Tuesday, September 10, 2013

စီးပွါးရေးမဟာဗျူဟာများနှင့် Stakeholders --- ဘိုစိန်


စီးပွါးရေးလုပ်ငန်းများအတွက် မဟာဗျူဟာများ ချမှတ်ရာမှာ Stakeholder များနဲ့ပတ်သက်လို့ ထည့်သွင်းစဉ်းစားဖို့ အထူးလိုအပ်ပါတယ်။ မဟာဗျူဟာချမှတ်သူများအနေနဲ့ Stakeholder တွေရဲ့ အကျိုးစီးပွါးဆိုင်ရာ ကျေနပ်မှုရရှိရေး ဆောင်ရွက်ဖို့လိုအပ်ပါတယ်။

ကုမ္ပဏီတစ်ခုရဲ့ Stakeholder များနဲ့ပတ်သက်လို့ Internal Stakeholder များနဲ့ External Stakeholder များ ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Internal Stakeholder များက စတော့ရှယ်ယာရှင်တွေ(stockholders)၊ အမှုဆောင်အရာရှိများ၊ မန်နေဂျာများ၊ ဘုတ်အဖွဲ့ဝင်များအပါအ၀င် ကုမ္ပဏီဝန်ထမ်းများပါဝင်ပါတယ်။ External Stakeholder များမှာ ကုမ္ပဏီနဲ့ပတ်သက်လို့ ပြောဆိုပိုင်ခွင့်ရှိကြတဲ့ တစ်ဦးချင်း သို့မဟုတ် အုပ်စုလိုက် လူပုဂ္ဂိုလ်များ ပါဝင်ကြပါတယ်။ ကုမ္ပဏီရဲ့ ဖောက်သည်များ၊ ကုမ္ပဏီအတွက် ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ ပေးနေသူများ၊ အစိုးရအဖွဲ့အစည်းများ၊ သမဂ္ဂများ၊ ဒေသခံပြည်သူများနဲ့ အထွေထွေပြည်သူလူထုတို့ ပါဝင်ပါတယ်။

Stakeholder များအားလုံးဟာ ကုမ္ပဏီနဲ့ အပြန်အလှန် ဆက်နွယ်မှုရှိနေကြပါတယ်။ ကုမ္ပဏီရဲ့ စတော့ရှယ်ယာ ရှင်တွေ (stockholders)က ကုမ္ပဏီအတွက် ငွေအရင်းအနှီးများ ထောက်ပံ့ပေး ထားကြပြီး သူတို့ ရင်းနှီးမြှုပ်နှံမှု တွေအတွက် ကုမ္ပဏီမှ သင့်လျော်တဲ့ အမြတ်ရရှိဖို့ မျှော်မှန်းထားကြပါတယ်။

ကုမ္ပဏီရဲ့ ၀န်ထမ်းများက သူတို့ရဲ့ လုပ်အားတွေ ကျွမ်းကျင်မှုတွေကို ကုမ္ပဏီအတွက် ပေးထားကြပြီး အပြန်အလှန်အနေနဲ့ ကုမ္ပဏီမှ လစာဝင်ငွေ၊ အလုပ်နဲ့ဆက်နွယ်တဲ့ စိတ်ကျေနပ်မှု၊ အလုပ်တည်မြဲရေး နဲ့ ကောင်းမွန်တဲ့လုပ်ငန်းခွင်အခြေအနေ စတာတွေကို မျှော်မှန်းကြပါတယ်။

ကုမ္ပဏီရဲ့ ဖောက်သည်များ(Customers) ကလည်း ကုမ္ပဏီအတွက် ၀င်ငွေများ ထောက်ပံ့ပေးနေကြပြီး ပေးရတာတန်တဲ့ အရည်အသွေးမြင့်မားကာ ယုံကြည်အားထားရတဲ့ကုန်ပစ္စည်းများကို အလိုရှိကြပါတယ်။

ကုမ္ပဏီအတွက် ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ဖြန့်ဖြူးပေးနေသူများ (Suppliers)ကလည်း ကုမ္ပဏီအတွက် လိုအပ်တဲ့ သွင်းကုန်ပစ္စည်းများကို ထောက်ပံ့ပေးပြီး ၀င်ငွေရရှိဖို့နဲ့ ယုံကြည်အားထားရတဲ့ ၀ယ်လက်များရရှိဖို့ ကြိုးပမ်းကြပါတယ်။

အစိုးရကလည်း စီးပွါးရေးလုပ်ငန်းများ မျှတစွာ ယှဉ်ပြိုင်နိုင်ရေးနဲ့ စီးပွါးရေးလုပ်ငန်းဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့် ထိန်းညှိနိုင်ရေးအတွက် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ပြဌာန်းပေးပြီး အပြန်အလှန်အားဖြင့် ကုမ္ပဏီများအနေနဲ့ ပြဌာန်းချက်တွေကို စွဲမြဲစွာ လိုက်နာစေချင်ကြပါတယ်။

အလုပ်သမားသမဂ္ဂများကလည်း ကုမ္ပဏီအတွက် ထုတ်လုပ်စွမ်းအား ပြည့်ဝ တဲ့ ၀န်ထမ်းတွေ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီး သူတို့အဖွဲ့ဝင်တွေ အတွက် ကုမ္ပဏီမှ အကျိုးကျေးဇူးခံစားခွင့်များကို ရရှိစေလိုကြပါတယ်။

ဒေသခံပြည်သူတွေက ကုမ္ပဏီအတွက် ဒေသဆိုင်ရာ အခြေခံအဆောက်အဦးများနဲ့ ပံ့ပိုးထားကြသလို ကုမ္ပဏီဘက်ကလည်း ဒေသခံတွေနဲ့ပတ်သက်လို့ တာဝန်ယူနိုင်စွမ်း ရှိစေချင်ကြပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးကလည်း ကုမ္ပဏီများအတွက် တစ်မျိုးသားလုံးဆိုင်ရာ အခြေခံအဆောက်အဦးများနဲ့ ကူညီဆောင် ရွက်ထားပြီး ကုမ္ပဏီများ တည်ရှိနေခြင်းကြောင့် အရည်အသွေးပြည့်ဝသည့် ဘ၀များ ဖြစ်ထွန်းစေလိုကြပါတယ်။

ဒါ့ကြောင့် ကုမ္ပဏီများအနေနဲ့ စီးပွါးရေးဆိုင်ရာ မဟာဗျူဟာများကို ပုံဖော်ရာမှာ Stakeholder များနဲ့ပတ်သက်လို့ များစွာထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။ ဖော်ပြပါအချက်များကို လျစ်လျူရှုခဲ့မယ်ဆိုရင်တော့ Stakeholder တွေရဲ့ ထောက်ခံမှု ပျောက်ဆုံးကာ ကုမ္ပဏီ ရေရှည်တည်တံ့ဖို့ ခက်ခဲနိုင်ပါတယ်။

ရှယ်ယာရှင်တွေက သူတို့ရှယ်ယာတွေကို ပြန်လည်ရောင်းချတာမျိုး၊ ၀န်ထမ်းတွေကလည်း ကုမ္ပဏီကို စွန့်ခွါ သွားတာမျိုး၊ ကုမ္ပဏီရဲ့ ဖောက်သည်များ( Customers)ကလည်း အခြားထုတ်ကုန်များကို ပြောင်းလဲအားပေး ခြင်းမျိုး၊ ကုန်ကြမ်းထောက်ပံ့ပေးနေသူများ (Suppliers)ကလည်း ယုံကြည်အားထားရတဲ့ ၀ယ်လက်သစ်ဆီ ပြောင်းရွှေ့သွားတာမျိုး ကြုံရနိုင်ပါတယ်။ ဒါ့အပြင် အလုပ်သမားသမဂ္ဂကလည်း အလုပ်သမားဆိုင်ရာ အငြင်းပွါး မှုတွေအတွက် တောင်းဆို လာခြင်း၊ ဒေသခံပြည်သူတွေကလည်း သူတို့အရပ်ဒေသမှာ ကုမ္ပဏီရဲ့ လုပ်ငန်းခွင် တည်ရှိနေမှုကို ကန့်ကွက်တားဆီးလာခြင်း၊ ပြည်သူလူထု ကလည်း လူနေမှုဘ၀အရည်အသွေးကို ထိခိုက်နိုင်တဲ့ ကုမ္ပဏီများနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်ဖို့ ဖိအားပေး တောင်းဆိုလာခြင်းများ ဖြစ်ပွါးလာနိုင်ပါတယ်။

ကုမ္ပဏီအနေနဲ့ Stakeholder များအားလုံးရဲ့ တောင်းဆိုမှုတွေကို အမြဲတမ်း ကျေနပ်နှစ်သက်အောင် ဆောင်ရွက်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ကွဲပြားနေတဲ့ အုပ်စုတွေရဲ့ တောင်းဆိုချက် ဦးတည်ရည်မှန်းချက်တွေ ဟာ အပြန်အလှန် ထိုးနှက်နေတတ်ပါတယ်။ ဥပမာအားဖြင့် လုပ်ခလစာတိုးမြှင့်ပေးဖို့ အလုပ်သမားသမဂ္ဂရဲ့တောင်းဆိုချက်ဟာ သင့်လျော်တဲ့ဈေးနှုန်းဖြစ်ဖို့ ဖောက်သည်များရဲ့တောင်းဆိုချက်၊ လက်ခံနိုင်လောက်တဲ့ အမြတ်ရရှိဖို့ ရှယ်ယာရှင်များရဲ့တောင်းဆိုချက်တွေနဲ့ အပြန်အလှန် ထိုးနှက်နိုင်ပါတယ်။

ထိုအတွက် ကုမ္ပဏီအနေနဲ့ ရွေးချယ်မှုပြုလုပ်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီအတွက် အရေးပါတဲ့ Stakeholder တွေကို ခွဲခြားသတ်မှတ်ကာ စီးပွါးရေးမဟာဗျူဟာများပုံဖော်ရာမှာ ဦးစားပေးဆောင်ရွက်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ကုမ္ပဏီနဲ့တိုက်ရိုက်ဆက်နွယ်နေတဲ့ ဖောက်သည်များရဲ့ လိုအပ်ချက်များကို ကျေနပ်နှစ်သက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ ကုမ္ပဏီတွေဟာ ၀င်ငွေထိခိုက်နိုင်ပါတယ်။
Source: Strategic Management Theory

Related Articles:

Post a Comment