၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသူများ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံရဲ့ အမည်သတ်မှတ်ချက်မှာကိုက သမ္မတကို ထိပ်မှာထား သတ်မှတ်ထားတာကို တွေ့ရမှာပါ။ မြန်မာနိုင်ငံရဲ့ သမ္မတများအဖြစ် ပထမဦးဆုံးသမ္မတ စ၀်ရွှေသိုက်ဟာ ၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ ထိုစဉ်က သမ္မတဟာ အဆောင်အယောင် သဘောအရသာ ဖြစ်ခဲ့ပြီး ၀န်ကြီးချုပ်ဦးနုကသာ အာဏာရှိခဲ့တာပါ။ နောက်ဒေါက်တာဘဦး (၁၉၅၂ မှ ၁၉၅၇)၊ မန်းဝင်းမောင် (၁၉၅၇ မှ ၁၉၆၂) ထိ အဆောင်အယောင် သမ္မတများအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကစပြီး သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ မရှိတော့ဘဲ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းကသာ ၁၉၇၄ ခုနှစ်ထိ (၁၂) နှစ်တိုင်တိုင် ဖွဲ့စည်းပုံ အခြေခံမရှိဘဲ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာပြီးတဲ့နောက်မှာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းက နိုင်ငံတော်သမ္မတ ဦးနေ၀င်းကို အာဏာလွှဲပေး ခဲ့ပါတယ်။ သမ္မတ ဦးနေ၀င်းက (၁၉၇၄ မှ ၁၉၈၁) ထိ ခုနစ်နှစ် သမ္မတရာထူး ထမ်းဆောင်ခဲ့ပါတယ်။ နောက် (၁၉၈၁ ခုနှစ်မှ ၁၉၈၈ ထိ) ဦးစန်းယုက သမ္မတရာထူး ထမ်းဆောင်ခဲ့ပါတယ်။ ဒီလိုပုံမှန် သမ္မတတွေ ထမ်းဆောင်နေရာက ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံက ရုတ်ခြည်းပေါ်ပေါက် လာရာမှ အရေးပေါ် သမ္မတတစ်ဦး ပေါ်လာပါတယ်။ သူကဦးစိန်လွင်ဖြစ်ပြီး ၁၉၈၈ ဇူလိုင် ၂၅ ရက်မှ ၁၉၈၈ သြဂုတ် ၁၂ ရက်ထိ (၁၇) ရက် သက်တမ်းရှိ နိုင်ငံတော်သမ္မတအဖြစ် စံချိန်တင်သွားပါတယ်။ နောက်တော့ ဒေါက်တာမောင်မောင် သမ္မတဖြစ်လာပြီး သမ္မတအုပ်ချုပ်မှု မျိုးဆက်ပြတ်သွား ပြန်ပါတယ်။ ဒီလိုနဲ့ ၂၀၁၀ ပြည့်နှစ်ထိ သမ္မတမရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်ရောက်မှ လက်ရှိသမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတအဖြစ် ပြန်လည်ပေါ်ထွန်း လာပါတယ်။ သမ္မတသက်တမ်း ငါးနှစ်ပြည့်မယ့်၂၀၁၅ ခုနှစ်မှာ ဘယ်သူသမ္မတ ဖြစ်လာမလဲဆိုတဲ့ Assumption တွေ၊ Opinion တွေ တစုတဝေးနဲ့ မျှော်တွေးနေကြပါပြီ။ ပြည်သူတွေရဲ့ သမ္မတရွေးချယ်ခွင့် အခန်းကဏ္ဍကို ဆွေးနွေးခြင်း၊ နေရာပေးခြင်း၊ ပညာပေးခြင်းတွေတော့ သိပ်မဖတ်ရပါဘူး။ ပြည်သူတွေကို အမှန်တကယ်မှ ဦးစားပေးပါရဲ့လား။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပြီးနောက် ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ မရင့်ကျက်မီ အာဏာသိမ်းမှုတွေ ကြုံခဲ့ရပြီး အရပ်သားသမ္မတ စစ်စစ်ထက် စစ်ခေါင်းဆောင်အာဏာရှင်တွေနဲ့ ကြုံခဲ့ရတဲ့ နှစ်တွေက များလှပါတယ်။ ပြည်သူကြားမှ ပြည်သူနဲ့အတူ နိုင်ငံတော်အတွက် ဒိုးတူပေါင်ဖက် ရုန်းထလုပ်ကိုင်ရာမှ ထူးချွန်လို့၊ အားကိုးလောက်တဲ့ အရည်အချင်းရှိလို့၊ နိုင်ငံတော်အပေါ် တာဝန်အရ မဟုတ်ဘဲ စိတ်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲ ကောင်းစားစေချင်တဲ့ စိတ်ဓာတ်ရှိလို့ လုပ်ဖော်ကိုင်ဖက် ပြည်သူတွေက အသိအမှတ်ပြု ရွေးချယ်လိုက်တဲ့ ပြည်သူကြားက ပြည်သူတစ်ယောက် ဖြစ်ရမှာပါ . . . . . သမ္မတဆိုတာ အချို့နိုင်ငံမှာ အရုပ်တစ်ရုပ်လို အနေအထားမှာ ရှိတတ်သလို အချို့နိုင်ငံမှာ အာဏာအရှိဆုံး အနေအထားမှာလည်း ရှိတတ်ပါတယ်။ ထူးထူးခြားခြား အချို့နိုင်ငံမှာတော့ သမ္မတဟာ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ဖို့၊ တပ်မတော်ရဲ့ ထောက်ခံမှုကို ကျီးလန့်စာစား ရယူပြီး အာဏာရှိဟန် အနေအထားလည်းပဲ တွေ့ရပါတယ်။ တပ်မတော်ရဲ့ အချိန်မရွေး အာဏာသိမ်းနိုင်တဲ့ နိုင်ငံတွေကလည်း ကမ္ဘာပေါ်မှာ အတော်များများ ရှိနေသေးတာကိုး။ အခုပဲ အီဂျစ်နိုင်ငံ တပ်မတော်ဟာ အာဏာသိမ်းထားတာ ပူပူနွေးနွေး ရှိပါသေးတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း စစ်တပ်က မကြာခဏ အာဏာသိမ်းတတ်ပါတယ်။ ကမ္ဘာပေါ်မှာ သမ္မတအာဏာရှိတဲ့ သမ္မတနိုင်ငံတွေ ရှိသလို ရုပ်ပြမျှသာ ရပ်တည်ရတဲ့ သမ္မတနိုင်ငံတွေလည်း အသီးသီး ရှိနေပါတယ်။ မြန်မာနိုင်ငံမှာလည်းပဲ စ၀်ရွှေသိုက်၊ ဒေါက်ဘာဘဦး၊ မန်းဝင်းမောင်တို့ဟာ သမ္မတဖြစ်ခဲ့ပေမယ့် အာဏာမရှိခဲ့ပါဘူး။ ဦးစန်းယုသည်ပင်လျှင် အာဏာအပြည့်အ၀ရှိတဲ့ သမ္မတလို့ မထင်မိပါဘူး။ ထို့အတူ အချို့နိုင်ငံ သမ္မတတွေဟာလည်း နိုင်ငံတော်ရဲ့ အဆင်တန်ဆာ သဘောမျှသာရှိပြီး လက်တွေ့အားဖြင့် အာဏာအပြည့်အ၀ မရှိကြပါဘူး။ ၀န်ကြီးချုပ်များကသာ အာဏာကို ချုပ်ကိုင်ထားတာပါ။ လက်ရှိမြန်မာနိုင်ငံရဲ့ သမ္မတဦးသိန်းစိန်က အဘယ်မျှ အာဏာရှိသလဲဆိုတာ စောင့်ကြည့်ရဆဲမို့ ပြောဖို့စောလှ ပါသေးတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နောက်ပိုင်း သမ္မတမဟုတ်ပေမယ့် သမ္မတထက် အာဏာကြီးတဲ့ပုဂ္ဂိုလ် ပေါ်ပေါက်လာပါတယ်။ သူက သမ္မတလည်း မဟုတ်ပါဘူး။ ၀န်ကြီးချုပ်လည်း မဟုတ်ပါဘူး။ လွှတ်တော်ဥက္ကဋ္ဌ၊ နာယကလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ သူက သမ္မတနေရာမှာလည်း အာဏာရှိပါတယ်။ အခြားနိုင်ငံ သမ္မတတွေထံ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ၊ ဂုဏ်ပြုသ၀ဏ်လွှာတွေမှာ မြန်မာနိုင်ငံ သ၀ဏ်လွှာ ပြန်ပို့တဲ့ အခါမှာ သမ္မတရာထူးကနေ တန်းတူအဆင့်အတန်း ရယူပြီး သ၀ဏ်လွှာ ပို့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတသာလျှင် နိုင်ငံရဲ့အာဏာကို အပြည့်အ၀ သုံးစွဲပိုင်ခွင့် ရှိလို့ပါပဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၉၉ (က) မှာ နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတဖြစ်သည်လို့ ဖော်ပြပြဋ္ဌာန်း ထားပါတယ်။ ထို့အတူ သမ္မတရဲ့ လုပ်ပိုင်ခွင့်များ၊ တာဝန်များ၊ အာဏာများကို ပုဒ်မ (၂၀၀) မှ (၂၁၅) ထိ ရေးဆွဲပြဋ္ဌာန်းခွင့် ပြုပေးထားပါတယ်။ ဆိုတော့ သမ္မတအာဏာဟာ တော်တော်ကြီးကို ကျယ်ပြန့်ကြီးမားကြောင်း တွေ့နိုင်ပါတယ်။ ထိုသို့သော အာဏာကိုရမှသာ မြန်မာ့နိုင်ငံရေးကို ပြုပြင်ပြောင်းလဲနိုင်မှာ ဖြစ်တာကြောင့် သမ္မတ လုပ်ချင်သူတွေ ပေါ်ထွက်လာပါတယ်။ လတ်တလော ထုတ်ဖော်ကြေညာထားသူ နှစ်ဦးရှိပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ဖြစ်ပါတယ်။ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ထင်ကြေးပေး သမ္မတလောင်းများအဖြစ် မီဒီယာများက ရေးသားနေကြပါတယ်။ စင်စင် သမ္မတဖြစ်ဖို့ဆိုတာ ပြည်သူက ရွေးမှဖြစ်တာကို သမ္မတလုပ်လိုသူများက သဘောပေါက်ကြလေတော့ ဘယ်သူသမ္မတဖြစ်ဖြစ် လက်ခံမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။ ပြည်သူနဲ့သမ္မတ အလှမ်းဝေးလွန်းတယ် ပြည်သူဗဟိုပြုစနစ် ကျင့်သုံးမယ်လို့ သမ္မတကြီးက ကြုံတိုင်းပြောတတ်ပါတယ်။ ဒါပေမဲ့ သမ္မတတစ်ယောက်ကို ပြည်သူတစ်ဦးစီက ရွေးချယ်ခွင့် မရပါဘူး။ အဆင့်ဆင့်သော ကြားခံနယ်တွေရှိလို့ ပြည်သူနဲ့သမ္မတ အလှမ်းဝေးလွန်း နေတာလား။ ဒီမိုကရေစီခေတ်မှာ သမ္မတဆိုတာ ရှေးအခါက ဘုရင်တစ်ပါးလို အဆောင်အယောင်တွေ၊ အခြွေအရံတွေနဲ့ သီးသီးခြားခြား မိုးကျရွှေကိုယ်လို ပေါ်ထွန်းလာတာ မဟုတ်ပါဘူး။ ပြည်သူကြားမှ ပြည်သူနဲ့အတူ နိုင်ငံတော်အတွက် ဒိုးတူပေါင်ဖက် ရုန်းထလုပ်ကိုင်ရာမှ ထူးချွန်လို့၊ အားကိုးလောက်တဲ့ အရည်အချင်းရှိလို့၊ နိုင်ငံတော်အပေါ် တာဝန်အရ မဟုတ်ဘဲ စိတ်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲ ကောင်းစားစေချင်တဲ့ စိတ်ဓာတ်ရှိလို့ လုပ်ဖော်ကိုင်ဖက် ပြည်သူတွေက အသိအမှတ်ပြု ရွေးချယ်လိုက်တဲ့ ပြည်သူကြားက ပြည်သူတစ်ယောက် ဖြစ်ရမှာပါ။ သမ္မတကို ပြည်သူကိုယ်တိုင်က ရွေးချင်လွန်းလို့ သူတို့စိတ်နဲ့ သူတို့လက်နဲ့ သူတို့အသိဥာဏ်နဲ့ သူတို့ဆန္ဒနဲ့ တိုက်ရိုက်ရွေးလိုက်ရတာမျိုးကမှ ပြည်သူနဲ့သမ္မတ နီးကပ်လာမှာပါ။ နို့မဟုတ် ပုဒ်မ (၆၀) (က) နဲ့ (ခ) အရ "နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဖြင့် ရွေးချယ်ရမည်" လို့ဆိုထားတဲ့ ဥပဒေက ပြည်သူနဲ့သမ္မတကို ဝေးသွားအောင် စည်းခြားလိုက်သလို ခံစားရပါတယ်။ ကိုယ် (ပြည်သူ) တိုက်ရိုက်မဲထည့် ပေးနေရသူက သမ္မတမဟုတ်ဘူး။ သူတို့ (သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့) က ရွေးပေးသူကမှ သမ္မတဖြစ်မှာ။ စင်စစ် သမ္မတကို မပြောနဲ့ ဒုတိယသမ္မတကိုတောင် ပြည်သူက တိုက်ရိုက်မရွေးနိုင်ပါဘူး။ ပြည်သူတွေရင်ထဲ ဘယ်လိုခံစား နေကြရမလဲ။ သမ္မတဟာ ပြည်သူနဲ့ ဒီလောက်တောင် အလှမ်းဝေးနေလား။ ပြည်သူနဲ့သမ္မတ နီးကပ်မှာကို ဘာဖြစ်လို့ စိုးရိမ်နေတာလဲ။ ဘယ်သူတွေက စိုးရိမ်နေတာလဲ။ ပြည်သူကို ရွေးချယ်ခွင့်ပေးပါ အာဏာဟာ နိုင်ငံတော်မှ ဆင်းသက်ရမယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်း ဆိုထားပါတယ်။ ဒါဆို နိုင်ငံတော်ရဲ့ အကြီးအကဲ သမ္မတကလည်း နိုင်ငံသား (ပြည်သူ) ထံမှ ဆင်းသက်ရပါမယ်။ နိုင်ငံတော် အကြီးအကဲ သမ္မတနဲ့ နိုင်ငံသား (ပြည်သူ)ကြားမှာ အဖုအထစ်ဖြစ်စေမယ့် အလှမ်းဝေးစေမယ့် အဆီးအတားတွေ မရှိသင့်ပါဘူး။ အဆီးအတား ဖြစ်နေတဲ့ အဖွဲ့အစည်းတွေ ဖျက်သိမ်းပစ်ရပါမယ်။ လိုအပ်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပါ ပြင်သင့်တာမှန်သမျှ ပြင်ဆင်ရပါမယ်။ ပြည်သူနဲ့သမ္မတ၊ သမ္မတနဲ့ပြည်သူ အပြန်အလှန် ယုံကြည်မှု ရရှိရေးဟာ အလွန်အရေးကြီးတဲ့ ညီညွတ်မှု ဖြစ်ပါတယ်။ ဒီလိုညီညွတ်မှု ဖြစ်စေမှာက ပြည်သူကိုယ်တိုင် သမ္မတကို စိတ်ဓာတ်အားဖြင့် ရင်းနှီးပြီး မိမိကိုယ်တိုင် ရွေးချယ်လိုက်ခြင်းကသာ ပြည်သူ့သမ္မတ ဖြစ်သွားစေမှာပါ။ လယ်ကွင်းထဲက လယ်သမား၊ စက်ရုံထဲက အလုပ်သမား၊ ကျောင်းဝင်းထဲက ကျောင်းဆရာ၊ ဆေးရုံဝင်းထဲက ဆရာဝန် . . . လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတစ်ဦးချင်းစီမှ အသည်းကြားက မဲတစ်ပြားစီနဲ့ ရွေးချယ်ပေးခွင့်ရလို့ ဖြစ်လာတဲ့ သမ္မတမျိုးကို လိုချင်ပါတယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ်၊ သမ္မတကို ပြည်သူတွေနဲ့ တိုက်ရိုက်ရွေးချယ်ခွင့် ပေးနိုင်အောင် လိုအပ်သလို ပြင်ဆင်ပေးရန် တိုက်တွန်းအပ်ပါကြောင်း။
Written by မောင်တင်ဦး (မြောင်းမြ)
Credit To First-11