Friday, February 1, 2013

ပြည်ထောင်စုနေ့အမီ သိက္ခာပြန်ဆယ်နိုင်ပါ့မလား





ပြည်ထောင်စုနေ့ကို ဘယ်တိုင်းရင်းသားခေါင်းဆောင်များ တက်ကြမလဲ

စစ်အစိုးရလက်ထက်မှာ လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့ထက် တပ်မတော်နေ့ကိုသာ လူငယ်များ ပိုသိကြတယ်။ လွတ်လပ်ရေးမှာ ပြည်သူတွေ မပျော်နိုင်ခဲ့တာ ကြာပြီ။ ပြည်ထောင်စုနေ့မှာလည်း တိုင်းရင်းသားလူမျိုးများ မပျော်နိုင်ခဲ့တာ ကြာပြီ။ ဒီနှစ်မှာလည်း ပြည်ထောင်စုနေ့ကို ဆင်ယင်ကျင်းပမှာပါ။ ဒါပေမဲ့ အစိုးရက ကချင်ကို ရက်ရက်စက်စက် ထိုးစစ်ဆင်ပြီး အပြစ်မဲ့ကချင်ပြည်သူများကို နှစ်နှစ်ကြာမျှ မုဒိမ်းကျင့်၊ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခဲ့တဲ့အတွက် အစိုးရကျင်းပတဲ့ ပြည်ထောင်စုနေ့ကို ဘယ်တိုင်းရင်းသားခေါင်းဆောင်များ တက်ကြမလဲ စိတ်ဝင်စားစရာပါ။


ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးနိုင်ခြေရှိ

ကြေးနီစီမံကိန်းအကြမ်းဖက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးခဲ့လို့ အစိုးရက သက်သာရာရခဲ့ပါတယ်။ ကချင်အရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးနိုင်တယ်လို့ ဆိုကြပါတယ်။ လက်ရှိအခြေအနေမှာ အစိုးရတပ်နဲ့ကချင်တပ် မျက်နှာချင်းဆိုင်လို့ မကောင်းပါ။ အစိုးရနဲ့တိုင်းသားလူမျိုးများကြားမှာလည်း သံသယတွေ ကြီးထွားလာပြီဖြစ်တယ်။ အခြေအနေအရ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာဖို့ အကောင်းဆုံးအချိန် ဖြစ်တယ်။ ဒါပေမဲ့ တစ်ခုစဉ်းစားစရာရှိတာက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ဖော်ကိုင်ဖက်တစ်ဦးအနေနဲ့ သဘောထားတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပြောနေပေမဲ့ သူ့စကား ပျက်ပေါင်းများတော့လည်း သူ့စိတ်ရင်းကို ခန့်မှန်းလို့မရတော့ပါဘူး။ လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်ဘက်ကိုမှ မပါခဲ့လို့ စေ့စပ်ရေးလုပ်ရင် အသင့်တော်ဆုံး ဖြစ်တယ်။ တိုင်းရင်းသားများကို ချော့လို့မရတော့ဘူးလို့ အစိုးရက ထင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ကို အသေအချာ ထုတ်သုံးလာမှာ ဖြစ်တယ်။


ကချင်နဲ့အစိုးရတပ်တို့ကရော ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံနိုင်လား

မေးစရာရှိတာက ဒေါ်အောင်ဆန်းစုကြည်ကို ကချင်နဲ့အစိုးရတပ်တို့ လက်ခံကြသလားဆိုတာပဲ။ ဖြစ်သမျှပြဿနာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်တာ ကြာလှပြီပဲ။ အစိုးရအကူအညီတောင်းတဲ့အတွက် ကြေးနီကိစ္စမှာ ပါခဲ့ပေမဲ့ နိုင်ငံရေးသိက္ခာမကျဖို့ မနည်းထိန်းခဲ့ရပါတယ်။ ကချင်အရေးမှာလည်း ကချင်လူမျိုးများက ဒေါ်အောင်ဆန်းစုကြည်အပေါ် မကျေနပ်မှုများ ဖြစ်ခဲ့ကြောင်း လူတိုင်းအသိဖြစ်တယ်။ ဒါပေမဲ့ ကချင်တွေက ဒုက္ခရောက်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အသံကို ကြားချင်ပေမဲ့ မကြားခဲ့ရလို့ မကျေနပ်ကြခြင်းလို့ ယူဆမိပါတယ်။ ကချင်များကို ကယ်တင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မနောက်ကျသေးပါဘူး။ အဓိကပြဿနာက စစ်တပ်ပါ။ မြန်မာ့တပ်မတော်အနေနဲ့ အဖရင်းကို သစ္စာဖောက်ပြီး ဖထွေးနောက် လိုက်ခဲ့ကတည်းက ဗိုလ်ချုပ်အောင်ဆန်းမျိုးဆက်များနဲ့ မိဘပြည်သူများကို ရန်သူသဖွယ် ဆက်ဆံလာတဲ့သမိုင်း ရှိပါတယ်။ လောလောဆယ်မှာ မြန်မာ့တပ်မတော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလေးပြုဖို့ အဆင်သင့်ဖြစ်ပြီလား။ မသေချာသေးပါ။


ပြည်ထောင်စုနေ့အမီ သိက္ခာကို ပြန်ဆယ်နိုင်ပါ့မလား

အစိုးရအနေနဲ့ ကချင်ကို မတရားတိုက်ခဲ့တဲ့အတွက် နိုင်ငံရေးအရ သိက္ခာကျခဲ့ရပါတယ်။ မြီးရှင်နိုင်ငံများက မြန်မာ့ကြွေမြီးကို လျော်ပစ်ခြင်းမှာ ထောင်မြင်ရာစွန့်သဘောသာ ဖြစ်လို့ အဆင်ပြေနေတယ်လို့ ယူဆလို့မရပါ။ လွှတ်တော်မှာ နိုင်ငံရေးစကားမပြောရဘူးပြောတဲ့ သူရရွှေမန်း၊ ဘယ်သူမှ မနာခဲ့တဲ့ အမိန့်တွေကို တသွင်သွင်ပေးနေတဲ့ သိန်းစိန်၊ ဘယ်သူကိုမှ မှုစရာမလိုဘဲ သေနတ်ကို တဒိုင်းဒိုင်းပစ်နေတဲ့ မင်းအောင်လှိုင်တို့ကို အမေရိကန်နဲ့တရုတ်တို့က စိတ်အပျက်ကြီးပျက်ခဲ့ပြီ။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ဘယ်တုန်းကမှ နာမည်ကောင်းမထွက်ခဲ့တဲ့ နော်ဝေကလွဲရင် အခြားဥရောပနိုင်ငံများလည်း မြန်မာအစိုးရရဲ့ အကြမ်းဖက်မှုများကို သတိထားမိလာကြပြီဖြစ်တယ်။ စီးပွားရေးကို ပြန်ပိတ်ဆို့တဲ့အထိ မဟုတ်ရင်တောင် မြန်မာအစိုးရမှာ ဖိအား အတော့်ကို များနေပါပြီ။

ဒီဖိအားကို လျှော့ချဖို့ အစိုးရက ပြည်ထောင်စုနေ့ကို အသုံးချလာမှာကတော့ အသေအချာပါပဲ။ နောက်ဆုတ်ရင်းနဲ့ ရှေ့ကို တိုးမိတဲ့ တပ်များကို ဆုတ်ပေးစရာမလိုဘဲ လိုင်ဇာကို ရာသက်ပန်ပိတ်ဆို့ထားလို့ရအောင်၊ လိုင်ဇာကို သိမ်းစရာမလိုဘဲ လက်ထဲရောက်အောင်၊ နိုင်ငံရေးအရ ဘာသဘောတူညီချက်ကိုမှ လုပ်စရာမလိုဘဲ အပစ်ကို ရပ်နိုင်အောင်၊ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက်စေပြီး နိုင်ငံရေးအမြတ်ထုတ်နိုင်အောင် အစိုးရအတွက် အလွန်အရေးကြီးနေပါတယ်။ ဒီလိုလုပ်နိုင်မှပဲ အစိုးရအတွက် ကျဆင်းသွားတဲ့ ဂုဏ်သိက္ခာကို အဖတ်ဆည်လို့ရမှာပါ။ ဆီဂိမ်းအတွက်လည်း မျက်နှာပန်းလှမှာပါ။ တိုက်စရာရှိသေးရင် ဆီဂိမ်းပြီးမှ ရမည်းရှာပြီး တိုက်လိုက်ရုံပါပဲ။ အကြောင်းပြချက် ပေးစရာမယ်မယ်ရရ ဘာမှမရှိဘဲ ကချင်ကို တိုက်ခဲ့ပြီပဲ။ အခြားလူမျိုးများကို တိုက်ချင်သေးရင် ထတိုက်လိုက်ရုံပဲ။

ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါ။ (၂)နှစ်ကြာတိုက်ခဲ့တဲ့ စစ်ပွဲကို (၁၂)ရက်ထဲနဲ့ အဖြေရှာလို့ရမှာမဟုတ်၊ လိုင်ဇာနားရောက်နေတဲ့ အစိုးရတပ် ဆုတ်ခွါသွားအောင် စည်းရုံးလို့ရမှာမဟုတ်၊ အပေးအယူလုပ်ရတဲ့ညှိုနှိုင်းရေးယဉ်ကျေးမှုကို မြန်မာ့တပ်မတော်က နားမလည်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးတဲ့လို့ သူကိုယ်တိုင် ပါဝင်ဦးမှာမဟုတ်တဲ့အတွက် မလွယ်သေးဘူးလို့ သုံးသပ်ချင်ပါတယ်။

Credit:  Ven Ravika

Related Articles:

Post a Comment