Sunday, January 20, 2013

ပြည်ထောင်စု ရေး ရင်လေး လှပါရဲ့. . .

ပင်လုံစာချုပ်ဆိုတာ မချုပ်ခင်က ကချင်ပြည်နယ်ကို ဘယ်သူပိုင်သလဲ ပင်လုံစာချုပ်သာ မချုပ်ဖြစ်နိုင်ခဲ့ရင် မြန်မာပြည် ဆိုတဲ့အထဲ ကချင်ပြည်၊ ချင်းပြည်၊ ကရင်နီဆိုတဲ့ ကယားပြည်၊ ရှမ်းပြည်ဆိုတာတွေ ပါလာမှာလား။ ပြည်ထောင်စု ဆိုတာ ဗမာပိုင်နက်ထဲ ကို ရှမ်းပြည် ကို ကချင်ပြည်ကို ဆွဲသွင်းတာမျိုးမဟုတ်ပါဘူး ဟောဒီ ပြည်ထောင်စုကြီးကို ရှမ်းတွေကော၊ ကချင်တွေကော၊ ဗမာတွေကော အကုန် တန်းတူညီမျှ ပိုင်ဆိုင်ကြတယ် လို့ အနှစ်သာရပေါ်လွင်ဖို့လိုပါတယ်။ ဒါကြောင့် ၁၉၄၇ ဥပဒေမှာ အထက်လွှတ်တော် ကို လူမျိုးစု လွှတ်တော် ရယ် လို့ တိုင်းရင်းသားခေါင်းဆောင်တွေကို တိုက်ရိုက်ပါဝင်စေခဲ့တယ်။ ပြည်ထောင်စု ဆိုတာ အများသဘောဆန္ဒအရ ဆိုပြီး လူများတိုင်းဆုံးဖြတ် စုစည်း ထားရတာ မဟုတ်ပါ။ လူနည်းစု၊ လူမျိုးစုအခွင့်အရေးတွေကို အထူးပေးပြီး၊ ပေါင်းစု ထားရပါတယ်။ အမေရိကန်မှာ ရက်ဒ်အင်ဒီးယန်းတွေကို မတရားမမျှတတာ လုပ်ခဲ့တဲ့ လူဖြူတွေ ရဲ့ လုပ်ရပ်တွေကို သမိုင်းစစ်၊ သမိုင်းမှန် ဖေါ်ထုတ်ပြီး အဲဒီ လူဖြူတွေကိုယ်တိုင် က သေချာ သင်ကြားကြ၊ သင်ယူကြတယ်။ ရက်အင်ဒီယန်းတွေကို အမေရိကန်တို့ရဲ့ ဘိုးအေ တွေ လို့ သတ်မှတ်ပြီး ကျေးဇူးရှင်တွေ အနေနဲ့ ကျေးဇူးတော်နေ့သတ်မှတ်၊ အခွန်လုံးဝ ဆောင်စရာမလို သတ်မှတ် နဲ့ သူတို့ရဲ့ သမိုင်းကိုလည်း ဖေါ်ထုတ်အသိအမှတ်ပြုပေးတယ်။ ဒီလိုနဲ့ ရက်ဒ်အင်ဒီးယန်းတွေ ဟာ လူနည်းစု ဖြစ်သည့်တိုင် အင်မတန် အခွင့်ထူးခံလူမျိုးစုတွေအနေနဲ့ ပြည်ထောင်စုထဲ မှာ နေထိုင်နေကြတယ်။ သေချာ စဉ်းစားကြည့်ပါ၊ ကြိုက်တဲ့ သင်ရိုးညွှန်းတမ်း သမိုင်းကို လှန်ကြည့် ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ၊ တတိယမြန်မာနိုင်ငံ ဆိုပြီး၊ ဘယ်ရှမ်းပြည်၊ ဘယ်ရခိုင်ပြည်၊ ဘယ်မွန်ပြည်သမိုင်းမှ မပါ။ ပထမမြန်မာနိုင်ငံဆိုတာ ဖြစ်လာမယ့် သမိုင်းမှာကို ဗုဒ္ဓဘာသာတည်ဖို့ မွန်နိုင်ငံ သထုံပြည် ကို ပဋိကတ်သုံးပုံ အသာတကြည်တောင်းမရလို့ အကြောင်းပြချက် နဲ့ စစ်တိုက်ဖျက်ဆီး၊ ဘုရင်ကို ဖမ်းဆီးပြီး လုယူခဲ့တယ်။ အဲဒီတုန်းကသာ သာသနာတည်ပြီးသား မွန်တွေဆီက ပဋိကတ်သုံးပုံ ဆိုတာ မရ ခဲ့ရင် မြန်မာပြည် ဗုဒ္ဓဘာသာတောင် ထွန်းကားမှာ မဟုတ်ဘူး။ တကယ်ဖြစ်သင့်တာ ဒီ မွန် တို့၊ ရခိုင်တို့ တိုင်းရင်းသားတွေဟာ မြန်မာတွေ ရဲ့ ကျေးဇူးရှင် မြန်မာတို့ကို ကူညီခဲ့တဲ့ဘိုးဘွားတွေ လို့ ဖြစ်သင့်တယ်။ သမိုင်းမှာလည်း ကျန်စစ်သားမင်းကြီးဟာ ထီးနန်းမွေကို မွန်သွေးပါတဲ့ အလောင်းစည်သူ ကို လွှဲလို့ ပြည်ထောင်စု ကို တည်ခဲ့တယ်။ ဒီလို အမြှော်အမြင်ရှိဖို့ ပြောနေတာဗျ။ ခု ခင်ဗျားတို့ ဖြေရှင်းပုံက ကချင်ပြည်မှာ ကချင်ချည်းပဲ နေတာ မဟုတ်၊ ဗမာက ဘယ်နှရာခိုင်နှုန်းနေပါတယ် လို့ ဖြေရှင်းနေပုံက အင်မတန် ဉာဏ်နည်း ယုတ်ညံ့လှတဲ့ တရုတ်က တိဘက် ကို ဖြေရှင်းနည်းဖြစ်နေတယ်။ သမိုင်းသင်ရိုးညွှန်းတမ်းတွေမှာက အစ မြန်မာဘုရင်တွေ တော်ကြောင်း၊ ထက်ကြောင်း ဘယ်လိုသိမ်းသွင်း၊ သိမ်းပိုက်နဲ့ သင်လိုက်တာ၊ သင်နေတဲ့ ကျောင်းသားတွေထဲ မွန်ကျောင်းသားတွေ၊ ရခိုင်ကျောင်းသားတွေ၊ မိုးညှင်း၊ မိုးကောင်း၊ ရှမ်းပြည်သားတွေ သူတို့သမိုင်းသိတဲ့ သူတွေက အံတကြိတ်ကြိတ်နဲ့ ခံစားရ။ မွန်ကျတော့ သူပုန်တဲ့၊ ပုန်ကန်ထကြွတယ်တဲ့။ သမိုင်းကိုက ငါ့စကား နွားရ သမိုင်း ဖြစ်နေတယ်။ တကယ်တမ်းက မြန်မာက နောက်မှ ၀င်လာတဲ့ သူတွေ။ ပုဂံခေတ်အခြေအနေ အရ ဆို မြန်မာက ဘားဘေးရီးယန်းအခြေအနေ၊ မွန်တို့၊ ရခိုင်တို့က အင်မတန် ယဉ်ကျေးလှပြီ။ ဒါတွေကို ပြောရင် ပြည်ထောင်စု ပြိုကွဲအောင် တမင် တိုက်ပေး နေတယ် လို့ ရေးတဲ့သူတွေက ရှိသေးတယ်။ အဲဒီလူတွေကို အမေရိကားက သမိုင်းသင်ပုံတွေ လေ့လာစေချင်တယ်။ ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့လိုပါတယ်။ တိုင်းရင်းသားတွေကို မည်မျှပင် လူနည်းစု ဖြစ်ပါစေ တန်းတူညီမျှ အခွင့်အရေး နဲ့ ဆက်ဆံဖို့လိုပါတယ်။ တိုင်းပြည်ကြီးမှာ အခြေခံ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီ မထွန်းကား လို့ ဒီပြဿနာတွေဟာ ပေါ်နေရတာပါ။ အမေရိကားမှာ ကာလီဖိုးနီးယားလို ပြည်နယ်ဟာ ခွဲထွက်ခွင့် ရှိတယ် ဆိုတဲ့ သဘောတူညီမှုနဲ့ ပြည်ထောင်စုထဲ ပါတာပါ။ ဒါပေမယ့် ခွဲထွက်ခွင့် ဆိုတာကို သူတို့ မေ့တောင်နေပါပြီ။ ပြည်ထောင်စုမှာ လူ ကို အခြေခံလို့ တန်းတူညီမျှ တဲ့ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီရေးတွေက သိပ်ကို ကြွယ်ဝ တာကိုး။ ခင်ဗျားတို့မှာတော့ လောဘတွေ၊ အတ္တတွေနဲ့၊ ခင်ဗျားတို့ မတရားလုပ်ထားတာ တွေကို ကာကွယ်ရင်း တိုင်းရင်းသားတွေ အရေး ကို ဘာမှ မဖြေရှင်းပေးနိုင်ဘူး။ ပိုဆိုးတာက အတိုက်အခံနိုင်ငံရေးသမားတွေကလည်း အဲဒီ မတရားမှုတွေကို မြင်ရဲ့သားနဲ့ ၀ိုင်းနှာစေးလိုက်ကြတယ်။ ဒီလို တိုင်းရင်းသားတွေအပေါ်မှာ လက်နက်နဲ့ အင်အားသုံးအနိုင်ကျင့် အုပ်ချုပ်တာဟာ ပြည်ထောင်စု မဟုတ်ပါ။ လူမျိုးချင်း မုန်းတီးမှုတွေဟာ ပွားများသထက်ပွားများလို့ လာ နေ ပါပြီ။ ဒါတွေကို နိုင်ငံရေးသမား နာမည်ခံပြီး ခေါင်းရှောင်နေကြတာ အဆိုးဆုံးပါပဲ။ တချိန်မှာ မရှုနိုင်မကယ်နိုင် ပြဿနာဖြစ်လို့ ရလာဒ်ဆိုးတွေ ပေါ်ပေါက်ခဲ့ရင် ဒီလို နေခဲ့သူအားလုံး ဒီသမိုင်းအတွက် တာဝန်ယူရလိမ့်မယ်။ ချိုတူးဇော်

Related Articles:

Post a Comment