ရှစ်လေးလုံး အရေးတော်ပုံ ကျော်ခဲ့သည်မှာ ၂၅ နှစ်တိုင်တိုင်ပင် ရှိခဲ့ပြီဖြစ်သည်။ ခေတ်တွေ၊ စနစ်တွေလည်း ပြောင်းခဲ့ပြီ။ ရှစ်လေးလုံး အရေးတော်ပုံမှ မွေးဖွားပေးလိုက်သော ဒီမိုကရေစီ အသီးအပွင့်များကို ယနေ့ စတင်ခံစားနေရပြီ လည်းဖြစ်သည်။ ယင်း၏ အစပျိုးတွန်းအား များကြောင့် ယနေ့နေရာတစ်ခုကို ရောက်နေပြီဟုလည်း ဆိုနိုင်သည် ဖြစ်သည်။ကျေးဇူးတရားကို သိတတ်ပါက ယင်းအရေးတော်ပုံတွင် ပေးဆပ်ခဲ့ရသူ အသီးသီးကို နောင်မျိုးဆက်တို့ တန်ဖိုးထားရပေလိမ့်မည်။ တစ်ပြိုင်နက်တည်းမှာပင် တလေးတစား သင်ခန်းစာ ယူကြရမည်လည်း ဖြစ်သည်။
ဒီမိုကရေစီပန်းတိုင်ရောက်သည်၊ မရောက်သည်၊ နှေးသည်၊ မြန်သည်ကတော့ ငြင်းခုံစရာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် ဘာပဲပြောပြော ရှစ်လေးလုံး အရေးတော်ပုံကြောင့် အလုပ်မဖြစ်သည့် ဆိုရှယ်လစ်စနစ် ချုပ်ငြိမ်းသွားရသည်တော့ သေချာသည်။ ပါတီစုံဒီမိုကရေစီ စနစ်သို့ မဖြစ်မနေ မြားဦးလှည့်လိုက်ရ သည်မှာတော့ သေချာသည်။ ဝါဒတစ်ခု ချုပ်ငြိမ်းဖို့၊ စနစ်တစ်ခု နိဂုံးချုပ်ဖို့ လုပ်ရသည်ကား လွယ်တာမှ မဟုတ်။ပေးဆပ်မှုတွေ၊ ရင်းနှီးမှုတွေ အများကြီးလိုသည်။ သူတို့ မပေးဆပ်ခဲ့လျှင်၊ သူတို့ မရင်းနှီးခဲ့လျှင်၊ ဒီနေ့ဒီလိုအခြေအနေ ဟုတ်နိုင်ပါ့မလား။ ထို့ကြောင့် ကျေးဇူးတင်သည်။
တစ်ချိန်က ရှစ်လေးလုံးဆိုသည်ကို စကားဖြင့်ပင်ရဲရဲ မပြောရဲသည့် အနေအထား ဖြစ်သည်။ သို့သော် ယနေ့ ခမ်းခမ်းနားနားပင် ကျင်းပခွင့်ရခဲ့ပြီ ဖြစ်သည်။ စိတ်ထဲတွင် ကြည်နူးသည်။ ဖြစ်သင့်ဖြစ် ထိုက်သည်ဟုလည်း ရှုမြင်သည်။ အထူးသဖြင့် အတိတ်က အာဃာတတွေကို ပြန်လည် တူးဆွခြင်း သဘောမျိုးမဟုတ်ဘဲ အနာဂတ်နိုင်ငံ တည်ဆောက်ရေးကို ဦးတည်သည့် အပြုသဘော ချဉ်းကပ်ထားသည်ကို တွေ့ရ၍ ပို၍ပင် ဝမ်းသာမိသည်။ ယင်းအခြေခံဦးတည်ချက်ကို ချနိုင်သည့် ပုဂ္ဂိုလ်များကို ပို၍ပင် အမှတ်ပေးလိုက်မိသည်။
