ လုပ်ငန်းစဉ် တစ်ခုပဲ။ ဒါတွေက ၂ ခုလုံးက အရေးကြီးတယ်။
ဒေါက်တာညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
အခြေခံဥပဒေ ပြင်ဆင်ရင်းနဲ့ ယုံကြည်မှုကို တည်ဆောက် သင့်ပါတယ်။ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ် လာရင်လည်း ယုံကြည်မှု ရလာမှာပါ။ ယုံကြည်မှု တည်ဆောက်နေတဲ့ နေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖြစ်၊ မပြင်ဖြစ်က မသေချာဘူး။  နောက်ပြီး နိုင်ငံ့ ကိုယ်စားလှယ်တွေ၊ လူထု ခေါင်းဆောင်တွေက တိကျတဲ့ ရည်မှန်းချက်တွေ ရှိဖို့တော့ လိုတယ်။ တကယ် လက်တွေ့ကျတဲ့ ပြဋ္ဌာန်း ချက်တွေက အများလက်ခံဖို့လည်း လိုတာလေ။ အခုပြည်သူတွေက တပ်မတော်ကို သူ့ရဲ့ စစ်တန်းလျားမှာပဲ ပြန်နေစေချင်တယ်။ လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်းမှာ မပါစေချင်တော့ဘူး။ ပြည်သူ့ဆန္ဒကလည်း ထင်ရှား နေပြီ။
ဦးကျော်ဝင်း (စာရေးဆရာ)
လက်ရှိအချိန်မှာ ယုံကြည်မှု တည်ဆောက်ရေးတွေ ပြောနေကြပေမယ့် တစ်ယောက်ကို တစ်ယောက်လည်း ယုံကြည်နေကြတာ မဟုတ်ဘူး။ အဓိက ဖြစ်နေတာက အခြေခံ ဥပဒေကို ပြင်ဆင်နိုင်တာ လွှတ်တော်ပါ။ လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ၁၀၉ ဦး ကော်မတီရဲ့ အစီရင်ခံစာကလည်း ဘာမှန်း မသိရသေးဘူး။ လျှောက်ပြော နေကြလို့လည်း ဘာမှထူးမှာ မဟုတ်ဘူး။
 Credit To Myanmar Herald
Read More »

““ကျင့်သုံးရေးအနှစ်သာရ”” – အဲးခိုး


“နိုင်ငံရေး အရဖြစ်စေ၊ စီးပွားရေး အရ ဖြစ်စေ၊ ဖိနှိပ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း လုပ်ရင် အဓမ္မပြုခြင်း သာဖြစ် တယ်” (တောင်ကလေးဆရာတော်)

