Thursday, December 26, 2013

ဒီမိုကရေစီမီးပွားများ လွင့်ပါးချိန် ကျော်ဗလ

ကင်းဘရစ်ခ်ျတက္ကသိုလ် ပညာရှင်တစ်ဦးဖြစ်သူ ဂျွန်ဒန်းက ဒီမိုကရေစီကို လွှမ်းမိုးလာသော ကမ္ဘာ့စိတ်ကူး" ဟု တင်စားခဲ့သည်။ သို့သော် အချို့နိုင်ငံများတွင် ကြောက်စရာ၊ သံသယဖြစ်စရာ အနေနှင့် သတ်မှတ်နေ ကြသေးသည်။ မျက်မှောက်ခေတ်တွင် အာဏာရှင် အစိုးရများနှင့် ဒီမိုကရေစီ အားပြိုင်မှုများက နက်ရှိုင်းလာသည်။ စစ်တပ်ကို ထိပ်တိုက် ရင်ဆိုင်ရခြင်းသည် ပြည်သူများအတွက် သိပ်ပြီးကြောက်ရွံ့ ထိတ်လန့်စရာ ကိစ္စတစ်ခု မဟုတ်တော့ပေ။
အခြေအနေ မဟန်မှန်း သိလာကြသော အာဏာရှင် များသည် ထိပ်တိုက်ရင်ဆိုင်လာသော ပြည်သူများကို တစ်နည်းမဟုတ် တစ်နည်း ပူးပေါင်းလာကြသည်။ ရန်သူကိုခွာသတ်၍ မရလျှင် ပူးသတ်ရန် ကြိုးစားခြင်း ကသာ အကောင်းဆုံးဗျူဟာ ဖြစ်ကြောင်း အာဏာရှင်တွေက ကောင်းစွာ သိလာကြသည်။ ယင်းကိုပင် ဆေမွာမာတင်လစ်ဆက် ဆိုသူက "နှစ်လိုဖွယ် ကောင်းသော အာဏာရှင်များ" ဟု တင်စား ခေါ်ဝေါ်ခဲ့သည်။
အာဏာရှင်တွေက ပါးနပ်ကြသည်။ အတုအယောင် လွတ်လပ်ခွင့် များကို ပေးပြီး ဟန်ပြဒီမိုကရေစီ များနှင့် ပြည်သူတွေကို ဆွဲဆောင်ကြသည်။ ရုရှားတွင် ပြန်လည်ပြင်ဆင်ရေး ဝါဒီများ ကျင့်သုံးနေသည့် ဒီမိုကရေစီသည် “ရင်ခွင်ပိုက် ဒီမိုကရေစီ” သဘောမျိုးဖြစ်သည်။ တစ်နည်းအားဖြင့် “အတုအယောင် ဒီမိုကရေစီ” ဟုလည်း ဆိုနိုင်သည်။
တရုတ် တို့ကလည်း သူတို့ကျင့်သုံးသည့် ဒီမိုကရေစီကို စနစ်ကျသော လစ်ဘရယ်ဒီမိုကရေစီ ဖြစ်ကြောင်း ထုတ်ဖော်ပြောလေ့ ရှိသည်။ သူတို့ ဒီမိုကရေစီက တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံရေး ယှဉ်ပြိုင်မှု များကို ချုပ်ကိုင်ထားခြင်း ဖြစ်သည်။ သို့ဖြစ်ရာ တစ်ပါတီ ဒီမိုကရေစီစနစ်ဟု ဆိုရမည် ထင်သည်။ တိန်ရှောက်ပင် လက်ထက်က အမွှမ်းတင်သည့် စကားနှင့် ပြောရမည်ဆိုလျှင် "တရုတ်နည်း တရုတ်ဟန်ဖြင့် ခေတ်မီနိုင်ငံတော်ကြီး တည်ဆောက်အံ့" ဟုဆိုရမည်။
တရုတ် ရူပဗေဒပညာရှင် ဖြစ်ခဲ့ပြီး ယခု အတိုက်အခံတစ်ယောက်အဖြစ် ရပ်တည်နေသည့် ဖန်လီဇီး ဆိုသူက သူ့တက္ကသိုလ် ကျောင်းသားများကို တရုတ်နည်းတရုတ်ဟန် ရူပဗေဒကို ယုံကြည်သလားဟု မေးဖူးသည်။ ဖန်က သိပ္ပံနည်းကျ အဆိုငါးခုကို ထောက်ပြထားသည်။ ယင်းအဆို များက ဒီမိုကရေစီကို အထောက်အကူ ပြုနိုင်မည်လောဟု ဆန်းစစ်စရာ ဖြစ်လာသည်။
သိပ္ပံပညာသည် သံသယဖြင့် စတင်သည်။ မော်စီတုံးဝါဒလို ယုံကြည်မှုဖြင့် မတည်ဆောက်ပေ။
သိပ္ပံပညာသည် ဆုံးဖြတ်ချက် တစ်ခုအပေါ်တွင် ဖိစီးမှုများ မရှိစေရန် အလေးထားသည်။ သို့ဖြစ်ရာ အစဉ်အလာ ကိုလည်း လိုက်နာချင်မှ လိုက်နာမည်။
သိပ္ပံပညာသည် တန်းတူညီမျှ စဉ်းစားရသည်။ အဆိုတစ်ခုသည် အခြားအဆို တစ်ခုထက် သာသည်ဆိုသော အယူအဆဖြင့် စဉ်းစားပြီး စတင်လေ့ မရှိပေ။
သိပ္ပံပညာသည် သတင်း အချက်အလက်များ လွတ်လပ်စွာ စီးဆင်း ရယူနိုင်မှုကို ဦးစားပေးသည်။
သိပ္ပံပညာသည် မှန်ကန်ကြောင်း သက်သေပြရန် လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေသများနှင့် ကိုက်ညီရသည်။ တစ်နေရာတစ်မျိုး နောက်တစ်နေရာ တစ်မျိုး သတ်မှတ်၍ မရပေ။
၁၉၇၄ ခုနှစ် ကတည်းက တွက်စစ်လျှင် ဒီမိုကရေစီ တော်လှန်ရေးပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သည်။ လွတ်လပ်သောနိုင်ငံ အဖြစ် ရောက်ရှိလာသော နိုင်ငံပေါင်း ၁၀၀ ခန့်ဖြစ်လာသည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် ဒီမိုကရေစီကို ပြန်ဆန်းစစ်လျှင် အောင်မြင်သည်ထက် ကျဆုံးသည့်ဘက်က များကြောင်း Freedom House က သုံးသပ်ထားသည်။
အီဂျစ်၊ လစ်ဗျား၊ အိုင်ဗရီကို့၊ မြန်မာနှင့် ဆီနီဂေါ နိုင်ငံများသည် ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ချီတက်နိုင်ရန် အစိုးရက ဆောင်ရွက်နေသည် ဟု ဆိုရမည်။ အရှေ့အလယ်ပိုင်း နိုင်ငံများ ဖြစ်သည့် အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်နှင့် ဆီးရီးယားနိုင်ငံ များတွင် ပြည်သူတို့က ဒီမိုကရေစီ ဖော်ဆောင် နေကြသောကြောင့် ပြည်တွင်းစစ်များ ဖြစ်ပွားပြီး သွေးလွှမ်းနေရသည်။
ကမ္ဘာ့နိုင်ငံများတွင် ဒီမိုကရေစီ လှုပ်ရှားမှုများ မရပ်မနား ဖြစ်ပွား နေသော်လည်း ဆုတ်ယုတ်ကျဆင်းမှု တွေက ဖြစ်ပွားနေဆဲ ဖြစ်သည်။ ဒီမိုကရေစီ ဆိုသည်က အနောက်နည်း အနောက်ဟန်ဖြစ်ပြီး၊ အနောက်စတိုင် အတိုင်း အတင်းအဓမ္မ သွတ်သွင်းရန်လည်း မဖြစ်နိုင်ပေ။
၂၀၀၆ ခုနှစ်က ချီလီနိုင်ငံမှ ဝတ္ထုရေးဆရာ အစ္စဘဲလ် အယ်လန်းဒေး က "လက်တင် အမေရိကသည် ဒီမိုကရေစီကို ရွေးချယ်ခဲ့သည်" ဟု ထုတ်ဖော် ကြေညာခဲ့သည်။ ထိုအချိန်တွင် ကမ္ဘာ့တစ်ခြမ်းစာခန့် ရှိသော ပြည်သူများသည် ဒီမိုကရေစီအတွက် တိုက်ပွဲဝင် နေကြရသေးသည်။ အာဖရိက တိုက်တွင် ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် အပြိုင်အဆိုင် ရွေးကောက်ပွဲများ ကျင်းပနေကြသည်။ သို့သော် ထိုဒေသ များတွင် ကမ္ဘာ့အဆိုးဆုံး အာဏာရှင်များနှင့် အကျင့်ပျက် ခြစားမှုများက ရှိနေသည်။
အရှေ့အလယ်ပိုင်း ဒေသများသည် အာဏာရှင် အစိုးရများက ဖိနှိပ် လွန်းသဖြင့် ဒယ်အိုးလို ခွက်ကျနေပြီ ဟုပင် တင်စားနေကြသည်။ သူတို့ အာဏာ မပျောက်ပျက်ရေးအတွက် ဒီမိုကရေစီ မပေးရန် အရေးကြီးသည်။ အာရှတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာပြီး၊ မြောက်ကိုရီးယား နိုင်ငံတွင် ဒီမိုကရေစီ ဆုတ်ယုတ်မှုက ကမ်းကုန်နေသည်။ မြောက်အမေရိက နှင့် ဥရောပ တွင်လည်း ဒီမိုကရေစီ တိုးတက်မှုက ရောထွေးနေသည်။ ထိုနိုင်ငံ များတွင် ဒီမိုကရေစီကို ဖော်ဆောင် နိုင်သည်ထား စီးပွားရေးက ကျဆင်းပြီး ပြည်သူတွေက လုံးလည်ချာလည် လိုက်နေကြသည်။
ဒီမိုကရေစီနှင့် ကင်းသောနိုင်ငံ မရှိသလောက် ဖြစ်လာသည်။ ဒီမိုကရေစီ ဆိုသည်မှာ ဥယျာဉ်ကြီးတစ်ခုနှင့် တူပြီး အမြဲအပြတ် ထိန်းသိမ်း စောင့်ရှောက်ရန် လိုလာသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလသည် ဆတ်ဆတ်ထိ မခံနိုင်သော အနေအထား ဖြစ်သည်။ ထိုကာလတွင် အတား အဆီး၊ အတိုက်အခိုက်၊ အနှောင့်အယှက်များ ရှိလာနိုင်သည်။ သွေးစည်း ညီညွတ်ခြင်းဖြင့်သာ ကျော်လွှားနိုင်ပါလိမ့်မည်။ အများသဘောသည် အမှား ပေါသည် ဆိုသော်လည်း အများဆန္ဒနှင့် အညီ ဒီမိုကရေစီ အတွက် သင့်လျော်မည့် ပုံစံများကို အမြဲပြုပြင် ပြောင်းလဲသွားရန် လိုသည်။ ထိုသို့ပြောင်း လဲရာတွင် အကြမ်းဖက်မှု မရှိဘဲ ပြုပြင် ပြောင်းလဲနိုင်ရေးက ပိုပြီးအရေး ကြီးသည်။
အစိုးရဆိုသည်မှာ အတင်းအကျပ် ပြုပြင်ပြောင်းလဲ ခိုင်းရသည့် သဘော၊ အဓမ္မတိုက်တွန်း စေခိုင်းရသည့် သဘောများ ရှိနေသောကြောင့် ပြည်သူများက သဘော မကျတတ်သည်က များသည်။ မည်မျှ သဘောကျပြီး တင်မြှောက်ထားသည် ဖြစ်စေ ကိုယ့်ဆန္ဒ အလိုအတိုင်း မဖြစ်လျှင် အစိုးရကို ငြိုငြင်ကြသည်သာ ဖြစ်သည်။
ဒီမိုကရေစီ အစိုးရ ဆိုသည်မှာလည်း တစ်ခါတစ်ရံ အာဏာရှင် မျက်နှာဖုံးကို အငှားသုံးသင့်လျှင် သုံးကြရသည်။ အဘယ်ကြောင့် ဆိုသော် လိုက်လျောလွန်းသည့် အစိုးရသည် အုပ်ချုပ်၍ မရနိုင်သည့် သဘောကိုလည်း သတိထားရမည် ဖြစ်သည်။ ပြည်သူတွေ ကြောက်ရွံ့ကြသည်မှာ အကြမ်းဖက်မှု ဖြစ်သည်။ အစိုးရက အကြမ်းဖက် မည်ကိုလည်း ကြောက်ကြသည်။ အချင်းချင်း အကြမ်းဖက်မည် ကိုလည်း ကြောက်ကြသည်။ ဥပမာ - ဆီးရီးယား နိုင်ငံတွင် ဖြစ်သည်။
ဖိနှိပ်သည့် အစိုးရသည် ကျဆုံးရမည်သာ ဖြစ်သည်။ မည်သည့် ဖိနှိပ်သည့် အစိုးရမှ ရေရှည် မတည်မြဲနိုင်ပေ။ အိန္ဒိယအမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီက "အာဏာအရှိဆုံးသူ ဖြစ်ပါစေ ဥပဒေကို မလိုက်နာလျှင် အုပ်ချုပ်ရန်မဖြစ်နိုင်" ဟု ဆိုထားသည်။
ဒီမိုကရေစီစံ များက ပျံ့နှံ့လွှမ်းမိုးလာသည်။ ကမ္ဘာက ပြားလာပြီး လူတွေက တစ်နေရာနှင့် တစ်နေရာ ကူးသန်း သွားလာနေကြသည်။ ခေတ်က သတင်းအချက်အလက် တော်လှန်ရေးခေတ် ဖြစ်သည်။ နေရာတိုင်းတွင် လောင်စာတွေက ရှိနေသည်။ ဒီမိုကရေစီ မီးပွားလေးများ လွင့်ပါးလာမည်ကို ကြောက်ရွံ့ စိုးရိမ်စွာဖြင့် အာဏာရှင်များသည် ရေဖျန်းထားရန် လိုသည်။ ဓားဓားချင်း တုတ်တုတ်ချင်း စိန်ခေါ်ဝံ့သော အာဏာရှင် များကား တစ်ယောက်ပြီး တစ်ယောက် ကျဆုံးခဲ့ရသည်။
Credit To The Voice Weekly

Related Articles:

Post a Comment