ယင်းသို့ဆိုရခြင်းမှာ အကြောင်းရှိပါသည်။ အမှန်အတိုင်း ပြောရလျှင် စာရေးသူအနေနှင့် အချို့အချို့သော အထိမ်းအမှတ်ဆိုင်ရာ အခမ်းအနား များ၊ ဟောပြောပွဲများ၊ မီဒီယာများကို လက်လှမ်းမီသမျှ သတိပြု ကြည့်ဖူးသည်။ ဤတွင် တွေ့ရလေ့ရှိသည်မှာ အချို့သော ပုဂ္ဂိုလ်တို့သည် အနာဂတ် မျိုးဆက်များကို အာဃာတအမွေများ ပေးနေသလားအောက်မေ့ရသည်။ အမုန်းတရားများ လက်ဆင့်ကမ်းနေသလား ထင်မှတ်ရသည်။ ထိုထက် ရှင်းရှင်းပြောရလျှင် ရန်တိုက်ပေးသကဲ့သို့ ဖြစ်နေသည်။ သို့သော် အဆိုပါ ပုဂ္ဂိုလ်တို့အနေနှင့်လည်း ယင်းအဓိပ္ပာယ်သို့ ရည်ရွယ်ခြင်းမျိုး ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ သို့သော် စေတနာ မမှားသည့်တိုင် ချဉ်းကပ်ပုံ မှားလျှင်လည်း အန္တရာယ်ရှိနိုင်သည်ဖြစ်သည်။
လူသည် အသိအမှတ်ပြု ခံချင်သော သတ္တဝါဖြစ်၍ အတိတ်မှ ဖြစ်စဉ်ဖြစ်ရပ်များတွင် မိမိ၏အခန်းကဏ္ဍကို အရောင်တင်ခြင်းအား လက်ခံပါသည်။ သို့သော် အရောင်တင်ပုံတင်နည်း လွဲလျှင် သို့မဟုတ် လိုသည်ထက် ပိုလာလျှင် အနာဂတ်မျိုးဆက်များအတွက် အာဃာတ အမွေများ ဖြစ်သွား နိုင်ပါသည်။ ယင်း ဒိုင်ယာလော့များနှင့် နားယဉ်လာခြင်းသည် အနာဂတ် မျိုးဆက်များ အတွက် ပြဿနာအရပ်ရပ်ကို ချဉ်းကပ်ရာတွင် ရှုထောင့် မှားသွားနိုင်ပါသည်။ အီမိုးရှင်းတွေက ဝေဝေဝါးဝါးနှင့် ခလောက်ဆန် လာနိုင်ပါသည်။
သို့သော် ယင်းပွဲဖြစ်မြောက်ရေး အခြေခံမူချသူတို့က သမိုင်းကို အာဃာတတို့ မွေးဖွားရာ အဖြစ် မသက်ရောက်အောင် ချဉ်းကပ်နိုင်သည်။ သမိုင်းကို သင်ခန်းစာယူရန်သာ သဘောရှုမြင်သည်။ ယင်း သင်ခန်းစာတို့ကို အသုံးချ၍ အနာဂတ် နိုင်ငံတည်ဆောက်ရေးအတွက် လက်တွေ့ကျကျ အသုံး တည့်အောင် ပုံဖော်ထားသည်။ ၁၉၈၈ အရေးတော်ပုံသည် အားလုံးနှင့် သက်ဆိုင်သည်ဖြစ်၍ အား လုံး ပူးပေါင်းကျင်းပသည့် သဘောရောက်အောင် ပုံဖော်သည်။ တစ်ဦး၊ တစ်ဖွဲ့တည်းမှ လုပ်ဆောင်သည့်အမြင် မဝင်အောင် သတိဖြင့် ချဉ်းကပ်ထားသည်။ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည်ဖြစ်၍ နိုင်ငံရေးအင်အားစု အားလုံး ပါဝင်နိုင်အောင် ကြိုးပမ်းထားသည်။ အားလုံး ကလည်း ယင်းစီစဉ်မှုအပေါ် ဝမ်းပန်းတသာရှိကြသည်။ အပြုသဘော ဆွေးနွေးကြသည်။ အပြုသဘော အကြံပြုကြသည်။ အပြုသဘော ဝေဖန်ကြ သည်ကိုလည်း အားတက်ဖွယ် တွေ့ရမည်ဖြစ်သည်။ အာဃာတအခြေခံ စကားတို့ မပြောကြ။ သို့အတွက် ကျေးဇူးလည်းတင်သည်။ အမှန်အတိုင်း ဝန်ခံရလျှင် စာရေးသူ ပင်လျှင် ရှစ်လေးလုံးငွေရတု အခမ်းအနားမှ တစ်စုံတစ်ရာ အားရှိသလို ခံစားလိုက်ရသည်။ တစ်စုံတစ်ခုကို စိတ်ချသလို ခံစားလိုက်ရသည်။
အချို့ဆိုလျှင် ယင်းအခမ်းအနားကို ညီလာခံသဘောဟုပင် ပြောကြသည်။ မှန်ပါသည်။ အဆိုပါ အခမ်းအနားသည် ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်း အကြောင်းအမျိုးမျိုးဖြင့် ကွဲကွာခဲ့ရသော နိုင်ငံရေးအင်အားစု အားလုံး ပြန်လည်တွေ့ဆုံရသည့် ပွဲလည်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများလည်း ပါသည်။ပြည်ပ ရောက်နိုင်ငံရေး အင်အားစု အသီးသီး လည်းပါသည်။ လူထု လူတန်းစားအသီးသီးမှ ပုဂ္ဂိုလ်များလည်းပါသည်။ ယနေ့အစိုးရ ကိုယ်စားပြု ပုဂ္ဂိုလ်များ လည်းပါသည်။ လွတ်တော် အင်အားစု များလည်း ပါသည်။ ပညာရှင်များလည်း ပါသည်။ နိုင်ငံရေး ဖြစ်စဉ်၏ အင်အားစု တော်တော်များများ ပါဝင်သည့် ရှားရှားပါးပါး တွေ့ဆုံမှုဟုပင် ပြောနိုင်သည်။
တကယ်တမ်းဆိုရလျှင် မြန်မာ့နိုင်ငံရေးအခြေအနေ အရပ်ရပ်အရ ယခုကဲ့သို့ တွေ့ဆုံမှုမျိုး အမှန်လိုသည်။ အားလုံးပါဝင်သည့် (all inclusive) တွေ့ဆုံမှုမျိုး တကယ်လိုသည်။ အလွတ်သဘောပင်ဖြစ်စေ ရှိသင့်ရှိထိုက်သည်။ ယင်းသို့ တွေ့ဆုံမှုများ မှတစ်ဆင့် နားလည်မှုများ တည်ဆောက်နိုင်သည်။ နားလည်မှုများ မှတစ်ဆင့် ယုံကြည်မှုများ ဖြစ်လာနိုင်သည်။ လက်ရှိ နိုင်ငံပြဿနာ အားလုံး၏ ရာခိုင်နှုန်းအတော်များများသည် ယုံကြည်မှုတွင် အခြေခံနေသည်လည်း ဖြစ်သည်။
မြန်မာ့နိုင်ငံရေးတွင် လွှတ်တော်တွင်းနိုင်ငံရေးနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေးတို့ကို ခပ်စိပ်စိပ် ဝေဖန်ခဲ့သည့် ကာလရှိခဲ့သည်။ ဤတွင် အကြမ်းအားဖြင့် လွှတ်တော် ပြင်ပနိုင်ငံရေးကို ခပ်ဖိဖိ ဝေဖန်ချက်တွေက များခဲ့သလိုရှိသည်။ ပါတီမဖွဲ့ဘဲ လွှတ်တော်ထဲကိုရောက်အောင် ဘယ်လို သွားမလဲပေါ့။ လွှတ်တော်အမတ်မဖြစ်ဘဲ ပေါ်လစီရေးရာကို ဘယ်လို လုပ်နိုင်မလဲပေါ့။ စသဖြင့် စသဖြင့်။ အသံ စုံခဲ့သည်။ သို့သော် ယနေ့ကဲ့သို့ ရှစ်လေးလုံးငွေရတု အခမ်းအနားပဲဆိုဆို၊ အားလုံးပါဝင်သည့် အလွတ် တွေ့ဆုံမှုပဲ ပြောပြော၊ ညီလာခံသဘောဟုပင် မှတ်မှတ် ယခုကဲ့သို့ အခြေအနေမျိုးကို လွှတ်တော်ပြင်ပ အင်အားစုများကပင် ဦးစီးဦးဆောင် ဆောင်ရွက်သွားသည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် လွှတ်တော်ပြင်ပနိုင်ငံရေးကို ဦးဆောင်သူတို့ တွင် လက်တွေ့နိုင်ငံရေးနှင့် သဟဇာတဖြစ်မည့် စိတ်ရင်းအခံတို့ ရှိသည် ဖြစ်၍လည်း ပို၍အားရှိမိသည်။
လူ့စိတ်ကား ခက်သည်။ ပါတီတစ်ခုခုမှ တာဝန်ယူကာ (ယင်းသို့ အားလုံးပါဝင်နိုင်သည့် အတိုင်းအတာရောက်အောင်) ဆောင်ရွက်မည် ဆိုပါက အဓိပ္ပာယ် တစ်မျိုးတစ်မည် သက်ရောက်သွားလေမလား ထင်မိသည်။ ထို့အပြင် အားလုံးပါဝင်နိုင်ရေး (all inclusive) အား အကန့်အသတ်များ ဖြစ်သွားလေမလားဟု အောက်မေ့မိသည်။ ဒီလောက် စုစည်းနိုင်ပါ့မလားဟု တွေးမိသည်။ စာရေးသူအတွေးများ နည်းနည်း အစွန်းရောက်သွားလေ သလားမသိ။ အားလုံးပါဝင်နိုင်ရေး (all inclusive) မဖြစ်လျှင် တိုင်းပြုပြည်ပြု အနှစ်သာရကား တစ်မျိုးဖြစ်သွားပေမည်။ ချို့တဲ့သွားမည် ထင်ပါသည်။ သို့ဖြစ်ရာ အများစု လက်ခံယုံကြည်သော လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုပင်လျှင် (လက်ရှိအခြေအနေအရ) လိုအပ်ချက် ဖြစ်လေမလား အတွေးဝင်မိသည်။
အဘယ်ကြောင့်ဆိုသော် ပါတီအချင်းချင်းဆိုပါက အကျိုးစီးပွား ယှဉ်ပြိုင်ဘက် သဘော ဖြစ်သွားသည့်အတွက် အမျိုးသားအကျိုးစီးပွား ဆိုသည့်တိုင် ဘေးအမြင်အရ ရှုမြင်ပုံက တစ်မျိုးတစ်မည် အဓိပ္ပာယ် ဖြစ်သွားနိုင်သည်။ ယှဉ်ပြိုင်ဘက်ကို ပြိုင်ဘက်ရှုထောင့်မှ စဉ်းစားကြသည်မှာ သဘာဝတော့ ကျပါသည်။ ထို့ကြောင့် နိုင်ငံရေးအင်အားစုများနှင့် အကျိုးစီးပွား
ယှဉ်ပြိုင်ဘက် အဓိပ္ပာယ်မသက်ရောက်နိုင်သည့် အများစု လက်ခံယုံကြည်သော နိုင်ငံရေးသြဇာရှိ လွှတ်တော် ပြင်ပအင်အားစု၏ အခန်းကဏ္ဍသည် ကြီးကြီးမားမား လိုအပ်ချက်များ ဖြစ်လေမလား အတွေးဝင်မိခြင်းဖြစ်သည်။ မည်သည့် နိုင်ငံရေး အင်အားစုနှင့်မျှ ယှဉ်ပြိုင်ဘက်သဘော မဆောင်သည့် အမျိုးသား နိုင်ငံရေး ဦးဆောင်သူအဖြစ် အများယုံကြည်သော အင်အားစု တစ်ခု ရှိစေချင်သလို ဖြစ်မိသည်။
သို့ဖြစ်ရာ (၁) အမျိုးသားနိုင်ငံရေးကို ဦးဆောင်နိုင်သော၊ (၂) မည်သည့် နိုင်ငံရေးပါတီနှင့်မျှ အကျိုးစီးပွား ယှဉ်ပြိုင်ဘက်သဘော မသက်ရောက်သော၊ (၃) အများ၏ လက်ခံယုံကြည်မှု ရရှိထားသော အင်အားတစ်ရပ်ကို (နိုင်ငံရေးပါတီများ အားကောင်းမောင်းသန် လိုအပ်သည့်နည်းတူ) တိုင်းပြုပြည်ပြုမဏ္ဍိုင် အဖြစ် အားကောင်းမောင်းသန် ရှိစေချင်ပါသည်။ လတ်တလော အနေအထား အရပ်ရပ်အရ လိုအပ်သည်ဟုလည်း ယူဆမိပါသည်။ တစ်နည်း အားဖြင့် ယင်းမှာ Civil Society ဖြစ်သည့်တိုင် နိုင်ငံရေးသြဇာရှိသော အရပ်ဘက် လူ့အဖွဲ့အစည်းဟု ဆိုနိုင်မည်ထင်သည်။ နိုင်ငံတကာတွင် ယင်းပုံစံကို ဇောင်းပေးပြောလေ့ မရှိသော်လည်း မြန်မာနိုင်ငံ အတွက်မူ ကိုယ့် လိုအပ်ချက်နှင့်ကိုယ် ဟူ၍သာ ပြောရမည်ထင်သည်။
ထာဝရ ငြိမ်းချမ်းမှု တည်ဆောက်ရေး အတွက် မဟာဗျူဟာမှာ အားလုံးပါဝင်နိုင်သည့် (all inclusive) သဘောတရားဖြစ်ရာ ယင်းသို့ စုစည်းနိုင်ရန်အတွက် ဆုံချက်နေရာများလည်း လိုမည်ဖြစ်သည်။ ယင်း အတွက် လက်တွေ့ကျကျ ဆုံချက်နေရာ ဖြစ်နိုင်သည်ကား “အစိုးရ” ဟူသည် နှင့် အဆိုပါ “တိုင်းပြုပြည်ပြု မဏ္ဍိုင်” ဟူသည်တို့သာ ဖြစ်သည်။ “အစိုးရ” ကား လုပ်ပိုင်ခွင့်ကို အခြေခံ၍ အားလုံး ပါဝင်ရေး (all inclusive) ၏ဆုံချက် ဖြစ်နိုင်သလို “တိုင်းပြု ပြည်ပြုမဏ္ဍိုင်” ဆိုသည်ကားလည်း ယုံကြည်မှုကို အခြေခံ၍ အားလုံးပါဝင်ရေး (all inclusive) ၏ဆုံချက် ဖြစ်နိုင်မည် ဖြစ်သည်။ ယခု ငွေရတု တွင်လည်း ယုံကြည်မှုကို အခြေခံ၍ အားလုံးပါဝင်ရေး (all inclusive) ၏ ဆုံချက်အဖြစ် ရပ်တည်ပြခဲ့သည်ဟု ပြောနိုင်မည် ထင်ပါသည်။
သို့ဖြစ်ရာ တိုင်းပြုပြည်ပြုမဏ္ဍိုင်ကို ဗဟိုပြု၍ ယုံကြည်မှုတွေ စုစည်းနိုင်လေမလား၊ စည်းလုံးမှုတွေ တည်ဆောက်နိုင်လေမလား (သို့မဟုတ်) ၄င်းအခြင်းအရာမှာ အရှိအခြေအနေ များအရ နိုင်ငံ၏ လိုအပ်ချက်များ ဖြစ်လေမလားဟူ၍ ရှစ်လေးလုံး ငွေရတုအလွန်တွင် တွေးတောစရာတစ်ခု ရလာပါတော့သည်။
(ပေါ်လင်းဦး)
Credit To The Voice Weekly