အသုံးမကျတဲ့ စည်းရုံးလှုံ့ဆော်မှုတွေကို ကျင့်သုံးပြီး လူထုနိုင်ငံရေး လှုပ်ရှားမှုတွေကို မကြိုက်သလို ကြိုက်သလိုနဲ့ ရန်တိုက်တဲ့ အချင်းချင်းအန်တုမှုတွေ လုပ်နေတာကို တွေ့ရ . . .
 အဓမ္မလူမှုအဖွဲ့အစည်း
လူ့အဖွဲ့အစည်းတစ်ခုမှာ မိမိနေထိုင်တဲ့ တိုင်းပြည်အတွင်း ညီတူညီမျှပိုင်စိုးတဲ့ သယံဇာတတွေကို တရားသဖြင့် မဝေခွဲ (မခွဲဝေ)ရင် အဓမ္မလူမှုအဖွဲ့အစည်းပေါ် ပေါက်လာကြရစမြဲပါပဲ။ မတရားတဲ့ (အဓမ္မ) လူမှုအဖွဲ့အစည်း ပေါ်ပေါက်လာရင်
(၁) Elitism = အညာအဖြန်းကြီးစိုး သောဝါဒ
(၂) Ethno Centrism = လူမျိုးကြီး ၀ါဒ
(၃) Racism  = ခွဲခြားမှုဝါဒ
(၄) Classism = ပေါ်အောက်ခွဲခြား သည့်ဝါဒ
(၅) Sexism = လိင်ခွဲခြားသည့်ဝါဒ
(၆) Nationalism = အမျိုးခွဲခြားသည့် ၀ါဒ
(၇) Heterosexism = လိင်တူအခြေ ခံသည့်ဝါဒ
(၈) Ageism = လူကြီးလူငယ်ဝါဒ တွေထွက်ပေါ်လာကြစမြဲပါပဲ။ …
မြင်နိုင်
အဓမ္မ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်လာရင်
(၁) သဘာဝသယံဇာတ
(၂) နိုင်ငံရေးအာဏာ
(၃) ပညာရေး
(၄) ကျန်းမာရေးစောင့်ရှောက်မှု
(၅) ဥပဒေစတဲ့ အခွင့်အရေး တွေဟာ တန်းတူ(ရှိမှု) ရမှု မဖြစ်နိုင်ပါ။ လူမှုအဖွဲ့ အစည်းတစ်ခုရဲ့ တည်ဆောက် ဖွဲ့စည်းပုံ မညီ မျှရင် အဓမ္မစနစ် အဖွဲ့အစည်းကြောင့် လူမဆန်တဲ့ ပြုမူမှုတွေ၊ ဖြစ်ရပ်မှန် မဟုတ်တဲ့ တည်ဆောက် ပုံတွေ တွေ့ကြရစမြဲပါ။ ဒီအခြေအနေကို မြန်မာပြည် နိုင်ငံရေးခေတ် ကာလတစ်လျှောက်လုံး မြင်နိုင်ပါတယ်။
ပွဲကြည့်သူ မဖြစ်ရ
ယနေ့မြန်မာပြည်ကို ကြည့်ပါ။ လူ့အဖွဲ့အစည်း တည်ဆောက်ပုံစနစ် (Social Structure ) ဟာ သဘာဝ အလျောက်ဖြစ် တည်တဲ့ လူမှုစနစ် မဟုတ်ပါ။ နိုင်ငံရေး သမားတွေ လှည့်ကွက်ထဲက တည်ဆောက်တဲ့ လူမှုစနစ် တစ်ခု ဖြစ်နေတယ်။ ဒီလိုစနစ်မျိုးနဲ့ မြန်မာ့လူမှု အဖွဲ့အစည်းမှာ မရှိသင့်ပါ။ (မဖြစ်သင့်ပါ)။ ဒီလို လူမှု အဆောက် အအုံနဲ့ နေရင် မြန်မာလူမျိုးတွေဟာ ဘေးဒဏ် သင့်ခံရတဲ့ လူမျိုးဖြစ်သွား နိုင်ပါတယ်။ ဘေး ဒဏ်သင့် ခံရတဲ့ လူမျိုးဖြစ်သွားရင် ၀ါဒလွန် ကဲသူတွေကို ဆရာတင်ခံရပြီး ပွဲကြည့် သူအဖြစ်နဲ့ (ခေါင်းညိတ်သူ အဖြစ်နဲ့) နေကြရမယ်။ အရှင်တို့ဟာ ဒီလိုဝါဒရှင် အောက်က လွန်မြောက်အောင် သူတို့ရဲ့ သတ်မှတ်ချက် နယ်နိမိတ်ကို (လက်မခံသင့်တာတွေ အားလုံးကို) ရယူပိုင်ဆိုင်မှု ရောက်တဲ့အထိ ပြောင်းလဲယူရမယ်။
သိရမယ်
ဥပမာ မတရားသဖြင့် နိုင်ငံရေး အာဏာ ကိုရယူတဲ့ လူ့အဖွဲ့အစည်း တစ်ခုကို ဆန့်ကျင်မလား၊ ဒါမှမဟုတ် ပေါင်းစည်းမလား။ မိမိရဲ့အတွေး၊ မိမိရဲ့အပြုအမူ၊ မိမိရဲ့ဆန္ဒသဘောထားတွေကို အများနားလည် အောင် ဘယ်လိုပေး သိလိုပါသလဲ။ (ဘယ်လိုပေး သိမလဲ) နိုင်ငံရေး အာဏာဆိုတာ ဆက်နွှယ်ပတ်သက်နေမှု ထူထပ်တာကြောင့် အယူအဆ အားလုံးကို ဖော်ပြထားတဲ့ နိုင်ငံရေးလည်း မဟုတ်ပါ။ ပြန်စိစစ်ရတဲ့ နိုင်ငံရေး၊ လွတ်လွတ်လပ်လပ် မဖော်ပြတဲ့ နိုင်ငံရေးကို ခြိမ်းခြောက်မှု အယူအဆတွေ ဘယ်လောက် များပြားနေ သလဲဆိုတာကို နိုင်ငံရေး လုပ်တဲ့သူတွေကို သင်ပေးနေမှာ ဖြစ်ပါတယ်။
သုံးသပ်ပါ
စက်တင်ဘာလ ၁၁၊ ၂၀၀၁ရက်နေ့တုန်းက လူမှုအဖွဲ့ အစည်းအလွန် အားကောင်းတဲ့ အမေရိကန်တိုင်းပြည်ကို အကြမ်းဖက်သမားတွေက ကမ္ဘာ့ကုန်သွယ် ရေးဗဟိုဌာနကြီးကို လေယာဉ်နဲ့ တိုက်လိုက်တယ်။ စီးပွားရေး အဆောက် အအုံကြီး နာရီပိုင်းအတွင်း မြေပြင်ပေါ်မှာ ပျက်စီးပျောက် ကွယ်သွားတယ်။ အကြမ်းဖက်အုပ်စုက ကြမ်းကြမ်း တမ်းတမ်း ဆန့်ကျင်လိုက်လို့ ကြမ်းတမ်းတဲ့အုပ်စုကို မကောင်းဆိုးဝါး အဖြစ်သတ်မှတ်ပြီး အာဖဂန်နဲ့ အီရတ်ကို ၀င်တိုက်ပြီး တုံ့ပြန်လိုက်တယ်။ ဆန့်ကျင် ဘက်ကြမ်းတမ်းသူတွေကို မကောင်းဆိုးဝါး အဖြစ်နဲ့ ၀င်တိုက် တုံ့ပြန်လိုက်တာကို နိုင်ငံရေး သဘောတရား အရ အဖြေရှာရင် မှန်ကန်သင့်မြတ်တယ်လို့ ယူဆကြတဲ့ သူ တွေရှိကြမှာပါ။
မြန်မာပြည်မှာ ၁၉၈၈ခုနှစ် အရေး အခင်းစတင်ဖြစ်ပေါ်ရာကစပြီး ၂၀၁၀ ပြည့် နှစ်အထိ ဆန့်ကျင်မှု ကာလ သတ်မှတ်ချက် အတွင်း နိုင်ငံရေး  အာဏာကို ၀ါဒစရိုက် နည်းဖြင့် ဘေးအမျိုးမျိုးဖြစ်ပေါ်အောင် လုပ် ကြံဖန် တီးကြတဲ့ လူ့အဖွဲ့အစည်း အုပ်စုတစ် စုရဲ့လုပ်ရပ်ကို မြန်မာလူထုတွေ နိုင်ငံရေး သိမ်းသွင်းမှု အောင်ပွဲ (သို့မဟုတ်) အချင်းချင်း သင့်မြတ်ရေး လုပ်ငန်းစဉ်ဟာ အလွန်လေး စားထိုက်တဲ့ နိုင်ငံရေးစနစ်ပါပဲ။
မြန်မာ့နိုင်ငံရေး လမ်းစဉ်
ပဋိပက္ခ-ဖြစ်စဉ် တစ်ခုဟာ အရင်းအမြစ်ကို မသုံးသပ်ဘဲ အဖြေရှာဖို့ (ရဖို့) ခဲယဉ်းပါတယ်။ အိမ်နီးနားချင်း၊ ခြံစည်းရိုးချင်းနဲ့ နယ်နိမိတ်ချင်းများ ပဋိပက္ခရှိကြ (ဖြစ်ကြ)သလို ရင်းသူ၊ စိမ်းသူတို့လည်း ပဋိပက္ခ(နှစ်စု၊ နှစ်ဖွဲ့) ရှိကြတာပါပဲ။ တစ်ဖက်သတ်(တစ်ဖက်သား) အပြစ်တင်၊ တင်းမာမှု အမျိုးမျိုးနဲ့ ဖြစ်နေကြတဲ့ ပဋိပက္ခလောက ကို နားလည်ပေးနိုင်မှု အပြည့်အ၀ထား တတ်တဲ့သူဟာ ရည်ရွယ်ချက်ကောင်းကို ပြည့်ဝတဲ့သူလို့ ဆိုရမယ်။
ဒါကြောင့် (၁) အဆက်အသွယ် လုပ်ခြင်း
(၂) အရင်းအမြစ်တွေကို မျှဝေခြင်းဟာ အကြမ်းမဖက်ခြင်း လူမှု အသိုင်းအ၀ိုင်းကို ဖန်တီးတာပါပဲ။ ဒီလမ်းစဉ် ဟာ မြန်မာတွေ သွားရမယ်။ မြန်မာတွေ ယူထားရ မယ်။
စည်းရုံးသိမ်းသွင်း
မြန်မာအစိုးရထဲက အချို့ခေါင်း ဆောင်တွေဟာ ဘာသာရေးနဲ့ နိုင်ငံရေးတွဲ ဖက်ပြီး နိုင်ငံရေး စားဖားကြီးတွေ လုပ်နေ ကြတယ်။ ကိုယ်ပိုင် အရည်အချင်း မဲ့ပြီး စိတ်ထားပါ မဖြူစင်ဘဲတွေရတယ်။ မှား ယွင်းတဲ့ နိုင်ငံရေး လမ်းစဉ်တွေကို လက်ခံကျင့်သုံးယူပြီး အကြမ်းဖက်ခြင်း လောကကို ဖန်တီးတယ်။ ခွဲခြားဆက်ဆံတယ်။ မုန်း တီးခြင်းနဲ့ အချင်းချင်းကို ရန်တိုက်တယ်။ စစ်နဲ့နိုင်လိုမင်းထက်သုံးတယ်။ တစ်နိုင်ငံ လုံးသုံးတဲ့ငွေကို တစ်ယောက် တည်း သုံးချင်တယ်။ နောက်လိုက်သူတွေက သဘော ကျလို့ အတုယူကြတယ်။ သင်းဖွဲ့ကို ပါတီနိုင်ငံရေး ဖြစ်အောင်လုပ်တယ်။ အများ နဲ့ဆိုင်တဲ့ပိုင်ဆိုင်မှုကို စုပေါင်းပြီး ဖွဲ့စည်း ပိုင်ဆိုင်လိုကြတယ်။ ပဋိပက္ခများအောင် ဖက်တဲ့နည်းနဲ့နိုင်ငံရေးကို စည်းရုံးသိမ်း သွင်းတယ်။
သူ့မူနဲ့သူ့လူ
ဒီလိုစည်းရုံး သိမ်းသွင်းတဲ့ နည်းပရိ ယာယ်ကြောင့် မြန်မာပြည်ကို တစ်ပါတီ အာဏာရှင်စနစ်လားလား လှုပ်ရှား ပြတဲ့ အခြေအနေတွေထွက်လာတာကို တွေ့ရ တယ်။ အသုံးမကျတဲ့ စည်းရုံးလှုံ့ဆော်မှု တွေကို ကျင့် သုံးပြီး လူထုနိုင်ငံရေး လှုပ်ရှားမှုတွေကို မကြိုက်သလို ကြိုက်သလိုနဲ့ ရန်တိုက်တဲ့အချင်းချင်းအန်တုမှုတွေ လုပ် နေတာကို တွေ့ရတယ်။ ဒီအမူအကျင့်တွေဟာ နိုင်ငံရေး လှုပ်ရှားမှု တစ်လျှောက် လုံးမှာ မမြင်ချင် လောက် အောင် တွေ့ရတယ်။ ရှည်ရှည်ဝေးဝေး ကြည့်ဖို့ မလိုပါ။ မိတီ်္ထလာ အရေး၊ ပဲခူး အနောက်ခြမ်းအရေး၊ လားရှိုး အရေးတွေဟာ ရုတ်တရက် နားမလည်တဲ့ သူတွေက အဖျက်အမှောင့် အုပ်စုတစ်စုက လုပ်သလိုလိုနဲ့ ထင်ရ တယ်။ တကယ်တော့ လက်ရှိ အစိုးရ နိုင်ငံရေးလုပ် ဆောင်မှုဟာ အစိုးရကို လူထုကထောက်ခံ ပွဲလုပ် စေချင် တဲ့ ဆန္ဒကြောင့် အော်ပေး၊ ဟစ်ပေး၊ ထောက်ခံပေးမယ့် အလုပ်တွေကို ဖန်တီးယူတာပါပဲ။ သူ့မူနဲ့ သူ့လူပါပဲ။
အကွက်ချ နိုင်ငံရေး တွေဖန်တီး
ဒီမိုကရေစီ နိုင်ငံတစ်ခုဟာ အစိုးရကို ထောက်ခံတဲ့ လူထုပြပွဲတွေ၊ အစိုးရကို ဆန့်ကျင်တဲ့ လူထုပြပွဲတွေ မရှိရင် အာဏာရ အစိုးရကို ချီးမွမ်းကြမယ့် သူတွေ မရှိပါဘူး။ ကွန်မြူနစ်နိုင်ငံရေး တွေတောင် ဆန္ဒပြပွဲ တွေရှိသေး တာပဲ။ ဒီမိုကရေစီ နိုင်ငံရေးဆို ရင်တော့ တော်လှန်ရေး ချီတက်ပွဲတွေ မရှိလို့ မဖြစ်တာအမှန်ပါပဲ။ ဘယ်အစိုးရ မဆို ပြည်သူ့ထောက်ခံ အားပေးမှုကို လိုချင်ကြ တာပါပဲ။ တမင်တကာ အကွက်ဆင်ပြီးလုပ် ခိုင်းတဲ့ လူထု ဆန္ဒပြပွဲတွေ လည်းရှိ တတ်ပါတယ်။ အရှင်တို့ မြန်မာလူမျိုးတွေက နိုင်ငံရေးအမြင် မစုံကြသေးတော့ နိုင်ငံရေး ဟာ ကိုယ်နဲ့ မဆိုင်ဘူး ချည်းသက်သက်ပဲ ထင်နေမိတယ်။ အဲဒီအထင်ကြောင့် မြန်မာ ပြည်နိုင်ငံရေး စားဖားကြီး တွေက အမျိုးမျိုး လှည့်ပြီး အကွက်ချနိုင်ငံရေးတွေ ဖန်တီး လုပ်စားနေကြတယ်။
နိုင်ငံတော် သစ္စာဖောက်တယ်လို့ မမြင်ရ
မြန်မာပြည် နိုင်ငံရေးဟာ အာဏာရ ပါတီတွေကို ကြည့်လိုက်ရင် အစိုးရဆန့် ကျင်တဲ့ နိုင်ငံရေး အစီအစဉ်တွေ မလုပ်ဘဲ အစိုးရရဲ့ အလုပ်ကို ၀င်ရောက်ပူး ကပ်လုပ် ကိုင်နေကြတာတွေကို တွေ့ရတယ်။ လူထုအကျိုးကို အကြောင်းပြပြီး အစိုးရရဲ့  အဓိကမူဝါဒ တွေကို လိုက်လံပြီးတော့ ထောက်ခံနေကြတယ်။ အစိုးရ သိက္ခာတက် စေအောင်လုပ်ပေး နေတာဖြစ်ပေမယ့် ဒီမိုကရေစီ နိုင်ငံရေးကို အကဲခတ်သုံးသပ်တဲ့ နိုင်ငံရေး ပုဂ်္ဂိုလ်တွေ ကတော့ အာဏာရတဲ့ အဲဒီပါတီကြီးတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု အခြေအနေဟာ အာဏာရှင်စနစ်ပြန်ကြီး စိုးရေး အတွက်ပဲ လုပ်ဆောင်တဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ တကယ်တော့ နိုင်ငံရေးဟာ အစိုးရကို ဆန့်ကျင်တာကို နိုင်ငံတော် သစ္စာဖောက်တယ်လို့ မမြင်ရပါ။ အဲဒီအမြင်ဟာ ဒီမိုကရေစီ နိုင်ငံရေး မူဝါဒနဲ့ တခြား စီဖြစ်နေ ပါတယ်။
ဒီမိုကရေစီဆိတ်သုဉ်း
မြန်မာ့နိုင်ငံရေးဟာ သည်းခံခွင့်ပြု နိုင်လောက်တဲ့ နိုင်ငံရေး ရင့်ကျက်မှုမျိုးတွေ မရှိသေးပါဘူး။ နိုင်ငံရေးဆိုတာ မိမိတို့ ဆန့်ကျင်နေတဲ့သူနဲ့ ပါတီတွေကို ဆန့်ကျင်မှု ခွင့်ပြုပေးရမယ်။ သည်းခံပေးရမယ်။ မိမိကို ဆန့်ကျင်တဲ့ သူကို သစ္စာဖောက်သူ၊ သစ္စာမဲ့သူလို့ မမြင်ရပါ။ မူဝါဒမဲ့စွာ ဆန့်ကျင်တဲ့ သူမဖြစ်ဖို့ ဒီမိုကရေစီ နိုင်ငံရေးမှာ လိုအပ်တယ်။ ဒီမိုကရေစီ အလေ့အကျင့် မပြည့်ဝသေးတဲ့ အရှင်တို့ မြန်မာပြည်ဟာ အတိုက်အခံသဘောတွေ လှုပ်ရှားမှုတွေ တွေ့လာရင် မကောင်းမှုအမျိုးမျိုးနဲ့ သမုတ် ပြီးသည်းမခံကြတဲ့ ယုတိ္တမဲ့ စိန်ခေါ်မှုတွေ လုပ်နေ တာကို တွေ့ရတယ်။ အဲဒီယူဆ ချက်ဟာ အမှန်တရားအရ ယူဆတာ မဟုတ်ဘဲ သံသယအရသာ ယူဆမှုဖြစ် တယ်။ သံသယအဖြစ်နဲ့ တက်တက်ကြွကြွ လုပ်တဲ့ နိုင်ငံရေးဟာ အကြမ်းဖက်မှုဖြစ် သွားတတ်တယ်။ အကြမ်း ဖက်မှု ဖြစ်လာတဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီရေး ဆိတ်သုဉ်းပါတယ်။ ဒီမိုကရေစီ နိုင်ငံရေး ဆိတ် သုဉ်းနေရင် ဖောက်ပြန်တဲ့ အစိုးရတွေ ကြီးစိုးမှု အမျိုးမျိုးလုပ်နေမှာပါပဲ။
လက်လွတ်ဆုံးရှုံး
အာဏာရှင်၊ အစိုးရကြီးစိုးတဲ့ အချိန်က မြန်မာပြည်သူတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ယူဆချက်တွေ၊ အမြော်အမြင်တွေ မစဉ်းစားရဲ၊ မဆွေးနွေးရဲကြဘဲ ကြောက်စိတ်စိုး ရိမ်စိတ်တွေနဲ့ပဲ တိတ်တိတ် ကလေးကြိတ် မှိတ်ပြီး နေကြရတယ်။ ကွဲလွဲ ဆန့်ကျင်တဲ့ နိုင်ငံရေးယူဆချက် အကြောင်း အရာတွေ တစ်ပါးပါးပြောမိဆိုမိရင် ““ယူဂျီတွေ၊ ကွန်မြူနစ်တွေ၊ သစ်္စာဖောက်တွေ””ဆိုပြီး လူပုံအလယ်မှာ ရှုတ်ချခံခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးဟာ နိုင်ငံရေးတွေ စိတ်ဝင် စားတဲ့ကလေးတွေ အလိုအလျောက် စိတ် ဓာတ်ရေးရာ ချိုးနှိမ်ခံခဲ့ရတယ်။
တကယ်တော့ ကွဲလွဲဆန့်ကျင်တဲ့ အယူအဆတွေဟာ သေသေချာချာလေ့ လာကြရင် (နားထောင်ကြည့်ရင်) ယုတိ္တ ဆန်တဲ့ ယူဆမှုတွေ၊ ဆင်ခြင်တုံတရားစုတွေ၊ အကျိုးပြုကောင်းတွေ အများကြီးပါရှိနေတာ ကိုတွေ့ ရတယ်။ ဒါကြောင့် နိုင်ငံရေးကို လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဆွေး နွေးခွင့်ထားခဲ့တာဖြစ်တယ်။ နိုင်ငံရေးမှာ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဆွေးနွေးခွင့် မထားရင် ဆန့်ကျင်အမြင်တွေ မမြင်ရဘဲ တင်ပြခွင့်အမြင်တွေပါ လက်လွတ် ဆုံးရှုံး ကြရတယ်။
အာဏာရှင် အစိုးရမြင်ကွင်း
နိုင်ငံရေး အချို့ဟာ ကွဲလွဲတဲ့ ယူဆချက်ရှိတဲ့ နိုင်ငံရေးအယူကို လက်မခံကြ ဘဲ အမှားလုပ်သူ အဖြစ်နဲ့ သဘောထား တယ်။ နိုင်ငံရေးဆိုတာ အခြေခံစနစ်ချင်း မတူညီကြပါ။ ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေး ၀ါဒပဲဖြစ်ဖြစ်၊ အခြေမခံတဲ့ ၀ါဒပဲ ဖြစ်ဖြစ် ဆင်ခြင်တုံတရားများ အခြေခံမှု မပါရင် လူထုလိုအပ်ချက်နိုင်ငံရေး အကျိုး စီးပွားကောင်း ဖြစ်လာနိုင်စရာ မရှိပါ။ (ရှိမယ် မဟုတ်ပါ) အာဏာရှင် နိုင်ငံရေးစနစ် ကိုလေ့လာပါ။ ယခင်မြန်မာပြည် အာဏာရှင် အစိုးရဟာ ပြောတိုင်း၊ ခိုင်းတိုင်းလိုက်နာမှ အမှန်လို့သတ်မှတ်တယ်။ မလိုက်နာ သူကို အမှားလို့ မြင်တယ်။ ပြိုင်ဘက်ကို ရန်ဘက် သတ်မှတ်တယ်။ ယှဉ်ပြိုင်သူကို ရင်ဆိုင်သူအဖြစ်မြင်တယ်။ ပြိုင်ဘက်ကို ထောင်သွင်းတယ်။ အကျဉ်းချတယ်။ ၀ိုင်းတိုက်ကြတယ်ဆိုတဲ့ ဒီပြုမူချက်တွေဟာ အာဏာရှင် အစိုးရတိုင်း လိုလိုမှာ မြင်တွေ့ နိုင်ပါတယ်။
အားမနည်းစေပါ
မြန်မာပြည်ဟာ တိုင်းရင်းသားတွေ (သို့မဟုတ်) လူမျိုးကို အခြေခံတဲ့နိုင်ငံရေး ပါတီတွေ ဖွဲ့စည်းထားတာ ရှိပါတယ်။ လူမျိုးကွဲပြား ခြားနားနေမှုကြောင့် နိုင်ငံရေး အာဏာကျင့်သုံးဖို့ခက်ခဲလာနိုင်တယ်လို့ မြန်မာပြည် နိုင်ငံရေးကို သုံးသပ်တဲ့သူတွေက ယူဆကြတယ်။ ဤအရှင်က အဲဒီလို မယူဆပါ။ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်း သားတွေဟာ လူမျိုးရေးကို အဓိကထားတဲ့ တိုင်းရင်းသားတွေ မဟုတ်ကြပါ။ အကယ်၍ လူမျိုးရေးကို အဓိကထားမယ့် တိုင်းရင်းသားတွေများ ဖြစ်ခဲ့ရင်တောင် လူမျိုးရေးကို အဓိကထားတဲ့ နိုင်ငံရေး တော့ လုပ်ကြမယ် မဟုတ်ပါ။
ဘာကြောင့်လဲ ဆိုရင် ပြည်ထောင်စု စနစ်နဲ့ တည်ထောင်တဲ့ တိုင်းပြည်ဟာ လူမျိုးသက်သက်ကို အဓိကထားတဲ့ နိုင်ငံရေး ပါတီတွေ မဖြစ်နိုင်ပါ။ လူ့အဖွဲ့အစည်းဆို တာမျိုးတူ အုပ်စုတွေနဲ့ ပိုင်းခြားထားတာ ကြောင့် ပါတီ နိုင်ငံရေး စနစ်ပေါ်ပေါက် လာလို့ မျိုးတူအုပ်စုတွေ အခြေခံပြီး ဖွဲ့စည်းထားတဲ့ ပါတီဟာ နိုင်ငံရေးကို ခံယူတဲ့ နေရာမှာ တူညီတဲ့ခံယူချက်တွေ ပေါင်းစည်းထား တာကြောင့် ဒီမိုကရေစီနိုင်ငံရေးကို အားမနည်းစေနိုင်ပါ။
နောက်မကြာ မြန်မာပြည်မှာ
ဂျူးလူမျိုးတွေကို နာဇီတွေ နှိမ်နင်းတဲ့ အဖြစ်ဟာ လူမျိုးရေးကို အဓိကထားလွန်းတဲ့ နိုင်ငံရေးကြောင့် ဆိုပြီးတော့ သုံးသပ် ထားပါတယ်။ လူမျိုးတစ်မျိုးလုံး ပျောက်ကွယ်သွားအောင် နိုင်ငံရေးနဲ့ ဖိအုပ်စီးထား လို့မရပါ။ နည်းမျိုး စုံနဲ့ လုပ်နေပေမယ့် နောက်ဆုံးတော့ မဆလပါတီကြီးတစ်ရပ် လုံး ပျောက်ကွယ်သွား သလိုပဲဖြစ်သွား တာပါပဲ။ လူမျိုးအားလုံးရဲ့ အကျိုးစီးပွားဟာ နိုင်ငံရေး သို့မဟုတ် ပါတီတွေနဲ့ မသက်ဆိုင်ပါ။ လူမျိုး အကျိုးကိုကြည့်ပြီး ပါတီဖွဲ့စည်း ထားတာမဟုတ်လို့ လူမျိုးကို စည်းရုံးပြီး ပါတီဖွဲ့စည်းပြီး အပြုတ်တိုက်ပေမယ့် ခု ခေတ်ကာလမှာ နာဇီ တော်လှန်ရေးလိုလည်း လုပ်လို့မရတော့ပါ။ နိုင်ငံရေးဟာ ပြိုင်ဆိုင်မှု မဟုတ်ပါ။ ပါတီကသာ ပြိုင်ဆိုင်ရ မှာဖြစ် ပါတယ်။ ပါတီဖွဲ့ပြီး မပြိုင်ရင် ဒီမိုကရေစီ အားမရှိပါ။ တစ်ပါတီစနစ်နဲ့ ကြီးစိုးတဲ့ မြန်မာ့ ဆိုရှယ်လစ်ခေတ် ကိုပြန်ကြည့်ပါ။ အာဏာရယူပြီး ပြိုင်ဆိုင်ကြသူ မရှိတာကြောင့် အာဏာကြီးစိုးမှုနဲ့ပဲ အချိန်ကုန်ပြီး ကျဆုံးသွား ကြတယ်။ ဒီလိုအဖြစ်နဲ့ ကြုံရတဲ့ ပါတီတွေ ကမ္ဘာပေါ်မှာ များစွာရှိသလို နောက်မကြာ မြန်မာပြည်မှာ ကြီးစိုးတဲ့ ပါတီကြီး အချို့လည်း ကြုံရနိုင်မယ့် အနေအထားတွေမှာ ရှိတယ်ဆိုတဲ့အကြောင်း တွေ့ထားပါတယ်။
စွမ်းနိုင်သည့် အရည်အချင်းသာ
အရင်က မြန်မာပြည်မှာ ဖက်ပြိုင် ကင်းတဲ့ပါတီဟာ မဆလပါတီပါပဲ။ ပြိုင်ဘက်မရှိလို့ အဂတိတွေ လိုက်စားပြီး လာဘ်ပေးလာဘ်ယူမှုတွေ ဖော်မပြနိုင်လောက် အောင်များပြားခဲ့တယ်။ ပါတီကြီးစိုးတဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီ နိုင်ငံရေး မဟုတ်ပါ။ ပါတီနိုင်ငံရေးဟာ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်မရှိရင် နိုင်ငံတော်နဲ့ ပါတီသတ် မှတ်ထားချက် ရှိနေပြီလို့သာ မှတ်ရမယ်။ အဲဒီသဘောတရားဟာ ယခင် မဆလ ခေတ် မြန်မာ့နိုင်ငံရေးကို လေ့လာရင် မြင် နိုင်ပါတယ်။ ခုခေတ် နိုင်ငံရေးဟာ ပါတီ အစွဲအလမ်း မထားကြဘဲ ကိုယ်စားပြုတဲ့ ပုဂ်္ဂိုလ်ပဲ ရွေးတင်ကြပါတယ်။ ပါတီတွေကိုလည်း စွဲစွဲမြဲမြဲ မထားသလို ပုဂ်္ဂိုလ်ကိုလည်း မြဲမြဲမြံမြံ မထားပါဘူး။ အရည်အချင်းနဲ့ အရည်အသွေး ပြည့်ဝရင် နိုင်ငံရေးဟာ အစွဲအလမ်း မရှိဘဲ ကျင့်သုံးတဲ့နိုင်ငံရေး စနစ်အတိုင်း သွားနေတာပါပဲ။ နိုင်ငံရေး ပါးဝမှု မရှိသေးတဲ့ အချိန်မှာတော့ ပါတီခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်ဆိုပြီး သမုတ် တင်ပြီးထားကြဦးမှာပဲ။ နောက်ဆုံးပြ နိုင်ငံရေး ပန်းတိုင်ဟာ ပုဂ်္ဂိုလ်ရေး ပါတီရေး မဟုတ်ဘဲ စွမ်းနိုင်သည့် အရည်အချင်းသာ ဖြစ် ပါတယ်။
နှလုံးအိမ်မှာ စွဲမြဲစွာ
ခေတ်ကာလ နိုင်ငံရေး လှည်းဘီးဟာ လူထုချည်းသက်သက်ပဲ နစ်နာပြီး ခံစား ရမယ်လို့ မရှိပါ။ အခွင့်အရေး တွေ၊ ရပိုင် ခွင့်တွေ၊ အကာအကွယ်တွေ မရသေးတဲ့ အချိန်မှာ အရှင်တို့လူထုတွေဟာ တရား မျှတမှုကိုသာ ကျင့်သုံးတတ်အောင် တည် ဆောက်ထားကြပါ။ တရားမျှတတဲ့ ဥပဒေ တွေ လက်တွေ့ကျင့်သုံးမှုကိုလည်း ကြိုး စားကြပါ။ လက်တွေ့ကျင့်သုံးရေးရဲ့ အနှစ် သာရဟာ ဒီမိုကရေစီ စနစ်ရဲ့ပန်းတိုင် ပါလို့ သိထားရမယ်။
- လူမှုတရားမျှတရေး
- လူထုအကျိုးစီးပွား ကာကွယ်ရေး
- မတရားဥပဒေအမိန့် မထုတ်ပြန် နိုင်ရေးတွက် ကို မြန်မာလူထု နှလုံးအိမ် မှာ စွဲမြဲစွာတည်ရှိဖို့ပါပဲ။
Credit To Myanmar Herald
Read More »

လွတ်လပ်ရေးအကြိုကာလ အောင်ဆန်းအက်တလီ စာချုပ်၏ အနှစ်သာရ နီငြိမ်း

scan
(၀ဲမှယာ) မစ္စတာ အက်တလီ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးစော (မျက်မှန်)၊ ဦးတင်ထွဋ်
၁၉၄၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရခဲ့သည်မှာ နု-အက်တလီ စာချုပ်ကြောင့်ဟု လူသိများသည်။ သမိုင်းကို စစ်စစ်ပေါက်ပေါက် လေ့လာလျှင် လွတ်လပ်ရေးရခြင်းသည် အောင်ဆန်းအက်တလီစာချုပ်အပေါ်၌ အခြေခံသည်။ မြန်မာနိုင်ငံအနေဖြင့် ဗြိတိသျှစနစ် ဓနသဟာယအတွင်း နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ ဆောလျင်စွာ လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်က မျှော်မှန်းသည်။ ဗိုလ်ချုပ်တို့ သဘောတူညီချက်များ အပြည့်အစုံမှာမရပါ။ ယခုရှာဖွေရသည်ကို ဂျာနယ်မှ တင်ပြလိုက်ပါသည်။ ခေါင်းစီးအလိုက်ဖော်ပြပါမည်။
တိုင်းပြုပြည်ပြုလွှတ်တော်
၁၉၃၅ ခု အက်ဥပဒေအရ ဥပဒေပြုအဖွဲ့အစား တိုင်းပြုပြည်ပြုလွှတ်တော်တစ်ခု လွှတ်တော်တစ်ရပ်ကို ရွေးကောက်တင်မြှောက်ဖို့လိုသည်။
ဧပြီလအတွင်း လူမျိုးသီးခြားမထားသောအစု၊ ကရင်အမျိုးသားအစု၊ အင်္ဂလိပ်၊ မြန်မာ ကပြားအစုတို့အတွက် ရွေးကောက်ပွဲကျင်းပမည်။ ထိုအစုအဖွဲ့တိုင်းက ကိုယ်စားလှယ်နှစ်ဦးစီ လွှတ်ရမည်။
ခေတ်ပြောင်းချိန်က အရေးကြီး
၁၉၃၅ ခုတွင် ဖြစ်ပေါ်လာသော အက်ဥပဒေပါ အထူးအာဏာများနှင့် ၄၅း၃ ယာယီစီမံချက် ဥပဒေများ ပေါင်းစပ်ကာ ဘုရင်ခံကာင်စီတွင် အမိန့်များထုတ်ပြန် ဆာင်ရွက်ကြမည်။
အထူးဆောင်ရွက်ရန်လိုသည်ဟူသော ထင်မြင်ချက်များရှိလျှင်  အစိုးရက ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားမည်။
ကြားဖြတ်အစိုးရအဖွဲ့
ကြားဖြတ်အစိုးရအဖွဲ့အတွင်း ၁၉၄၅ ခုနှစ် အက်ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဥပဒေပြုကောင်စီရှိမည်။ ထိုကောင်စီအတွက် ၅၁ ဦးမှ ၁၀၀ အထိ ပါဝင်ရန် လျာထားသည်။
တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ခြင်းများ ပြီးဆုံးသည်နှင့် ဘုရင်ခံသည် ဦးရေ ၁၀၀ ပါ ဥပဒေပြုကောင်စီကို ခန့်အပ်မည်။ ထိုကောင်စီတွင် တိုင်းရင်းသားမဟုတ်သူ လူနည်းစု ကိုယ်စားလှယ်များလည်း ပါဝင်ရမည်။ ထိုကိုယ်စားလှယ်များကို တိုင်းပြုပြည်ပြု လွှတ်တော်ကရွေးချယ်ရန်။
ကြားဖြတ်အစိုးရအဖွဲ့  ဆောင်ရွက်ရန်များ
ဘုရင်ခံ၏ အာဏာကိုပြောင်းလဲပစ်ရန် မဖြစ်နိုင်သော်လည်း ကြားဖြတ်အစိုးရသည် အိန္ဒိယတွင် လုပ်သလိုလုပ်မည်။
ဒိုနိုမီနီယမ် အစိုးရကို ဘုရင်ခံက တိုင်ပင်ဖွဲ့စည်းရပါမည်။ နိုင်ငံအုပ်ချုပ်ရေးတွင် အမှုဆောင်ကောင်စီက အစိုးရအကြီးအကဲကို လွတ်လွတ်လပ်လပ်ရွေးချယ်ပေးရမည်။
ကာကွယ်ရေး၊ နိုင်ငံခြားရေးကိစ္စရပ်များကို အမှုဆောင်ကောင်စီအစိုးရက တင်သွင်းရမည်။
ထိုကိစ္စများ ဆောင်ရွက်ရန် ဘုရင်ခံက ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများကို တာဝန်လွှဲမည်။ အမှုဆောင်ကောင်စီအစိုးရသည် စီမံကိန်းနှင့်အုပ်ချုပ်မှုကိစ္စရပ်များကို ကင်းလွတ်ခွင့်ရမည်။
ကုလသမဂ္ဂ၀င်ခွင့်
နိုင်ငံခြားရေးကိစ္စရပ်များ ဆောင်ရွက်ရန် လန်ဒန်တွင် မဟာမင်းကြီးတစ်ဦး ခန့်ထားရမည်။ မြန်မာနိုင်ငံ ကုလသမဂ္ဂ၀င်ဖြစ်ရေး အချိန်အခါအရ ဘုရင့်အစိုးရက ထောက်ခံချက်ပေးမည်။ ဤနေရာ၌  UN အတွင်းရေးမှူးချုပ်ကိုလည်း တိုင်ပင်ရမည်။
အခြားသော နိုင်ငံတကာအဖွဲ့အစည်းများအတွင်းသို့ မြန်မာဝင်လိုလျှင် ခွင့်ပြုချက်ရရေး ဘုရင့်အစိုးရအဖွဲ့ထံ ချဉ်းကပ်လုပ်ဆောင်မည်။
ကာကွယ်ရေး
(က) မြန်မာနိုင်ငံ၌ထားသည့် စစ်သည်များသည် အင်္ဂလိပ်အစိုးရ အုပ်ချုပ်မှုအောက်၌ ရှိသည်။
(ခ) မြန်မာစစ်သည်အားလုံး မြန်မာအစိုးရအုပ်ချုပ်မှုအောက်၌ ရှိသည်။
(ဂ) လက်နက်ကိုင်အဖွဲ့များ၏ အကြီးအကဲသည် ဘုရင်ခံနှင့်မြန်မာအစိုးရ လက်အောက်ခံဖြစ်ရမည်။
(ဃ) မဟာမိတ်အချင်းချင်း စစ်ဘက်လုပ်ငန်းများ မပြီးသေး၍ လက်နက်ကိုင်အားလုံး၊ အရှေ့တောင်အာရှတပ်မှူးအောက်၌ ရှိနေလိမ့်မည်။
(င) နှစ်ဖက်အစိုးရတို့က ကာကွယ်ရေးအတွက် ကူညီရန်တာဝန်ရှိသည်။
(စ) အုပ်ချုပ်ရေးအသစ်ထူထောင်ပြီးလျှင် ဗြိတိသျှ စစ်တပ်များအတွက် ထားရေး၊ မထားရေး ဗြိတိန်အစိုးရနှင့် မြန်မာအစိုးရညှိနှိုင်းလုပ်ဆောင်မည်။
နယ်ခြားကိစ္စရပ်များ
နှစ်ဖက်အစိုးရ သဘောတူပြီး ဖြစ်သည့်အတိုင်း တောင်တန်း မြေပြန့်အကျိုးရှိအောင် ပူးတွဲလုပ်ကိုင်မည်။
ပြည်နယ် ပြည်မ လွတ်လပ်စွာကူးသန်းခွင့်ရှိသည်။
မကြာမီ ကျင်းပမည့် ပင်လုံညီလာခံ ခေါင်းဆောင်များထံ နယ်ခြားအုပ်ချုပ်ရေးအတွက် အမှုဆောင်ဝန်ကြီးတစ်ဦးစီခန့်ထားရေးလုပ်ဆောင်မည်။
ပင်လုံကွန်ဖရင့်ပြီးလျှင် ဗြိတိသျှအစိုးရ နှင့် မြန်မာအစိုးရတို့အကြား တောင်တန်းသားများဆိုင်ရာ သဘောတူညီချက်ယူမည်။
နယ်ခြားဒေသများနှင့် ပေါင်းစည်းရန် စုံစမ်းရေးကော်မရှင်ထူထောင်မည်။ ထိုကော်မရှင်တွင်  ပြည်နယ်၊ ပြည်မကိုယ်စားလှယ်များ အချိုးကျပါဝင်မည်။
ဥက္ကဋ္ဌမှာ မြန်မာပြည်ပြင်ပမှ ကြားနေပုဂ္ဂိုလ်ဖြစ်ရမည်။
ဘဏ္ဍာရေးသဘောတူညီချက်
မြန်မာနိုင်ငံတော်က ကိုယ်ပိုင်ဘဏ္ဍာရေး အုပ်ချုပ်ခွင့်ရှိသည်ကို ဗြိတိသျှအစိုးရက သဘောတူသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ် World Bank တွင် မြန်မာအဖွဲ့ဝင်ဖြစ်ရေး ဗြိတိသျှအစိုးရက တာဝန်ယူခဲ့ပြီး ဖြစ်၏။
၄၅ ခု အောက်တိုဘာလမှ ၄၆ ခု စက်တင်ဘာလအထိ အတိုးလွတ်ငွေဒင်္ဂါး နှစ်သန်းရခဲ့ပြီး ၄၆ ခု အောက်တိုဘာမှ ၄၇ ခု စက်တင်ဘာအထိ ၇၅ သန်း ရရန်သဘောတူညီချက်ရသည်။
ဗြိတိသျှအစိုးရက ပရောဂျက်စီမံကိန်း ဘတ်ဂျက်ကို အချုပ်အချယ်ကန့်သတ်မှု မပြုသတ်မှတ် ချေးငွေရရန် ဗြိတိသျှတို့က စုံစမ်းပေးမည်။
တစ်ဦးအပေါ်တစ်ဦးက တာဝန်မထားဘဲ ဘဏ္ဍာရေးကို ထပ်မံတွဲဖက်စစ်ဆေးကြရန်။
အခြားလုပ်ငန်းအချို့
ဗြိတိသျှအစိုးရနှင့် မြန်မာအလုပ်အမှုဆောင်အစိုးရတို့သည် ယခုနည်းအတိုင်းရိုင်းပင်းခြင်း၊ တိုင်ပင်ခြင်းကို ဓနသဟာယ သို့ ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ တိုးတက်အောင်ပြုလုပ်ရမည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေးအသစ်မစမီ အနာဂတ်တွင်ဖြစ်ပေါ်မည့် ကိစ္စရပ်တိုင်းကို တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီရန်တို့ ပါရှိသည်။
(ပုံ) စီအာအက်တလီ
၂၀ ဒေါင်းနင်းလမ်း
၁၉၄၇ ခု ဇန်န၀ါရီ ၂၇ ရက်
(ပုံ) အောင်ဆန်း
မြန်မာအဖွဲ့ခေါင်းဆောင်
ဗမာပြည်
၂၇-၁-၁၉၄၇
ဤအောင်ဆန်းအက်တလီစာချုပ်ကြီး ကိုဦးစောနှင့် သခင်ဗစိန်တို့က သဘောမတူသဖြင့် Note of dissent by ဦးစော  U Saw and Tha khin Ba Sein ဟူသော အင်္ဂလိပ်လို ထည့်ရေးခဲ့သည်။ အောင်ဆန်းအက်တလီ စာချုပ်ရေးရာတွင်အပါးတော်မြဲ၊ ဗိုလ်ထွန်းလှက အချိန်ပြည့် လိုက်လံဆောင်ရွက်ပေးသည်။ ထို့နောက် ဗိုလ်ချုပ်တို့အားလုံး ၃၁-၁-၁၉၄၇ ရက်တွင် လန်ဒန်မှ မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့ကြောင်း စုဆောင်းပါရှိသည့် သတင်းဟောင်းများကို တင်ပြအပ်ပါသည်။
ကျမ်းကိုး
-    ဗိုလ်ချုပ်နှင့်မောင့်ဗက်တန် (ကိုဝမ်း)
-    မြန်မာ့သမိုင်းပုံရိပ်များ (လာဘ်မိုးဆွေ ဦးသန့်)
-    မြန်မာ့စွယ်စုံကျမ်းကောက်နုတ်ချက်
Credit To First-11
Read More »

