Wednesday, November 20, 2013

ဒီမိုကရေစီ သမ္မတနဲ့ မုဒိတာရှင် ဂေါပက ဌေးအောင်ကို

ဒီမိုကရေစီကို ကျွန်တော်တို့ သွားနေပါပြီ။ ရိုးသား၊ သန့်ရှင်း၊ စိတ်ရင်းမှန်တဲ့ သမ္မတကြီးနဲ့ နောက်ပြန်မလှည့် ရှေ့တည့်တည့် လျှောက်နေကြပါပြီ။ ဒါဆိုရင် ဘာလိုသေးလဲလို့ မေးရင်တော့ နောက်လိုက်တွေ နောက်က တည့်တည့် လိုက်ကြပါ။ နောက်ကို တည့်တည့် ပြန်လှည့်ဖို့ မဟုတ်ပါဘူး။ ဒီမိုကရေစီ သမ္မတခေတ်မှာ အာဏာရှင် ဂေါပက ဆိုတာကအစ မဖြစ်ကြစေဖို့ပါ။
ဘယ်ဂေါပကမှတော့ အာဏာရှင် အဖွဲ့အစည်း တစ်ရပ်အသွင် ဖွဲ့စည်းထားကြမှာ မဟုတ်ပါဘူး။ ဒါကတော့ အသေအချာ ပြောရဲပါတယ်။ ဒါပေမဲ့ ဘယ်ဂေါပကမှ အာဏာရှင် မဆန်ပါဘူးလို့ အာမခံနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းကို ခေါင်းညိတ်ရဲသူ ထဲမှာတော့ ကျွန်တော် မပါ။

ခရိုင်အဆင့်ရှိ မြို့ကြီး တစ်မြို့မှာ ပွဲတော်တစ်ခု ကျင်းပပါတယ်။ သုံးနှစ်တစ်ခါ ကြီးကျယ်ခမ်းနားစွာပဲ ကျင်းပ ပြုလုပ်တာပါ။ ယခုနှစ်မှာတော့ ကောက်ကာငင်ကာ စည်းကမ်း သတ်မှတ်ချက် အသစ်တစ်ခုကို တိုးချဲ့ ချမှတ်လိုက်ပါတယ်။ ပွဲတော် ဆိုင်ခန်းများမှာ နိုင်ငံရေး စာအုပ်စာပေတွေ နိုင်ငံရေးပါတီနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တွေ တီရှပ်တွေ မရောင်းရပါဘူးတဲ့။

သာသနာရေး ဝန်ကြီးဌာန ကလည်း တိုက်ရိုက် ထုတ်ပြန်တာ မဟုတ်ရပါဘဲ ပွဲတော် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ထုတ်ပြန်တာလို့ သိရပါတယ်။ ယခင်နှစ် အထိတော့ အဖွဲ့နှစ်ဖွဲ့ သုံးဖွဲ့ခန့်က ရောင်းချခဲ့မှုအပေါ် သတိပေးခံရပြီး ယခုနှစ် အရောက်မှာ ကြိုတင် ကန့်သတ်ခံရလို့ သက်ဆိုင်ရာ အဖွဲ့တွေက စိတ်မကောင်း ဖြစ်နေတယ်လို့ သိရပါတယ်။

“ပွဲတော်ကို ပိုမိုစည်ကားစေရေး၊ လူထုအတွင်း နိုင်ငံရေး အသိအမြင်များ ကျယ်ပြန့်လာစေရေး၊ အမျိုးဘာသာ သာသနာကို ပိုမို စောင့်ရှောက် ထိန်းသိမ်းလာနိုင်စေရေး၊ စာပေကို ချစ်မြတ်နိုးစွာ ဖတ်ရှု လေ့လာကာ နိုင်ငံချစ်စိတ်များ မွေးဖွား ရှင်သန်လာစေရေး၊ စာပေကပေးတဲ့ အသိအလိမ္မာများ တိုးတက် ထွန်းကားလာစေရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ယခုလို ရောင်းချတာမို့ ဒီလိုမျိုး မကန့်သတ် သင့်ပါဘူး” လို့ ပါတီအဖွဲ့ဝင် တစ်ဦးက ဝေဖန်လိုက်ပါတယ်။

“တရားမဝင် အဖွဲ့တွေလည်း မဟုတ်၊ နိုင်ငံတော်က အသိအမှတ်ပြုပြီး ပြည်သူ ထောက်ခံမှုရှိတဲ့ ကျွန်တော်တို့ အဖွဲ့ရဲ့ သမ္မာအာဇီဝ နည်းကျစွာ ရန်ပုံငွေ ရှာဖွေမှု အပေါ်မှာ အာဏာရှင် ဆန်စွာ ကန့်သတ်လိုက်သလို ခံစားရတယ်။ နိုင်ငံတော်သမ္မတက ဒီမိုကရေစီကို သွားနေပြီး လွတ်လပ်စွာ ရောင်းချခွင့်ကို မည်သူ့ အကျိုးစီးပွားကိုမှ မထိခိုက်တဲ့ ဘောင်အတွင်းက ဆောင်ရွက်မှု အပေါ်မှာ ဒါမျိုးတွေ မရှိသင့်ပါဘဲ ရင်ဆိုင်နေရတယ်” လို့လည်း ဆိုလိုက်တာပါ။

“တန်ဆောင်မုန်း လပြည့်ည ဆိုတာ ဗုဒ္ဓမြတ်စွာဟာ အဇာတသတ် ဘုရင်ကြီးကို သာမညဖလ ဒေသနာတော်မြတ် ဟောတော်မူတဲ့ ညဖြစ်ပြီး ဘုရင်ကြီးဟာ သာသနာကို ယုံကြည် သက်ဝင်သွားပြီး ပထမသင်္ဂါယနာတင် မင်းကောင်းမင်းမြတ် တစ်ပါး ဖြစ်ခဲ့ပါတယ်။ ဒါနိုင်ငံရေးနဲ့ ဘာသာရေးဆိုတာ ခွဲခြားရမှာ မဟုတ်ဘူး။ တွဲထားရမှာ ဆိုတာ သူတို့ သိစေချင်ပါတယ်” တဲ့။
“ကျွန်တော်တို့ ဒါတွေကို ရောင်းချခွင့် ပြုခြင်းဖြင့် ပွဲတော်ပုံရိပ်ကို ဘယ်လို ထိခိုက်သွားနိုင်ပါသလဲ၊ ဘယ်ဖွဲ့စည်းပုံနဲ့မညီ ဖြစ်နေပါသလဲ၊ ဒီမိုကရေစီ သမ္မတခေတ်မှာ၊ ဒီမိုကရေစီ ဂေါပကတွေ အနေနဲ့ ဒီမိုကရေစီကျကျပဲ ရောင်းချခွင့် ပေးသင့်တာပေါ့” လို့လည်း ဆိုပါတယ်။

ဒါဆိုရင် ဘယ်သူတွေက ဘာတွေ မှားနေကြပြီလဲ။ တခြား မြို့ရွာတွေမှာရော အလားတူ ကန့်သတ်မှုမျိုးတွေ ရှိပါသလား။ ဆန်းစစ်စရာ လိုလာပါတယ်။ ဂေါပကအနေနဲ့ ဦးဆောင်ပြီး တာဝန်ယူ လုပ်ကိုင် ဆောင်ရွက်ရတာမို့ သူမှန်တယ် ပြောမလား။ ဦးဆောင် တာဝန်ယူမှု အပိုင်းမှာ အာဏာရှင် ဆန်တယ် ပြောမလား။ ဒီပြဿနာဟာ ရှင်းရှင်းလေးနဲ့ ရှုပ်နေသလိုပါပဲ။

သူတို့ခရိုင်တွင်းမှာပဲ ပါဝင်တဲ့ ကျွန်တော်တို့မြို့ရဲ့ နှစ်စဉ် ကျင်းပနေကျ နိုင်ငံကျော် စွယ်တော်ပွဲကြီး မှာတော့ ဒီလို ကန့်သတ်ထားတာ မရှိပါဘူး။ ပွဲတော်လာသူတွေ ဆိုတာ လူတန်းစားပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အလွှာ ပေါင်းစုံပါပဲ။ ကလေးငယ်တွေကတော့ ပွဲတော်အပြန်မှာ အိုပုတ်၊ ချိုးရုပ် ကလေးတွေ ဝယ်ပြန်မှာပါပဲ။ အိမ်ရှင်မက သင်ဖြူးတွေ၊ ကျောက်ပျဉ်တွေပေါ့။
တချို့ရွာက လူငယ်လေးတွေ ကတော့ နိုင်ငံရေး စိတ်ဝင်စားတော့ ခေါင်းစည်းလေးတွေ၊ ရင်ထိုးလေးတွေ၊ ပါတီတံဆိပ်ပါ တီရှပ်တွေ ဝတ်ပြီး ပြန်လာတာလည်း တွေ့ရပါတယ်။ ကျွန်တော်က ပါတီ မဝင်ဖြစ်သော်လည်း ပါတီဝင်များ တိုင်းပြည်အတွက် ရွက်ဆောင်နေကြတာကို လေးစား အသိအမှတ် ပြုတတ်သူပါ။ ကိုယ်ကတော့ သူတို့လို ထမ်းဆောင်နိုင်ခြင်း မရှိခဲ့။

ကိုယ်ကတော့ စာဖတ်ဝါသနာရှင် ဖြစ်လို့ ဘာသာရေး စာအုပ်နဲ့ နိုင်ငံရေး စာအုပ်တွေကို ဝယ်ဖြစ် မဝယ်ဖြစ်တာ အသာထား၊ ဒါ ဘယ်သူ ရေးတာလဲ မှတ်သားတတ်တဲ့ အကျင့်တော့ စွဲနေပါတယ်။ ယခင်ကဆိုရင် ဒီလို လွတ်လပ်တဲ့ နိုင်ငံရေး စာအုပ်ကို ဖတ်ရဖို့ ပန်းဆိုးတန်းက အဟောင်း ဈေးကွက်မှာ ဈေးကြီးပေးပြီး ဝယ်ဖတ်ခဲ့ရတာပါ။ ယခုလို လွတ်လပ်မှု မရှိခဲ့ပါ။

ကျွန်တော်လည်း ဂေါပကအဖွဲ့ဝင် တစ်ယောက်ပဲ ဖြစ်တာမို့ ကျွန်တော်တို့အရပ်မှာ တန်ဆောင်တိုင်ပွဲ ကျင်းပတဲ့အခါ ပွဲတော်စည်ကားရေးကို တတ်နိုင်သရွေ့ ကျွန်တော် ဦးဆောင်တာဝန်ယူ ဆောင်ရွက် ပေးခဲ့ဖူးပါတယ်။ ခေါင်းထဲမှာ ဒီလိုမျိုး ခွဲခြားသတ်မှတ်ဖို့ကို မစဉ်းစားခဲ့ဖူးပါ၊ ယခုကိစ္စလည်း ကျွန်တော့်အမြင်မှာ ထူးဆန်းနေပြီး အံ့သြနေမိပါတယ်။

ယခင်က ‘ပါတီနိုင်ငံရေး ကင်းရှင်းရမည်’ ဆိုတဲ့ ခေတ်ကိုလည်း ဖြစ်နေတာပါ။ ယနေ့ ပါတီအဖွဲ့အစည်းများဟာ ရန်ပုံငွေ ရှာဖွေပြီး ရပ်တည်နေ ကြရတာ ဖြစ်လို့ ပွဲတော်များမှာလည်း ထိုက်သင့်တဲ့ ဈေးဆိုင်ခန်းခကို ပေးချေပြီး စာအုပ်၊ စာစောင်၊ အထိမ်းအမှတ် ပစ္စည်းတွေ ရောင်းချပြီး ရပ်တည် ကြရတာပါပဲ။ အတ္တဟိတ အကျိုးအတွက် ရှာဖွေတာ မဟုတ်ဘဲ နိုင်ငံအရေး ပရဟိတ အရေးအတွက် တရားဝင်အားဖြင့် ရှာဖွေကြရတာကို ပိတ်ပင်တာဟာ မသင့်တော်ပါဘူး။
မြန်မာ့နိုင်ငံရေးသမား အများစုဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ပြီး အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုး ရွက်ဆောင်နေကြသူ များလည်း ဖြစ်ပါတယ်။ ယခုလို ဘာသာရေးပွဲတော်မှာ စည်းကမ်း သတ်မှတ်ချက် ထုတ်ပြန်လိုက်တဲ့အတွက် အကျိုးတစ်စုံတစ်ရာ မဖြစ်ထွန်းနိုင်ဘဲ အပြစ်သာ ဖြစ်နိုင်ခြေ များတာမို့ တာဝန်ရှိများ စဉ်းစားသင့်တယ်လို့ စေတနာနဲ့ အကြံပြုလိုပါတယ်။
ဘာသာရေးရော နိုင်ငံရေးပါ ပရဟိတရေး ဖြစ်တာမို့ ကိုယ့်အတ္တအကျိုး မပါသူချင်း ခွဲခြား ဆက်ဆံခံရပြီး ပုဂ္ဂလိက အကျိုးစီးပွားအတွက် ရောင်းချတဲ့သူ များကိုတော့ ရောင်းချခွင့် ပေးလိုက်သလို ခံစားသွားနိုင်ပါတယ်။ တရားမျှတမှုကိုလည်း မေးခွန်းထုတ် ခံရနိုင်ပါတယ်။
တကယ်တော့ စည်းကမ်း သတ်မှတ်သူက အာဏာပိုင် မဟုတ်ဘဲ ဂေါပက ဖြစ်နေပြန်တဲ့အတွက် လူတွေရဲ့အတွေးဟာ ဘုရားနဲ့တရားနဲ့ပါ ယှဉ်တွေး ပြောဆိုလာကြတာပါ။ ကြာနီကန်ဆရာတော် တရားဟောခဲ့ဖူးသလို ‘ဘုရားထက်ကြီးတဲ့ လူကြီး’ မဖြစ်စေဖို့ပါ။

