Sunday, August 11, 2013

အတ္တကန့်လန့်ကာကို ဖွင့်ကြည့်ပါ


Written by သူရိန်လှိုင်ဝင်း
မိုးတွေအုံ့ဆိုင်းနေတဲ့ မနက်ခင်းတစ်ခုပေမယ့် ရန်ကုန်မြို့ ကမ္ဘာအေးစေတီရှေ့က ကမ္ဘာအေးစေတီ လမ်းမှာတော့ ထုံးစံအတိုင်းပဲ သွားလာလှုပ်ရှားသူတွေနဲ့ စည်ကားလို့ နေပါတယ်။ ဘုရားပရိဝုဏ်ရဲ့ ၀င်ပေါက်နား ဘေးဘက်ကျကျ နေရာလေးမှာတော့ ယောဂီရောင်ထဘီနဲ့ ရင်ဖုံးအင်္ကျီ အဖြူရောင် ၀တ်ဆင်ထားတဲ့ အမယ်အိုကြီးတစ်ယောက် ပုဆစ်တုပ်လေး ထိုင်နေတယ်။ ဖွေးဖွေးဖြူနေတဲ့ ဆံပင်တွေနဲ့ အရေးအကြောင်းတွေ များလွန်းတဲ့ အရေပြားတွေကတော့ အမယ်အိုရဲ့ အသက်ဟာ ခုနစ်ဆယ်အောက် ရှိမနေနိုင်ဘူး ဆိုတာကို ပြဆိုနေပါတယ်။ အခါခါ လျှော်ဖွပ်ထားလို့ ဖျော့တော့ပြီး ရိနေပုံပေါက်တဲ့ အဖြူရောင်ရင်ဖုံးအင်္ကျီနဲ့ အဖာအထေးတွေနဲ့ ပြည့်နေတဲ့ ယောဂီထဘီကို ၀တ်ဆင်ထားတဲ့ အဘွားရဲ့ အလုပ်အကိုင်ဟာ သူ့ရှေ့ကချထားတဲ့ အကြွေအနည်းငယ် ရှိနေတဲ့ ခွက်ကလေး တစ်ခွက်ကြောင့် သိသာနေရတယ်။ အမယ်အိုရဲ့ရှေ့က သွားလာလှုပ်ရှားနေတဲ့ သူတွေကို မှုန်ရီတဲ့ မျက်လုံးတွေနဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကြည့်နေပေမယ့် သူ့ရဲ့ရှေ့က ခွက်ကလေးထဲကို ငွေကြေးစလေးတွေ ထည့်ပေးသွားတဲ့ သူတွေကိုတော့ ဆုတွေအများကြီး တောင်းပေးနေလေရဲ့။
ကမ္ဘာအရပ်အရပ်မှာ သက်ကြီးရွယ်အိုတွေ များပြားလာမှုနဲ့ ကြုံတွေ့လာရတဲ့နည်းတူ မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်ထိ အသက်ခြောက်ဆယ်ကျော် သက်ကြီးရွယ်အို အရေအတွက်ဟာ နိုင်ငံ့လူဦးရေ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း ခြောက်သန်းကျော်ထိ ရှိလာနေပြီ ဖြစ်ပါတယ်။ ဒီကမ္ဘာအရပ်ရပ်က သက်ကြီးရွယ်အိုတွေ အများဆုံး တွေ့ကြုံရတတ်တဲ့ ပြဿနာတစ်ရပ်ကတော့ မလုပ်နိုင်မကိုင်နိုင် ဖြစ်လာတဲ့အရွယ်မှာ စောင့်ရှောက်မှု မခံရဘဲ စွန့်ပစ်ခံရခြင်းပဲ ဖြစ်ပါတယ်။ ဒီပြဿနာဟာ ချမ်းသာတဲ့ နိုင်ငံတွေမှာတောင် တွေ့ကြုံရတတ်တဲ့ ပြဿနာတစ်ရပ်ဖြစ်ပြီး ဖွံ့ဖြိုးမှုနည်းပါးပြီး နိုင်ငံသားအများစု ဆင်းရဲမွဲတေနေတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာတော့ အကြီးမားဆုံး ပြဿနာတစ်ရပ် ဖြစ်နေပါတယ်။ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အိမ်မှာရှိတဲ့ လူကုန်အပြင်ထွက် အလုပ်လုပ်နေရတဲ့ အခြေအနေမှာ အလုပ်လုပ်နိုင်စွမ်း မရှိတော့တဲ့ သက်ကြီးရွယ်အိုတွေဟာ မိသားစုအတွက် ၀န်ထုပ်ဝန်ပိုး