တရားခွင်မှ ငါးသလောက်ပေါင်းစားသူများ ------------------------------ ရေးသားသူ- အေးသူစံ



ြ မြန်မာနိုင်ငံတွင် မတရားမှုတစ်ခုအတွက် အမှန်တရားကို တရားရုံးတွင်သွားရှာဖို့ စဉ်းစားနေပါသလား။ ဒါဆိုလျှင်တော့ မှားတာ၊ မှန်တာ အသာထား။ သင့်တွင် ပိုက်ဆံလုံလုံလောက်လောက်ရှိရပါမည်။ စိတ်ရှည်ရှည်ဖြင့် အချိန်ပေးနိုင်ရမည်။ အရေးကြီးဆုံးက အမှုကို တရားရုံးအရောက် စွဲဆိုတင်ပို့ပေးမည့် အမှုစစ်ရဲအရာရှိနှင့် ဥပဒေအရာရှိတို့အကြောင်း ပထမဆုံးတီးမိခေါက်မိ သိနားလည်ထားဖို့လိုပါလိမ့်မည်။

ယိုယွင်းနေသော တရားစီရင်ရေးတွင် အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုတို့ကို လုပ်နေသူမှာ တရားသူကြီး၊ ရှေ့နေရှေ့ရပ်များဟု အများစုကမြင်ယောင်မိသည်။

တကယ်တမ်းအကျင့်ပျက်ခြစားမှုနှင့် အာဏာပိုင်များ၏ စွက်ဖက်မှုများရှိနေဆဲ မြန်မာ့တရားစီရင်ရေးတွင် နစ်နာသူ ပြည်သူ့အသံကို တရားရုံးအထိ ပို့ဆောင်ပေးမည့် ပြည်သူ့ရဲနှင့် ဥပဒေအရာရှိအချို့၏ လုပ်ရပ်များက တရားစီရင်ရေးမဏ္ဍိုင်တိမ်းစောင်းရာတွင် အဓိကနေရာမှ ပါဝင်နေကြောင်း ဥပဒေလောကအသိုင်းအ၀ိုင်းနှင့် အမှုသည်တို့ကဆိုကြသည်။

အမှုတစ်ခုကို နစ်နာသူက ရဲစခန်းတွင် တိုင်ချက်ဖွင့်သော်လည်း ရဲအများစုက ချက်ချင်းမဖွင့်ပေးကြပါ။ တိုင်တန်းခံရသူသည် နာမည်ကျော်ပုဂ္ဂိုလ်ကြီးလား၊ ဂုဏ်သရေရှိလူကြီးမင်းများလား၊ ထင်ရှားကျော်ကြားသူ ရုပ်ရှင်မင်းသား၊ မင်းသမီးများလား၊ ၀ိတ်ရှိသူလား စသဖြင့်လေ့လာသည်။ အကောင်ကြီးကြီး၊ အမြီးရှည်ရှည်ဖြစ်နေလျှင် မြို့နယ်က ခရိုင်၊ ခရိုင်က တိုင်းရဲမှူးကြီးအထိ သတင်းပို့သည်။ ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသော်လည်း အကျင့်တစ်ခုသဖွယ် ရဲအချို့က ခေတ်အဆက်ဆက်ကျင့်သုံးသည်။

တိုင်ချက်ဖွင့်ပြီးပါက အမှုသည် တရားမလား၊ ရာဇ၀တ်ကြောင်းလား၊ ဘယ်ပုဒ်မနှင့် အရေးယူသင့်သလဲကို ဥပဒေအရာရှိထံ အကြံတောင်းသည်။ ဥပဒေအရာရှိက သက်သေမပြည်စုံသေးဟု ဥပဒေဘောင်အတွင်းက ပါးပါးလေးညစ်ထားလိုက်လျှင် အမှုသည်က သက်သေထပ်စစ်ဖို့အတွက် သက်ဆိုင်ရာရဲကို ပေးရကမ်းရသည်။

တရားလိုနှင့် တရားခံ ဘယ်သူပိုက်ဆံပိုပေးနိုင်သလဲပေါ် မူတည်၍ ပုဒ်မများသည် တရားရုံးမရောက်မီ မျက်လှည့်ပြလိုက်သလို ပြောင်းလဲသွားတတ်ကြောင်း ဥပဒေပညာရှင်အချို့ကပြောသည်။

“ရဲတွေ၊ ဥပဒေအရာရှိတွေက သူတို့မရရင်မရသလို လုပ်တယ်။ ရဲကလည်း သူမရရင် ပညာပြပြန်ရော။ ဒီတော့ သူ့ကိုလည်း တစ်ခါထပ်ပေးရပြန်ရော၊ ဒါကြောင့် အမှုတစ်ခုဖြစ်ရင် ငါးသလောက်ပေါင်းစားရတဲ့စနစ်လို့ ပြောတယ်။ အားလုံးကိုပေါင်းပြီး ပေးစားနေရတာကိုး”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇေယျကပြောသည်။

“မူးယစ်ဆေးဝါးမှုနဲ့ ထောင်ခြောက်နှစ်ကျတယ်။ ရဲဘက်မရောက်ခင် ဆွဲချ(ဥပဒေအရာရှိ)က ကျွန်မအိမ်ကိုသွားတွေ့ပြီး ငါးသောင်းပေးရမယ်။ မပေးရင် ထောင်ထပ်ချနိုင်တယ်လို့ ပြောတယ်။ ကိုယ့်လူက ထောင်ကျသွားပြီဆိုတော့ ကျွန်မအိမ်ကလည်း ထပ်မပေးလိုက်တော့ဘူး။ တကယ်ပဲ ကျွန်မ ထောင်နောက်ထပ်လေးနှစ်ထပ်တိုးသွားတယ်။ ရဲဘက်စခန်းလည်းရောက်သွားတယ်”ဟု မူးယစ်မှုဖြင့်ထောင်ကျခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။

ရဲမှာ တရားဥပဒေစိုးမိုးရေးတွင် အရေးကြီးသည့်အုတ်မြစ်ဖြစ်သည်။ ဥပဒေအရာရှိမှာ နိုင်ငံတော်ဘက်က လိုက်ပါဆောင်ရွက်ရပြီး အမှုဖြစ်စဉ်များကို ဥပဒေနှင့်အညီ မှန်မှန်မျှတစွာအကြံပေးရန်ဖြစ်သည်။ သို့သော် ပုဒ်မတပ် တရားစွဲရသည့် တိုင်ချက်ကို လက်ခံပေးရသည့် ဥပဒေဘက်တော်သားတို့၏ လုပ်ပိုင်ခွင့်မှာ ကိုယ်ကျိုးရှာလိုသူများအတွက် လာဘ်ပေးလာဘ်ယူဖန်တီးပေးရာ လမ်းကြောင်းကြီးအဖြစ်ရှိနေသည်ဟု နစ်နာခဲ့သူတို့ကဆိုသည်။

“တိုက်ခန်းဝယ်တဲ့ကိစ္စ စရန်ပြန်မပေးလို့ ပုဇွန်တောင်ရဲစခန်းမှာ အမှုဖွင့်တယ်။ ဒုရဲအုပ်က လမ်းစရိတ်တို့၊ ခရိုင်မှူးကန်တော့ရမယ်တို့၊ စခန်းမှူးကိုပေးရမယ်ဆိုပြီး သုံးသိန်း၊ ဥပဒေအရာရှိကို အကြံတောင်းခဆိုပြီး နှစ်သိန်း၊ စုစုပေါင်းငါးသိန်းယူသွားတယ်။ သုံးလလောက်အထိ အမှုက တရားရုံးမရောက်လို့ ဥပဒေအရာရှိသွားတွေ့တော့ အဲဒီနှစ်သိန်း သူမစားရပါဘူးတဲ့။ ပြီးတော့ ကျွန်မစစ်ချက်ထဲမှာမပါဘဲ သူဘာသာ ပြင်ရေးထားတဲ့စစ်ချက်ကြောင့် အမှုကို ပလပ်လိုက်ရတာပါလို့ ဥပဒေအရာရှိကပြောတယ်”ဟု ဒေါက်တာဇင်မင်းမောင်မောင်က သူ၏အတွေ့အကြုံကိုပြောသည်။

တရားသူကြီးအချို့ လာဘ်စားသော်လည်း တရားသူကြီးအများစုလိုက်စားသည့် အဂတိမှာ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက်ခြင်းကြောင့် ကြောက်ရွံ့ခြင်းဖြင့် ဆုံးဖြတ်ရသည့် ဘယာဂတိက အများဆုံးဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ပြောသည်။

“ဒါတွေကြောင့် မြန်မာ့အမှုသည်တွေသာမက နိုင်ငံခြားသားတွေကပါ တရားစီရင်ရေးအပေါ်မှာ အားမလို၊ အားမရဖြစ်နေတာ။ ဒါကြောင့်လည်း နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေဟာ ၀င်သင့်သလောက်မ၀င်ဘူး။ တိုင်းပြည်နာတယ်”ဟု ၎င်းကပြောသည်။

အမှုလာရောက်တိုင်တန်းပါက ရဲအရေးပိုင်ပါက အမှုဖွင့်ပေးလိုက်ပြီး မမှန်မကန်တိုင်တန်းပါကလည်း တိုင်တန်းသူကို ပြန်လည်အရေးယူနိုင်ပေရာ လုပ်ထုံးလုပ်နည်း မြန်ဆန်သွက်လက်စေရန် ရဲအရေးပိုင်အမှုကို ချက်ချင်းလက်ခံဖွင့်ပေးသင့်ကြောင်းလည်း ဥပဒေပညာရှင်များက အကြံပြုသည်။

“ရဲအရေးမပိုင်လို့ ဦးတိုက်မှုဆိုပိုဆိုးတယ်။ တရားရုံးကစစ်၊ ပေါ်ပေါက်ချက်နဲ့ အရေးယူအမိန့်ချ။ မဟုတ်ရင်ပလပ်။ အရေးယူရင် ဘယ်လောက်လက်ခံရင် ဘယ်လောက်ရဲကိုပြန်ချပေး။ တလွဲအသုံးချနေတာတွေကို ကြားနေရတယ်။ ဥပဒေပြဋ္ဌာန်းချက်တွေကို လုပ်စားနေကြတာ။ ဒါကြောင့် ပြည်သူတွေ နှာခေါင်းရှုံ့ကြတာ”ဟု အထက်တန်းရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ပြောကြားသည်။

မဆလအစိုးရလက်ထက်တွင် တရားရေးဝန်ကြီးဌာန သီးသန့်ရှိခဲ့ပြီး ၀န်ကြီးက တရားစီရင်ရေးကို ထိန်းကျောင်းကိုင်တွယ်သောကြောင့် ယခုလောက် တရားစီရင်ရေးအခြေအနေ မဆိုးဝါးကြောင်း၊ တရားလွှတ်တော်အဆင့်လောက်ရောက်လျှင်ပင် အမှန်တရားနှင့်နီးစပ်ပြီဟု မျှော်လင့်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီ၏ တစ်နှစ်ပြည့်အစီရင်ခံစာတွင်လည်း ဥပဒေအရာရှိများသည် ပြည်သူများ၏ရပိုင်ခွင့်နှင့် အခွင့်အရေးများ မနစ်နာစေရန် ဥပဒေနှင့်အညီ အကာကွယ်ပေးရပါမည်ဟု ဖော်ပြထားသည်။ ပြည်သူ့ရဲအရာရှိများကလည်း ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်းသိမ်းဆည်းခြင်း၊ တရားစွဲဆိုခြင်းတို့အတွက် ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ကြပြီး အမှုမှန်ပေါ်ပေါက်ရေး ဦးတည်ရပါမည်ဟုပါရှိသည်။

သို့သော် ယင်းအချက်တွေကို အမှန်တကယ် လိုက်ပါဆောင်ရွက်သူ မျှတသည့် ဥပဒေအရာရှိနှင့် ရဲအရာရှိတို့မှာ အလွန်နည်းပါးနေပါသေးသည်။ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသည်ဟု သမ္မတဦးသိန်းစိန်က ပြောထားသော်လည်း လာဘ်ပေးလာဘ်ယူမှုထူပြောပြီး ဥပဒေကို နားလည်သူတို့ကပင် ဥပဒေကို လက်တစ်လုံးခြားပြုလုပ်နေသည့် တရားဥပဒေလောကသားအချို့နှင့် ပြည်သူများကြားက နစ်နာမှုတို့ကို အစိုးရက မည်သို့ဖြေရှင်းပေးပါမည်နည်းဟု မေးရပါတော့မည်။

Credit To 7Day News Journal 
Read More »

ဒီမိုကရေစီကျင့်သုံးရန် အသင့်ဖြစ်ပါပြီလား ---------------- ရေးသားသူ- အိဖြူလွင်

Photo: ဒီမိုကရေစီကျင့်သုံးရန် အသင့်ဖြစ်ပါပြီလား
----------------
ရေးသားသူ- အိဖြူလွင်

ဒီမိုကရေစီရရှိရန် အနှစ်နှစ်ဆယ်ကျော်တောင်းဆိုခဲ့သော မြန်မာပြည်သူလူထုသည် ဒီမိုကရေစီ၏အနှစ်သာရကို အမှန်တကယ်ရရှိပါပြီလား၊ ဒီမိုကရေစီ၏တာဝန်များကို အမှန်တကယ်သိရှိနေပါပြီလားဟု မေးခွန်းမေးသောအခါ ပြည်သူအများစုက မရရှိသေးပါ၊ မသိရှိသေးပါဟုသာ ဖြေကြသည်။

တစ်ပါတီစနစ်ကို ၂၆ နှစ် ကျင့်သုံးခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအောက်တွင် အနှစ်နှစ်ဆယ်ကျော် နေခဲ့ရသည့်အတွက် ဒီမိုကရေစီယဉ်ကျေးမှု ဒီမိုကရေစီအလေ့အကျင့်များနှင့် နှစ်ပေါင်း ၅၀ ကင်းဝေးခဲ့သည့် ပြည်သူလူထုမှာ ထိုအလေ့အထများကို ကောင်းစွာသိရှိ ကျင့်သုံးနိုင်ရန်များစွာ လိုအပ်နေပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ် ကျင့်သုံးနေသောကြောင့် ဖြစ်သည်။ ၀ါရင့်သတင်းစာ ဆရာရဲနိုင်မိုးကလည်း မြန်မာပြည်သူများအနေဖြင့် ဒီမိုကရေစီကို တောင်းဆိုသည့်အဆင့်မှ ကိုယ်တိုင်ကျင့်သုံးသည့် အဆင့်သို့တက်ရန် လိုပြီဖြစ်ကြောင်း သူ၏ဆောင်းပါးများတွင် တိုက်တွန်းဖူးသည်။

“ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားဖို့ဆိုတာက ပြည်သူအဆင့်မဟုတ်သေးဘဲ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေကိုယ်၌က ကာလတစ်ခုဖြတ်သန်းရဦးမယ်”ဟု ဒီမိုကရေစီရရှိရေးကို တောင်းဆိုခဲ့သည့် ၈၈ အရေးတော်ပုံမှ မွေးထုတ်ပေးလိုက်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကပြောကြားသည်။

စစ်အစိုးရမှ အရပ်သားအစိုးရဖြစ်လာပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံအဖြစ် ရပ်တည်နေသည်မှာ သုံးနှစ်ပြည့်လာသည့် ယနေ့အချိန်ကို ဒီမိုကရေစီ အပြည့်အ၀မကျင့်သုံးနိုင်သေးဘဲ ဖြေလျှော့မှုများ ပြုနေသည့်အချိန်သာဖြစ်သည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။

ဒီမိုကရေစီမှာ ပြည်သူက အချုပ်အခြာအာဏာပိုင်ဖြစ်တယ်။ ပြည်သူတွေ အုပ်ချုပ်တာဖြစ်တယ်။ ဒါဆိုပြည်သူတွေအနေနဲ့ သူတို့ဘ၀နဲ့ သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေမှာ၊ အရေးကိစ္စတွေမှာ သူတို့ကိုယ်တိုင်ပါဝင်နေရတယ်။ ကိုယ်တိုင်စီမံအုပ်ချုပ်နေနိုင်တယ်လို့ ခံစားမိဖို့လိုတယ်”ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးစိုးမြင့်အောင်ကပြောသည်။

ဥပမာအနေဖြင့် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်သည် ဒီမိုကရေစီရရှိသည့် အခွင့်အရေးဖြစ်သော်လည်း အကြမ်းဖက်မှုများနှင့် တရားဥပဒေပြင်ပမှ လုပ်ဆောင်မှုများ၊ အခြားသူများ၏ အခွင့်အရေးများကို ထိပါးခြင်း၊ စော်ကားခြင်းများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၏ ယဉ်ကျေးမှုများ၊ ကျင့်စဉ်များနှင့်မညီဟု နိုင်ငံရေးပါတီခေါင်းဆောင်များကပြောသည်။

“ပြည်သူတွေက ဒီမိုကရေစီရရင် လွတ်လွတ်လပ်လပ်နေရမယ်ဆိုတာပဲသိတယ်။ ဒီမိုကရေစီရဲ့အရသာကို ခွဲခွဲခြားခြားမမြင်တတ်သေးဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လူငယ်ကွန်ရက်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်စွာဦးကပြောသည်။

သို့ရာတွင် ဒီမိုကရေစီဆိုသည့် စကားလုံးကိုသာမဟုတ်ဘဲ ဒီမိုကရေစီကျင့်စဉ်များကိုပါ ပြည်သူအနေဖြင့်သိရှိရန် အာဏာရအစိုးရ၊ နိုင်ငံရေးပါတီများအပါအ၀င် တက်ကြွလှုပ်ရှားသူများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၏ ဒီမိုကရေစီအနှစ်သာရအပေါ် ပညာပေးမှုများမှာ မလုံလောက်သေးပါဟု အဆိုပါအဖွဲ့အစည်းများက ထောက်ပြသည်။

အဘိဓာန်အနက်ဖွင့်ဆိုချက်အရ ဒီမိုကရေစီဆိုသည်မှာ “အဓိကအာဏာကို ပြည်သူလူထု၏ လက်ထဲ၌သာ အပ်နှင်းထားပြီး ယင်းအာဏာကို ပြည်သူလူထုက တိုက်ရိုက်သုံးစွဲနိုင်သည် (သို့မဟုတ်) လွတ်လပ်သောစနစ်ဖြင့် ရွေးကောက်တင်မြှောက်ထားသော လူထုကိုယ်စားလှယ်များက သုံးစွဲသော ပြည်သူလူထု၏အစိုးရ” ဖြစ်သည်။

အေဘရာဟင်လင်ကွန်း၏ စကားအရဆိုရလျှင် ဒီမိုကရေစီဆိုသည်မှာ “ပြည်သူလူထု “၏”၊ ပြည်သူလူထု “က”၊ ပြည်သူလူထု “အတွက်” ဖြစ်သော အစိုးရ” ဖြစ်ပါသည်။

ဒီမိုကရေစီနှင့်ပတ်သက်၍ အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ရန် ပါလီမန်ခေတ် ၁၉၅၀ တွင် ၀န်ကြီးချုပ်ဦးနု စိတ်ကူးကြိုးပမ်းခဲ့ပြီး ဒီမိုကရေစီသဘောတရားပြန့်ပွားရေးအဖွဲ့ဖွဲ့ကာ နိုင်ငံတစ်ဝန်းပညာပေးရန် ကြိုးစားခဲ့ကြောင်း “တာတေစနေသား” စာအုပ်တွင် ဖော်ပြခဲ့သည်။ သို့သော် ထိရောက်စွာလုပ်ကိုင်သူမရှိခြင်း၊ အကွဲအပြဲဇာတ်လမ်းများနှင့် နိုင်ငံရေးမငြိမ်သက်မှုကြောင့်  ၁၉၅၈ ခုနှစ်တွင် အဆိုပါအဖွဲ့ ပျက်စီးခဲ့၍ ဦးနုရည်ရွယ်ချက် မအောင်မြင်ခဲ့ပေ။

အစိုးရက အရာရာကိုတင်းကျပ်ထားရာမှ ဖြေလျှော့ပေးလိုက်သည့်အချိန်ဖြစ်သဖြင့် လူထု၏ မကျေနပ်ချက်များ ပွင့်အန်လျှံကျလာသည့်အချိန်တွင် အစိုးရနှင့် ထိရှမှုများလည်း ဖြစ်နိုင်သဖြင့် ပြည်သူ၏မကျေနပ်ချက်များကို ကူညီပေးနိုင်သည့် တက်ကြွလှုပ်ရှားသူများကိုယ်တိုင် သတိထားသင့်သည့် အချိန်ဖြစ်သကဲ့သို့ တက်ကြွလှုပ်ရှားသူများသည် ခံစားချက်ကို ရှေ့တန်းတင်သူများမဟုတ်ဘဲ အဖွဲ့အစည်းပုံစံဖြင့် လုပ်ဆောင်နိုင်ရန်လိုသည်ဟု နိုင်ငံရေးပါတီတစ်ခု၏ အမှုဆောင်တစ်ဦးဖြစ်သည့် ဦးတိုးတိုးကသုံးသပ်သည်။

“ကျွန်တော်တို့ တတ်နိုင်သမျှလုပ်နေပေမယ့် ဒီလိုအသိအမြင်ပေးတဲ့ အဖွဲ့အစည်းတွေ အများကြီးအားနည်းနေတယ်။ ပြီးတော့ ပြည်သူလူထုထဲကို ဒါရဲ့အနှစ်သာရတွေကို စိမ့်ဝင်ပျံ့နှံ့နေအောင် လုပ်ဖို့ကလည်း အားနည်းနေတုန်းပဲ”ဟု ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆာင်တစ်ဦးဖြစ်သူ ဦးဂျင်မီကပြောသည်။

“ပြောရင် ဒီမိုကရေစီကိုကျင့်သုံးနေတဲ့ အစိုးရအဖွဲ့ကိုယ်တိုင်တောင် တာဝန်ယူမှု၊ တာဝန်ခံမှုတွေ မရှိသေးတာ။ သာမန်ပြည်သူတွေက ဘယ်လိုလုပ်ပြီး ဒီတာဝန်တွေကို နားလည်ဦးမလဲ”ဟု ဦးဂျင်မီကဆက်လက်ပြောကြားသည်။

အောက်ခြေပြည်သူလူထုအထိ ပညာပေးရန် အသိအမြင်ပေးရန်အတွက် အခြေခံပညာရေးတွင်ပင် လူတစ်ဦးနှင့်တစ်ဦး လေးစားတတ်ရန် အလေ့အကျင့်ကို ရေရှည်အတွက် ထည့်သွင်းရန်လိုသည်ဟု ဦးအောင်မိုးဇော်ကအကြံပြုသည်။

“ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ရုပ်သံရေဒီယိုတွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပြည်သူ့အသိပညာပေးအစီအစဉ်တွေကို ထုတ်လွှင့်ခွင့်ပေးရမယ်ထင်ပါတယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ထို့အတွက် အဓိကကျသည့် နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ မီဒီယာများသည်လည်း မှန်ကန်သောအသိအမြင်များပေးရန် တာဝန်ရှိသူများဖြစ်ပြီး အောက်ခြေသို့ အမှန်တကယ်ဆင်းရန်လည်း လိုသည်ဟု အချို့သူများက ထောက်ပြသည်။

“ကျွန်မတို့အနေနဲ့ သိချင်တာတွေ၊ မေးချင်တာတွေကို ဘယ်ကသိရမလဲ။ မြို့နယ်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို မေးရမလား၊ နိုင်ငံရေးပါတီကို အားကိုးရမလား၊ ဘယ်ပညာရှင်ကို မေးရမလဲ၊ ဘယ်သူတွေက လာပြောမလဲ၊ သူတို့ပြည်သူတွေအတွက် လုပ်နေပါတယ်ဆိုတာ ဘာကိုကြည့်ပြီး ယုံရမလဲလို့ပဲ မေးချင်တယ်”ဟု အသက် ၃၅ နှစ်အရွယ် ကုမ္ပဏီတစ်ခု၏ အရောင်းကြီးကြပ်ရေးမှူး မသဇင်မြင့်က သူ၏အမြင်ကိုပြောသည်။ 

ပါတီဝင်အချို့နှင့် လူထုအခြေပြုအဖွဲ့အစည်းများမှ အချို့သူများသည်လည်း ပညာပေးဆွေးနွေးပွဲတိုင်း၊ ဟောပြောပွဲတိုင်းသို့ တက်လေ့ရှိသူများသာဖြစ်ပြီး ၎င်းတို့ထံမှ ပြန်လည်ဆင့်ပွားမှုမျိုးကိုမတွေ့ရဟု ဝေဖန်မှုများလည်းရှိသည်။

သို့သော် ထိုသို့ဖြစ်နေခြင်းမှာလည်း လူသားအရင်းအမြစ် အကန့်အသတ်များကြောင့် ဖြစ်နိုင်ပြီး အခြေအနေအရ ထပ်ဆင့်ပွားများမှုများ၊ ဝေမျှမှုများပြုလုပ်ရန် အဆိုပါပုဂ္ဂိုလ်များ ကိုယ်တိုင်၏ စွမ်းရည်နှင့်ဆိုင်သည်ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်နေထိုင်သူ မနိုးနိုးထက်စံက ၎င်း၏ယူဆချက်ကိုပြောသည်။

အချို့သောဆွေးနွေးပွဲများတွင် ပြည်သူအချို့ပါ တက်ရောက်ခွင့်ရှိသော်လည်း ပြည်သူကမေးသောမေးခွန်းများကို ပညာရှင်များက ပြန်လည်ဖြေကြားရာတွင်(သို့မဟုတ်)ဟောပြောမှုများတွင် အများနားလည်လွယ်သောပုံစံမျိုးမဟုတ်ဟုလည်း အဆိုပါဟောပြောပွဲများတွင် ကြုံတွေ့ခဲ့မှုကို လူငယ်ကွန်ရက်မှ ကိုသန့်စင်ကပြောသည်။

“ကျွန်မတို့အနေနဲ့ လူအများကြီးတက်ပေမယ့် တကယ်ကျေလည်အောင် မပြောနိုင်တဲ့ပွဲမျိုးကို မလုပ်ချင်ဘူး။ လူ ၂၀ လောက် ပွဲတက်နိုင်ရင်တောင် အဲဒီလူတွေက လူတွေအများကြီးကို ပြန်ဝေမျှပေးနိုင်တဲ့ အနေအထားမျိုးပဲ ဖြစ်စေချင်တယ်”ဟု စာပေဟောပြောပွဲများတွင်လည်း ဟောပြောလေ့ရှိသည့် နိုင်ငံရေးသမားနှင့် စာရေးဆရာမတစ်ဦးဖြစ်သူ မသီတာ(စမ်းချောင်း)ကပြောသည်။

နယ်မြို့များနှင့် ကျေးလက်နေရာအနှံ့အပြားသို့ သွားရောက်၍ ပြည်သူလူထုနှင့် တွေ့ဆုံမှုများ ပြုလုပ်နေသည့်ထဲမှ အောင်မြင်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီက ပြည်သူ၏ အခြေခံအခွင့်အရေးဖြစ်သည့် မသိသည်ကို မေးခွန်းထုတ်ရန်၊ တိုင်ကြားရန်စသည်တို့ပြုလုပ်ရန် အခြေခံလိုအပ်ချက်အဖြစ်ပြောပြီး အမှန်တကယ်နားလည်လွယ်ရန်အတွက် အနုပညာရှင်များ၏ ပံ့ပိုးမှုသည်လည်း ပြည်သူအားလုံး ဒီမိုကရေစီအလေ့အကျင့်ကို ထဲထဲဝင်ဝင်သိရှိရန် လိုအပ်ချက်တစ်ခုဟုပြောသည်။

ဒီမိုကရေစီအလေ့အကျင့်များသိရှိပြီး မြန်မာပြည်သူများ ကျင့်သုံးရန်မှာ ရေရှည်လုပ်ဆောင်ရမည်သာဖြစ်သည်။ အသိပညာရရန်အတွက် စာကြည့်တိုက်များ၊ အမျိုးသားရေးနှင့် ဘာသာရေးအမုန်းပွားစေမည့် ဟောပြောမှုများမဟုတ်ဘဲ အသိပညာတိုးပွားရေးကိုသာ အမှန်တကယ်ရည်ရွယ်သည့် ဟောပြောမှုများဖြစ်ရန်လိုအပ်သည်ဟု နိုင်ငံရေးပါတီများနှင့် လူထုအခြေပြုအဖွဲ့အစည်းများမှ ခေါင်းဆောင်များကဆိုသည်။ နောက်ဆုံးအနေဖြင့် ရာနှုန်းပြည့်လွတ်လပ်မှုမရှိသေးသည့်အချိန်တွင် ပြည်သူများအား ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပညာပေးမှုများကို လုပ်သည့်နေရာတွင် အဓိကအားဖြင့် အစိုးရ၏ အားပေးမှုပံ့ပိုးမှုများသည် အလွန်အရေးကြီးသည်ဟု ၎င်းတို့ကသုံးသပ်ခဲ့ကြသည်။

ဓာတ်ပုံ- နစ်ကီ
ဒီမိုကရေစီရရှိရန် အနှစ်နှစ်ဆယ်ကျော်တောင်းဆိုခဲ့သော မြန်မာပြည်သူလူထုသည် ဒီမိုကရေစီ၏အနှစ်သာရကို အမှန်တကယ်ရရှိပါပြီလား၊ ဒီမိုကရေစီ၏တာဝန်များကို အမှန်တကယ်သိရှိနေပါပြီလားဟု မေးခွန်းမေးသောအခါ ပြည်သူအများစုက မရရှိသေးပါ၊ မသိရှိသေးပါဟုသာ ဖြေကြသည်။

တစ်ပါတီစနစ်ကို ၂၆ နှစ် ကျင့်သုံးခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအောက်တွင် အနှစ်နှစ်ဆယ်ကျော် နေခဲ့ရသည့်အတွက် ဒီမိုကရေစီယဉ်ကျေးမှု ဒီမိုကရေစီအလေ့အကျင့်များနှင့် နှစ်ပေါင်း ၅၀ ကင်းဝေးခဲ့သည့် ပြည်သူလူထုမှာ ထိုအလေ့အထများကို ကောင်းစွာသိရှိ ကျင့်သုံးနိုင်ရန်များစွာ လိုအပ်နေပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ် ကျင့်သုံးနေသောကြောင့် ဖြစ်သည်။ ၀ါရင့်သတင်းစာ ဆရာရဲနိုင်မိုးကလည်း မြန်မာပြည်သူများအနေဖြင့် ဒီမိုကရေစီကို တောင်းဆိုသည့်အဆင့်မှ ကိုယ်တိုင်ကျင့်သုံးသည့် အဆင့်သို့တက်ရန် လိုပြီဖြစ်ကြောင်း သူ၏ဆောင်းပါးများတွင် တိုက်တွန်းဖူးသည်။

“ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားဖို့ဆိုတာက ပြည်သူအဆင့်မဟုတ်သေးဘဲ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေကိုယ်၌က ကာလတစ်ခုဖြတ်သန်းရဦးမယ်”ဟု ဒီမိုကရေစီရရှိရေးကို တောင်းဆိုခဲ့သည့် ၈၈ အရေးတော်ပုံမှ မွေးထုတ်ပေးလိုက်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကပြောကြားသည်။

စစ်အစိုးရမှ အရပ်သားအစိုးရဖြစ်လာပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံအဖြစ် ရပ်တည်နေသည်မှာ သုံးနှစ်ပြည့်လာသည့် ယနေ့အချိန်ကို ဒီမိုကရေစီ အပြည့်အ၀မကျင့်သုံးနိုင်သေးဘဲ ဖြေလျှော့မှုများ ပြုနေသည့်အချိန်သာဖြစ်သည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။

ဒီမိုကရေစီမှာ ပြည်သူက အချုပ်အခြာအာဏာပိုင်ဖြစ်တယ်။ ပြည်သူတွေ အုပ်ချုပ်တာဖြစ်တယ်။ ဒါဆိုပြည်သူတွေအနေနဲ့ သူတို့ဘ၀နဲ့ သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေမှာ၊ အရေးကိစ္စတွေမှာ သူတို့ကိုယ်တိုင်ပါဝင်နေရတယ်။ ကိုယ်တိုင်စီမံအုပ်ချုပ်နေနိုင်တယ်လို့ ခံစားမိဖို့လိုတယ်”ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးစိုးမြင့်အောင်ကပြောသည်။

ဥပမာအနေဖြင့် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်သည် ဒီမိုကရေစီရရှိသည့် အခွင့်အရေးဖြစ်သော်လည်း အကြမ်းဖက်မှုများနှင့် တရားဥပဒေပြင်ပမှ လုပ်ဆောင်မှုများ၊ အခြားသူများ၏ အခွင့်အရေးများကို ထိပါးခြင်း၊ စော်ကားခြင်းများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၏ ယဉ်ကျေးမှုများ၊ ကျင့်စဉ်များနှင့်မညီဟု နိုင်ငံရေးပါတီခေါင်းဆောင်များကပြောသည်။

“ပြည်သူတွေက ဒီမိုကရေစီရရင် လွတ်လွတ်လပ်လပ်နေရမယ်ဆိုတာပဲသိတယ်။ ဒီမိုကရေစီရဲ့အရသာကို ခွဲခွဲခြားခြားမမြင်တတ်သေးဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လူငယ်ကွန်ရက်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်စွာဦးကပြောသည်။

