Monday, June 3, 2013

၂၀၀၈ အခြေခံဥပဒေနှင့် ဖယ်ဒရယ်မူသည် သက်ဆိုင်မှုမရှိ

Photo: ၂၀၀၈ အခြေခံဥပဒေနှင့် ဖယ်ဒရယ်မူသည် သက်ဆိုင်မှုမရှိ
Re-post By ACM 2-6-2013

၂၀၀၈ အခြေခံဥပဒေနှင့် ဖယ်ဒရယ်မူသည် သက်ဆိုင်မှုမရှိဟု တော်ဝင်နှင်းဆီ၌ ယနေ့ကျင်းပပြုလုပ်သော ဖယ်ဒရယ်မူနှင့် တိုင်းရင်းသားတို့၏ အမြင် ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးကျင့်ရှင်းထန်က ပြောကြားသည်။

“တိုင်းရင်းသားတွေ အမြင်မှာ ဒီပြည်ထောင်စု မြန်မာနိုင်ငံမှာ နေပြီးတော့ တစ်ချိန်လုံး ဒီဖယ်ဒရယ်မူဟာ အခြေခံ ဥပဒေထဲမှာ မပါမချင်း ကျွန်တော်တို့ ပြေလည်မှု ရမှာ မဟုတ်ဘူး”ဟု ယင်းက ဆက်လက် ပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေတွင် ပါရှိသည့် အဓိက မူများကို ပြန်ကြည့်လျှင် ပြည်သူလူထုကို အကာအကွယ်ပေးသည့် မူဟူ၍ မရှိကြောင်း၊ ယင်းစာအုပ်တွင် ပြည်ထောင်စု မပြိုကွဲရေးဟု ရေးသားထားသော်လည်း အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း မရှိကြောင်း၊ ထို့အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲရေးဟု ရေးသားထားပြီး မည်သို့ မည်ပုံ ပြုလုပ်ပါက တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲသည်ဟူ၍ တိတိကျကျ ရေးသားထားခြင်း မရှိကြောင်း ဦးကျင့်ရှင်းထန်က ပြောကြားသည်။

“ဘာလုပ်ရင်တော့ ပြည်ထောင်စုကို ပြိုကွဲအောင် လုပ်တယ်ဆိုတာ ဖြစ်မယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲတာ အကောင်းဆုံးလေ။ အခုက ပြိုကွဲလုမတက် ဖြစ်နေတယ်။ တိုက်ပွဲတွေ ခုထက်ထိ မစဲသေးဘူး။ ဒါတွေက ဘာတွေ ဘယ်လိုဖြစ်ရင် ပြိုကွဲတယ်ဆိုတာမျိုး တစ်ခုမှ မပါဘူး” ဟု ယင်းက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ၂၀၀၈ အခြေခံ ဥပဒေသည် မပြင်လျှင် မရတော့သည့် အခြေအနေတွင် ရောက်ရှိနေကြောင်း၊ သို့ရာတွင် လိုချင်သည့် နေရာများသာ ပြင်ပြီး မလိုချင်သည့်နေရာများ ချန်ထားခဲ့မည်ကို ကာကွယ်ရန် လိုအပ်ကြောင်း၊ ယင်းဥပဒေကို ပြင်ဆင်ရန် လိုက်လျောလာသည့် အချိန်တွင် မည်မျှအတိုင်းအတာအထိ ပြင်ဆင်ကြမည်မှာ ပြဿနာတစ်ရပ် ဖြစ်လာကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

“ဖယ်ဒရယ်စတိတ်ရဲ့ အခြေခံတွေက တန်းတူညီမျှမှုရှိရမယ်။ ဘယ်သူကမှ ဘယ်တိုင်း ဘယ်ပြည်နယ်အပေါ်မှာ အုပ်စိုးမှု လွှမ်းမိုးမှု မရှိရဘူး။ ဖယ်ဒရေးရှင်း ပြည်ထောင်စု စစ်စစ်မှာ ပြည်နယ်နဲ့ ပြည်မဟာ အစိုးရနဲ့ ထပ်တူရှိတဲ့ အာဏာတွေကို ကျင့်သုံးတယ်”ဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ရှိန်က ဖယ်ဒရယ်မူနှင့် ပတ်သတ်၍ သုံးသပ်ဆွေးနွေးသည်။

ယင်းဆွေးနွေးပွဲသည် ဆဌမအကြိမ်မြောက် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ပြီး ယင်းပွဲသို့ စာရေးဆရာများ၊ ပါတီဝင်များ၊ ရှေ့နေများ၊ နိုင်ငံရေး အကျဉ်သားဟောင်းများနှင့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာ့ခေတ်

Credit To မြန်မာ့ခေတ်

Related Articles:

Post a Comment