တစ်ခုအဖြစ် အမြင်ခံလာရတယ်။ ဒီအခါမှာ သက်ကြီးရွယ်အိုတွေ အနေနဲ့ စွန့်ပစ်ခံရခြင်းမျိုးတွေ ကြုံတွေ့လာရတဲ့အပြင် အချို့သက်ကြီးရွယ်အိုတွေကတော့ စွန့်ပစ်ခံရတာမ ဟုတ်ဘဲ အိမ်ရှေ့ပူအိမ်နောက် မချမ်းသာ သဘောမျိုးကြောင့် အပြင်ထွက်ပြီး လူစည်ကားရာ နေရာတွေဖြစ်တဲ့ ဘုရားပုထိုးတွေ၊ ဈေးတွေ၊ လူသွားလမ်း အစရှိတဲ့ နေရာတွေမှာ တောင်းရမ်းစားသောက်၍သော် လည်းကောင်း ဒါမှမဟုတ် အသေးအဖွဲ ပစ္စည်းလေးတွေ ရောင်းချပြီးသော် လည်းကောင်း စားဝတ်နေရေး ကျပ်တည်းတဲ့ မိသားစုအရေးအတွက် တတ်နိုင်တဲ့ တစ်ဖက်တစ်လမ်းက ဖြေရှင်းလာကြရတယ်။
ဒါဟာ မြန်မာနိုင်ငံက သက်ကြီးရွယ်အို အတော်များများ ကြုံတွေ့ရတတ်တဲ့ ၀မ်းနည်းဖွယ် ပြဿနာတစ်ရပ်ပါ။ သက်ကြီးရွယ်အို အချို့ဟာ လူစည်ကားတဲ့ နေရာတွေမှာ တောင်းရမ်းစားသောက်ရင်း ဒါမှမဟုတ် ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်ရင်း တရားဓမ္မနဲ့ မွေ့လျော်နေရတော့မယ့် သူတို့ရဲ့ တတိယအရွယ်ကို ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းနေကြရတယ်။ ဒါပေမဲ့ နိုင်ငံသား အများစု ဆင်းရဲနေတဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုဘ၀မျိုးတွေအတွက် ကူကယ်ရာမဲ့နေ ဆဲပါပဲ။ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးနေတဲ့ ဘိုးဘွားရိပ်သာလို နေရာမျိုးတွေ ရှိနေပေမယ့်လည်း ၀န်နဲ့အား မမျှတဲ့အခါမှာတော့ သက်ကြီးရွယ်အို အများအပြား အပြင်ရောက်နေကြရတယ်။ ဒါပေမဲ့လည်း အလုပ်လုပ်ကိုင်နိုင်လောက်အောင် ကျန်းမာသန်စွမ်းတဲ့အရွယ် မဟုတ်တော့တဲ့ အတွက်ကြောင့် ရှက်ရွံ့သိမ်ငယ်စွာနဲ့ပဲ မျက်နှာအောက်ချရင်း တောင်းရမ်းစားသောက်တဲ့ အလုပ်ကို လုပ်ကိုင်နေကြရတယ်။
သက်ကြီးရွယ်အို အချို့ဟာ လူစည်ကားတဲ့ နေရာတွေမှာ တောင်းရမ်းစားသောက်ရင်း ဒါမှမဟုတ် ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်ရင်း တရားဓမ္မနဲ့ မွေ့လျော်နေရတော့မယ့် သူတို့ရဲ့ တတိယအရွယ်ကို ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းနေကြရတယ်။ ဒါပေမဲ့ နိုင်ငံသား အများစု ဆင်းရဲနေတဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုဘ၀မျိုးတွေအတွက် ကူကယ်ရာမဲ့နေ ဆဲပါပဲ။ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးနေတဲ့ ဘိုးဘွားရိပ်သာလို နေရာမျိုးတွေ ရှိနေပေမယ့်လည်း ၀န်နဲ့အား မမျှတဲ့အခါမှာတော့ သက်ကြီးရွယ်အို အများအပြား အပြင်ရောက်နေကြရတယ် . . . . .