သို့ရာတွင် ဒီမိုကရေစီဆိုသည့် စကားလုံးကိုသာမဟုတ်ဘဲ ဒီမိုကရေစီကျင့်စဉ်များကိုပါ ပြည်သူအနေဖြင့်သိရှိရန် အာဏာရအစိုးရ၊ နိုင်ငံရေးပါတီများအပါအ၀င် တက်ကြွလှုပ်ရှားသူများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၏ ဒီမိုကရေစီအနှစ်သာရအပေါ် ပညာပေးမှုများမှာ မလုံလောက်သေးပါဟု အဆိုပါအဖွဲ့အစည်းများက ထောက်ပြသည်။

အဘိဓာန်အနက်ဖွင့်ဆိုချက်အရ ဒီမိုကရေစီဆိုသည်မှာ “အဓိကအာဏာကို ပြည်သူလူထု၏ လက်ထဲ၌သာ အပ်နှင်းထားပြီး ယင်းအာဏာကို ပြည်သူလူထုက တိုက်ရိုက်သုံးစွဲနိုင်သည် (သို့မဟုတ်) လွတ်လပ်သောစနစ်ဖြင့် ရွေးကောက်တင်မြှောက်ထားသော လူထုကိုယ်စားလှယ်များက သုံးစွဲသော ပြည်သူလူထု၏အစိုးရ” ဖြစ်သည်။

အေဘရာဟင်လင်ကွန်း၏ စကားအရဆိုရလျှင် ဒီမိုကရေစီဆိုသည်မှာ “ပြည်သူလူထု “၏”၊ ပြည်သူလူထု “က”၊ ပြည်သူလူထု “အတွက်” ဖြစ်သော အစိုးရ” ဖြစ်ပါသည်။

ဒီမိုကရေစီနှင့်ပတ်သက်၍ အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ရန် ပါလီမန်ခေတ် ၁၉၅၀ တွင် ၀န်ကြီးချုပ်ဦးနု စိတ်ကူးကြိုးပမ်းခဲ့ပြီး ဒီမိုကရေစီသဘောတရားပြန့်ပွားရေးအဖွဲ့ဖွဲ့ကာ နိုင်ငံတစ်ဝန်းပညာပေးရန် ကြိုးစားခဲ့ကြောင်း “တာတေစနေသား” စာအုပ်တွင် ဖော်ပြခဲ့သည်။ သို့သော် ထိရောက်စွာလုပ်ကိုင်သူမရှိခြင်း၊ အကွဲအပြဲဇာတ်လမ်းများနှင့် နိုင်ငံရေးမငြိမ်သက်မှုကြောင့် ၁၉၅၈ ခုနှစ်တွင် အဆိုပါအဖွဲ့ ပျက်စီးခဲ့၍ ဦးနုရည်ရွယ်ချက် မအောင်မြင်ခဲ့ပေ။

အစိုးရက အရာရာကိုတင်းကျပ်ထားရာမှ ဖြေလျှော့ပေးလိုက်သည့်အချိန်ဖြစ်သဖြင့် လူထု၏ မကျေနပ်ချက်များ ပွင့်အန်လျှံကျလာသည့်အချိန်တွင် အစိုးရနှင့် ထိရှမှုများလည်း ဖြစ်နိုင်သဖြင့် ပြည်သူ၏မကျေနပ်ချက်များကို ကူညီပေးနိုင်သည့် တက်ကြွလှုပ်ရှားသူများကိုယ်တိုင် သတိထားသင့်သည့် အချိန်ဖြစ်သကဲ့သို့ တက်ကြွလှုပ်ရှားသူများသည် ခံစားချက်ကို ရှေ့တန်းတင်သူများမဟုတ်ဘဲ အဖွဲ့အစည်းပုံစံဖြင့် လုပ်ဆောင်နိုင်ရန်လိုသည်ဟု နိုင်ငံရေးပါတီတစ်ခု၏ အမှုဆောင်တစ်ဦးဖြစ်သည့် ဦးတိုးတိုးကသုံးသပ်သည်။

“ကျွန်တော်တို့ တတ်နိုင်သမျှလုပ်နေပေမယ့် ဒီလိုအသိအမြင်ပေးတဲ့ အဖွဲ့အစည်းတွေ အများကြီးအားနည်းနေတယ်။ ပြီးတော့ ပြည်သူလူထုထဲကို ဒါရဲ့အနှစ်သာရတွေကို စိမ့်ဝင်ပျံ့နှံ့နေအောင် လုပ်ဖို့ကလည်း အားနည်းနေတုန်းပဲ”ဟု ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆာင်တစ်ဦးဖြစ်သူ ဦးဂျင်မီကပြောသည်။

“ပြောရင် ဒီမိုကရေစီကိုကျင့်သုံးနေတဲ့ အစိုးရအဖွဲ့ကိုယ်တိုင်တောင် တာဝန်ယူမှု၊ တာဝန်ခံမှုတွေ မရှိသေးတာ။ သာမန်ပြည်သူတွေက ဘယ်လိုလုပ်ပြီး ဒီတာဝန်တွေကို နားလည်ဦးမလဲ”ဟု ဦးဂျင်မီကဆက်လက်ပြောကြားသည်။

အောက်ခြေပြည်သူလူထုအထိ ပညာပေးရန် အသိအမြင်ပေးရန်အတွက် အခြေခံပညာရေးတွင်ပင် လူတစ်ဦးနှင့်တစ်ဦး လေးစားတတ်ရန် အလေ့အကျင့်ကို ရေရှည်အတွက် ထည့်သွင်းရန်လိုသည်ဟု ဦးအောင်မိုးဇော်ကအကြံပြုသည်။

“ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ရုပ်သံရေဒီယိုတွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပြည်သူ့အသိပညာပေးအစီအစဉ်တွေကို ထုတ်လွှင့်ခွင့်ပေးရမယ်ထင်ပါတယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ထို့အတွက် အဓိကကျသည့် နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ မီဒီယာများသည်လည်း မှန်ကန်သောအသိအမြင်များပေးရန် တာဝန်ရှိသူများဖြစ်ပြီး အောက်ခြေသို့ အမှန်တကယ်ဆင်းရန်လည်း လိုသည်ဟု အချို့သူများက ထောက်ပြသည်။

“ကျွန်မတို့အနေနဲ့ သိချင်တာတွေ၊ မေးချင်တာတွေကို ဘယ်ကသိရမလဲ။ မြို့နယ်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို မေးရမလား၊ နိုင်ငံရေးပါတီကို အားကိုးရမလား၊ ဘယ်ပညာရှင်ကို မေးရမလဲ၊ ဘယ်သူတွေက လာပြောမလဲ၊ သူတို့ပြည်သူတွေအတွက် လုပ်နေပါတယ်ဆိုတာ ဘာကိုကြည့်ပြီး ယုံရမလဲလို့ပဲ မေးချင်တယ်”ဟု အသက် ၃၅ နှစ်အရွယ် ကုမ္ပဏီတစ်ခု၏ အရောင်းကြီးကြပ်ရေးမှူး မသဇင်မြင့်က သူ၏အမြင်ကိုပြောသည်။

ပါတီဝင်အချို့နှင့် လူထုအခြေပြုအဖွဲ့အစည်းများမှ အချို့သူများသည်လည်း ပညာပေးဆွေးနွေးပွဲတိုင်း၊ ဟောပြောပွဲတိုင်းသို့ တက်လေ့ရှိသူများသာဖြစ်ပြီး ၎င်းတို့ထံမှ ပြန်လည်ဆင့်ပွားမှုမျိုးကိုမတွေ့ရဟု ဝေဖန်မှုများလည်းရှိသည်။

သို့သော် ထိုသို့ဖြစ်နေခြင်းမှာလည်း လူသားအရင်းအမြစ် အကန့်အသတ်များကြောင့် ဖြစ်နိုင်ပြီး အခြေအနေအရ ထပ်ဆင့်ပွားများမှုများ၊ ဝေမျှမှုများပြုလုပ်ရန် အဆိုပါပုဂ္ဂိုလ်များ ကိုယ်တိုင်၏ စွမ်းရည်နှင့်ဆိုင်သည်ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်နေထိုင်သူ မနိုးနိုးထက်စံက ၎င်း၏ယူဆချက်ကိုပြောသည်။

အချို့သောဆွေးနွေးပွဲများတွင် ပြည်သူအချို့ပါ တက်ရောက်ခွင့်ရှိသော်လည်း ပြည်သူကမေးသောမေးခွန်းများကို ပညာရှင်များက ပြန်လည်ဖြေကြားရာတွင်(သို့မဟုတ်)ဟောပြောမှုများတွင် အများနားလည်လွယ်သောပုံစံမျိုးမဟုတ်ဟုလည်း အဆိုပါဟောပြောပွဲများတွင် ကြုံတွေ့ခဲ့မှုကို လူငယ်ကွန်ရက်မှ ကိုသန့်စင်ကပြောသည်။

“ကျွန်မတို့အနေနဲ့ လူအများကြီးတက်ပေမယ့် တကယ်ကျေလည်အောင် မပြောနိုင်တဲ့ပွဲမျိုးကို မလုပ်ချင်ဘူး။ လူ ၂၀ လောက် ပွဲတက်နိုင်ရင်တောင် အဲဒီလူတွေက လူတွေအများကြီးကို ပြန်ဝေမျှပေးနိုင်တဲ့ အနေအထားမျိုးပဲ ဖြစ်စေချင်တယ်”ဟု စာပေဟောပြောပွဲများတွင်လည်း ဟောပြောလေ့ရှိသည့် နိုင်ငံရေးသမားနှင့် စာရေးဆရာမတစ်ဦးဖြစ်သူ မသီတာ(စမ်းချောင်း)ကပြောသည်။

နယ်မြို့များနှင့် ကျေးလက်နေရာအနှံ့အပြားသို့ သွားရောက်၍ ပြည်သူလူထုနှင့် တွေ့ဆုံမှုများ ပြုလုပ်နေသည့်ထဲမှ အောင်မြင်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီက ပြည်သူ၏ အခြေခံအခွင့်အရေးဖြစ်သည့် မသိသည်ကို မေးခွန်းထုတ်ရန်၊ တိုင်ကြားရန်စသည်တို့ပြုလုပ်ရန် အခြေခံလိုအပ်ချက်အဖြစ်ပြောပြီး အမှန်တကယ်နားလည်လွယ်ရန်အတွက် အနုပညာရှင်များ၏ ပံ့ပိုးမှုသည်လည်း ပြည်သူအားလုံး ဒီမိုကရေစီအလေ့အကျင့်ကို ထဲထဲဝင်ဝင်သိရှိရန် လိုအပ်ချက်တစ်ခုဟုပြောသည်။

ဒီမိုကရေစီအလေ့အကျင့်များသိရှိပြီး မြန်မာပြည်သူများ ကျင့်သုံးရန်မှာ ရေရှည်လုပ်ဆောင်ရမည်သာဖြစ်သည်။ အသိပညာရရန်အတွက် စာကြည့်တိုက်များ၊ အမျိုးသားရေးနှင့် ဘာသာရေးအမုန်းပွားစေမည့် ဟောပြောမှုများမဟုတ်ဘဲ အသိပညာတိုးပွားရေးကိုသာ အမှန်တကယ်ရည်ရွယ်သည့် ဟောပြောမှုများဖြစ်ရန်လိုအပ်သည်ဟု နိုင်ငံရေးပါတီများနှင့် 
 
လူထုအခြေပြုအဖွဲ့အစည်းများမှ ခေါင်းဆောင်များကဆိုသည်။ နောက်ဆုံးအနေဖြင့် ရာနှုန်းပြည့်လွတ်လပ်မှုမရှိသေးသည့်အချိန်တွင် ပြည်သူများအား ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပညာပေးမှုများကို လုပ်သည့်နေရာတွင် အဓိကအားဖြင့် အစိုးရ၏ အားပေးမှုပံ့ပိုးမှုများသည်
 အလွန်အရေးကြီးသည်ဟု ၎င်းတို့ကသုံးသပ်ခဲ့ကြသည်။
Credit To 7Day News Journal
Read More »