Friday, August 16, 2013

မေတ္တာနှင့် စေတနာ



သံဒိကာတစ်ယောက် အဖြူရောင် ဂျူတီကုတ်နှင့် နားကြပ်ကို ချွတ်လိုက်ပြီး ဆေးသုတ်တံကို ကောက် ကိုင်လိုက်သည်။ ပန်းနုရောင် တီရှပ်နှင့် သူမ၏ သွင်ပြင်က တက်ကြွပြီး အားမာန်အပြည့် ဖြစ်နေသည်။ တောင်အာဖရိက ဒါဘန် မြို့ပြင်ရှိ တိုက်အိမ် တစ်လုံးကို သူမ ဆေးသုတ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ပွင့်လင်း ရိုးသားသော အပြုံးများဖြင့် အသက် ၃၇ နှစ်ခန့်သာ ရှိသေးသည့် ဒေါက်တာ သံဒိကာက-
“ဒီအဆောက်အအုံက ကျွန်မဘဝနဲ့ ရင်းပြီး ရယူထားခဲ့ရတာပါ။ ကျေးလက်က ကွာဇူးလူး နာတဲလ် ကင်ဆာ အဆောက်အအုံပေါ့။ ကျွန်မတို့ မျိုးနွယ်စုရဲ့ အသက်ကယ် ဌာနလို့လည်း ပြောရင်ရတယ်” ဟု သူမက ဆိုသည်။

မကြာမီ လူငယ် တစ်စု ရောက်လာကြသည်။ ဆံပင် ဖြူဖွေးနေသည့် အဘွားများ၊ အမျိုးသမီးကြီး များလည်း ရောက်လာကြသည်။ သူတို့က ဝိုင်းဝန်းပြီး ပြတင်းပေါက်တွေကို ပြင်ဆင် သုတ်သင်ပေးကြ သည်။ အခန်း နံရံများတွင် အင်္ဂတေများ ကွာကျနေသည်ကို ပြန်လည် ဖာထေးပေးပြီး ဆေးတွေ သုတ်ကြသည်။

ဤအဆောက်အအုံကို လူမျိုးစု ခေါင်းဆောင် တစ်ဦးက ကင်ဆာ ဆေးခန်းအဖြစ် အသုံးပြုရန် လှူဒါန်း ခဲ့ခြင်း ဖြစ်သည်။ ထိုဒေသသည် အလွန်လှပသော ဒေသဖြစ်သည်။ လူမှုရေး ပြဿနာများ ဖြစ်သည့် အလုပ်လက်မဲ့နှုန်း မြင့်မားခြင်းနှင့် HIV/ AIDS ဖြစ်ပွားမှုနှုန်းအလွန် များပြားသည်။

“ဒီဆရာမက ဒီမှာပဲ မွေးပြီး ဒီကိုပဲ လာပြန် အလုပ် လုပ်နေတာ။ သူက ဆေးခန်းမှာ ထိုင်ပြီး လူနာကို စောင့်နေတတ်တဲ့ ဆရာဝန်မျိုး မဟုတ်ဘူး။ လူနာဆီကို လာပြီးကုတဲ့ ဆရာဝန်။ သူဟာ ကျွန်မရဲ့ သူရဲကောင်း၊ ကျွန်မရဲ့ စံထားလောက်တဲ့ သူပေါ့” ဟု ကျောင်းသူလေး တစ်ဦးက ပြောသည်။

သံဒိကာသည် နယ်လ်ဆင် မင်ဒဲလား ဆေးကျောင်းသို့ တက်ရောက်ခွင့် ရခဲ့ပြီး ကင်ဆာရောဂါ ကုထုံး ကို သင်ကြားခွင့် ရခဲ့သော ပထမဆုံး လူမည်း အမျိုးသမီး တစ်ဦး ဖြစ်သည်။ ယနေ့ သံဒိကာသည် အစိုးရ မဟုတ်သော အဖွဲ့အစည်း တစ်ခုနှင့် ပူးပေါင်းပြီး ကင်ဆာရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုများ ကို ဆောင်ရွက်နေသည်။

