ငယ်ငယ်ကတည်းက စာအုပ်၊ စာစောင်တွေ လှန်မိရင် ကာတွန်းတွေကို ပထမဆုံး ကြည့်မိတာမျိုးပါ။ စာမတတ်ခင်ကတည်းက ပုံကြည့်လာကြတာကိုး။ ကာတွန်းတွေက ကျွန်တော်တို့အပေါ် တော်တော် လွှမ်းမိုးခဲ့ပါတယ်။
အခုဆိုရင် ကာတွန်းတွေ လှိုင်လှိုင်ပေါများလာပါပြီ။ ကာတွန်းဆရာ အသစ်တွေနဲ့ စိတ်ကူး လတ်လတ်ဆတ်ဆတ်တွေ အလွယ်တကူပဲ နေရာရလာကြတာ တွေ့နိုင်ပါတယ်။ ကြားထဲက တစ်ခေတ်မှာတော့ ရိနွမ်းပျက်စီးနေတဲ့ ကာတွန်းမျိုးတွေပဲ လူမြင်သူမြင် ရှိခဲ့တာဆိုတော့ အခုအချိန်ဟာ ကာတွန်းလောက အတွက်တော့ အချိန်ကောင်းပါပဲ။ နေ့စဉ်သတင်းစာများလည်း ရှိလာပြီ ဖြစ်တဲ့အတွက် ကစားကွင်း ပိုကျယ်လာပါတယ်။
ပိုကျယ်လာတဲ့ ကစားကွင်းထဲမှာ ဘယ်လိုကစားကွက်တွေနဲ့၊ ဘယ်လို အမူအကျင့် စရိုက်လက္ခဏာတွေနဲ့ ဆက်ကစားသွားကြမှာလဲ ဆိုတာလည်း အရေးပါလာတယ်လို့ ထင်ပါတယ်။ ဥပဒေပ ကစားမယ့်သူတွေ ၊ စိတ်ဓာတ် နိမ့်ပါးသူတွေ၊ ဝမ်းစာမပြည့်သေးသူတွေ မျိုးစုံလည်း ပါဝင်လာနိုင်တယ် မဟုတ်ပါလား။
‘အဆိပ်အတောက်ရှိတဲ့စာ’ ဆိုတာမျိုးကို တစ်စုံတစ်ရာ အတိုင်းအတာအထိ ရင့်ကျက်ပြီးသူများက အလွယ်တကူပဲ သိနိုင်ကြပါတယ်။ အဆိပ်အတောက်ရှိတဲ့ ကာတွန်းမျိုးကတော့ ပုံလှလှလေးတွေ၊ ရယ်စရာ ပြုံးစရာလေးတွေနဲ့ ဆေးခါးကို သကြားလူးထားသလိုမျိုး ရှိတတ်ပါတယ်။ ဆေးခါး မဟုတ်ဘဲ တမြည့်မြည့် လှိုက်စားတတ်တဲ့ အဆိပ်မျိုးသာ ဖြစ်ခဲ့ရင် အားလုံးအတွက် အန္တရာယ်ရှိပါတယ်။
လွန်ခဲ့တဲ့ လအတန်ကြာက အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကြတဲ့အချိန်မှာ နာမည်ကြီး မီဒီယာကြီးရဲ့ဂျာနယ်မှာ ဖော်ပြထားတဲ့ ကာတွန်းတစ်ကွက်ဆိုရင် မှတ်မိနေပါတယ်။ ခေါင်းပေါင်းနဲ့ ဗမာကြီးရယ်၊ ဒုံးယိမ်းအင်္ကျီနဲ့ ကရင်ကြီးရယ် ပခုံးချင်းဖက်လို့၊ ကျောဘက်က နောက်လက်တစ်ဖက်စီမှာ ဓား၊ လက်နက်ကိုယ်စီနဲ့။ ဘယ်လို ရည်ရွယ်ချက်နဲ့များ ရေးသလဲလို့ အကြိမ်ကြိမ် စဉ်းစားမိပါတယ်။ ဖော်ပြတဲ့ မီဒီယာကရော ဘယ်လိုသဘောထား၊ ဘယ်လို ကျင့်ဝတ်ခံယူချက်နဲ့များ ဖော်ပြခဲ့သလဲလို့ အံ့သြမိပါတယ်။ မီဒီယာကြီးရဲ့ အာဘော်အတိုင်း ရေးရင် ဖော်ပြခံရမှာပဲလို့ ယူဆပြီး ရေးတဲ့သူမျိုးဆိုရင်တော့ ကာတွန်းဆရာကို ဘာမျှမပြောလိုတော့ပါ။ အရာရာကို အုပ်ထိန်း ကွပ်ကဲရမယ့် မီဒီယာကြီးရဲ့တာဝန်သာဖြစ်လာတာ မဟုတ်လားခင်ဗျာ။
မီဒီယာဆိုတာ ‘ငါ့ အယူ၊ ငါ့ လမ်းကြောင်း ၊ ငါ့ ဝါဒ .. အမှန်’ ဆိုတာ ပြောဖို့လား၊ တိုင်းပြည်ကောင်းအောင် ဝိုင်းဝန်းပေးဖို့လားဗျာ။ အကြီးကြီး မပြောလိုပါ။ အများအတွက် အကျိုးယုတ်စေမှာမျိုး ကိုတော့ လူသားတစ်ဦးရဲ့ မွေးရာပါ ကျင့်ဝတ်နဲ့တောင် ရှောင်ကြဉ်သင့်တယ်လို့ ထင်မိပါရဲ့။
ပြီးခဲ့တဲ့ခေတ်ရဲ့ နိုင်ငံပိုင်သတင်းစာ ဖွင့်ကြည့်လိုက်ရင် ဘုန်းတော်ဘွဲ့နဲ့ ဖော်လံဖား ကာတွန်းမျိုးတွေပဲ အမြဲတွေ့ရတော့ စိတ်မချမ်းသာပါဘူး။ ဒီနေ့ ခေတ်ရဲ့ ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်များ ဖွင့်ကြည့်ပြန်တော့လည်း ကာတွန်း ၁၀ ခုမှာ ကိုးခုက အပြစ်ရှာ၊ အဆိုးမြင်၊ အကောင်း သုည ဆိုတာမျိုး မြင်ရပြန်တော့ ဝမ်းနည်းရပါတယ်။ ကျန်တဲ့တစ်ခုဟာ ဝါရင့် သက်ကြီး ကာတွန်း ဆရာကြီးတွေရဲ့ လက်ရာဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ လူမျိုးကပဲ ရက်ဒီကယ် (တစ်ဖက်စွန်း ရောက်) စိတ်တွေ သိပ်များနေတာများလား ခင်ဗျာ။ ‘ဒါ’ မဟုတ်ရင် ‘ဟိုဟာ’ ပါပဲ။ ‘ဟိုဒင်း’ ဆိုတာ မရှိစေရ။
တည့်မတ်ထိန်းကျောင်းဖို့၊ ထောက်ပြဝေဖန်ဖို့ ဆိုတာမှန်ပါတယ်။ အဲဒါဟာ အပြစ်ရှာဖို့ လို့တော့လည်း အဓိပ္ပာယ် တိုက်ရိုက် မသက်ရောက်ဘူးလို့ ထင်ပါတယ်။ သိပ်ပြည့်စုံလာတဲ့သူကို အပြစ်ရှာပြတာက တန်ဖိုးရှိပါတယ်။ မပြည့်စုံလွန်းမှန်း သိသာလှတဲ့သူကို အပြစ်သက်သက် ပြောနေတာကတော့ အကျိုး ဖြစ်ထွန်းစေပါ့မလားလို့ စဉ်းစားသင့်ပါတယ်။ ကြိုးစားပြီး အားယူလမ်းလျှောက်နေတဲ့ ကလေးငယ်ကို လက်ခုပ်တီးပေးတာမျိုး၊ ခြေလှမ်းမှန်အောင် ထိန်းပေးတာမျိုးဟာ ‘လဲချည်းနေတာပါပဲကွာ’ လို့ စိတ် ပျက် ရေရွတ်နေတာထက် ပိုအကျိုးမများနိုင်ပါလားဗျာ။
ပိုဆိုးတာကတော့ ကိုယ့်ကလေး လမ်းမလျှောက်နိုင်သေးတာကို ဘေးလူပါခေါ်ပြပြီး ‘ကြည့်ပါဦး၊ လမ်းလျှောက်တာများ ပုံမကျပန်းမကျ’ လို့ ဝိုင်းကဲ့ရဲ့ ပြစ်တင်တာမျိုးပါပဲ။
လူကြီးတွေ ဖတ်ပြီးလို့ တင်ထားတဲ့ ဂျာနယ်၊ သတင်းစာကို ကလေးတွေက ယူပြီးရင် ပထမဆုံး ပုံကြည့်တာပါပဲ။ ကာတွန်းပုံကို ကလေးတိုင်း ကြိုက်ကြတယ်ဗျာ။ စာဖတ်တတ်ခါစ၊ အတွေးဉာဏ် ကွန့်မြူးခါစ ကျွန်တော်တို့ မျိုးဆက်သစ် ကလေးတွေရဲ့ ခေါင်းထဲမယ် ‘ဘာ ဘာ ဘာမှမကောင်းဘူး’ ဆိုတာမျိုး သွင်းပေးသလိုဖြစ်ရင် တော်ပါ့မလားဗျာ။ အရာရာတိုင်းကို အဆိုးမြင်တဲ့ ရှုထောင့်ကနေ ကြည့်တတ်အောင် သင်ပေးသလိုမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။
ဘဝအမောတွေကို ရယ်စရာလုပ်ပြီး ပြေလျော့စေလိုက်တာမျိုးဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ ဆေးဝါးတစ်မျိုးပါပဲ။ ဆေးဆိုတာမျိုးဟာ တန်ဆေး၊ လွန်ဘေးဆိုတာမျိုး ရှိကြောင်းကိုလည်း မမေ့စေချင်တာပါ။
ရုရှားဟာသတွေဟာ သူတို့ရဲ့အကျည်းတန်ခဲ့တဲ့ ခေတ်တစ်ခေတ်ကို ရယ်စရာ အသွင်ပြောင်းထားတဲ့ ရိုးရာဆေးဝါးတစ်မျိုးပေါ့ဗျာ။ လူကြိုက်များကြပါရဲ့။ ဒါပေမဲ့ ဒီနေ့ခေတ် ရုရှားလူမျိုးတွေရဲ့စိတ်ထဲမယ် သူတို့ရဲ့ ကောင်းကောင်းမကျက်သေးတဲ့ အမာရွတ်တွေကို ပွတ်ပွတ်ကြည့်ရသလို၊ သူတို့ဖင်ပေါ်တုန်း အရိုက်ခံထားရတဲ့ ဓာတ်ပုံလို ခံစားကြရပါသတဲ့။
ငယ်ငယ်က စာမတတ်ရင် ဘာဖြစ်မလဲလို့ ဆရာမကမေးတော့ သူငယ်ချင်း တစ်ယောက်က စာမတတ်ရင် ပုံကြည့်ရမယ်လို့ ပြန်ဖြေတယ်။ စာမဖတ်တတ်သေးတဲ့ ကလေးတွေ၊ စာမဖတ်တတ်သေးတဲ့ လူကြီးတွေ၊ စာကို ဉာဏ်နဲ့ ယှဉ်ဖတ်ပြီး ဆင်ခြင်နိုင်စွမ်း မရှိသေးတဲ့သူတွေ အားလုံးက ပုံတော့ ကြည့်တတ်ကြပါတယ်။ သူတို့ခံစားတတ်တဲ့ နှလုံးသားနဲ့၊ သူတို့ စဉ်းစားတွေးခေါ်နိုင်တဲ့ ဦးနှောက်နဲ့ သူတို့တတ်သလို ခံစားကြမှာပါပဲ။
အရုပ်နဲ့ရေးတဲ့ စာတွေဟာ အားဆေးမဟုတ်ရင်တောင် အဆိပ်အတောက် ကင်းကင်းနဲ့ သကြားအုပ်ထားတဲ့ ‘ဆေး’ တွေပဲ အမြဲဖြစ်စေချင်မိတယ်။
(ယက္ခ) ရဲကြီး
Credit To The Voice Weekly