Monday, August 19, 2013

နိုင်ငံရေးမျက်လှည့် (သို့မဟုတ်) လှည့်စားမှုအနုပညာ


ရေးသားသူ- ရဲမိုး

ဒီမနက် သတင်းကောင်းတစ်ခုနှင့် သတင်းဆိုးတစ်ခုပြောစရာရှိသည်။ သတင်းကောင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာ
သည်နှင့်အမျှ အမျိုးသားရေးကြွေးကြော်သံများ၊ မျိုးချစ်လက်ခမောင်းခတ်သံများနှင့် သာသနာ့အရေးနှိုးဆော်သံများ ဆတက်
ထမ်းပိုး လှိုင်လှိုင်ကြီး ကြားရတော့မည်ဆိုသည့် သတင်းဖြစ်သည်။ သတင်းဆိုးကတော့ ထိုကြွေးကြော်မည့်ပုဂ္ဂိုလ်အများစုသည် လူလိမ်
များဖြစ်သည်ဆို သည့်အချက်ဖြစ်ပါသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီကို အကူးအပြောင်းကာလမှာ ရေပန်းမစားသည့် နိုင်ငံရေး သမားများက မျိုးချစ်ဝါဒနှင့် လူများစုဘာသာရေးကို အာဏာရရှိရေးအတွက်မည်သို့အသုံးချလေ့ရှိသလဲဆိုတာကို ဒီနေ့ဆွေးနွေးကြပါစို့။

အာဏာရှင်စနစ်က ရုန်းထွက်လာသည့် နိုင်ငံတိုင်းမှာ အဖိနှိပ်ခံခဲ့ရသည့် ပြည်သူလူထုက တိုက်ပွဲဝင်ဒီမိုကရေစီသူရဲ ကောင်းများကို ချစ်မြတ်နိုးအား ကိုးကြသည်ချည်းပင်။ ဒီမိုကရေစီသူရဲကောင်းများနှင့် သူတို့၏ပါတီများကို ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်နိုင်သည့် အာဏာရှင် အကြင်းအကျန်များ လုပ်လေ့ရှိသည့် မဟာဗျူဟာကတော့ မိမိကိုယ်ကိုယ် မျိုးချစ်များအဖြစ် မျက်နှာဖုံးစွပ်မျက်လှည့်ပြသည့် နည်းဖြစ်ပါသည်။

၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလက ဆိုဗီယက်ယူနီယံကြီးပြိုကွဲသွား ပြီး ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သည့်အခါ ဒီမိုကရေစီခေါင်းဆောင် ဘောရစ်ယဲလ်ဆင် နှင့် ပြုပြင်ပြောင်းလဲသူများကို အံတုယှဉ်ပြိုင်ဖို့အတွက် ရုရှလစ် ဘရယ်ဒီမိုကရက်တစ်ပါတီကို အာဏာရှင်လူဟောင်းတချို့ပူး ပေါင်းတည်ထောင်ခဲ့ကြသည်။ ပါတီနာမည်က “လစ်ဘရယ်ဒီမိုကရက်” ဖြစ်သည့်တိုင် မူဝါဒက “လစ်ဘရယ်”လည်းမဟုတ် “ဒီမိုကရက်”လည်းမဟုတ်ပါ။ သူတို့ခေါင်းဆောင်ကရုရှစစ်တပ် ဗိုလ်မှူးကြီးဟောင်းနှင့်လူမျိုး ခွဲခြားရေး
ဝါဒီ ဗလာဒီမာဇီရင်နော့စကီး။

ပြည်သူအများကထောက်ခံ သည့် ဒီမိုကရေစီ တိုက်ပွဲဝင် ဘော့ရစ်ယဲလ်ဆင်နှင့် အခြား နိုင်ငံရေးသမားများကို ရိုးသားစွာ မယှဉ်နိုင်သည့် ဇီရင်နော့စကီးက သူ့ကိုယ်သူ “မျိုးချစ်”ဟုကြေညာ သည်။ ရုရှားမျိုး၊ ရုရှမြေ၊ ရုရှယဉ်ကျေးမှုနှင့် ရုရှအော်သိုဒေါက်စ်ဘာသာဂိုဏ်းကို ကာကွယ်မြှင့် တင်ကြဟု ကြေးကြော်သည်။ ရုရှ အရှေ့ဖျားဒေသမှ တရုတ်နှင့် ဂျပန်လူမျိုးများကို နှင်ထုတ်ရမည်ဟု ဆော်သြသည်။

အမေရိကန်ပြည်ထောင်စု ကို အလည်အပတ်ရောက်ချိန် ရုပ်မြင်သံကြားပေါ်မှာ “လူဖြူမျိုး နွယ်စု”ကို ကာကွယ်ကြဟု တရားဟောသည်။ ဂျူးဆန့်ကျင်ရေးကို ဖြန့်ဖြူးသည်။

နိုင်ငံရေးကျွမ်းကျင်သူအချို့က “ဖက်ဆစ်”လို့သမုတ်သည့် ဇီရင်နော့စကီးနှင့် သူ့ပါတီ ရုရှနိုင်ငံ ရေးမှာ မအောင်မြင်ဘူးဟု မထင်ပါနှင့်။ အပြောင်းအလဲကာလမှာ မရင့်ကျက်သေးသည့် ရုရှပြည်သူများက သူ့ကိုထောက်ခံခဲ့ကြ သည်။ ရုရှကွန်မြူနစ်တပ်နီတော် မှာ ဗိုလ်မှူးကြီးအဖြစ် တာဝန်ယူခဲ့သည့် ဇီရင်နော့စကီးကအော်သို ဒေါ့က်စ်ဘာသာရေးကြွေးကြော်သည်ကို အဟုတ်ထင်ခဲ့ကြသည်။

၁၉၉၃ ခုနှစ် ဒူးမားလွှတ်တော်ရွေးကောက်ပွဲမှာတော့ ပြု ပြင်ပြောင်းလဲရေးခေါင်းဆောင် ဘောရစ်ယဲ့လ်ဆင်ကို ထောက်ခံသည့် “ရုရှဒီမိုကရေစီရွေးချယ်မှု” ပါတီက မဲ ၁၅ ရာခိုင်နှုန်းသာရခဲ့ပြီး ဇီရင်နော့စကီး“၏ အယ်လ်ဒီပီအာရ်ပါတီက မျိုးချစ်နှင့်ဘာသာ ရေးကြွေးကြော်မှုများကြောင့် မဲ ၂၂ဒသမ ၉ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးကိုရရှိခဲ့သည်။ ထိုအချိန်ကစ၍ ရုရှပြည်သူနှစ်ခြမ်းကွဲသွားခဲ့သည်ဟု ကျွမ်းကျင်သူအချို့သုံးသပ်ကြသည်။

ရုရှအာဏာရှင်များ၏ မျက် လှည့်ကို နောင်အခါမှ ပြန်သိရသည်။ ဆိုဗီယက်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုခေါင်းဆောင်တစ်ဦ်း ဖြစ်သူ အလက်ဇန်းဒါးနီကိုလေ ဗစ်ခ်ျရာကော့လဗ်က သူ့အတ္ထုပ္ပတ္တိမှာ ဖွင့်ချခဲ့သည်။ ဇီရင်နော့စကီး၏ပါတီသည် ဆိုဗီယက် ကွန်မြူနစ်ပါတီခေါင်းဆောင် အချို့နှင့် ကေဂျီဘီထောက်လှမ်းရေးတို့က ဒီမိုကရေစီအပြောင်း အလဲမဖြစ်ခင်ကတည်းက ကြို တင်ဖွဲ့စည်းထားခဲ့သည့်ပါတီဆို သည့်အချက်ဖြစ်သည်။ ရည်ရွယ်ချက်က ဒီမိုကရေစီအင်အားစု
များ၏ လူထုထောက်ခံမှုကို ဖြိုခွဲရန်“ဖျက်မြင်း”အဖြစ်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သူက ကေဂျီဘီညွှန်ကြားရေးမှူး ဗလာဒီမာကရုခ်ျကေ့ဗ်ဟု ထိုအတ္ထုပ္ပတ္တိမှာ ပြန်လည်ရေးသားခဲ့သည်။

ဇီရင်နော့စကီးကိုယ်တိုင် နောက်ပိုင်းမှာ ပြန်ဝန်ခံခဲ့ရသည့် အချက်ကတော့ဂျူးဆန့်ကျင်ရေးဟောပြောသည့်သူကိုယ်တိုင်က ဂျူးဖြစ်နေခြင်းပင်။ သူ့ဖခင်က ဂျူးအစစ်၊ မိခင်က ရုရှလူမျိုး။

“ခါတော်မီမျိုးချစ်ဝါဒအတု” ကို ၂၀ ရာစု၏တွေးခေါ်ရှင်နှင့် သိပ္ပံပညာရှင်အဲလ်ဘတ်အိုင်း စတိုင်းက “ကလေးတွေမှာဖြစ် သလိုပဲ...လူသားမျိုးနွယ်အတွက် “၀က်သက်ရောဂါ”ဆိုပါစို့”ဟုပြောခဲ့သည်။ ဗိုင်းရပ်စ်လို ကူးစက်မှုမြန်သည်။ နာကျင်သည်။ အမာရွတ်ကျန်သည်။

ဇီရင်နော့စကီးတစ်ယောက် ရုရှမှာ အမျိုးသားရေးတိုက်ပွဲဝင် နေသည့်အချိန်မှာ မြန်မာန၀တ ဗိုလ်ချုပ်ကြီးများလည်း “မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး” များနှင့် လုံးပန်းနေချိန်ဖြစ်သည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့၏ ရုပ်တုကြီး များတည်ဆောက်ပြီး ရုပ်ရှင်၊ ရေဒီယိုနှင့်သတင်းစာများမှာလည်း စောင့်ကြည့်သူများက 'Pagodas and Soldiers' ဟု သရော်ခဲ့ကြသလို ဗိုလ်ချုပ်များ အပြိုင်အဆိုင်ဘုရားတည်၊ ဆွမ်းကပ်လုပ်ခဲ့သည့်အချိန်ဖြစ်သည်။

အတုအယောင်မျိုးချစ်ဝါဒသည် အကျည်းတန်သည့်ဇာတ်မင်းသားတို့ဇာတ်ခုံမှာတင့်တယ် စေဖို့သုံးသည့် မျက်နှာချေဘူးလို ပင် လူထုချဉ်ဖတ်နိုင်ငံရေးသမားများအကြားမှာ ခေတ်စားလေ့ရှိပါသည်။

ပြောရလျှင် ပြည်သူအများစုက ထောက်ခံသည့် ခေါင်းဆောင် အချို့ပင်ရွေးကောက်ပွဲနီးသည့် အခါ ပြိုင်ဘက်ကို အလဲထိုးဖို့ ဤနည်းကို သုံးစွဲခဲ့ကြဖူးသည်။ ၁၉၆၀ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်ဟောင်း ဦးနုကဘာသာရေး ကြွေးကြော်သံနှင့် မဲဆွယ်အနိုင်ရသွားခဲ့ဖူးသည်။

၂၀၁၅ မှာ လူထုခေါင်း ဆောင်ဒီမိုကရေစီချန်ပီယံနှင့် သူမ၏ပါတီကိုယှဉ်ပြိုင်ဖို့မဖြစ်နိုင်သည့်အဖွဲ့အစည်းအချို့ ယခု လမ်းကြောင်းကို လိုက်ကောင်း လိုက်နိုင်ပါသည်။ မျိုးချစ်ဝါဒနှင့် ဘာသာရေးအခြေခံနိုင်ငံရေးပါတီသစ်များပေါ်လာလျှင် မအံ့သြကြပါနှင့်။ လက်ရှိပါတီများက “မျိုးချစ်၊ ဘာသာချစ်”များနေ့ချင်းညချင်းဖြစ်လာလျှင်လည်း မအံ့သြကြပါနှင့်။ သင်္ကြန်စာလိုပြောရလျှင်တော့...

“မည်သည့်အခါမျှ လူမျိုးကိုမချစ်သူများ...တစ်မုဟုတ်ချင်း မျိုးချစ်များဖြစ်လတ္တံ့။ ပြည်သူ့ အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ကာ အမြတ်ထုတ်သူ နိုင်ငံရေးသမားတဖြစ်လဲ ခရိုနီကြီးများက ရဟန်း၊ သံဃာအရှင်သူမြတ်တို့ကို ချဉ်းကပ်လာလတ္တံ့။ ဘာသာရေးကို နိုင်ငံရေးမှာအသုံးမချသူကို မိစာဒိဋ္ဌိဟုစွပ်စွဲကြလတ္တံ့။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြွေးကြော်သူလူထုခေါင်းဆောင်
ကို အမျိုးဘာသာမကာကွယ်နိုင်သူဟု ယိုးစွပ်ကြလတ္တံ့”

ကျွန်တော်ကတော့ အင်္ဂလိပ်လူမျိုးစာရေးဆရာ ဂျူလီယန်ဘန်းစ်၏ မျိုးချစ်ဝါဒအနက်ဖွင့်မှုကို လေးလေးနက်နက်လက်ခံသည်။

“အကြီးမြတ်ဆုံး မျိုးချစ်ဝါဒဆိုတာ ကိုယ့်နိုင်ငံက ဂုဏ်သိက္ခာ မရှိစွာ၊ မိုက်မဲဆိုးဝါးစွာပြုမူနေ ချိန်မှာ ပွင့်ပွင့်လင်းလင်းဝေဖန်ရဲမှုဖြစ်တယ်”

ရုရှတွင် မျက်လှည့်ပွဲအရှိန်တက်နေဆဲဖြစ်သည်။ ယုံချင်ယုံ၊ မယုံချင်နေ ဇီရင်နော့စကီးသည် လက်ရှိ ဒူးမားအောက်လွှတ်တော်၏ ဒုဥက္ကဋ္ဌဖြစ်ပါသည်။

မြန်မာမှာတော့ မျက်လှည့်ပွဲစတော့မည်။ ပြည်သူချစ်လူထုခေါင်းဆောင်နှင့် အဖွဲ့ကို လက်နက်ပုန်းနှင့်တိုက်ခိုက်ဖို့ ပြကွက် များစတင်လာလိမ့်မည်။

ကန့်လန့်ကာဖွင့်တော့မည်။

ဘင်သံပင်ကြားနေရပြီ။

မြန်မာဒေးဗစ်ကော့ပါးဖီးလ်များကိုကြည့်ရှူဖို့နေကြာစေ့ထုပ်၊ ကွာစေ့ထုပ်များကို ၀ယ်ထားကြပါစို့။ ။

Credit To 7Day News Journal

Related Articles: