လောကတွင် အောင်မြင်နေသူတို့သည် လောကဓံ၏ အထုအထောင်း အပုတ်အခတ်တို့ကို အပြုံးမပျက်ဘဲ ခံယူကာ ဘ၀တိုက်ပွဲကို ဆက်လက်ဆင်နွှဲနိုင်စွမ်းရှိသည့် စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်သူများဖြစ်ကြ၏။ ဘာသာရေးက လောကဓံတရားကို ရဲဝံ့စွာ ရင်ဆိုင်တတ်ရန် သင်ကြားပေးသည်။
ဘာသာရေးဟူသည်…
ဘာသာရေးဟူသည် ရင့်ကျက်သော ပုဂ္ဂိုလ်တစ်ဦးက အမှန်တရားနှင့် ပတ်သက်၍ တွေးခေါ် စဉ်းစားခြင်း၊ လက်တွေ့ ကျင့်ကြံ အားထုတ်ခြင်း၊ အတွေ့အကြုံနှင့်ယှဉ်၍ ဆင်ခြင်စဉ်းစားခြင်း၊ ယုတ္တိဗေဒ ဥပဒေသ များနှင့် အညီ ကောက်ချက်ချခြင်းများ ပြုလုပ်ပြီးနောက် မိမိတွေ့ရှိသည့် တရား ဓမ္မကို မိမိနောက်လိုက်များ အား သွန်သင်ဆုံးမ ဟောပြောရာမှ ဘာသာ အမျိုးမျိုး ပေါ်ထွန်း လာခြင်းဖြစ်သည်။ ဗြဟ္မာ ၊ ဗိဿနိုးနှင့် သီဝဘုရား တို့၏ ဟောကြားချက်များတွင် အခြေခံသော ဟိန္ဒူဘာသာ၊ ဗုဒ္ဓရှင်တော်၏ ဟောကြားချက် ဓမ္မအပေါ် အခြေခံသော ဗုဒ္ဓဘာသာ၊ ခရစ်တော်၏ ဟောကြားချက်များအပေါ် အခြေခံသော ခရစ်ယာန် ဘာသာ ၊ အလ္လာသခင်နှင့် တမန်တော်မိုဟာမက်တို့ ဟောကြားချက်များအပေါ် အခြေခံသော အစ္စလာမ် ဘာသာတို့သည် ထင်ရှားပေသည်။
ကမ္ဘာပေါ်တွင် လူအများ ကိုးကွယ်ယုံကြည်ကြသော ဘာသာတရားတို့မှာ အရေအတွက်အားဖြင့် လွန်စွာ များပြားသော်လည်း ယေဘုယျအားဖြင့်မူ ဤဘာသာကြီးလေးခုမှာ လူအများဆုံး လက်ခံ ကိုးကွယ် ကြသောေ ကြာင့် အထင်ရှားဆုံးဟု ဆိုနိုင်ပေသည်။
ဘာသာတရားတိုင်းသည် ကောင်းမှုပြုရန်သာ ဆုံးမ၏။ ကောင်းရာပန်းတိုင်ကိုသာ ညွှန်ပြ၏။ မည်သည့် ဘာသာတရားကမျှ သတ်ဖြတ်ရန်၊ ဖျက်ဆီးရန်၊ ဆိုးသွမ်းရန် မညွှန်ကြား မတိုက်တွန်းပေ။ အခြေခံအားဖြင့်မူ ဘာသာတရားအားလုံးသည် ကိုယ်ချင်းစာတရားဖြင့် မေတ္တာထားတတ်ရန် လမ်းကောင်းလမ်းမှန်ကိုသာ ညွှန်ပြကြ၏။
အထက်ဖော်ပြပါ ဘာသာကြီးလေးခုကို နှိုင်းယှဉ်လေ့လာပါက (၁) ထာဝရဘုရား ရှိခြင်း မရှိခြင်း၊ (၂) အတ္တနှင့် အနတ္တကို ခွဲခြားလက်ခံခြင်း၊ (၃) လွတ်မြောက်ရာ အမတစခန်းနှင့် ပတ်သက်သော အယူ အဆခြားနားခြင်း စသည်ဖြင့် အဓိက ခြားနားမှုကြီး သုံးခုမျှသာရှိပေသည်။ လူသားအားလုံး လိုက်နာ ကျင့်ကြံ သင့်သည့် တရားနှင့် ပတ်သက်၍မူ စကားအသုံးအနှုန်း ကွာခြားသော်လည်း အနှစ်သာရအားဖြင့်မူ တူညီ တတ်ကြ၏။
ဘာသာတရားတိုင်းတွင် မိမိတစ်ဦးချင်း လွတ်မြောက်ချမ်းသာရေးအတွက် လမ်းညွှန်တရားများ ရှိသကဲ့ သို့ လောကီဘုံအတွင်း အများနှင့် စုပေါင်းဆက်ဆံ နေထိုင်သည့်အခါ ကျင့်ကြံသင့်သော လောကီ ကြီးပွားရေး လမ်းညွှန်တရားများလည်း ရှိပေသေးသည်။ လူငယ်တို့နှင့် အဓိကအားဖြင့် သက်ဆိုင်သော တရားမှာ လောကီ ကြီးပွားရေး လမ်းညွှန်တရားများ ဖြစ်ပေသည်။
ဘာသာတရားဟူသည် ပစ္စုပ္ပန် ချမ်းသာကြီးပွားရေးအတွက် လိုက်နာသင့်သည့် လမ်းညွှန်ချက်များ ရှိ သကဲ့ သို့ အနာဂတ်အတွက် ချမ်းသာရေး၊ သံသရာမှ လွတ်မြောက်ရေးစသည်ဖြင့် အနာဂတ်အတွက် လမ်းညွှန် ချက်များလည်း ရှိပေသည်။ လူငယ်တို့အဖို့မူ ပစ္စုပ္ပန်ကြီးပွားရေး တရားများကို လိုက်နာခြင်းသည် လက်တွေ့ကျ၍ လူလတ်လူကြီးများအဖို့မူ အနာဂတ်အတွက် ပြင်ဆင်ရေး လမ်းညွှန်ချက်များကို လိုက်နာခြင်း သည် သဘာဝကျပေသည်။
“ဘာသာကြီးလေးခု အနှစ်သာရများ” ဟူသောကျမ်းကို ပြုစုသူ စာရေးဆရာ ညိုသောင်းကလည်း ဘာသာ တရားနှင့် ပတ်သက်၍ ဤသို့ မှတ်ချက်ပြုခဲ့သည်။ “ဘာသာတရားတိုင်းတွင် သဘာဝထက် လွန်ကဲသော အံ့ဖွယ်ရာ များနှင့် ပြည့်ဝနေသည်သာ ဖြစ်၏။ သိပ္ပံနည်းဖြင့် သက်သေပြ၍ မရနိုင်၊ ဆင်ခြင်တုံ တရားဖြင့် စမ်းသပ်၍ မရနိုင်ဟု ဆိုမည်သာဖြစ်၏။ သို့သော် ဘာသာတရားတို့မည်သည် မျက်မှောက်ကမ္ဘာ အတွက် မဟုတ်ပေ။ လောကုတ္တရာအရေးသာ ဖြစ်သည်။ နောင်တမလွန် ဘ၀ အရေးသာ ဖြစ်သည်။ အနာဂတ်အရေးကို မျက်မှောက်ပစ္စုပ္ပန်ဘ၀တွင် ဆောင်ရွက်နေကြရခြင်းသာ ဖြစ်သည်။ ဤသို့ဆိုလျှင် ဘာသာတရားသည် မျက်မှောက်ကာလအတွက် အကျိုးတစ်စုံတစ်ရာ မပြုတုံသလော။ မျက်မှောက်အကျိုးကိုလည်း ပြုပေသည်။ မည်သည့်ဘာသာတရားကမျှ မျက်မှောက်ဘ၀တွင် အကျိုးမပြုသော လူ့ကျင့်ဝတ်ကို မညွှန်ပြချေ။ ဘာသာတရားသည် လူ့ကျင့်ဝတ်ကို ချမှတ်ပေးသည်။ လူ့ကျင့်ဝတ်အချို့တို့သည် တမလွန်ဘ၀ အကျိုးအတွက် ရည်မှန်း ထားသည်မှာ မှန်သော်လည်း လက်ရှိဘ၀ အတွက် များစွာ အထောက်အကူပြုပေသည်။ ဘာသာတရားက သင်ကြားပေးသော လူ့ကျင့်ဝတ်ကို လူပုဂ္ဂိုလ် များက လိုက်နာနိုင်ကြမည်ဆိုလျှင် တိုးတက်ကောင်းမွန်သော လူ့အဖွဲ့အစည်း တစ်ခု ဖြစ်ပေါ်လာရ မည်သာ ဖြစ်သည်။”
အထက်ပါ ဆရာညိုသောင်း၏ မှတ်ချက်အရ ဘာသာတရားတို့သည် အတိတ်၏ အတွေ့အကြုံ အခြေ အနေပေါ် အခြေခံ၍ ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော အကျိုးတရားတို့အတွက် ရှေးရှု လမ်းညွှန်ခြင်းမှာ ထင်ရှားပေသည်။ မည်သို့ပင်ဖြစ်စေ ငယ်ရွယ်သူ လူငယ်တို့အဖို့ ပစ္စုပ္ပန် ကြီးပွား တိုးတက်ရေးအတွက် ဘာသာ တရား၏ သွန်သင်ချက်များကို လိုက်နာ ကျင့်ကြံသင့်သည်မှာ လွန်စွာ ထင်ရှားလှပေသည်။
ဘာသာရေးနှင့် ကိုယ်ကျင့်တရား…
ဘာသာတိုင်းသည် လူတို့တွင် မွန်မြတ်သန့်စင်သော စရိုက်လက္ခဏာတို့ ထွန်းကားပေါ်လွင်စေရန် လမ်းညွှန် သည်။ ဟိန္ဒူဘာသာဝင်တို့၏ ရာမယန၊ မဟာဘာရတနှင့် ဥပါဒ်နိယျကျမ်းများသည် လည်းကောင်း၊ ဗုဒ္ဓ ဘာသာဝင် တို့၏ ပိဋကတ်သုံးပုံသည်လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်တို့၏ သမ္မာကျမ်းစာသည် လည်းကောင်း ၊ အစ္စလာမ် ဘာသာဝင်တို့၏ ကျမ်းမြတ်ကူရ်အန်သည် လည်းကောင်း ကိုယ်ကျင့် တရားကောင်းမွန်ရေးတို့ကို ရှုထောင့်မျိုးစုံမှ နည်းမျိုးစုံဖြင့် ဖွင့်ဆိုရေးသား ထားသော ကျမ်းများ ဖြစ်ပေသည်။
ဘာသာတရား၏ အဆုံးအမ၌ တည်သောသူတို့သည် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးသော ဣနြေ္ဒတို့၌ စောင့် စည်းခြင်း ရှိသည်ဖြစ်၍ လူတကာ၏ ချစ်ခင်လေးစားခြင်းကို ခံရ၏။ ဤသို့ ဗုဒ္ဓဘာသာအလိုအရ ဖွင့်ဆို ရသော် ကာယကံ၊ ၀စီကံ၊ မနောကံ ဟူသော ကံသုံးပါးတို့တွင် ဒုစရိုက်မှု လုံးဝမပြုဘဲ သုစရိုက်မှု များကို သာ ပြုသည့် သဘော ဖြစ်ပေ၏။ ကိုယ်ကာယအားဖြင့် သူတစ်ပါး ထိခိုက်နာကျင် နစ်နာပျက်စီး စေမည့် အပြု အမူ များကို ရှောင်ရှားခြင်း၊ နှုတ်အားဖြင့် သူတစ်ပါး ထိခိုက်နာကျင် နစ်နာပျက်စီးစေမည့် စကားမျိုး မပြော ဆိုခြင်း၊ စိတ်အားဖြင့် သူတစ်ပါး ထိခိုက်နာကျင် နစ်နာပျက်စီးစေမည့် အကြံအစည်မျိုး မကြံစည်ခြင်း ပင် ဖြစ်၏။ ဤသို့သော အယူအဆမျိုးကို အခြားသော ဘာသာတရား များကလည်း သင်ကြားပေးသည် သာဖြစ်၏။
ထို့အပြင် မေတ္တာတရား ပွားများရန်လည်း ဘာသာတိုင်းက သင်ကြားပေး၏။
ဗုဒ္ဓဘာသာတွင်မူ ဗြဟ္မစိုရ် တရားလေးပါးတွင်
(၁) မေတ္တာ…မိမိကိုယ်နှင့်အမျှ ချစ်ခြင်း၊
(၂) ကရုဏာ…ဆင်းရဲသူကို သနားခြင်း၊
(၃) မုဒိတာ…ချမ်းသာသူအတွက် ၀မ်းမြောက်ခြင်း၊
(၄) ဥပေက္ခာ…ဆင်းရဲချမ်းသာ ထိုနှစ်ဖြာတို့၏ အကြား၌ စိတ်ဓာတ်ကိုထားခြင်း
ဟူ၍ လေးမျိုး ခွဲခြား ဖော်ပြထားပါသည်။
ဘာသာရေးခေါင်းဆောင်များသည် ကိုယ်ကျင့်တရားတွင် အခေါင်အဖျား ရောက်သူများ ဖြစ်ကြ၏။ ဆင်းရဲ ပင်ပန်းခြင်း ၏ ဒဏ်၊ အစာအာဟာရ ဥစ္စာစည်းစိမ် ချို့တဲ့ခြင်း၏ ဒဏ်၊ အခြားသူများ၏ စော်ကားပြု မူ နှိပ်စက် သည့် ဒဏ်တို့ကို ကြံ့ကြံ့ခံနိုင်ခဲ့သူများ ဖြစ်ကြ၏။ ဗုဒ္ဓသည် မင်းစည်းစိမ် ချမ်းသာကို စွန့်ပယ် ၍ တောထဲ တွင် ခြောက်နှစ် တိုင်တိုင် ဒုက္ကရစရိယာဟုခေါ်သော ပြင်းထန်သည့် အကျင့်ကို ကျင့်ခဲ့၏။ သစ္စာတရားကို မမြင် သမျှ ငါမထဟူသော ဇွဲမျိုးဖြင့် ကျင့်ခဲ့သူဖြစ်၏။ ဗုဒ္ဓမဖြစ်မီ ဘ၀ပေါင်းများစွာကလည်း အလှုပေးခြင်း၊ သီလဆောက်တည်ခြင်း၊ ပညာဆည်းပူးခြင်း၊ သည်းခံခြင်း၊ မှန်ကန်ဖြောင့်မတ်စွာ ပြောဆို ကျင့်ကြံခြင်း စသည့် ပါရမီ (၁၀) ပါးကို ဖြည့်ဆည်းခဲ့ပေ၏။ ထို့ကြောင့် လူငယ်တိုင်းသည် မိမိကိုးကွယ်ယုံကြည်ရာ ဘာသာရေးခေါင်းဆောင်တို့၏ အတ္ထုပ္ပတ္တ္ကိကိုလည်း လေ့လာဖတ်ရှုသင့်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့မူ မာလာလင်္ကာရ၊ ဇိနတ္ထပကာသနီ၊ မဟာဗုဒ္ဓ၀င် စသော ကျမ်းများသည် ဗုဒ္ဓကိုယ်တော်၏ ဘ၀ဖြစ်စဉ်ကို မှတ်တမ်းတင်ထားသော ကျမ်းများဖြစ်ကြ၏။ ဤကဲ့သို့ မိမိယုံကြည်ကိုးကွယ်ရာ ဘာသာရေးခေါင်းဆောင် တို့၏ အတ္ထုပ္ပတ္တိကို ဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကျင့်တရားဆိုင်ရာ သန့်စင်မွန်မြတ်သော နမူနာများကို ရရှိနိုင်ကြပေလိမ့် မည် ဖြစ်၏။
မျက်မှောက်ခေတ် လူငယ်များသည် ဘာသာရေးဘက်တွင် ပေါ့လျော့လာကြသောကြောင့် ရိုင်းပြသည့် အမူအရာ၊ အပြောအဆိုတို့ တွင်ကျယ်လာသည်ဟု လူကြီးသူမများက စိတ်ပျက် လက်ပျက် ညည်းညှုကြ၏။ သို့သော် ဤသို့ စိတ်ပျက်နေ၍လည်း အကျိုးမရှိနိုင်ပေ။ လူငယ်များ ဘာသာရေးတွင် စိတ်ဝင်စားလာအောင် နည်းမျိုးစုံနှင့် လှုံ့ဆော်ပေးရမည့်တာဝန်မှာ လူကြီးတို့၏ တာဝန်သာဖြစ်၏။ ဗုဒ္ဓဘာသာလူငယ်တို့ ကျောင်းကန်ဘုရား သွားချင်လာအောင်၊ ခရစ်ယာန် ဘာသာဝင် လူငယ်တို့ ဘုရား ရှိခိုးကျောင်း တက်ချင်လာအောင်၊ ဟိန္ဒူဘာသာဝင် လူငယ်တို့ ဘုရားရှစ်ခိုးကျောင်း သွားချင်အောင်၊ အစ္စလာမ် ဘာသာဝင် လူငယ်တို့ ဗလီတက်ချင်အောင် လူကြီးများက နည်းမျိုးစုံသုံး၍ လှုံ့ဆော် တိုက်တွန်းပေး ရမည်ဖြစ်၏။
ရှေးအခါကမူ ကျောင်းကန်ဘုရားသွားခြင်းသည် နိစ္စပတ် ၀တ်တစ်ခုလို ဖြစ်နေ၏။ အထူးသဖြင့် ၀ါတွင်း ချိန်ခါ ၈ ရက်၊ လပြည့် လကွယ်စသည့် ဥပုသ်နေ့များတွင် ပိုမိုစည်ကား၏။ ၁၂ ရာသီ ကျင်းပလေ့ရှိသော ဘာသာရေး ဆိုင်ရာ ပွဲတော်များမှာလည်း ယေဘုယျအားဖြင့် ဘုရားကျောင်း ကန် တစ်ဝိုက်တွင်သာ ကျင်းပလေ့ရှိတတ်၏။ ယင်းကဲ့သို့ ဘုရားကျောင်းကန် ဇရပ်များသို့ သွားခြင်းဖြင့် ဆရာတော်၊ သံဃာတော် များ၏ တရားဟောပြောခြင်း၊ လူကြီးသူမတို့၏ ဘာသာရေးဆိုင်ရာ အတွေ့အကြုံများ နှီးနှောဖလှယ်ချက်၊ လူငယ်အချင်းချင်း ဘာသာရေး၊ လူမှုရေး၊ ပညာရေး နှီးနှော တိုင်ပင်ချက်တို့ကြောင့် အကြားအမြင်များ၍ ဗဟုသုတ ကြွယ်ဝနိုင်ပေသည်။ ထို့အတူ ပင် ဘုရားရှစ်ခိုးကျောင်း၊ ဗလီစသည်တို့သို့ ၀တ်ပြုရန်သွားကြရင်း လူကြီးများ၏ သြ၀ါဒကို နာခံ၊ လူငယ် အချင်းချင်း မိတ်ဆက်နှီးနှော စသည်ဖြင့် ဆက်ဆံရေးနယ်ပယ်လည်း အလိုလို ကျယ်ပြန့် လာတတ်ပေသည်။
ဘာသာတရားကို ခုတုံးလုပ်၍ မဟုတ်တာ လုပ်မည်ကိုလည်း စိုးရိမ်တတ်ရ၏။ တစ်ခါက လူငယ်ကလေး တစ်ဦးသည် နံနက်စောစောထ၍ “ရပ်မိ ရပ်ဖတို့ခင်ဗျား၊ ဆွမ်းချက်ရန် အချိန်တန်ပါပြီ၊ ဘုရားဆွမ်းတော် ကပ်ရန် အချိန်တန်ပါပြီ” ဟူ၍ နှိုးဆော်လေ့ရှိ၏။ ယင်းကို မြင်သော လူကြီးတစ်ဦးက လွန်စွာ ချီးမွမ်း လိုသောကြောင့် “တူမောင် အဘယ့်ကြောင့် ယခုလို အစောကြီးထ၍ ဆွမ်းချက်ရန် နှိုးဆော်ပါသလဲ” ဟု မေးမြန်းရာ လူငယ်လေး က “စောစော ဆွမ်းချက်၊ ဆွမ်းကပ်တော့၊ ဆွမ်းတော် စောစော စွန့်နိုင်ပါလိမ့် မည်။ ထိုအခါ ကျွန်တော့်အဖို့လည်း ဆွမ်းတော်စွန့်သည်ကို စားရန်လာသော ကျီးကန်းတို့ ကို လေးခွနှင့် .. စောစော ပစ်နိုင်ပါလိမ့်မည်” ဟု ပြန်ပြောလေသည်။
အချုပ်အားဖြင့်ဆိုရသော် ငါ ငယ်ပါသေးသည်ဟူ၍ ဘာသာရေးကို ပေါ့ပေါ့ဆဆ မထားသင့်ပေ။ သို့သော် လူကြီးများကဲ့သို့ အချိန်ပြည့် ၀ိပဿနာပွားသည်အထိလည်း မလိုအပ်သေးပေ။ ဘာသာရေး အဆုံးအမ၌ တည်၍ ကိုယ်ကျင့်တရားကောင်းမွန်သော ယဉ်ကျေးလိမ်မာသည့် လူငယ်ဖြစ်ရေး သည်သာ ပဓာန ကျလှပါသတည်း။
စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်မှု…
ဘာသာအသီးသီးတွင် သီလစောင့်ထိန်းမှု၊ အလှုဒါန ပေးလှုမှု၊ အကူအညီပေးမှု၊ သည်းခံမှု၊ အဓိဋ္ဌာန် ဆောက်တည်မှု ၊ ပုတီးစိတ်ခြင်းဖြင့် စိတ်တည်ငြိမ်စေမှု (သမာဓိထူထောင်မှု)စသည့် မြင့်မြတ်သော လုပ်ငန်းစဉ်များ ရှိပေသည်။ အသက်ကြီးရင့်သူတို့အဖို့ ယင်းလုပ်ငန်းများကို အချိန်ပြည့် လုပ်ဆောင် နိုင်လိမ့် မည်ဖြစ်သော်လည်း အသက်ငယ်ရွယ်သူတို့အဖို့မူ အချိန်ပိုင်းမျှသာ လုပ်ဆောင် နိုင်ပေလိမ့်မည်။ အနိမ့်ဆုံး အားဖြင့် ဘုရားရှစ်ခိုး ၀တ်ပြုခြင်းသည် ဘာသာအားလုံး၌ ရှိ၏။ ဘုရားရှစ်ခိုး ၀တ်ပြုခြင်းကိုပင် သမာဓိ တည်ကြည်စွာ စိတ်ခွန်အား စိုက်ထုတ်၍ အာရုံစူးစိုက်လုပ်ပါက စိတ်ဓာတ်ရင့်ကျက်မှုကို တည်ဆောင်နိုင်၏။
လောကတွင် အောင်မြင်နေသူတို့သည် လောကဓံ၏ အထုအထောင်း အပုတ်အခတ်တို့ကို အပြုံးမပျက်ဘဲ ခံယူကာ ဘ၀တိုက်ပွဲကို ဆက်လက်ဆင်နွှဲနိုင်စွမ်းရှိသည့် စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်သူများဖြစ်ကြ၏။ စိတ်ပညာရှင်တို့က “ဟာသဥာဏ် ရှိခြင်း၊ ကြိုတင် စဉ်းစားတတ်ခြင်း၊ ကိုယ့်ကိုယ်ကို အားကိုးခြင်း၊ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းရှိခြင်း၊ မလိုလားအပ်သည့် အပြုအမူတို့ကို ထိန်းချုပ်နိုင်ခြင်း၊ ဘက်မလိုက်ခြင်း စသော အရွယ်ရောက်ပြီးသူတို့ ထားရှိရမည့် စစ်မှန်သော သဘောထားများရှိမှသာ လူတစ်ယောက်ကို စိတ်ဓာတ် ရင့်ကျက်သူဟု ဆိုနိုင်မည်ဖြစ်၏။ အရွယ်ရောက်ပြီးစေကာမူ စိတ်ဓာတ်ရင့်ကျက်မှု မရှိသူတစ်ဦး သည် တစ်ကိုယ်ကောင်း ဆန်ခြင်း၊ ဖြစ်ရပ်မှန်နှင့် ကိုက်ညီအောင် မစဉ်းစားတတ်ခြင်း၊ ထိန်းချုပ်မှု မရှိခြင်း၊ တာဝန် မသိတတ်ခြင်း၊ မှီခိုလွန်းခြင်း စသည့် သဘောလက္ခဏာတို့ကို ဖော်ပြတတ်ပေ၏” ဟု ဆိုခဲ့၏။
ဘာသာရေးက လောကဓံတရားကို ရဲဝံ့စွာ ရင်ဆိုင်တတ်ရန် သင်ကြားပေး၏။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း၊ လာဘ်ရခြင်း၊ လာဘ် မရခြင်း၊ အခြံအရံ များခြင်း၊ အခြံအရံ နည်းခြင်း စသည်တို့နှင့် ရင်ဆိုင်ရပါက မတုန်မလှုပ် ကြံ့ကြံ့ခံနိုင်ရန် သင်ကြားပေး၏။ ပတ်ဝန်းကျင်မှ လူအပေါင်းကို ညှာတာထောက်ထား ကူညီရန် သင်ကြားပေး၏။ “ဘယ်သူမပြု မိမိမှု” ဟူသော သဘောကို နားလည်စေ၏။ “ယောနိသော မနသိကာရ” အသင့်အတင့် နှလုံးသွင်းတတ်အောင် လမ်းညွှန်၏။ “အတ္တာဟိ၊ အတ္တနော နာထော” မိမိကိုယ်သာ ကိုးကွယ်ရာ စိတ်ဓာတ်မျိုး ဖွံ့ဖြိုးစေ၏။ ဘာသာရေးက သင်ကြားပေးသော အထက်ပါသဘောတရားများသည် စိတ်ပညာရှင်တို့ ညွှန်ပြသော စိတ်ဓာတ်ရင့်ကျက်မှုမျိုးကို ဖြစ်ပေါ်စေ၏။
...စိတ်ပညာရှင်တို့က “စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်သူတို့သည်...
(၁) ပရဟိတစိတ် ပြည့်ဝခြင်း၊ (၂) အဆိုးကို ရင်ဆိုင်ဝံ့ခြင်း၊ (၃) ကိုယ့်ကိုယ်ကို ထိန်းသိမ်း ချုပ်တည်းခြင်း၊ (၄) တာဝန်သိ၍ တာဝန်ယူတတ်ခြင်း၊ (၅) ကိုယ့်အားကိုယ်ကိုးခြင်း စသော ခြင်းရာ လက္ခဏာများရှိပေ၏။” ဟု ဆိုခဲ့ရာ ယင်းခြင်းရာ သတ္တိများ ဖြစ်ပေါ်စေရန် ဘာသာရေး သင်ကြားချက်များက လွန်စွာ အထောက်အကူပြုကြောင်း တွေ့ရပေသတည်း။
…ဆရာကြီး ဒေါက်တာကျော်စိန်၏ “လူငယ်လမ်းညွှန်” မှ