Saturday, August 17, 2013

နည်းပညာနှင့် ပညာရေး


၂၁ ရာစုပညာရေး

၂၁ ရာစု ပညာသင်ကြားရေးသည် ဆက်သွယ်ရေးနှင့် ကွန်ပျူတာနည်းပညာ အပေါ်တွင် များစွာ မှီခိုနေရမည် ဖြစ်သည်။ ကျောင်းသားဆိုသည်မှာ ဆရာအပေါ် မှီခိုနေရမည့်သူများ မဟုတ်၊ ကျောင်းသား သို့မဟုတ် သင်ယူသူတို့၏ တီထွင်ဖန်တီးခြင်း၊ သုတေသန ပြုလုပ်ခြင်းတို့သည် ၂၁ ရာစု၏ ပညာရေးစနစ်ဖြစ်သည်။

ဆရာဆိုသူများသည် အတန်းရှေ့သိုမဟုတ် စာသင်စင်မြင့်ပေါ်တွင် နေရာယူထားသူများဘဝမှ လမ်းညွှန်သူ၊ သုတေသီ၊ တင်ပြသူ၊ နည်းပညာအသုံးပြု တတ်သူ၊ ပညာဗဟုသုတရှိသူ၊ တာဝန်ယူနိုင်သူ၊ အခက်အခဲများကို ဖြေရှင်းတတ်သူ၊ ဘဝတစ်သက်တာ ပညာရှာနေသူများဘဝသို့ တဖြည်းဖြည်းရောက်လာခြင်း ကိုလည်း သတိပြုရမည်ဖြစ်သည်။

မိဘများသည် ကျောင်းမရောက်သော်လည်း ပညာရေးကို အစဉ်အကဲဖြတ်နိုင်သူ၊ သားသမီးပညာရေး ဆရာတွေနှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်နိုင်သူ၊ လမ်းဟောင်းလမ်းသစ် ပညာရေးစနစ် နှစ်ခုစလုံးကို ကျွမ်းဝင်ပြီး သားသမီးတို့ကို လမ်းကြောင်း တည့်မှန်စေရန် အထောက်အကူပြုနိုင်သူများ ဖြစ်လာသည်။ သူတို့သည် ကျောင်းသို့မရောက်၊ ဆရာများနှင့် မတွေ့ဘဲ ကျောင်းနှင့်ဆရာ၊ ပညာရေးနှင့်သားသမီး တို့ကို မျက်ခြေမပြတ်သူတွေ ဖြစ်လာသည်။

ဒေသဆိုင်ရာ လုပ်ငန်းများသည် ပညာရေးကို ပစ်ပယ်ထား၍ မရနိုင်ပေ။ လုပ်ငန်းခွင် လိုအပ်ချက်များ အရ မည်သို့သောပညာရှင်များ မွေးထုတ်ပေးရမည် ဆိုခြင်းမှာ အရေးပါလာသည်။ သို့ဖြစ်ရာ ကျောင်းသို့ လာရောက်ပူးပေါင်းပြီး လုပ်ငန်းအတွက် အဆင်အပြေဆုံးနှင့် အသင့်လျော်ဆုံး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးသည် လုပ်ငန်းရှင်များ၏ တာဝန်ဖြစ်လာသည်။
ကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းများ ရေးဆွဲပြုစုခြင်းသည် အစိုးရအလုပ်မဟုတ်။ ကျောင်းသား၊ ဆရာ၊ ပညာရှင်များနှင့် လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်လာသည်။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်း ကဲ့သို့သော အတန်းမျိုးတွင် မည်သည့်အကြောင်းအရာ များကို အထူးပြုလေ့လာသွား သင့်ကြောင့် ဆုံးဖြတ်ရန်မှာ နိုင်ငံ၏ လိုအပ်ချက်အပေါ် အခြေခံနိုင်ရမည်။

အနာဂတ်ကျောင်းကို တည်ဆောက်ခြင်း

အနာဂတ်တွင် ဖွင့်လှစ်မည့်ကျောင်းများသည် လွတ်လပ်ပွင့်လင်းမှုနှင့် ပြုပြင်ပြောင်းလဲရန် လွယ်ကူမှု တို့တွင် အခြေခံရမည်။ သတင်းအချက်အလက်နှင့် နည်းပညာသည် အဆင့်မြင့်နေမည်သာ ဖြစ်သည်။ အဆင့်မြင့်နည်းပညာကို အားကိုးခြင်းထက် တီထွင်ဖန်တီးကာ ပြဿနာကို ဖြေရှင်းတတ်သည့် အရည်အသွေး မြင့်သူများကို မွေးထုတ်ပေးနိုင်ရေးကို ဦးစားပေး ရမည်သာ ဖြစ်သည်။

ဆရာဆိုသည်မှာ တပည့်ထက် နည်းပညာတွင် ခြေတစ်လှမ်းသာနေမှသာ ပညာရေးလောကတွင် ရပ်တည်နိုင်ခွင့် ရှိသူများ ဖြစ်လာလိမ့်မည်။ နည်းပညာကို Professional ဆန်ဆန် သို့မဟုတ် ပညာရှင်ဆန်ဆန်နီးပါး တတ်မြောက်မထားလျှင် ကျောင်းသားကို ဆရာပြန်လုပ်နိုင်သူများ ဖြစ်လာမည် မဟုတ်ပေ။

သင်ယူသူ တပည့်များသည်လည်း နည်းပညာကို လေ့လာလိုသည့် ပညာရပ်များအတွက် အထောက်အကူ အဖြစ် အသုံးပြုနိုင် စွမ်းရှိပြီး မိမိတို့အရည်အသွေးများကို အစဉ်တောက်ပြောင်စေရန် ကြိုးပမ်းနေရမည်သာ ဖြစ်သည်။ တီထွင်မှုများကို အစဉ်ပြုလုပ်နေသည့်သူများ ဖြစ်ပြီး မိမိဝါသနာပါသည့် ပညာရပ်များကို လွတ်လပ်စွာ လေ့လာလိုက်စားခွင့် ရှိရမည်။ မည်သည့်ပညာရပ် များကို လေ့လာလိုက်စားလာသူ ကိုမဆို နိုင်ငံတော်က အသိအမှတ်ပြုပြီး နေရာပေးရန်လည်း လိုအပ်သည်။

ကျောင်းအာဏာပိုင်များသည် ကျောင်းတစ်ကျောင်း အတွက် လိုအပ်သည့် နည်းပညာ မှန်သမျှကို ဖြည့်ဆည်းပေး ထားနိုင်သူများ ဖြစ်ရမည်။ လေ့လာသင်ယူနေသော အဖွဲ့အစည်းကြီး တစ်ခုအဖြစ် အစဉ် ရပ်တည်ရှင်သန်နိုင်ရေးမှာ ခေတ်မီအောင် ဆောင်ရွက် ဖြည့်ဆည်းပေးနေခြင်းသာ ဖြစ်သည်။
ပညာရေးသည် မိမိဒေသ တစ်ခုတည်းအတွက် မဟုတ်။ မိမိနိုင်ငံ တစ်ခုတည်းအတွက်မဟုတ်။ ကမ္ဘာကြီး အတွက် ပညာသင်ကြားနေခြင်းဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်း ပညာရေးသာ ဖြစ်သင့်ပြီး လိုကယ်လိုက်ဇေးရှင်း ပညာရေးထက် ကျယ်ပြန့်စွာ လေ့လာသင်ယူ နိုင်သူသည်သာ အနာဂတ်ပညာရေးနှင့် အံဝင်ခွင်ကျ သူများ ဖြစ်လာလိမ့်မည်။ သို့ဖြစ်ရာ နယ်စည်းမခြား ပညာရေးစနစ်ကို အကောင်အထည်ဖော်ရန် လိုအပ်သည်။ မည်သည့် သင်ယူမှုမျိုးကိုမဆို အထောက်အကူ ပြုနိုင်သည့် ပညာရေးမျိုးလည်း ဖြစ်ရန်လိုသည်။ ဆရာသည် အထက်တွင် ဆိုခဲ့သလို လမ်းညွှန်သူနှင့် သုတေသနလုပ်ငန်းများ လုပ်နေသူဖြစ်သဖြင့် အမြဲ လေ့လာသင်ယူမှု မပြုသူသည် စနစ်နှင့် အံမဝင်သူများ ဖြစ်သွားနိုင်သည်။

အနာဂတ်အတွက် ပြင်ဆင်ခြင်း

၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အမေရိကန်သမ္မတ ဘီလ်ကလင်တန်နှင့် ဒုတိယသမ္မတ အယ်လ်ဂိုးတို့က နည်းပညာတတ်မြောက်မှုသည် ခေတ်သစ် လူ့ဘောင်ကို စိန်ခေါ်နေပြီဖြစ်ကြောင်း ပြောကြားသွားသည်။ အထူးသဖြင့် သူတို့က ဒစ်ဂျစ်တယ်စာတတ် မြောက်မှု (Digital Literature) ဟုညွှန်းဆိုပြီး ၂၁ ရာစုအတွက် ဦးတည်ချက်လေးရပ်ကို ထုတ်ဖော်သွားခဲ့သည်။

၁။ နိုင်ငံတွင်းရှိ ဆရာများကို သင်တန်းများပေး ရမည်။ ထိုသို့သင်တန်းပေးသည် ဆိုရာတွင် ကျောင်းသားများ သင်ယူမှုကို အထောက်အကူ ပြုစေနိုင်မည့် ကွန်ပျူတာကျွမ်းကျင်မှုကို သင်ကြားပေးနိုင်ရန်နှင့် သတင်းအချက်အလက် ပင်မလမ်းကြောင်း (Superhighway) ပေါ်ရောက်ရေး ပို့ဆောင်ပေးရန် ဖြစ်သည်။ ဆရာအတတ်သင် ဌာနများတွင် စာသင်ခန်း နည်းပညာကို ပို့ချပေးရန်ဖြစ်သည်။ ကျောင်းသားများ သင်ယူရေးတွင် အထောက်အကူဖြစ်စေနိုင်မည့် နည်းပညာများကို ဆရာများအား ဦးစွာတတ်မြောက်စေရန် သင်ကြားပေးရမည်။

၂။ နောက်ဆုံးပေါ် ကွန်ပျူတာများ စာသင်ခန်းအတွင်း ရောက်ရေး ဦးစားပေး ဆောင်ရွက်ရမည်။ စာသင်ခန်းတွင် စာအုပ်နှင့် ဘောပင်အစား၊ ကွန်ပျူတာ၊ တက်ဘလက်နှင့် Stylus ဟုခေါ်သည့် ကွန်ပျူတာသုံး ကညစ်တံများကို ထားပေးနိုင်ရမည်။ ဆရာသည် ထိရောက်သော လမ်းညွှန်လက်နက် (Effective Tools) ဖြစ်သည်ဟူသော ယူဆချက်နေရာတွင် ကွန်ပျူတာကို Effective Tools အဖြစ် အစားထိုးနိုင်ရမည်။ ပညာရေးတွင် ဆရာနှင့် ကျောင်းသားသည် နည်းပညာများဖြင့် ပြဿနာများကို ဖြေရှင်းရန် အမြဲအဆင်သင့် ဖြစ်နေရမည်။

၃။ စာသင်ခန်းတိုင်းသည် Superhighway လမ်းကြောင်းပေါ်သို့ ရောက်နေရမည်။ အင်တာနက် အသုံးပြုနိုင်ရမည်။ Network ချိတ်ဆက်ထားပြီး ကွန်ပျူတာသည် ပညာဘဏ်၊ စာကြည့်တိုက်၊ ပြတိုက်၊ သုတေသနဌာနအဖြစ် လက်ခံထားစေရမည်။ အားလုံးကို လက်ညှိုးတစ်ချောင်းတည်း အောက်တွင် စီမံဖန်တီးနိုင်သည် ဆိုသော နည်းပညာဆိုင်ရာ အသိတရားကို ပြန့်ပွားအောင် ကြံဆောင်ရမည်။

၎။ ပညာရေးအတွက် ထိရောက်မှုရှိစေမည့် ဆော့ဖ်ဝဲများ၊ အွန်လိုင်းသင်ယူမှု စနစ်များ၊ အွန်လိုင်း ကတစ်ဆင့် ရယူနိုင်သည့် ပညာရင်းမြစ်များသည် ကျောင်းတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် သင်ရိုး ညွှန်းတမ်းများနှင့် ဆက်စပ်နေရမည်။ ဆော့ဖ်ဝဲများနှင့် အွန်လိုင်းပညာ သင်ယူနိုင်မှုများကို တိုးပွားသည်ထက် တိုးပွားအောင်လုပ်ပြီး သင်ယူနိုင်မှု အခွင့်အလမ်းများကို တိုးမြင့်နိုင်စေရန် ကြံဆောင်ပေးရမည်။

အထက်ပါ လုပ်ငန်းစဉ်များ အကောင်အထည် ပေါ်ရန်အတွက် နိုင်ငံအတွင်းရှိ အဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့အပြင် ပုဂ္ဂလိက အစိုးရ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၁ ရာစု ဆရာသစ်မွေးထုတ်ရေး အစီအစဉ်ကို ၁၉၉၆ ခုနှစ် မေလ ၂၉ ရက်နေ့ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။ ထိုစီမံချက်အရ ဆရာပေါင်းတစ်သိန်းကို လုပ်အားပေးခေါ်ကာ နိုင်ငံအနှံ့ကွန်ပျူတာနှင့် နည်းပညာသုံးစွဲနိုင်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်။ ထိုလှုပ်ရှားမှုသည် အမေရိကန် ပညာရေးစနစ်ကို နည်းပညာဖြင့် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း တပ်လှန့် နှိုးဆော်လိုက်ခြင်းဖြစ်ရုံမက သင်ကြားမှု၊ သင်ယူမှု လုပ်ငန်း ကိုလည်း များစွာ သက်ရောက်မှု ရှိစေခဲ့သည်။

နည်းပညာကြောင့် ပညာရေးတွင်သက်ရောက်မှုများ

ပညာရေးတွင် နည်းပညာကို အသုံးပြုခြင်းသည် အသုံးမပြုခြင်းထက် ပိုပြီးထိရောက်မှုရှိကြောင်းကို မငြင်းနိုင်ပေ။ အစဉ်အလာ ပညာရေးလမ်းကြောင်းထက် နည်းပညာဖြင့် လမ်းကြောင်းသစ် ထွင်ထားသည့် ပညာရေးတွင် သင်ရိုးညွှန်းတမ်းများ၊ ပြဋ္ဌာန်းချက် များကို အလွယ်တကူရနိုင်ခြင်း
သင်ကြားသူဆရာများသည် မိမိတို့ မည်သည့် အကြောင်းအရာကို သင်ကြားမည်ကို ကြိုတင်ပြောပြီး ကြိုတင်ပြင်ဆင်ခိုင်းနိုင်သည်။ ထိုအကြောင်းအရာကို မည်သည့်နေရာများတွင် အသေးစိတ် ကြည့်ရှုနိုင်ကြောင်း Link များပေးခြင်းဖြင့် ကျောင်းသားများ ကြိုတင်လေ့လာမှု ပြုခဲ့ပြီး သင်ကြားရာတွင် ထိရောက်မှု ရှိစေနိုင်သည်။ ဆရာတစ်ဦးတည်း သင်သည့် တစ်လမ်းသွား စနစ်မှ လမ်းကြောင်းစုံ ရွေးချယ်ခွင့်ကို ပေးထားခြင်း ဖြစ်သည်။

ကျောင်းသားများကို တွန်းအားပေးလှုံ့ဆော်ရာ ရောက်ခြင်း

ကွန်ပျူတာဆိုသည်မှာ တိကျစွာ တုံ့ပြန်ပေးနိုင်သည့်သဘော ရှိသည်။ ကွန်ပျူတာကို သုံးရခြင်းဆိုသည်မှာ အားကိုးအားထား ပြုထိုက်သော အရည်အချင်းများနှင့် ပြည့်စုံသောကြောင့် ဖြစ်သည်။ ယုံကြည်ကိုးထားမှု မရှိလျှင် ဆက်သုံးနေစရာ အကြောင်းလည်း မရှိပေ။ ကွန်ပျူတာ သုံးခြင်းကြောင့် အချိန်ကုန်သက်သာစေသည်၊ လိုချင်သည်ကို ချက်ချင်း တုံ့ပြန်နိုင်သည်၊ မြန်ဆန်တိကျသည့် ရလဒ်ကောင်းကို လိုချင်သောကြောင့် သုံးခြင်းဖြစ်သည်ဟု ဂျိမ်းစ်ကူလစ်က ဆိုသည်။

ကျယ်ပြန့်နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်နိုင်စွမ်းရှိခြင်း

အဝေးသင်ပညာရေးစနစ်၊ အွန်လိုင်းပညာရေး စနစ်တို့တွင် ကွန်ပျူတာ၏ပံ့ပိုးမှု မပါဘဲ အောင်မြင်နိုင်မည် မဟုတ်ပေ။ သင်ကြားသူနှင့် သင်ယူသူတို့သည် နယ်စည်းမခြား ဆက်သွယ်နိုင်ခြင်း၊ ကျောင်းသားများသည် မိမိတို့သင်ချင်သည့်ဘာသာ၊ သင်လိုသည့်ဆရာ၊ သင်ကြားချင်သည့်နေရာကို ရွေးချယ်ခွင့် ရှိလာသည်။ ပိုမိုကျယ်ပြန့်သည့် ပညာလူ့ဘောင်သစ် တစ်ခုကို ထူထောင်နိုင်သည်။

ကျောင်းသားများ၏ စာရေးသားမှုစွမ်းရည် တိုးတက်လာခြင်း

ခေတ်သစ်တွင် ဘောပင်နှင့်စာရွက်သုံးပြီး ရေးသားခြင်းကို မဆိုလိုပါ။ ကွန်ပျူတာ စာစီစာရိုက်စနစ်နှင့် စာရေးသားရန် နေရာပေါင်းများစွာ ပေါ်လာသဖြင့် ရင်တွင်းခံစားချက်များ ဖော်ထုတ်နိုင်သည်။ တွေ့မြင် ချက်များကို ရေးသားနိုင်သည်။ ထင်မြင်ချက်ပေးနိုင် သည်။ မှတ်ချက်ရေးနိုင်သည်။ ထို့ကြောင့် စာရေးသားမှုစွမ်းရည် တိုးတက်လာနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဘာသာရပ်များကို လေ့လာရပိုပြီးလွယ်ကူစေခြင်း

ပညာရေးဆိုင်ရာ ဆော့ဖ်ဝဲအများအပြားကို တီထွင်လာနိုင်ခြင်းကြောင့် ဘာသာရပ်တစ်ခုကို နက်နဲ ကျယ်ပြန့်စွာ လေ့လာနိုင်သည်။ ကျောင်းမတက်မီ ကတည်းက မူကြိုအဆင့်တွင် ကွန်ပျူတာဆော့ဖ်ဝဲ အကူအညီဖြင့် စာများ၊ ကဗျာများ၊ သီချင်းများ သင်ကြားနိုင်သည်။ ကွန်ပျူတာဖြင့် ပုံစံတူလုပ်ဆောင်မှုများ ပြုလုပ်နိုင်သည်။ လေယာဉ်အတုမောင်းခြင်း၊ ဆေးပညာ ရပ်ဆိုင်ရာ လူ့ခန္ဓာဗေဒကို လေ့လာနိုင်ခြင်း၊ ခွဲစိတ်မှုများ ကို အသေးစိတ်လေ့လာနိုင်ခြင်းအပြင် ဂရပ်ဖစ်ဆိုင်ရာ ပညာရပ်များကိုပါ ကြိုတင်သင်ယူနိုင်သည်။

အကဲဖြတ်နိုင်မှု မြန်ဆန်လာခြင်း

ကွန်ပျူတာဖြင့် စစ်ဆေးမှုများသည် တိကျရုံသာမက ရလဒ်ကို အမြန်ဆုံး ထုတ်ပေးနိုင်သည်။ သို့ဖြစ်ရာ လုပ်ငန်းစဉ်တစ်ခုပြီးလျှင် နောက်တစ်ခု မည်သည့်အကြောင်း အရာကို ဆက်သွားမည်၊ ဘာတွေဆက်သင်ရမည်၊ ဉာဏ်ရည်မည်မျှရှိသည်ကို ချက်ချင်းသိနိုင်ခြင်းကြောင့် အချိန်တိုအတွင်း ကျောင်းသား သင်ယူတတ်မြောက်မှုကို အကဲဖြတ်နိုင်ခြင်းက ပိုပြီးထိရောက်မှု ရှိစေနိုင်သည်။
ပညာရေးတွင် နည်းပညာကို သုံးခြင်းကြောင့် တိုးတက်လာမှုများကို ပြောရလျှင် ဆုံးနိုင်ဖွယ်မရှိပေ။ နည်းပညာကို ပညာရေးတွင် ထည့်သွင်းမည်ဆိုလျှင် အင်တာနက်ဆက်သွယ်ရေး လမ်းကြောင်းကို ကျောင်းတိုင်းရနိုင်စေရန် ထူထောင်ပေးရမည်။ ကျောင်းသားတိုင်း အခမဲ့ အင်တာနက်သုံးပိုင်ခွင့် ရှိရမည်။ ကျောင်းသင် ပြဋ္ဌာန်းချက်အားလုံးကို ဒစ်ဂျစ်တယ်စနစ် ပြောင်းပြီး အွန်လိုင်းပေါ် တင်ထားပေးရမည်။ ကွန်ပျူတာနှင့် အခြားဆက်စပ်ပစ္စည်း များကို အခမဲ့သို့မဟုတ် ဈေးပေါပေါနှင့် ရစေရန် ကြံဆောင်ပေးနိုင်ရမည်။ မည်သူတွေက လုပ်ပေးမည်နည်း ဆိုသည့်အပေါ် မူတည်ပြီး သက်ရောက်မှု အနည်းအများ၊ အနှေးအမြန်တော့ ရှိနိုင်သည်။ မည်သို့ဆိုစေ ပြုပြင်ပြောင်းလဲမှု ကိုတော့ အမြစ်ကစပြီး လှန်ကာ ပြုလုပ်ရပေလိမ့်မည်။

(တင်ညွန့်)

Credit To The Voice Weekly

Related Articles: