Wednesday, December 4, 2013

သားသုံးသားနှင့် မူလဘူတ Written by မိုးညွန့်လုလင်

သားသုံးသား ဆိုသည်မှာ ဘုရားသား (သံဃာ)၊ စစ်သား (တပ်မတော်သား) နှင့် ကျောင်းသားတို့ကို ဆိုလိုသည်။ လက်ရှောင်ထားကြရသဖြင့် ‘မထိမတို့ရသူများ’ (Untouchables) သဖွယ် ဖြစ်သည့် ထိုသားသုံးသား တို့သည် နိုင်ငံရေးတွင် ခေတ်ကာလ တွန်းအားကြောင့် အကြိမ်ကြိမ် ပါဝင် ပတ်သက်ခဲ့ကြသည်။ သူတို့၏ အဓိက နေရာသည် နိုင်ငံရေး မဟုတ်သဖြင့် မူလအခန်းကဏ္ဍ ကိုသာ အလေးပေး ထမ်းဆောင်နိုင်အောင် အခြေအနေများ ဖန်တီးပေးသင့်သည်။
လူများစု ဗုဒ္ဓဘာသာဝင် ဖြစ်သည့် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သော မြန်မာနိုင်ငံတွင် သံဃာတော်များသည် လူအများ အကိုးကွယ်ခံ၊ အပူဇော်ခံ၊ သံသရာမှ လွတ်မြောက်ကြောင်း အားကိုးပြုခံများ ဖြစ်ကြသည်။ သံဃာတို့၏ သြဇာမည်မျှ ကြီးသနည်းကို အထူးတလည် ရှင်းပြရန် မလိုပါ။ မြန်မာဘုရင်များ ခေတ်က သံဃာတော်များ၏ တန်ခိုးသြဇာ ကြီးမားခဲ့ပြီး နောင် အင်္ဂလိပ် ကိုလိုနီခေတ်တွင် သံဃာတော်များ၏ သြဇာ မြန်မာမင်းများ ခေတ်ကလောက် မရှိတော့ သော်လည်း သြဇာ ကြီးနေသေးသည်။
တပ်မတော်၏ သမိုင်းသည် မြန်မာ့ခေတ်ပေါ် သမိုင်းလည်း ဖြစ်အောင် နယ်ချဲ့ ဆန့်ကျင်ရေးတွင် တပ်မတော်သည် ခွဲမရအောင် ပါဝင်ခဲ့သည်။ မြန်မာ့ တပ်မတော်၏ အမြုတေ ဖြစ်သော ရဲဘော်သုံးကျိပ်ကို နိုင်ငံရေးသမားများဖြင့် စတင် ဖွဲ့စည်းခဲ့သောကြောင့် ယင်းတို့သည် နိုင်ငံရေးသမား အဖြစ် အခြေတည်ပြီး နှစ်ပေါင်းများစွာ ကြာသောအခါမှ စစ်သားများ အဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးသမား ပထမ၊ စစ်သား ဒုတိယ ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။
လပိုင်းသာ ဖုတ်ပူမီးတိုက် သင်တန်းပေးခဲ့ သောကြောင့် စစ်သား ဖြစ်ရန် ရက်တိုသင်တန်းသာ တက်ခဲ့ရသည်ဟု ဆိုနိုင်ပြီး စစ်သားစစ်စစ် Professional Soldier ဖြစ်ရန် အတော်လေး အားယူခဲ့ရပုံ ပေါ်သည်။ လွတ်လပ်ရေး ရပြီးစ တပ်မတော်တွင်းတွင် ကွန်မြူနစ်ဝါဒ လေ့လာလိုက်စားမှု မြင့်မားပြီး ဗမာပြည်ကွန်မြူနစ်ပါတီက ထိုးဖောက် စည်းရုံးချိန်တွင် တပ်မတော်မှ တပ်ရင်းအချို့ တောခိုပြီး တော်လှန် ပုန်ကန်ခဲ့ခြင်းမှာ Professional Soldier ဖြစ်ရန် အခြေခံက အားနည်းခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။
နောက်ပိုင်းတွင် တပ်မတော်သားများကို စစ်သားစစ်စစ်များ ဖြစ်ရန် လေ့ကျင့်ပေးခဲ့ သော်လည်း ၁၉၆၂ တွင် တပ်မတော်က နိုင်ငံတော် အာဏာကို ရယူခဲ့သောကြောင့် နိုင်ငံရေးနှင့် တိုက်ရိုက် ပါဝင် ပတ်သက်လာသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တည်ထောင်သော အခါတွင်လည်း တပ်မတော်သားများ ပါတီဝင်စေခြင်း များကြောင့် နိုင်ငံရေးနှင့် မဖြစ်မနေ ရောယှက်လာပြန်သည်။ စစ်သားစစ်စစ်များ အဖြစ် လေ့ကျင့်ပေး ခံခဲ့ရသည့် တပ်မတော် သားများသည်လည်း နိုင်ငံရေးနှင့် တိုက်ရိုက် ပါဝင် ပတ်သက်လာပြန်သည်။
၁၉၈၈ နောက်ပိုင်းတွင် တပ်မတော်က အာဏာသိမ်းပြီး တပ်မတော်အစိုးရ ဖြစ်ချိန်တွင် ယူနီဖောင်းဖြင့် နိုင်ငံ အုပ်ချုပ်သည့်ကာလ နောက်ထပ် နှစ်၂၀ ကျော်ခဲ့ပြန်သည်။
ကျောင်းသားသည် မြန်မာ့သမိုင်းကြောင်း အရ နိုင်ငံရေးနှင့် တိုက်ရိုက် ပတ်သက်နေသည်။ ကျောင်းသား ဆိုသည်မှာ ငယ်ရွယ်သည်၊ စူးစမ်း လိုသည်၊ ကြောက်စိတ် နည်းသည်၊ လုပ်ရဲကိုင်ရဲသည်။ လူကြီးများ ကဲ့သို့ ငဲ့ကွက်ရန် သံယောဇဉ် သိပ်မရှိ။ ပထမ ကျောင်းသားသပိတ်၊ ဒုတိယ ကျောင်းသားသပိတ်၊ တတိယ ကျောင်းသားသပိတ် တို့သည် နယ်ချဲ့ လက်အောက်မှ ရုန်းကန်ထကြွရာတွင် အဓိကကျခဲ့သော လှုပ်ရှားမှုများ ဖြစ်သည်။ မြန်မာနိုင်ငံ၏ နာမည်ကျော် နိုင်ငံရေးသမားများသည် ကျောင်းသား ဘဝတွင် နိုင်ငံရေး လုပ်ရင်းဖြင့် နိုင်ငံအဆင့် နိုင်ငံရေး စင်မြင့်သို့ ရောက်လာသူများ ဖြစ်သည်။ ဦးအောင်ဆန်း၊ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေ (သိန်းဖေမြင့်) တို့သည် ကျောင်းသား နိုင်ငံရေးဘဝမှ တက်လာသော ထိပ်တန်း နိုင်ငံရေးသမားများ ဖြစ်ပြီး ယခုထက်တိုင် လူသိများ ထင်ရှားနေဆဲ။
သမိုင်းစာအုပ် များတွင်လည်း ကျောင်းသားများ၏ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကို အထူးတလည် ဂုဏ်ပြုထားသောကြောင့် အထက်တန်း ကျောင်းလောက် ရောက်ခဲ့သည့် မြန်မာ ဆိုလျှင်ပင် ကျောင်းသားနှင့် နိုင်ငံရေးကို တွဲမြင်လေ့ ရှိသည်။ ကျောင်းသားများသည် မြန်မာတို့၏ နှလုံးအိမ်တွင် သူရဲကောင်းများ ဖြစ်သည်။
သားသုံးသားလုံးသည် မြန်မာ့နိုင်ငံရေး အစဉ်အလာအရ နိုင်ငံရေးနှင့် တွဲဆက်နေသည်။ သို့သော် ထိုသူတို့၏ အဓိက တာဝန်သည် နိုင်ငံရေး မဟုတ်။ သံဃာအတွက် ပရိယတ် ပဋိပတ် နိဗ္ဗာန်ရောက်ကြောင်း အားထုတ်ရေး၊ ဖြန့်ဖြူးရေးသည် ပထမ။ ကျောင်းသားသည် ပညာ တတ်အောင်သင်ရေး ပထမ။ စစ်သားသည် နိုင်ငံကို ကာကွယ်ရေး ပထမ။ ထိုသားသုံးသားတို့သည် သူတို့၏ ပင်မတာဝန် မဟုတ်သော တာဝန်ကို ကိုလိုနီခေတ် လိုအပ်ချက်များအရ စတင် ထမ်းဆောင်ခဲ့ရသည်။ သံဃာတော်များ ဖြစ်သော ဦးဥတ္တမ၊ ဦးဝိစာရ၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်၊ ကိုဗဟိန်း၊ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ရဲဘော်သုံးကျိပ်နှင့် ဗိုလ်မှူးဗထူး စသော တပ်မတော်သား တို့သည် မြန်မာတို့ ရင်ထဲ အသည်းထဲတွင် မည်သည့်အခါမျှ မမေ့နိုင် မပျောက်နိုင်သည့် အာဇာနည်များ ဖြစ်သည်။
မြန်မာ့နိုင်ငံရေးနှင့် သမိုင်းကြောင်းတစ်လျှောက် တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့သော ထိုသားသုံးသားလုံးသည် နိုင်ငံရေးမှ အလွယ်တကူ ကင်းကွာသွားရန်မူ မရှိပါ။ ကျောင်းသားအရေးမှ စတင်ခဲ့သော ၁၉၈၈ အရေးနှင့် သံဃာတော်များကြောင့် ထင်ရှားခဲ့သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တို့သည် လူသိများ ဥပမာများသာ ဖြစ်ပြီး နောင်တွင်လည်း သားသုံးသား တို့သည် နိုင်ငံရေးတွင် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်ပြီး လည်းကောင်း ပါဝင်နေမည်သာ ဖြစ်သည်။ သို့သော် ထိုသားသုံးသားလုံးသည် မိမိ၏ ပင်မ တာဝန်ကိုသာ ဦးလည်မသုန် ထမ်းဆောင်နိုင်အောင် မြန်မာ့ လူ့အဖွဲ့အစည်း၊ နိုင်ငံရေးကို ပြုပြင်ပေးရန် လိုသည်။
ကျောင်းသားများ နိုင်ငံရေး လုပ်မည်ကို ကြောက်သောအခါ သူတို့ စည်းကမ်းဖောက်ခြင်း၊ ဥပဒေအထက်တွင် နေခြင်းများကို မျက်ကွယ် ပြုလာရသည်။ ခိုးချသော ကျောင်းသားကို အရေးမယူရဲသည့် ကာလများ၊ လူများများ အောင်အောင် အမှတ်ပေးစည်းမျဉ်း လျှော့ပေးရသည့် ကာလများ သည်လည်း ပူပူနွေးနွေးသာ ရှိသေးသည်။ ဘတ်စ်ကား တွယ်စီးလျှင် ဖမ်းသည့်ဆီးသည့် ယာဉ်ထိန်းရဲသည် ကျောင်းသား တွယ်စီးလျှင်မူ အရေး မယူရဲ။ ကျောင်းသား မောင်းသည့်ကား လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ဖောက်လျှင် မသိချင်ယောင် ဆောင်နေရသည်။ ကျောင်းသားများသည် မိဘ ဆွေမျိုးသားချင်းများ၏ ရင်နှစ်သည်းချာများ ဖြစ်သောကြောင့် ကျောင်းသား တစ်ယောက်ပါလျှင် ‘တစ်ယောက်ကစ တစ်ရာ’ ဆိုသလို ဆက်စပ်သူများပါ တစ်နွယ်ငင် တစ်စင်ပါ ပါဝင် ပတ်သက်လာကြတော့သည်။
သံဃာတော်များကို ထိလျှင် ဒကာ၊ ဒကာမများ ပါဝင် ပတ်သက်လာကြသည်။ ရွာတို့တွင် ရွာဦးကျောင်း ဆရာတော် ပြီးလျှင် ကျန်သူအားလုံး ပြီးသည်။ သံဃာတော် အင်အားသည် သန်းဝက် ရှိသည်။ တပ်မတော် သည်လည်း သန်းဝက် ရှိသည်။ အားလုံးသည် ယောက်ျားသားချည်း။ တပ်မတော် နှင့် သံဃာတော်တို့၏ အားကြောင့် ခေတ်အဆက်ဆက် အစိုးရ အပါအဝင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစုတို့သည် ထိုသူတို့ကို မိမိဘက်ပါအောင် စည်းရုံးတတ်ကြသည်၊ အသုံးချတတ်ကြသည်။ သံဃာတော်များ မဲမပေးရ သော်လည်း သံဃာတော်များ ထောက်ခံချက်ဖြင့် ဒကာ၊ ဒကာမများ၏ မဲရအောင် ကြိုးစားကြသည်။ အာဏာရ အစိုးရ ဆိုလျှင် သာသနာ့ဒါယကာ ဖြစ်အောင် အမျိုးမျိုး ကြိုးစားကြရသည်။ ပါလီမန် ဒီမိုကရေစီခေတ်က သာသနာ့ဒါယကာ အသွင်ဖြင့် သံဃာတော်များ အားဖြင့် မဲနိုင်ရန် ကြိုးစားသည့်ဘက် ရှိသလို တပ်မတော် အားဖြင့် အနိုင်ရရန် ကြိုးပမ်းသည့် ဘက်လည်း ရှိသည်။
မြန်မာ့နိုင်ငံရေး စင်မြင့်တွင် လက်ရှိ ထင်ရှားကြသူ အများအပြားသည် ကျောင်းသားများ သို့မဟုတ် စစ်သားများ ဖြစ်သည်။ NLD ဥက္ကဋ္ဌ ဦးတင်ဦးသည် စစ်သားဟောင်း ဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်းသားများ တစ်ဖြစ်လဲ ၈၈ အဖွဲ့သည် အစိုးရ မဟုတ်သော နိုင်ငံရေးသမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပြီးလျှင် ဒုတိယဟု ဆိုရလောက်အောင် ထင်ရှားသည်။
ကျောင်းသား၏ အဓိက တာဝန်သည် နိုင်ငံရေး မဟုတ်၊ ပညာသင်ရန် ဖြစ်သည်။ စစ်သား၏ အဓိက တာဝန်သည် နိုင်ငံကာကွယ်ရန် ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းတွင် တိုက်ရိုက် ဝင်ပါရန် မဟုတ်။ သံဃာ၏ တာဝန်သည် သာသနာတော်ရေး၊ နိဗ္ဗာန်ရောက်ကြောင်း တရားများ ဟောပြောပို့ချ ကျင့်ကြံရန် ဖြစ်ပြီး နိုင်ငံရေးတွင် ပါဝင်ရန် မဟုတ်။ နိုင်ငံရေးတွင် လှုပ်ရှားလိုလျှင် ကျောင်းသားဘဝမှ ပြောင်း၊ ယူနီဖောင်းလဲ၊ သင်္ကန်းချွတ်ပြီး ပါနိုင်သည်။ ယင်းတို့သည် မူရင်းတာဝန်မှ သွေဖည် ပါဝင်နေခြင်းကြောင့် နဂို တာဝန်များကို ယုတ်လျော့ လစ်ဟင်းလျှင် မြန်မာ့ လူ့အဖွဲ့အစည်း နစ်နာမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ ကိုလိုနီခေတ်မှ စပြီး ခေတ်အဆက်ဆက်တွင် ထိုသားသုံးသားတို့ နိုင်ငံရေးတွင် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သည် များကို အသိအမှတ်ပြုပါသည်။ သမိုင်းမှတ်တမ်း များတွင်လည်း ရေးထိုး မှတ်တမ်းတင်ပြီး ဖြစ်သည်။ သို့သော် ထိုသားသုံးသားတို့၏ မူလဘူတ တာဝန်ကို ထမ်းဆောင်နိုင်မှသာ တည်ငြိမ် ဖွံ့ဖြိုးနေသည့် အခြားနိုင်ငံများ ကဲ့သို့ မြန်မာနိုင်ငံ ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်ရောက်မည် ဖြစ်သည်။
Credit to The Voice Weekly

Related Articles:

Post a Comment