ဒီလို ကံမကောင်းရှာတဲ့ သက်ကြီးရွယ်အိုတွေ ကိုယ့်အနီးနား ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရမှာပါ။ ဒါပေမဲ့ သူတို့ရဲ့ ဘ၀အခြေအနေနဲ့ ပတ်သက်လို့တော့ အချိန်ပေး တွေးတောမိတဲ့သူ အတော်နည်းပါမယ်။ အချိန်ပေး တွေးတောမိရာကနေ အကူအညီ ပေးလာဖို့ဆိုတာက ပိုလို့တောင် နည်းပါးပါသေးတယ်။ အမှန်တော့ ကျွန်တော်တို့တွေဟာ ကိုယ်လိုချင်တာလေး တစ်ခုအတွက်နဲ့ ပိုက်ဆံတွေ အများကြီး အကုန်ခံခဲ့ဖူးပါတယ်။ ကားအကောင်းစားကြီးတွေမှ စီးချင်လို့၊ မျက်နှာအလှပြင်ချင်လို့၊ ရွှေတွေငွေတွေစိန်တွေ ညွတ်နေအောင် ၀တ်ချင်လို့၊ ကြွားချင်ဝါချင်လို့၊ သူများထက် သာချင်လို့ စတဲ့အတ္တဆန်လွန်းတဲ့ အကြောင်းပြချက်တွေနဲ့ ပိုက်ဆံတွေ မနည်းမနော ကုန်ခဲ့ပြီ။ ဒါပေမဲ့လည်း ကိုယ်အသုံးပြုလိုက်တဲ့ ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံတောင် မတတ်နိုင်ရှာလို့ သေဆုံးခဲ့ရသူတွေ ကိုယ်စားခဲ့တဲ့ အစားအသောက်ရဲ့ ထက်ဝက်လောက်ကိုမှ မစားနိုင်လို့ပင် ပန်းဆင်းရဲကြီးစွာ ဆာလောင်စွာ အိပ်စက်နေရ သူတွေကိုတော့ မေ့ထားတတ်ကြတယ်။ ကျွန်တော်တို့တွေပာာ ကိုယ့်ထက်မြင့်တဲ့ သူတွေကိုသာကြည့်ရင်း သူတို့လိုနေချင်၊ သူတို့လိုစားချင်နဲ့ အားကျနေခဲ့ကြပြီး ကျွန်တော်တို့ထက် နိမ့်ပါးတဲ့ အခြေအနေတွေမှာ လူတွေဘယ်လို ရှင်သန်နေထိုင်နေလဲ ဆိုတာကို မေ့ထားခဲ့မိကြတယ်။ ကိုယ်လိုချင်တာဆိုရင် သောင်းသိန်းချီနေပါစေ။ ဈေးမဆစ်တတ်ခဲ့ပေမယ့် ခိုကိုးရာမဲ့နေတဲ့ ကံမကောင်းရှာသူတွေ အတွက်တော့ ပိုက်ဆံအိတ်ရဲ့ အောက်ဆုံးထဲက အကြွေလေးတွေကို မွှေနှောက်ရှာဖွေ နေခဲ့တဲ့အထိ ကျွန်တော်တို့ရဲ့ အမြင်တွေ အတ္တတွေနဲ့ မှုန်ဝါးနေခဲ့ကြတယ်။ ဒါတွေကို လုံးဝပျောက်ကင်းသွားအောင် လုပ်ဆောင်ဖို့အတွက်ထိ ကျွန်တော်လောဘတကြီး မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ကိုယ်တတ်နိုင်တဲ့ ပမာဏနဲ့ ကိုယ့်ပတ်ဝန်းကျင် တစ်ဝိုက်က ခိုကိုးရာမဲ့ရှာသူတွေရဲ့ ဘ၀ကို မြင်တတ်လာပြီး သူတို့ရဲ့ ဘ၀တွေ အနည်းငယ်ဖြစ်ဖြစ် အဆင်ပြေလာဖို့ ကြည့်တတ်လာမယ်လို့တော့ မရဲတရဲ မျှော်လင့်မိပါတယ်။ မာနနဲ့ အတ္တရဲ့ ကန့်လန့်ကာကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် အပြင်လောကမှာ လှုပ်ရှားရုန်းကန် နေရသူတွေရဲ့ တကယ့်ဘ၀ကို မြင်တွေ့လာနိုင် ပါလိမ့်မယ်။
သိပ်မကြာမီ မိုးတွေရွာချလိုက်တော့ ထီးတစ်ချောင်းကို ဖွင့်ဆောင်းလိုက်ပေမယ့် ထီးရွက်တွေ ကျိုးပဲ့နေတဲ့ ခနော်နီခနော်နဲ့ ထီးလေးက အမယ်အိုကို မိုးရေမစိုအောင် ကာကွယ်မပေးနိုင်ခဲ့ဘူး။ မိုးရေတွေ စိုရွှဲသွားပေမယ့်လည်း အမယ်အို အိမ်မပြန်နိုင်ရှာဘူးလေ။ ကိုယ့်ဝမ်းကိုယ်ရှာကျောင်းနေရတဲ့ ဘ၀မှာ ဒီအချိန် အိမ်ပြန်သွားရင်လည်း ရေသောက်ပြီး အိပ်နေရတော့မှာဆိုတော့ မိုးရေတွေ ရွှဲရွှဲစိုပြီး ခိုက်ခိုက်တုန်လာနေပေမယ့်လည်း ၀မ်းစာရေးအတွက် ဒီနေရာလေးမှာပဲ ပုဆစ်တုပ်ထိုင်ရင်း ဆက်ရှိနေရဦးမှာပါ။
Credit To First-11

Related Articles: