Thursday, August 15, 2013

ပြောင်းလဲပြီးရင်း ပြောင်းလဲနေသော မြန်မာ့ပညာရေးလောက


ပညာရေးလောကထဲတွင် ကျင်လည် ကျက်စားနေတဲ့ ကျွန်မအတွက် ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ သတင်းစကားတွေကိုတော့ မက်မက်မောမောကို ဖတ်ဖြစ်ပါတယ်။ ဖတ်လိုက်တိုင်းလည်း ရင်တွေမောရပါတယ်။ ပညာရေးကို စမ်းသပ်လိုက်တာဖြင့် ကျွန်မတို့ ကျောင်းသူသက်တမ်း တစ်လျှောက်၊ အခု ကျွန်မတို့ ဆရာမ သက်တမ်း တစ်လျှောက်လုံးပါပဲ။ အခုလည်း တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အပြင် တစ်ဆယ့်တစ်တန်း၊ တစ်ဆယ့်နှစ်တန်း ထားကြမယ် ဆိုတဲ့သတင်းတွေ ကြားရသလို သင်ကြားနည်းစနစ်နဲ့ပတ်သက်လို့လည်း CCA ဆိုတာ စလာလို့နဲ့ တူပါတယ်။ သူငယ်တန်းနဲ့ ပထမတန်းမှာ စာမေးပွဲ မစစ်တော့ဘူးလို့လည်း ကြားသိရပြန်ပါတယ်။ တတ်မြောက်မှု စစ်ဆေးခြင်းဆိုတာပဲ လုပ်မယ်လို့ ကြားသိရပါတယ်။ အဓိပ္ပာယ်ကတော့ အလွတ်ကျက်စရာ မလိုတာကို အလွတ်မကျက်မှတ်စေဘဲ သင်ကြားလိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လောက် တတ်သိသွားပြီလဲဆိုတာ စစ်ဆေးခြင်း ဖြစ်ဟန်တူပါတယ်။

တက္ကသိုလ်ဝင်တန်း မေးခွန်းကိုလည်း တစ်စုံတည်း ထုတ်တော့မယ် ဆိုတာလည်း သိရပြန်ပါတယ်။ ကျွန်မတို့ ဘယ်လိုဘယ်ပုံ သင်ကြားစနစ်တွေ၊ သင်ရိုးတွေ၊ စာမေးပွဲပုံစံတွေ ပြောင်းပြောင်း တကယ်တော့ ကျွန်မတို့ရဲ့ ပညာရေးဟာ စိတ်ကူးယဉ်ပညာရေး မဖြစ်သင့်တော့တာပါပဲ။ The Voice မှာ ပြုပြင်ပြောင်းလဲမည့် ခေတ်မီပညာရေးစနစ်နှင့် ကျူရှင်ကဏ္ဍ ဆောင်းပါးမှာ ဆောင်းပါးရှင်က မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က မှတ်ဉာဏ်ကို ဦးစားပေး စစ်ဆေးတဲ့ ပညာရေးစနစ်လို့ဆိုပါတယ်။ အင်မတန်မှန်ပါတယ်။ ဘာကြောင့် အဲဒီလိုစနစ်မျိုး ဖြစ်သွားပါသလဲ။

အခုလက်ရှိ တက္ကသိုလ်တွေမှာ ပါမောက္ခကြီးတွေ ဖြစ်နေတဲ့သူတွေဟာ ကျွန်မလိုပဲ ငါးတန်းရောက်မှ အေ၊ ဘီ၊ စီ၊ ဒီ သင်ခဲ့ရတဲ့ မျိုးဆက်ပါ။ ကျွန်မတို့နဲ့ တစ်ခေတ်တည်း ဘွဲ့ရခဲ့တဲ့သူတွေဟာ မိမိတို့ သင်ယူအထူးပြုတဲ့ ဘာသာရပ်တွေ အားလုံးကို မြန်မာလိုချည်း သင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ ဆရာဖြစ်တဲ့ အချိန်ကျတော့ နဝမတန်းကစလို့ အားလုံးအင်္ဂလိပ်လို ဖြစ်သွားပါတယ်။ အဲဒီအခါမှာ ဘာသာရပ်ကိုသာ ကျွမ်းကျင်ပြီး အင်္ဂလိပ်ဘာသာစကားကို မကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမတွေဟာ အင်မတန်ကို အခက်အခဲ တွေ့ရပါတယ်။ ဒါပေမဲ့ ဆရာတွေအားလုံးဟာ မဖြစ်ဖြစ်အောင် သင်ကြားပို့ချခဲ့ရပါတယ်။ ကလေးတွေကလည်း အဋ္ဌမတန်းထိ အားလုံးမြန်မာလို သင်ကြားရာကနေ ကိုးတန်းလည်း ရောက်သွားရော အင်္ဂလိပ်လို သင်ယူရတဲ့အတွက် သူတို့မှာ ဘာသာရပ်ကို နားလည်ရင်တောင် ကိုယ်နားလည်တာကို နားလည်သလို ပြန်လည်ရေးသားနိုင်တဲ့ အင်္ဂလိပ်စာစွမ်းရည် မရှိရှာပါဘူး။ ကလေးတွေရဲ့ အဖြေလွှာကို စစ်ဆေးတဲ့ ဆရာမကရော ကလေးက သူနားလည်တာကို သူ့ဟာသူ အင်္ဂလိပ်လို ပြန်ရေးထားတာကို မှန်၊ မမှန် တကယ့်ကို အရည်အချင်း အပြည့်နဲ့ ပြန်စစ်ဆေးပေးနိုင်သလား ဆိုတော့လည်း မစစ်ဆေးနိုင်ပါဘူး။

ဒီတော့ ကလေးတွေဟာ ဘာသာရပ်တွေကို နားလည်ပေမယ့် ဘာသာစကား အခက်အခဲကြောင့် အလွတ်ကျက်မှတ် ဖြေဆိုရတဲ့ဘဝကို ရောက်သွားပါတယ်။ ဆရာ၊ ဆရာမကလည်း သူပေးထားတဲ့အတိုင်း ကျက်မှတ်ဖြေဆိုတဲ့သူကိုပဲ အမှတ်အပြည့် ပေးရဲတဲ့အတွက် အလွတ်ကျက်မှတ် ဖြေဆိုမှုကိုပဲ ကလေးတွေခမျာမှာ အားထားရတာမှ ၏၊ သည်၊ ၍ မလွဲ ကျက်မှတ်နိုင်အောင်ကို ကြိုးစားအားထုတ်လာတာကို တွေ့ရပါတယ်။ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ အင်္ဂလိပ်ဘာသာစကား အခက်အခဲ၊ ကျောင်းသူ ကျောင်းသားကိုယ်တိုင်ရဲ့ အင်္ဂလိပ်ဘာသာ အခက်အခဲတွေကြောင့် အလွတ်ကျက်မှတ်ပေးတဲ့ ကျူရှင်တွေကို တက်ရပါတယ်။ ကျူရှင်တွေမှာ ဆရာ၊ ဆရာမတွေက စာကိုရှင်းပြပြီးရင် သံချပ်တိုင်သလို တိုင်ပေးပြီး စာကျက်ပေးရရှာပါတယ်။ တချို့ဆရာတွေများဆိုရင် ကလေးစာကျက်ရ လွယ်အောင် ဇီဝဗေဒ ဘာသာရပ်ထဲက စာတွေကို သီချင်းအလိုက် ကလေးတွေ ထည့်ပေးပြီး သင်ပေးတဲ့အခါ စာကိုကျက်တာမျိုးထက် မြန်မြန် ဆန်ဆန်ရသွားတာကို တွေ့ရလို့ ကလေးတွေ တော်တော်များများ အဲဒီကျူရှင်ကို တက်ကြတာ ကျွန်မတွေ့ဖူးပါတယ်။

ဘာသာရပ်အလိုက် ဆရာတွေဟာ ကိုယ့်ဟာကိုယ် ကျူရှင်ခန်းတွေ ဖွင့်ရင်းက ဘာသာစုံကို တစ်နေရာတည်း တက်လို့ရအောင် ဘာသာစုံတွေ ဖွင့်လာကြတယ်။ နောက်ပိုင်းမှာ တက္ကသိုလ်က ဆရာ၊ ဆရာမတွေကို အိမ်မှာ ခေါ်သင်လာကြတယ်။ အဲဒီကနေတစ်ဆင့် စာကူကျက်ပေးမယ့် Guide တွေ ပေါ်လာတယ်။ Guide ခေါ်တဲ့အခါမှာလည်း တကယ်ကို ထူးထူးချွန်ချွန်နဲ့ အောင်ခဲ့တဲ့သူတွေကို ခေါ်ကြတာပါပဲ။ တကယ်တော့ Guide ဆိုတာ စာကူကျက်ပေးတာပါပဲ။ ဒါပေမဲ့ Guide လုပ်သက် ရင့်လာတော့လည်း အတွေ့အကြုံအရ သူကိုယ်တိုင်လည်း ဆရာတစ်ဦးလို သင်နိုင်ပါပြီ။ ဒါကြောင့်လည်း ဆရာဝန်တွေ ဦးစီးဖွင့်လှစ်တဲ့ တက္ကသိုလ်ဝင်တန်း ဘော်ဒါတွေ၊ ကျူရှင်ကျောင်းတွေ ပေါ်ထွက်လာခဲ့တာပေါ့။ သူတို့တွေဟာ ပညာရေးဘွဲ့ရတွေ မဟုတ်ပါဘူး။

နိုင်ငံခြားမှာ ပညာရေးဘွဲ့မရရင် ပညာသင်ကြားခွင့်မရတာ မှန်ပါတယ်။ ဒီတော့ ကျွန်မတို့ စဉ်းစားရမှာက နိုင်ငံခြားမှာ ပညာရေးဘွဲ့အတွက် ဘယ်လိုစည်းမျဉ်းစည်းကမ်းနဲ့ ဖွင့်လှစ်ထားတာလဲ။ ကျွန်မတို့ တိုင်းပြည်လို ဝန်ထမ်းပဲတက်ရောက်ခွင့်ရှိတယ် ဆိုတာမျိုး၊ တက္ကသိုလ်ဝင်တန်း အောင်ပြီးရင် လျှောက်ရတာမျိုးလား။ ဒါမှမဟုတ် ဝိဇ္ဇာ၊ သိပ္ပံ ဘွဲ့တစ်ခုရပြီးတာနဲ့ အသက်မွေးဝမ်းကျောင်းမှု အပေါ် မူတည်ပြီး တက်ရောက်ခွင့် ရှိတာမျိုးလား။ စသဖြင့် လေ့လာကြည့်ရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စနစ်တွေက မတူတော့ နိုင်ငံခြားမှာ လုပ်တိုင်းလည်း လိုက်လုပ်မရတာမျိုးလည်း ရှိပါတယ်။

နောက်ပြီး ခေတ်စနစ်က ချပေးလိုက်တဲ့ ပညာရေးစနစ်ဟာ နိုင်ငံတော်မှာ ဘယ်လိုဘယ်ပုံနဲ့ အသုံးချဖို့လဲဆိုတာ အလွန်အရေးကြီးတဲ့ အချက်ပါ။ ဗြိတိန်နိုင်ငံ ပညာရေးမှာ အခြေခံပညာအဆင့်မှာ GCE အဆင့်ကို N level, O level, A level ဆိုပြီး ၈ တန်းအဆင့်၊ ၁၀ တန်း အဆင့်၊ ၁၂ တန်း အဆင့်ဆိုပြီး ခွဲခြားထားပါတယ်။ N level အဆင့်ကို အောင်မြင်ပြီးတဲ့သူ တွေဟာ သူ့အဆင့်နဲ့လိုက်မီတဲ့ အသက်မွေးမှုကျောင်းကို တက်လို့ရပါတယ်။ အရင်တုန်းက ကျွန်မတို့ ဆီမှာရှိခဲ့တဲ့ စက်မှုလက်မှု အထက်တန်းကျောင်းလိုဟာမျိုး ဖြစ်မှာပါ။ ဒီလိုအဆင့်ဆင့် သွားကြတာပါ။ စင်ကာပူမှာလည်း N level အောင်ပြီးတဲ့လူဟာ ITE ကိုဆက်တက်လို့ရသလို O level ပြီးတဲ့လူကလည်း Poly tech ကိုတက်ကြပြီး၊ A level ပြီးတဲ့သူကတော့ တက္ကသိုလ်ကိုတန်းပြီး တက်ခွင့်ရပါတယ်။ ထူးခြားတာက သူ့အဆင့်နဲ့ သူဆည်းပူးတဲ့ ပညာရပ်အလိုက်၊ အဆင့်အလိုက် လုပ်ငန်းခွင် ဝင်ခွင့်ရအောင် ဖန်တီးထားတာပါပဲ။ လုပ်သားအစားထိုးမှုလို့ ခေါ်မယ်ထင်ပါတယ်။

ကျွန်မတို့ တိုင်းပြည်မှာ အဲဒီလိုအဆင့်ဆင့်တွေ လုပ်ချင်ရင် အလုပ်အကိုင် အခွင့်အလမ်းကလည်း အဆင့်ဆင့် ဖန်တီးပေးရမှာပါ။ နိုင်ငံခြားက စနစ်ကောင်းတွေကို အတုခိုးတဲ့အခါလည်း တိုက်ရိုက်ယူသုံးလို့ မရသေးတာတွေကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးက တိုင်းပြည်ကို တိုးတက်စေချင်ကြပါတယ်။ မတိုးတက်သေး တဲ့အတွက် မချင့်မရဲဖြစ်တဲ့ အခါလည်း ဖြစ်ကောင်း ဖြစ်မှာပါ။ ပညာရေးကို တိုးတက်စေချင်တယ်ဆိုရင် မတိုးတက်တာ ဘာကြောင့်လဲ ဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ကလေးတွေ စာကို အလွတ်ကျက်မှတ်နေတာဟာ ဘာကြောင့် အလွတ်ကျက်မှတ် နေရသလဲ ဆိုတာကို အဖြေရှာရမှာ ဖြစ်ပါတယ်။ နေ့ရော၊ ညပါ ကျူရှင်တွေနဲ့ ပိနေရင် ဘာကြောင့် ဒီလိုပိကုန်တာလဲဆိုတာ အဖြေရှာရမှာပါ။ သူငယ်တန်းကလေးကို ကျူရှင်ထားတယ်ဆိုတာ ဘာကြောင့်လဲ။ မိဘက အိမ်စာလေး ကူလုပ်ပေးနိုင်လောက်အောင်ကို အချိန်မပေးချင်လို့လား၊ ဒါမှမဟုတ် အချိန်မပေးနိုင်တော့လို့လား။ ဒါမှမဟုတ် မတတ်ကျွမ်းလို့လား ...စသဖြင့် စဉ်းစားရမှာ ဖြစ်ပါတယ်။

ဘယ်လိုစနစ်တွေကိုပဲ ချမှတ်ချမှတ်၊ ဘယ်လိုသင်ရိုးတွေကိုပဲ သင်သင်၊ အခု ပညာသင်ယူနေတဲ့ ကလေးတွေဟာ တစ်နေ့ကျရင် ကျွန်မတို့ တိုင်းပြည်မှာ လုပ်ငန်းခွင်ဝင်မယ့် ကလေးတွေဆိုတာကို ဦးတည်ရမယ်လို့ ကျွန်မ မြင်ပါတယ်။ တိုင်းပြည်တိုးတက်အောင် တည်ဆောက်ရေးဆိုတာ တိုးတက်ပြီ ဆိုတဲ့ ကန့်သတ်ချက်တစ်ခု ရှိပါသလား။ တိုးတက်ပြီဆိုတဲ့ နေရာရောက်ရင် ရပ်ပစ်လိုက်ရမှာလား။ မဟုတ်ပါဘူး။ တိုးတက်မှုဟာ ရေစီးကြောင်းလိုပဲ စီးပြီးရင်း စီးနေရမှာပါ။ အခုတော့ ကျောင်းသားလူငယ်တွေဟာ စီးလျက်စ ပုပ်အဲ့နေတဲ့ ရေစီးကြောင်းထဲ စပြီးပါလာနေပါပြီ။ အရင်ဆုံး ပုပ်အဲ့နေတဲ့ ရေစီးကြောင်းလေး သန့်အောင် လုပ်ရပါဦးမယ်။ ပြီးတော့ တစ်နေ့ကျရင် သူတို့လေးတွေဟာ ရေစီးကြောင်းထဲက ကျောက်ဆောင်ကျောက်တန်းတွေကို ရင်နဲ့ ဆီးခံပေးရမယ့် လူကြီးတွေ ဖြစ်လာရဦးမယ် မဟုတ်ပါလား။

ဘာရာဒွါဂျာ (မြန်မာပြည်)

Credit To The Voice Weekly

Related Articles: