Friday, December 27, 2013

ယုံကြည်မှုတည်ဆောက်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဘယ်ဟာအရေးကြီးသနည်း – တင်ဇာအောင်


ယခုလက်ရှိ နိုင်ငံရေး အခြေအနေတွင် ယုံကြည်မှု တည်ဆောက်ရေး ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တိုင်းရင်းသားများအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံရေး ပါတီများမှ လူထုဆန္ဒ ခံယူပွဲများ၊ ဟောပြော ပွဲများ ပြုလုပ် ဆောင်ရွက်လျက် ရှိပြီး ယုံကြည်မှု တည်ဆောက်ရေးက အရေးကြီးသလား၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက အရေးကြီးသလား စသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ဝေဖန် သုံးသပ်ချက်များကို မြန်မာသံတော်ဆင့်မှ စုစည်း တင်ပြလိုက်ပါသည်။
 ဦးနိုင်ဟံသာ (UNFC အတွင်းရေးမှူး)
အဓိက အားဖြင့်ကတော့ ယုံကြည်မှု တည်ဆောက် တာကတော့ ယာယီသဘောပဲ။ အခိုင်အမာမရှိ နိုင်သေးဘူး။ ဒါကတော့ လုပ်ရပ်ပေါ့လေ။ တကယ်တမ်း အပြောင်းအလဲ ဖြစ်နိုင်တာက၊ အခိုင်အမာဖြစ် နိုင်တာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှပဲ။ ဒါက အခိုင်အမာ ဖြစ်သွားမှာ။ အဓိက ကျတာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေး အဓိကကျတာပေါ့။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်နိုင်မှပဲ။ ဒါကတော့ အားလုံး ပြီးမြောက်တဲ့ အဆင့် အကောင်အထည် ဖော်နိုင်မယ့် အဆင့်ကို ရောက်မယ့် အပိုင်းမှာ ယုံကြည်မှု တည်ဆောက်ရေး ကလည်း တစ်ဖက်က လိုအပ်တယ်လေ။ ရင်းရင်းနှီးနှီးနဲ့ ၀ိုင်းဝန်း ဆွေးနွေးကြမယ်။ ယုံကြည်မှု ရှိလာမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးက ပိုလွယ်တာပေါ့လေ။ ဒါကလည်း ဆက်စပ်မှု ရှိပါတယ်။ …
ဒေါ်ခင်လေး (Triangle Women Support Group Founder)
ယုံကြည်မှု တည်ဆောက်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက တစ်ခုစီပဲ သိပ်တော့ မတူဘူးပေါ့နော်။ ယုံကြည်မှု တည်ဆောက်မှုဆိုတာ ဟိုးတုန်းက စစ်အာဏာရှင် လက်အောက်မှာ ကတည်းက ဒေါ်အောင်ဆန်း စုကြည်ကော၊ ဒီမိုကရေစီ အင်အားစုတွေကော တောင်းဆို ခဲ့တာလေ။ တောင်းဆိုခဲ့တာဆိုတော့ ယုံကြည်မှု တည်ဆောက်ဖို့လည်း လိုသလို အခုအချိန်မှာ ယုံကြည်မှု တည်ဆောက်နေတဲ့ အချိန်လို့ ကျွန်မတို့က နားလည် ထားတယ်လေ။ ဒီအချိန်မှာ တစ်ဖက်နဲ့ တစ်ဖက်က ဟိုတုန်းက ဘယ်လိုမှ ညှိနှိုင်း မျက်နှာချင်းဆိုင်လို့ မရ ဘူးလေ။ အခုနောက်ပိုင်းတော့ ဘာပဲပြောပြော ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်ထဲမှာ ၀င်ထိုင်ပြီးတော့ ၀ိုင်းပြီးတော့ ဥပဒေပြုတဲ့ နေရာမှာ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ဒါလည်း ယုံကြည်မှု တည်ဆောက်နေတဲ့ အပိုင်းပေါ့။ အဲလို ယုံကြည်မှု တည်ဆောက်ရေးရဲ့ တစ်စိတ်တစ်ဒေသ အဖြစ်ရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း တစ်စိတ်တစ်ပိုင်းလို့ပဲ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောချင်ရင်၊ ပြည်သူတွေရဲ့ ယုံကြည်မှုကို လိုချင်တယ်ဆိုရင် ပြည်သူတွေ မလိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပေးဖို့က ယုံကြည်မှု တည်ဆောက်မှုရဲ့ ပြယုဂ် တစ်ခုလို့ပဲ မြင်တယ်။ ပါးစပ်နဲ့ပဲ ပြည်သူတွေကို ဘယ်လောက်တောင် လုပ်ပေးနေပါတယ်။ စေတနာ ထားပါတယ်။ ဒါပေမဲ့ အားနည်းမှုတွေ ရှိပါတယ်လို့ ပါးစပ်က ပြောနေရုံနဲ့ မရဘူး။ ပြည်သူလူထုကို သက်သေပြဖို့ လိုတယ်။ အဲ့လို သက်သေပြနိုင်ဖို့ဆိုရင် အခြေခံဥပဒေကို ပြည်သူလူထု လိုလားတဲ့ ဆန္ဒအတိုင်း ပြင်ပေးတာသာ တကယ့် အကောင်းဆုံး သက်သေပြမှုလို့ပဲ မြင်ပါတယ်။
ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
အစ်မအမြင်ပေါ့။ အဓိကတော့ အစ်မတို့ တိုင်းပြည်အတွက် အရေးအကြီးဆုံး ဖြစ်လိမ့်မယ်ပေါ့နော်။ အစ်မတို့ တိုင်းပြည်မှာ အခုဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေး မရရှိတာတွေ၊ တရားဥပဒေ စိုးမိုးမှုမရှိတာတွေ၊ ယုံကြည်မှု တည်ဆောက်မှု ပျက်ပြားနေတာတွေ အားလုံးဟာ အကုန်လုံး ချုပ်လိုက်မယ်ဆိုရင် အခြေခံဥပဒေကြောင့် ဖြစ်နေတယ်လို့ ယူဆတယ်။ ဘာ့ကြောင့်လဲ ဆိုလို့ရှိရင် အခြေခံဥပဒေက ပြည်သူလူထုအတွက် တကယ့် အရေးကြီးတဲ့ အခန်းကဏ္ဍက ရှိနေတာ ဖြစ်တဲ့အတွက် ဒီဟာတောင်မှ မပြင်ဆင်ဘဲနဲ့ အစ်မတို့ ယုံကြည် မှုလည်း တည်ဆောက်လို့ မရနိုင်ဘူး။ ပြည်တွင်း ငြိမ်းချမ်းရေးလည်း မရနိုင်ဘူး။ တရားဥပဒေ စိုးမိုးမှုလည်း ရှိနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် အစ်မအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက ပိုပြီး အရေးကြီး တယ်လို့ မြင်တယ်။
ဦးဝင်းမြင့် (ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
လောလောဆယ်ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လုပ်နေတယ်။ တစ်ပြိုင်တည်း လုပ်နိုင်ရင်လည်း ပိုကောင်းတာပေါ့။ ယုံကြည်မှုလည်း ရှိတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက်လည်း လုပ်တယ်ဆိုရင် ပိုအဆင် ပြေတာပေါ့။ အရေးကြီးတာ ကတော့ ၂ ခုလုံး အရေးကြီးတာပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှပဲ အဆင်ပြေ ချောမွေ့မှာလေ။
ဦးဂျေယောဝူ (မဲဆန္ဒနယ် ၁၂၊ ပူတာအိုခရိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)
နှစ်ခုစလုံးက အရေးကြီးတာပေါ့။ တစ်ခုတည်း ပိုအရေးကြီးတာ မရှိပါဘူး။ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရင်တော့ ယုံကြည်မှုကိုလည်း တည်ဆောက်ပြီးသား ဖြစ်သွားတာပေါ့။ ဘာကြောင့်လဲဆိုရင် ဒါကို မပြင်မှာကို စိုးရိမ် တာပဲလေ။ တိုင်းရင်းသား ပြည်သူလူထုတွေက ဒါကို မပြင်နိုင်မှာကို စိုးရိမ်နေတာပဲလေ။
ဦးခွန်ထွန်းဦး (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)
ယုံကြည်မှု တည်ဆောက်နိုင်မှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကောင်းမှာလေ။ အခြေခံဥပဒေ ကောင်းလာမှ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှာလေ။ အဲ့တော့ ဘယ်လိုမှ ခွဲခြားပြီး ပြောလို့မရဘူး။ အဲ့လိုပဲမြင်ပါတယ်။ ယုံကြည်မှုရှိပြီး အခြေခံဥပဒေ မကောင်းရင် ဘယ်လိုလုပ်မလဲ။ အခြေခံဥပဒေက ကောင်းပြီး တစ်ယောက်နဲ့တစ် ယောက် မယုံကြည်ရင် ဘယ်လိုလုပ်မလဲ။ ယုံကြည်မှု မရှိတာလည်း နှစ်ပေါင်း ၅၀ ကျော် ၆၀ လောက် ရှိနေပြီ။ ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်နဲ့ အစတုန်းက ငြိမ်းချမ်းရေးက ရခါနီး ၉၀ ရာခိုင်နှုန်းကြီးတာပဲ။ အခုမှ ယုံကြည်မှုပြောတယ်။ ကျွန်တော် ထင်တာက ၂ ခု လုံးက အရေးကြီးတာ အတူတူပဲ။ ခေါင်းနဲ့ပန်းလိုပဲ။
မစုစုလှိုင် (Myanmar Positive Group Women Network မှ အကြံပေး)
ယုံကြည်မှု တည်ဆောက်တာကို အရင်လုပ်မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို သွားလို့ရမှာ။ ယုံကြည်မှု မတည်ဆောက် ထားဘဲနဲ့ ဖွဲ့စည်းပုံကို ပြင်နေရင်လည်း အမှားချည်းပဲ ဖြစ်နေမှာ။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ လွယ်ကူသွားမယ်။ ယုံကြည်မှု ပျက်ပြားနေရင် ဖွဲ့စည်းပုံပဲဖြစ်ဖြစ်၊ တခြားဘာပဲလုပ်လုပ် ဘယ်ဟာမှ အရာထင်မှာ မဟုတ်ဘူး။ အရေခြုံထားတဲ့ ဟာပဲဖြစ်နေမှာလေ။ အဓိကက တော့ trust (ယုံကြည်မှု) ပေါ့။ trust က ဘယ်နေရာမဆို အရေးကြီးတာပဲ။ မြန်မာပြည်အတွက်ဆို ပိုအရေးကြီး တာပေါ့။ ယုံကြည်မှု တည်ဆောက်ဖို့က နေရာတိုင်းအတွက် အရေးပါတာပေါ့။ ငြိမ်းချမ်းရေး အတွက်ပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံ အတွက်ပဲဖြစ်ဖြစ် ရှေ့ကို မရောက်နိုင်ဘူးဆိုတာ ယုံကြည်မှု မရှိကြလို့လေ။ တစ်ဦးနဲ့တစ်ဦး မယုံကြည်နိုင်သေးဘူးဆိုရင် ဘယ်တော့မှ ရှေ့ကို မရောက်ဘူး။ ဖွဲ့စည်းပုံကြီး ကောင်းနေလည်းပဲ ရှေ့ကို မရောက်နိုင်ဘူးလေ။ ဒါကြောင့် ယုံကြည်မှုက ပိုအရေးကြီးတယ်လို့ အစ်မက သုံးသပ်ပါတယ်။
ကိုငယ်ပီး (ချင်းအမျိုးသားပါတီ အတွင်းရေးမှူး)
ယုံကြည်မှု တည်ဆောက်နိုင်မှပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်လို့ ဖြစ်မှာပါ။ ဒါဟာ အပြန်အလှန် ဆက်စပ် နေပါတယ်။ တစ်ခုချင်း ခွဲခြားလို့ရတဲ့ကိစ္စ မဟုတ်ဘူးလို့ မြင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ပေမယ့် အပြန်အလှန် ယုံကြည်မှု မရှိဘူး ဆိုရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်သတ်ကြီးဖြစ်ပြီး တကယ့် လက်တွေ့မှာ ကျင့်သုံးနေတဲ့ စနစ်က တစ်မျိုး ဖြစ်သွားနိုင်တယ်။ ယုံကြည်မှု တည်ဆောက်တဲ့ဟာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တဲ့ဟာကို တစ်ပြိုင်တည်း လုပ်သင့်တယ်လို့ မြင်ပါတယ်။ ခွဲလို့မရပါဘူး။
ကိုဂျင်မီ (၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
ယုံကြည်မှု တည်ဆောက်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက ၂ ခုလုံး အရေးကြီးတာပေါ့။ ဒီတိုင်းပြည်မှာဆိုရင် ဒါတွေက အပြန်အလှန် အမှီသဟဲ ပြုနေတဲ့ ကိစ္စတွေပဲ။ တစ်လျှောက်လုံး ဒါက အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတို့ စသည်ဖြင့် ဒါတွေအကုန်လုံးက တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိမှ ရမှာပေါ့။ ယုံကြည်မှု တည်ဆောက်ရေးက အရေးကြီးသလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကလည်း အရေးကြီးတာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေက တိုင်းပြည်ရဲ့ အနှစ်ချုပ်ပဲလေ။ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးဆိုတာ တိုင်းပြည်ရဲ့ ရည်မှန်းချက်ပဲ။ အဲဒါကို အကောင် အထည် ဖော်တဲ့အခါ ယုံကြည်မှုနဲ့ သွားကြတာ အကောင်းဆုံးပဲ။ တစ်ယောက်နဲ့ တစ်ယောက် သံသယတွေနဲ့ ယုံကြည်မှု မရှိရင် ပြဿနာက ဖြစ်တာပဲ။ ကိုကိုကြီးပြောတဲ့ အဓိပ္ပာယ်က ကျွန်တော် နားလည်တာက အဲဒီ အဓိပ္ပာယ်ကို ပြောတာပဲ။ ကျွန်တော်တို့ သဘောထားက နဂိုတည်းက ဒီအတိုင်းပဲလေ။ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ဖြစ်ပေါ်လာရေးကလည်း ကျွန်တော်တို့ရဲ့ အရေးပါတဲ့ ရည်မှန်းချက် ဖြစ်တာပဲ။ ယုံကြည်မှု တည်ဆောက်ရေး ဆိုတဲ့ကိစ္စကလည်း ရှိအောင် လုပ်ရမယ့်ကိစ္စပဲ။ အခုလည်း အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတာတို့ ဘာတို့လည်း ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာဖို့ ပြောဆို ဆွေးနွေးပြီး တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု တည်ဆောက်နေတဲ့ လုပ်ငန်းစဉ် တစ်ခုပဲ။ ဒါတွေက ၂ ခုလုံးက အရေးကြီးတယ်။
ဒေါက်တာညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
အခြေခံဥပဒေ ပြင်ဆင်ရင်းနဲ့ ယုံကြည်မှုကို တည်ဆောက် သင့်ပါတယ်။ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ် လာရင်လည်း ယုံကြည်မှု ရလာမှာပါ။ ယုံကြည်မှု တည်ဆောက်နေတဲ့ နေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖြစ်၊ မပြင်ဖြစ်က မသေချာဘူး။  နောက်ပြီး နိုင်ငံ့ ကိုယ်စားလှယ်တွေ၊ လူထု ခေါင်းဆောင်တွေက တိကျတဲ့ ရည်မှန်းချက်တွေ ရှိဖို့တော့ လိုတယ်။ တကယ် လက်တွေ့ကျတဲ့ ပြဋ္ဌာန်း ချက်တွေက အများလက်ခံဖို့လည်း လိုတာလေ။ အခုပြည်သူတွေက တပ်မတော်ကို သူ့ရဲ့ စစ်တန်းလျားမှာပဲ ပြန်နေစေချင်တယ်။ လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်းမှာ မပါစေချင်တော့ဘူး။ ပြည်သူ့ဆန္ဒကလည်း ထင်ရှား နေပြီ။
ဦးကျော်ဝင်း (စာရေးဆရာ)
လက်ရှိအချိန်မှာ ယုံကြည်မှု တည်ဆောက်ရေးတွေ ပြောနေကြပေမယ့် တစ်ယောက်ကို တစ်ယောက်လည်း ယုံကြည်နေကြတာ မဟုတ်ဘူး။ အဓိက ဖြစ်နေတာက အခြေခံ ဥပဒေကို ပြင်ဆင်နိုင်တာ လွှတ်တော်ပါ။ လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ၁၀၉ ဦး ကော်မတီရဲ့ အစီရင်ခံစာကလည်း ဘာမှန်း မသိရသေးဘူး။ လျှောက်ပြော နေကြလို့လည်း ဘာမှထူးမှာ မဟုတ်ဘူး။
 Credit To Myanmar Herald

Related Articles:

Post a Comment