ပွဲတော်လာ မိဘပြည်သူများဟာ ဒုနဲ့ဒေးပါ။ ဒီအထဲမှာမှ နိုင်ငံအရေး စိတ်ဝင်စားကြတဲ့ ပြည်သူများ ဟာလည်း အများအပြားပါပဲ။ သူတို့ ရင်ထဲမှာရော ဒီလို ကန့်သတ်မှုမျိုးကို ဘယ်လို ခံစားကြမလဲ။ ဒါဟာ တွေးသင့်တဲ့ ဖြူစင် မျှတသူများရဲ့ တရားဓမ္မရှိသူများရဲ့ အတွေးအမြင်ပါ။
ပါတီစုံခေတ်မှာ ပါတီတစ်ခုကပဲ “ကျွန်တော်တို့ကတော့ ဘာသာရေး ခုတုံးမလုပ်ဘူး၊ ဒါမျိုးတွေ ဒီအချိန် ရောင်းချမနေဘူး” ဆိုတာနဲ့ နားယောင်ပြီး အမိန့်ထုတ်လို့ ရနိုင်တာမျိုး မဟုတ်ပါ။ သူရောင်းရင်တော့ ရှုံးမှာ သိလို့ ပြောခြင်းလည်း ဖြစ်နိုင်ပါတယ်။ သတိနဲ့ ဆင်ခြင်ရမယ့် ကိစ္စပါပဲ။

ဆုံးဖြတ်ချက် တစ်ခုဟာ အရေးကြီးပါတယ်။ နိုင်ငံနဲ့ချီတဲ့ ဆုံးဖြတ်ချက် အမှားအမှန်ကို နိုင်ငံက ခံရတတ်ပါတယ်။ ရပ်ရွာနဲ့ မြို့နယ်နဲ့ချီပြီး ဆုံးဖြတ်ချက် ချတာဟာလည်း ထိုအတိုင်းပါပဲ။ ဒီတစ်နှစ် လွဲချော်သွားရင် နောက်နှစ်များမှာ ပြန်ပြင်နိုင်ဖို့သာ ရှိပါမယ်။
နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံကြီးတောင် နိုင်ငံသားများရဲ့ အကျိုးအတွက် အစိုးရသက်တမ်း တစ်ဝက်မှာပင် ပြန်ပြင်ဖို့ ကြိုးစားနေကြပါပြီ။ မမှားသော အစိုးရ၊ မမှားသော ဂေါပက ဆိုတာလည်း မရှိနိုင်တာမို့ ပြုပြင်ရေး အမြင်ရှိဖို့သာ လိုရင်းပါပဲ။ ပြုပြင်မှုဟာ အောင်မြင်မှုရဲ့ အခြေခံတစ်ခုပါ။
အမျိုးသား ပြန်လည် သင့်မြတ်ရေး ခေတ်သစ်ကြီးထဲမှာ မသင့်မြတ်တာတောင် သင့်မြတ်ရအောင် စွမ်းဆောင်နေချိန်မှာ သင့်မြတ်တာကို မသင့်မြတ်အောင် အမိန့်တွေ အာဏာတွေ စည်းကမ်း နည်းလမ်းတွေနဲ့ ပုံကြီးချဲ့တယ်လို့ အထင်အမြင်တွေ မလွဲစေလိုပါ။

အာဏာရှင်ခေတ်မှာ ပြည်သူတွေကို နိုင်ငံရေးကို နားမလည်အောင်၊ စိတ်မဝင်စားအောင်၊ နိုင်ငံရေးနဲ့ ပြည်သူကို အိုးစား ခွဲထားပါတယ်။ ဒါ သူတို့အာဏာ ရှင်သန်နိုင်စေဖို့ပါ။ ဒီမိုကရေစီ ခေတ်မှာတော့ နိုင်ငံရေးကို စိတ်ဝင်စားမှ နိုင်ငံ ခေါင်းဆောင်ကောင်းကိုလည်း ရွေးချယ်တတ်မှ နိုင်ငံ တိုးတက် သာယာဝပြော လာမှာပါ။ ဘာသာ သာသနာလည်း ရေမြင့် ကြာတင့်ပါပဲ။

ယနေ့ခေတ်ကို တောကြောင်တွေက ရှုပ်ထွေးအောင် လုပ်ဆောင်နေ ကြတာလည်း တွေ့နေရပါတယ်။ ဒီမိုကရေစီနဲ့ ခေါင်းနဲ့ပန်း သဘောဆောင်တဲ့ လူ့အခွင့်အရေးလို့ ပြောမိတာကိုပဲ “လူ့အခွင့်အရေးဟာ အမျိုးသားရေးရဲ့ နောက်မှာပဲ ရှိရမယ်၊ အမျိုးဘာသာ သာသနာနဲ့ ယှဉ်ရင် လူ့အခွင့်အရေး ဆိုတာ သေးသေးလေးပါ” ဆိုတာမျိုးတွေ ကြားရပါတယ်။
ကမ္ဘာ့အဖွဲ့အစည်းတွေက လူ့အခွင့်အရေးဆု သေးသေးလေးကိုမှ ရွေးပေးပြီး အမျိုးသားရေး ဆုကြီးကိုတော့ ဘေးချိတ်ထားတယ်လို့ ပြောဦးမလားတောင် မသိပါဘူး။ အကယ်၍ အမျိုးသားရေး ဆုကြီးကိုသာ ပေးဖြစ်မယ်ဆိုရင် သူတို့ဟာ ဟစ်တလာ၊ မူဆိုလီနီတို့နဲ့အတူ ဆုတွေ ရသွားနိုင်သူ တွေပါပဲ။ (အမျိုးသား အားလုံးဟာ လူသား အခွင့်အရေးကို လေးစားရမှာပါ။)
ပြောတဲ့သူတွေကို သေချာ လေ့လာကြည့်တော့လည်း ရွှေဝါရောင်လို သံဃာ့ အရေးအခင်းမျိုးတွေမှာ သံဃာဘက်က ရပ်တည်ဖို့ နေနေသာသာ “ဘုန်းကြီးအလုပ်ကို ဘုန်းကြီး မလုပ်ဘူး။ ထိပ်ရိုက်တော့လည်း ခံလိုက်ပေါ့” ဆိုသူမျိုးတွေ ဖြစ်နေ ပြန်ပါတယ်။ ပြောရတာ ခက်ပါတယ်။
အာဏာရှင် သူငယ်နာ မစင်သူရဲ့ နောက်ကိုတော့ ဘ်အဖွဲ့အစည်းမှ လိုက်စရာ မလိုပါ။ ဒီမိုကရေစီ သမ္မတခေတ်မှာ၊ အာဏာရှင် နာယက၊ အာဏာရှင် သမဂ္ဂ၊ အာဏာရှင် ဂေါပကတို့ မရှိရပါဘဲ မေတ္တာရှင် နာယက၊ ကရုဏာရှင် သမဂ္ဂ၊ မုဒိတာရှင် ဂေါပက အဖွဲ့များ ပေါ်ထွန်းလာမှုနဲ့အတူ လောကနဲ့ ဓမ္မအကျိုး သယ်ပိုး ရွက်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းဖြင့်။
ဌေးအောင်ကို
Credit To The Voice Weekly

Related Articles:

Post a Comment