၂၀၁၂ ခုနှစ်တွင် သံဒိကာသည် တောင်အာဖရိကတိုက် လုပ်ငန်းရှင် အမျိုးသမီးများ အသင်းက ပေးသည့် စွန့်ဦးတီထွင် လူမှုရေး ပညာရှင်ဆုကို ရရှိခဲ့သည်။ ထိုဆုကို ရရှိခဲ့ခြင်းမှာ ကင်ဆာရောဂါ တားဆီး တိုက်ဖျက်ရေးအတွက် ကျေးလက် တောရွာအနှံ့ ရွေ့လျား ဆေးခန်းများဖြင့် ပညာလည်းပေး၊ ဆေးလည်းကုသ လူမှုအကျိုး ဆောင်ရွက်ချက်များကြောင့် ဖြစ်သည်။

“ကျွန်မ ဒီခရီးကို ရောက်ဖို့ အဝေးကြီးက စခဲ့ရတာ။ ကလေး ဘဝကတည်းက ကျွန်မ ဆရာဝန်ဖြစ်ချင် ခဲ့တာ။ တီဘီ၊ သွေးတိုးနဲ့ ကင်ဆာလို ကုသနိုင်တဲ့ ရောဂါ ဖြစ်နေတဲ့သူတွေကို ဒီအတိုင်း ထိုင်ကြည့်နေ ခဲ့ရတာ။ အထူးသဖြင့်တော့ သားအိမ်ကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီးတွေကိုပေါ့။ အဲဒီရောဂါနဲ့ အမျိုးသမီး အမြောက်အမြား သေခဲ့ကြရတာ” ဟု လက်မှ ဆေးများကို သုတ်လိုက်ရင်း သူမက ပြောသည်။

သူမ နေခဲ့သော ကျောင်းသည် သိပ္ပံနှင့် ဆိုင်သော ပစ္စည်းများ မရှိ။ သို့ဖြစ်ရာ သူမသည် စာအုပ်ဟောင်းများထဲက သိလိုသည့် အကြောင်းများကို လှန်လှောဖွေရှာ လေ့လာခဲ့ရသည်။ သူမ တက်နေသော ကျောင်းလေး မီးလောင်သွားသည့် အခါတွင် မိခင်ဖြစ်သူက သူ့ဦးလေးနှင့် အဒေါ်ရှိရာသို့ ပို့ပြီး ကျောင်းတက်စေသည်။ သူမသည် အဒေါ်နှင့် ဦးလေးက ကြည်ဖြူရန် ထမင်း ဟင်းများ ချက်ပေးရသည်။ အိမ်သန့်ရှင်းရေးများ လုပ်ပေးရသည်။ ကလေးလည်း ထိန်းပေးခဲ့ရသည်။

ဦးလေးဖြစ်သူက သင်းအုပ်ဆရာ ဖြစ်သည်။ သူမ၏ ရည်ရွယ်ချက် ကြီးမားမှုကို သိပ်ပြီးတော့ သဘော မတွေ့သူ ဖြစ်သည်။ သူက ရှေးရိုးသမားပီပီ သူမကို အိမ်တွင်းပုန်းနေပြီး လင်ယောက်ျား ကိစ္စများကို သာ လုပ်ပေးစေချင်သည်။ ထို့ပြင် သူမကို ယောက်ျားလေးများနှင့် စကားပင် ပေးမပြောသူလည်း ဖြစ်သည်။

သူမ အသက် ၁၇ နှစ်တွင် ဦးလေးဖြစ်သူ တရားဟောနေသည့် တက္ကသိုလ်မှ ကျောင်းသား တစ်ဦးနှင့် တွေ့ဆုံ ချစ်ကြိုက်မိသည်။ ထိုအကြောင်းကို အဒေါ်ဖြစ်သူက သိသွားသည့်အခါ အခြေအနေက ပိုပြီး ဆိုးသွားသည်။ သူမကိုလည်း လင်ရှာပေးထားပြီး ဖြစ်ကြောင်း အဒေါ်က ဖွင့်ပြောလာသည်။
ထိုသူမှာ ချမ်းသာသည့် လူငယ် ဆရာဝန် တစ်ယောက် ဖြစ်သည်။ အဒေါ်နှင့် ဦးလေးကိုလည်း ထောက်ပံ့နေသူ ဖြစ်သည်။ သံဒိကာသည် ထိုဆရာဝန်ကို မနှစ်သက်သဖြင့် လက်ထပ်ရန် ငြင်းဆန် လိုက်သည်။
“ကျွန်မက ဆရာဝန် ဖြစ်ချင်တာ။ ဆရာဝန်ကတော် ဖြစ်ချင်တာ မဟုတ်ဘူး” ဟု သူမက ဆိုသည်။

သူမ မိသားစုက ငြင်းဆန်နေသည့် ကြားမှပင် သတို့သားထံက မင်္ဂလာကြေးအဖြစ် နွား ၁၁ ကောင်ကို လက်ခံလိုက်သည်။ သို့ဖြင့် အသက် ၁၇ နှစ်သမီး အရွယ်တွင် သံဒိကာသည် အိမ်ထောင်ကျသွားခဲ့ ရသည်။ အသက် ၁၉ နှစ်တွင် သားတစ်ယောက် မွေးဖွားခဲ့သည်။ ဆဖျူးမ်ဟု အမည်ပေးထားသည်။ ထိုကလေးသည် ဦးနှောက်အကျိတ် ဝေဒနာကို ခံစားနေရသဖြင့် ငွေကုန်ကြေးကျခံပြီး ဆေးကုသပေး ခဲ့ရသည်။
“ကျွန်မ သူ့ကို သိပ်ချစ်တယ်။ သူနေမကောင်းလို့လည်း ကျွန်မ ဆရာဝန်ဖြစ်ချင်စိတ်က ပိုပြီး ကဲသွား ခဲ့ရတယ်” ဟု သူမက ဆိုသည်။

သံဒိကာသည် ခင်ပွန်းဖြစ်သူ ဆရာဝန်၏ လက်ထောက်အဖြစ် လုပ်ရင်း ကျောင်းထွက်လက်မှတ် ရရန် ပညာကို ကျိတ်ပြီး ကြိုးစားသင်ခဲ့ရသည်။ သူမက ကားမောင်း လိုင်စင်အတွက် အမောင်းသင်မည်ဟု အိမ်မှ ညာထွက်ခဲ့ပြီး စာမေးပွဲ သွားဖြေခဲ့ရသည်။ ဆေးကျောင်း တက်ခွင့်ရရန် အမှတ်ကောင်းကောင်း ဖြင့် အောင်မြင်ခဲ့သည်။
ထို့နောက် သားကိုခေါ်၊ အသုံးအဆောင်ပစ္စည်း အနည်းငယ်ယူပြီး ခင်ပွန်းဖြစ်သူ၏ ကားကို မောင်းကာ ကီလိုမီတာ ရာချီဝေးသည့် မြောက်ပိုင်း တက္ကသိုလ် (ယခု လင်မ်ပိုပို တက္ကသိုလ်) သို့ ထွက်ခွာလာ ခဲ့သည်။

ထိုတက္ကသိုလ်သို့ အရောက်တွင် ထင်ထားသည်ထက် အခက်အခဲပေါင်း များစွာကို ရင်ဆိုင်ခဲ့ရသည်။ ထောက်ပံ့ကြေး ရရန် အသည်းအသန် ကြိုးပမ်းရသည်။ လင်မယားချင်း ကွဲသည်။ မကျန်းမာသည့် သားတစ်ယောက်နှင့် ဘဝသစ်ကို စတင်ရတော့သည်။
“ဆေးရုံ အဆောင်ထဲမှာ အိပ်မပျော်တဲ့ ညတွေတောင် ရှိတယ်။ အရေးပေါ်ခန်းမှာ တင်ထားရတဲ့ သားကို ကြည့်ပြီး ကျွန်မ ငိုမိတယ်။ ကျွန်မ ဆုတောင်းပါတယ်။ တစ်ခါတစ်လေတော့လည်း စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ အဲဒီအခက်အခဲတွေဟာ ကျွန်မကို ပိုပြီးတော့ ကြံ့ခိုင်စေပါတယ်” ဟု သူမက ပြောသည်။

သံဒိကာသည် ပညာသင် ထောက်ပံ့ကြေးအပြင် ပညာသင် ချေးငွေလည်း ရရှိခဲ့သည်။ ခင်ပွန်းဖြစ်သူ က သူမ ကွာရှင်းခွင့် တောင်းခြင်းကို လက်ခံလိုက်သည်။ သားကလည်း အခြေအနေ ပြန်ကောင်းလာ သည်။ ဒါဘန်သို့ ပြန်ပြီး ဆေးပညာကို လေ့လာခဲ့ရသည်။ မိခင်ဖြစ်သူနှင့် အတူ ပြန်နေပြီး မကျန်းမာသည့် မိခင်ကြီးသည် သူမ လက်ပေါ်တွင်ပင် အသက် ပျောက်သွားခဲ့ရသည်။

“ဆေးရုံက အရမ်းဝေးတယ်။ လူနာတင်ယာဉ်ကလည်း ဒီလောက်ဝေးတော့ ခေါ်လို့ရမှာ မဟုတ်ဘူး။ ဒါနဲ့ အမေ့ကို သူများတွေလို မသေအောင် စဉ်းစားရတယ်။ အမေ့မှာ ဆီးချို ရှိမှန်း သေမှ သိတယ်။ အမေဟာ မသေမီ ဘုရားကျောင်းနဲ့ပဲ အလုပ် ရှုပ်နေတာ” ဟု သူမက ပြောပြသည်။
“ကျွန်မ တတ်နိုင်တာက မေတ္တာနဲ့ စေတနာပဲ ဖြစ်ပါတယ်။ ကျွန်မကို ဆရာဝန် ဖြစ်လာစေခဲ့တဲ့ ဘုရား သခင်ကို ကျေးဇူးတင်ပါတယ်”

ဒါဘန်ရှိ မာရှီယာနီ အထိမ်းအမှတ် ဆေးရုံတွင် အလုပ်သင်အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ကတည်းက သံဒိကာသည် မိဘမဲ့ ကလေးများကို ပြုစု စောင့်ရှောက်ခဲ့သည်။ ဆေးရုံ ဝန်ထမ်းများ၊ ပါတီများထံမှ မကျန်းမာသည့် ကလေးများအတွက် အလှူ လိုက်ခံသည်။ ၂၀၀၇ ခုနှစ်တွင် NGO အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဆီနိုမူဆာနိုသန်ဒို (မေတ္တာနှင့် စေတနာ) အဖွဲ့ထံတွင် မှတ်ပုံတင်ခဲ့ သည်။ ထိုအဖွဲ့သည် ဝေးလံခေါင်ဖျား ဒေသများတွင် လူ့ဘောင် အဖွဲ့အစည်းများက လျစ်လျူရှုခြင်း ခံနေရသူများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးသည်။ သားအိမ်၊ ရင်သား၊ ဆီးကျိတ်ကင်ဆာနှင့် HIV/ AIDS ပတ်သက်ပြီး ပညာပေး ကုသမှုများ လုပ်ပေးသည်။

“လူမျိုးစု ခေါင်းဆောင်တွေကို အမျိုးသမီး တစ်ယောက်အနေနဲ့ ချဉ်းကပ်ရတာ သိပ်တော့ မလွယ်ဘူး။ အထူးသဖြင့် ကျွန်မက ဆရာဝန် ဖြစ်ပါတယ် ဆိုတာကို သိပ်လက်မခံကြဘူး။ အလိုလို သိမ်ငယ်စိတ် တွေ ဝင်လာခဲ့ရတယ်။ အိမ်ရှေ့ကို ရောက်တာတောင် ကျွန်မကို အိမ်ထဲ အဝင်ခံကြတာ မဟုတ်ဘူး။ အပြင်မှာ အကြာကြီး စောင့်ပြီး ဇွဲနဲ့ နေမှ လူနာကို ကြည့်ခွင့်ပေးတာ” ဟု သူမက ဆိုသည်။

သံဒိကာသည် ‘တောင်းခြင်း သို့မဟုတ် ငှားရမ်းခြင်း’ တစ်ခုခု လုပ်ပြီး ဆေးခန်းလေး တစ်ခု ထူထောင်ရန် ပြင်ဆင်ရသည်။ ပရီတိုးရီးယားသို့လည်း ကိုယ့်စရိတ်နှင့် ကိုယ်သွားပြီး စစ်တပ်နှင့် ညှိနှိုင်းရသည်။ ထိုဒေသတွင်လည်း ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများကို ပြည်သူများအား ပြုလုပ်ပေးနိုင်ခဲ့သည်။
“ကျွန်မက ဆီးကျိတ်ကင်ဆာ အကြောင်း ပြောတော့ ယောက်ျားတွေကို ရှင်တို့ အာလူးတွေ ရှင်တို့ ပြန်ကြည့်ပြီး စစ်ဆေးမိကြရဲ့လားလို့ ပြောရတယ်” ဟု သံဒိကာက ပြုံးပြီး ပြောသည်။

ရောဂါ လက္ခဏာများကို ပြောပြလိုက်မှ လူတွေက တစ်ယောက်ပြီး တစ်ယောက် ရောဂါလာပြ ကြသည်။ မကြာမီ သူမထံသို့ ဆေးကျောင်းသားများနှင့် ဆရာဝန်များကလည်း အားဖြည့်လာကြသည်။ သူမစိတ်ထဲတွင် တစ်နေရာတည်း ရောဂါပေါင်းစုံ ကုသပေးနိုင်သည့် "One-stop wellness shops" ဌာနများကို ဖွင့်လှစ်ပေးချင်နေသည်။

“လုပ်ငန်း အောင်မြင်လာတော့ ဘာသာစကားနဲ့ ယဉ်ကျေးမှုက အခက်အခဲ ဖြစ်နေတာကို သဘော ပေါက်မိတယ်။ သူဘာဖြစ်လာတယ် ဆိုတာ ကိုယ်က နားမလည်တော့ ကုရလည်း ခက်တယ်။ ကျွန်မ စိတ်ကူးက ကျေးလက်တွေမှာ ကျန်းမာရေး ပညာပေးမှုတွေ အများကြီး လုပ်ပေးချင်တယ်။ ထိရောက်တဲ့ ကုသမှုတွေကိုလည်း ပေးချင်တယ်။ ကျွန်မ မိသားစုတွေက ကျွန်မကို နားမလည်ကြဘူး။ ကျွန်မ ယောက္ခမတွေကလည်း ကျွန်မကို သရော်ကြတယ်။ ကျွန်မ ဆရာကလည်း ကျွန်မကို စိတ်လျှော့ဖို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာတွေကို ကျွန်မ ဖြေရှင်းလို့မှ မရတာ။ ဒါပေမဲ့ ကျွန်မ ဘယ်တော့မှ ကျွန်မကိုယ် ကျွန်မ သံသယ မဖြစ်ဘူး” ဟု သံဒိကာက ဆိုသည်။

ယနေ့ သူမ ဆေးသုတ်နေသည့် အဆောက်အအုံလေးသည် သူမ စေတနာနှင့် မေတ္တာ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။
“ကျွန်မ သားလေးအတွက် ကျွန်မ ဂုဏ်ယူမိတာက... သား ကိုယ့်အနာဂတ်ကို ကိုယ်ရေးရမယ်။ မင်း အနာဂတ်ကို ဘယ်သူမှ မင်းကိုယ်စား လာရေးမပေးစေနဲ့။ အိပ်မက်တွေကိုလည်း ဆက်ပြီးတော့ အကောင်အထည်ဖော်နေ။ ဘယ်တော့မှ ရပ်မပစ်လိုက်နဲ့လို့ ပြောပြနိုင်တာကိုပါ” ဟု သံဒိကာက သားလေးကို ဖက်ပြီး ဂုဏ်ယူစွာ ပြောကြားခဲ့သည်။

အယ်ဒီတာတစ်ဦး
(With Love and Generosity, by Glynis Horning, Reader's Digest, August 2013)

Credit To The Voice Weekly

Related Articles: